August 5, 2025

အစနှင့် အဆုံး

ခင်မောင်အေး(မန္တလေး)
အစနှင့် အဆုံး

မန္တလေး-မတ္တရာ ကားလမ်းအတိုင်း တစ်ဆယ့်ရှစ်မိုင်ခန့် သွားလိုက်မည်ဆိုလျှင် လမ်းဘေးမှ လှမ်းမျှော်ကြည့်ရုံမျှနှင့် လေသာတောင်တန်းကြီးကို တောင်ခိုးတောင်ငွေ့များ အုပ်ဆိုင်းလျက် မှိုင်းမှိုင်းညို့ညို့ တွေ့မြင်ရသည်။

ကားလမ်းဘေးမှ ဖဲ့၍ တာရိုးပေါ်မှ လှည်းလမ်းအတိုင်း ကားမောင်းသွားမည်ဆိုပါလျှင် တစ်ဆယ့်ငါးမိနစ်မျှအတွင်း လေသာတောင်တန်းကြီး၏ ခြေရင်းသို့ ရောက်ရှိနိုင်သည်။

ပေပေါင်း လေးထောင်ကျော်မျှ မြင့်မား၍ အရှေ့နှင့်အနောက် ရှည်လျားစွာ ကြော၊ လျှို၊ ချောက်ကမ်းပါး၊ ခင်တန်းများဖြင့် ကြီးမားသော မြွေတစ်ကောင် လွန့်လူးအိပ်စက်နေသည့်အလား မားမားကြီး ရပ်တည်လျက်ရှိသော လေသာတောင်တန်းကြီး၏ မြောက်ဘက်ဆင်ခြေလျှောကုန်းပြန့်တွင် လေသာရွာကလေး တည်ရှိသည်။

တောင်ဘက်ခြမ်းတွင်မူ လေသာတောင်ခါးပန်းက မြင့်မားမတ်စောက်လျက် ကျောက်ထွတ်၊ ကျောက်စွယ်၊ ကျောက်တက်၊ ကျောက်တုံးနံရံများသဖွယ် သဘာဝအလျောက် တည်ဆောက်ထားလျက်ရှိ၏။

မြင့်မားသော ကျောက်နံရံကြီး၏ အခြေတွင်ကား လေသာချောင်းကလေးက ကွေ့ကောက်ကောက် တောင်ကြောအတိုင်း တသွင်သွင် ဖြတ်သန်းစီးဆင်း လျက် ရှိလေသည်။

တစ်နေ့တွင် လေသာရွာမှ အမျိုးသမီးတစ်သိုက်က တောင်ကြော တောင်ဘက်ခြမ်း တစ်နေရာတွင် သက်ငယ်များ ရိတ်လျက် ရှိကြ၏။

အချင်းချင်း နောက်ပြောင်ကျီစယ်ရင်း သီချင်းသံ တညံညံဖြင့် သက်ငယ်ရိတ်နေကြရာသို့ ထူထပ်သော သက်ကယ်တောအတွင်းမှ ကျားကြီးတစ်ကောင်က ဗြုန်းခနဲ မမျှော်လင့်ဘဲ ပေါ်ပေါက်ရောက်ရှိလာလေသည်။

တောတွင်းမှထွက်လာသော ကျားကြီးအား တွေ့လိုက်ကြသည်နှင့် အမျိုးသမီးများက ငယ်သံပါအောင် အော်ဟစ်လျက် ဦးတည်ရာသို့ ကြောက်အားလန့် အား ပြေးလွှားကြရင်းက အဒေါ်ကြီးတစ်ဦးမှာမူ မတ်စောက်သော ကျောက်ကမ်းပါးမှ ချော်ကျသွား၏။

ကျားသည်လည်း စူးစူးဝါးဝါးအော်သံများကြောင့် ကြောက်လန့်၍ ပြန်လည် ထွက်ပြေးသွားခဲ့လေသည်။

အချိန်အတော်ကြာမှ ရင်တုန်ပန်းတုန်နှင့် လေသာရွာသူများ ပြန်လည်စုရုံးမိကြပြီးနောက် တောင်ကြောမှ လိမ့်ကျသွားခဲ့သည့် အဒေါ်ကြီးအား သွားရောက်ကြည့်ရှုကြရာတွင်ကား မတ်စောက်သော တောင်ခါးပန်းအောက် ပေနှစ်ဆယ်ခန့်အကွာ ကျောက်စွယ်တစ်ခုပေါ်တွင် လဲကျမေ့မြောလျက် ရှိသည်ကို တွေ့ကြရ၏။

ကျောက်စွယ်မှာ အလျားပေလေးဆယ်ခန့်၊ အနံ တစ်ပေခွဲ နှစ်ပေခန့်သာရှိပြီး ကံကောင်းသည်က အဒေါ်ထွေးစိန်အဖို့ နွားနှာခေါင်းနွယ်ပင်များ ထူထပ်စွာ ယှက်သန်းပေါက်ရောက်လျက်ရှိသည့် ချုံပေါ်တွင် တင်လျက်ရှိခြင်းကြောင့် အသက်ရှင်လျက် ရှိခဲ့ရ၏။

ခဲခဲယဉ်းယဉ်းတွင် တွယ်ဆင်းလျက် ဝိုင်းဝန်းပြုစုလိုက်ကြသည်တွင် ပြန်လည်သတိရလာခဲ့ပြီး အမြင့်မှကျစဉ်က ကျောက်တုံးနှင့် ရိုက်ခတ်မိသည့်ဒဏ်ချက်က ခြေတစ်ဖက်ကို သွင်သွင်ကျိုးသွားစေခဲ့သည်ကို တွေ့ရှိကြရ၏။

ခြေကျိုးသည့် ဒဏ်ရာဖြင့် နေရာမှ လှုပ်ရှားရွှေ့ပြောင်းရန် မဖြစ်နိုင်သည့်အပြင် ရောက်ရှိနေသည့် နေရာ၏ အခြေအနေက ဒေါ်ထွေးစိန်အား တောင် ထိပ်သို့ ပြန်လည်တင်ယူရန် မိန်းမသားများအတွက် ခက်ခဲလျက် ရှိ၏။

တစ်ယောက်တစ်ပေါက် ဆူဆူညံညံနှင့် ငြင်းကြခုန်ကြရင်းဖြင့် နောက်ဆုံးတွင် ရွာသို့ ပြန်၍ အကူအညီခေါ်ရန် ဆုံးဖြတ်လိုက်ကြ၏။

“အေး … ရွာပြန် အကူအညီခေါ်တာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ငါ့တော့ ဒီအတိုင်း တစ်ယောက်တည်း ထားမပစ်ခဲ့ကြပါနဲ့ အေတို့ရယ်”

အဒေါ်ကြီး၏ စကားကြောင့် အားလုံးက ငြိမ်သွားခဲ့ကြပေသည်။ စောစောကလေးကမှ ဟင်းမျိုးကြီးနှင့် တွေ့ခဲ့ကြသည့် တောခေါင်ခေါင်အလယ်တွင် မည်သူက တစ်ယောက်တည်း ခြေကျိုးနေသောလူနာနှင့်အတူ နေဝံ့ပါမည်နည်း။

“အို … တို့တော့ တစ်ယောက်တည်း မနေဝံ့ပေါင်။ ရွာပြန်လိုက်သွားရမှာပဲဟေ့”

“တို့များလည်း အိမ် ဒီအတိုင်း ထားခဲ့ရတာ။ မနက်စာတောင် မချက်ခဲ့ရသေးဘူး”

“ဟုတ်တယ်ဟေ့၊ ကျုပ်တို့က ကလေးတောင် အိမ်ဘေး အပ်ထားခဲ့ရတာ။ မပြန်လို့ မဖြစ်ဘူးဟေ့”

ဟူ၍ အားလုံးကပင် တစ်ယောက်တစ်မျိုး ဆင်ခြေပေးလျက် အဒေါ်ကြီးနှင့်နေခဲ့ရန် ငြင်းဆန်လျက် ရှိကြ၏။

“ကဲ … ညည်းတို့ ပြန်ချင်ရင်လည်း ပြန်ကြ။ ကျုပ် အရီးစိန်နဲ့ နေခဲ့မယ်အေ … ကိစ္စမရှိပါဘူး”

အမျိုးသမီးတစ်သိုက်ထဲမှ အသက်အငယ်ဆုံး မိသွယ်က ဒေါ်ထွေးစိန်နှင့် နေခဲ့ရန် ဝင်ပြောလိုက်ပေသည်။ တစ်ဆယ့်ကိုးနှစ်မျှသာ ရှိသေးသည့် မိသွယ်က ဤသို့ နေခဲ့ရန် အလိုအလျောက် ထွက်လာသည်နှင့် ကျန်အမျိုးသမီးများက တစ်ဦးနှင့်တစ်ဦး လက်တို့လျက် လေးမိုင်နီးနီးဝေးသည့် လေသာရွာသို့ တစ်စု တစ်ရုံးတည်း အကူအညီခေါ်ရန် ခပ်သုတ်သုတ် ထွက်ခွာသွားခဲ့ကြလေသည်။

လေသာရွာသူ အမျိုးသမီးများ ထွက်ခွာသွားပြီးနောက် မိသွယ်သည် ဒေါ်ထွေးစိန်ရှိရာ ကျောက်တောင်ခါးပန်းသို့ ကုတ်ကုတ်ကတ်ကတ် တွယ်ဆင်း လျက် တတ်သမျှ မှတ်သမျှ ဒဏ်ရာမှ သက်သာရာ သက်သာကြောင်း ပြုစုပေးခဲ့၏။

ကျဉ်းမြောင်းသော တောင်ခါးပန်းကလေးပေါ်တွင် မလှုပ်မရှားနိုင်သော ခြေကျိုးနေသော လူနာအား ပြုစုရသည်မှာ ခက်ခဲလှသည်။

မတော်မဆ ခြေချော်လက်ချော် ကျသွားခဲ့လျှင် ဤမျှ မြင့်မားသော တောင်ခါးပန်းမှ အောက်သို့ မည်သည့်နည်းနှင့်မှ အသက်ရှင်လျက် ရောက်ရမည် မဟုတ်ရကား မိသွယ်သည် ဒေါ်ထွေးစိန်အား ကိုက်အနည်းငယ်ကွာ ခါးပန်းအဆုံးဘက်သို့ ခဲခဲယဉ်းယဉ်း ဆွဲယူရွှေ့ထားလိုက်ရ၏။
ခါးပန်းအဆုံးတွင်မူ ငါးပေပတ်လည်ခန့် ကျယ်ဝန်းလျက် အပေါ်မှ စိုးမိုးလျက်ရှိသော ကျောက်ထွတ်များကြောင့် ပူပြင်းသော နေဒဏ်မှ သက်သာရာရှိရသည်။

မိသွယ်တို့ ရောက်ရှိနေရာ ကျောက်ခါးပန်းလေးအနေဖြင့် မတ်စောက်သော ကမ်းပါးယံတွင် တစ်ထစ်တည်းသော လှေကားအဆင့်ကလေးသဖွယ် တည်ရှိနေရာမှ မလှုပ်သာမလှည့်သာဘဲ မိမိ စောစောက ကျောက်တုံးကျောက်လုံးများကို နင်း၍ ဖြည်းဖြည်းချင်း ဆင်းလာခဲ့ရသည့် ကျောက်ဆင့်ကလေးကို ကျောပေးလျက် ဒေါ်ထွေးစိန်၏ အခြေရင်းဘက်မှထိုင်ကာ ပြုစုလျက်ရှိသည့် မိသွယ်သည် တစ်ချက်တစ်ချက် အောက်ခြေသို့ မျှော်ကြည့်လိုက်တိုင်း ရင်ထဲတွင် ဖိုခနဲ ဖိုခနဲ ဖြစ်သွားရ၏။

အောက်ခြေတွင်ကား နေရောင်တွင် တဖိတ်ဖိတ် တောက်လျက်ရှိသည့် စမ်းချောင်းကလေးကို ကြိုးမျှင်ကလေး တစ်ပင်ကဲ့သို့ မြင်ရသည်။ စိမ်းစိုသော တောသည်ပင် ပြန့်ပြူးသော မြက်ခင်းကလေးအသွင် စီးမိုး၍ တွေ့နေရသည်ဖြစ်ရာ မြင့်မားလှသည့် ကျောက်တောင်ခါးပန်းထိပ်မှ ရိပ်ခနဲ ရိပ်ခနဲ မူးမိုက်သွားမတတ် ခံစားလျက် ရှိရပေသည်။

အကူအညီခေါ်ရန် ရွာသို့ ပြန်သွားကြသည့် အမျိုးသမီးများက ရွာသို့ ရောက်သည်နှင့် မိဘမောင်ဖားများနှင့် လင်သားများအား တောင်ယာပဲခင်းများမှ လိုက်လံခေါ်ငင်ခဲ့ကြသည်။ ရွာသား ယောက်ျားများ စုပြီးသည်နှင့် သက်ငယ်တောအတွင်းသို့ ပြန်တက်လာခဲ့ကြသည့်တိုင် အချိန်သည် တစ်နာရီခွဲကျော် ကျော်နှင့် နှစ်နာရီမျှ ကြန့်ကြာသွားခဲ့၏။

ဒေါ်ထွေးစိန်သည် ကျောက်တုံးကို ကျောမှီလျက် ဒဏ်ရာကြောင့် တအင်းအင်း ညည်းညူလျက် ရှိသည်။ မိသွယ်သည်လည်း နေပြင်းသဖြင့် ဒေါ်ထွေးစိန် ၏ ခြေထောက်မှ စိမ့်ယိုလျက်ရှိသော သွေးများကို သုတ်ပေးလျက်က ဒေါ်ထွေးစိန်၏ ဖြူသွားသော မျက်နှာနှင့် သရဲသဘက်နှင့် တွေ့လိုက်သလို အသံမျှ မထွက်တော့ဘဲ ကြောက်လန့်တကြား ပါးစပ်အဟောင်းသား ဖြစ်သွားသော မျက်နှာကို တွေ့လိုက်ရ၏။

ကြီးမားသော အန္တရာယ်တစ်ခုခုကို စိတ်က အလိုလို သိလာသည့် အသိဖြင့် နောက်သို့ ခေါင်းကို လှည့်ကြည့်လိုက်ရာတွင်မူ တစ်ပေခွဲခန့်သာကျယ်သော တောင်ခါးပန်းအတိုင်း တလှုပ်လှုပ် ဆင်းလာနေသော ဟင်းမျိုးကြီးအား ဗြုန်းခနဲ တွေ့လိုက်ရပေသည်။

ထမင်းလုံးတစ္ဆေ ခြောက်ခြင်းကို စာရှုသူများ ကြုံဖူးမည်ဟု ကျွန်တော် ထင်ပါသည်။ အိပ်ရာထက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေရာမှ အိပ်မက်အတွင်း အမျိုးအမည် မဖော်ပြနိုင်လောက်အောင် ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးများနှင့် တွေ့ကြုံရသဖြင့် လည်းကောင်း၊ အလွန်တရာမြင့်မားသော တောင်ထိပ်မှ အသုတရာနက်သော ချောက်ထဲသို့ အကာအကွယ်မရှိ လက်လွတ်ခြေလွတ် ကျသွားသည်ကိုလည်းကောင်း ကြုံခဲ့ရဖူးမည် ဖြစ်ပါသည်။

ထိုစဉ်အတွင်း တစ်ကိုယ်လုံးရှိ အကြောအခြင်များဆိုင်းလျက် မလှုပ်နိုင် မရှားနိုင် ခြေရောလက်ပါ သေသကဲ့သို့ ဖြစ်သွားသည့်အလား ထမရ ထိုင်မရ။ ယုတ်စွအဆုံး အသံပင် မထွက်နိုင်လောက်အောင် ခံစားနေခဲ့ကြရသည်။ ဗြုန်းခနဲ အိပ်ရာမှ နိုးလာမှသာ အိပ်မက်မှန်းသိပြီး ဇောချွေးများ ပြန်လျက်က ဟင်းခနဲ သက်ပြင်းကို ချလိုက်နိုင်ကြမည် ဖြစ်ပါသည်။

မိသွယ်အဖို့မူ ထမင်းလုံးတစ္ဆေ ခြောက်ခြင်းလည်း မဟုတ်၊ ဘီလူးစီးခံရသည့် အိပ်မက်မျိုးလည်း မဟုတ်၍ တင်းတောင်းကလေးတမျှ ကြီးမားသော ဦးခေါင်း၊ တိုဝိုင်းဝိုင်း နားရွက်တစ်စုံ၊ တစ်ဖက်တစ်ချက် ရှည်လျားသော နှုတ်ခမ်းမွေးများ၊ တောက်ပြောင်စိမ်းလဲ့လျက် ရက်စက်ခြင်း၊ ကြမ်းကြုတ်ခြင်းဖြင့် မာန်ဖီနေသော မျက်လုံးတစ်စုံနှင့် ကြီးမားသော ကိုယ်ခန္ဓာကြီး တလှုပ်လှုပ်ဖြင့် အပါးသို့ ရောက်ရှိလာသော ဟင်းမျိုးကျားကြီးအား တွေ့
နေရာက တဖြည်းဖြည်း အနီးသို့ ရောက်လာသည့် ဟင်းမျိုးကြီး၏အစာ ဖြစ်သွားခဲ့ရရှာပေသည်။

လေသာရွာသားများ ရောက်ရှိသွားသည့်အခါတွင်မူ အကြောက်လွန်၍ မေ့မြောနေသော ဒေါ်ထွေးစိန်နှင့် မိသွယ်၏ သွေးစက်များကိုသာ ကြေကွဲဖွယ်ရာ တွေ့လိုက်ရ၏။ အဘွားကြီးအား ရွာသို့ ပြန်သယ်ယူလာလျက် ရွာသားများက စုကာ နှစ်ရက်လုံးလုံး လေသာတောင်ကြောအတိုင်း လိုက်လံရှာဖွေကြသည့်အခါ အချိန်က အလွန်နှောင်းလျက် ရှိပြီဖြစ်၏။

ဟင်းမျိုးကြီး ကိုက်ချီလာသော မိသွယ်၏ အရိုးအချို့ အသားစ အပဲ့အနွဲ့များနှင့် ခြင်းခြင်းနီလျက်ရှိသော မိသွယ် ဝတ်ဆင်ထားသည့် သွေးအတိဖြင့် အဝတ်အစားများကိုသာ ပြန်လည်ရရှိခဲ့ကြရတော့သည်။

လေသာတောင်ကြောပေါ်တွင် မိသွယ်အား ပထမဆုံး ကိုက်သတ်စားသောက်ခဲ့ပြီးနောက် ယင်း ကျားဆိုး၏ သတင်းကို ရက်ပေါင်းလေးငါးဆယ်မျှ မကြားရဘဲ ရှိနေရ၏။

နှစ်လတာမျှ ကြာပြီးနောက် ချောင်းရိုးတစ်လျှောက် ထင်းခုတ်တက်လာကြသော လှည်းသမားသုံးဦးအနက် တစ်ဦးအား ညဉ့်စခန်းချနေရာ အိပ်ရာအတွင်းမှာ ရဲရဲတင်းတင်း ဝင်ရောက်ကိုက်ချီသွားခဲ့သော ဟင်းမျိုး၏အကြောင်းကို ကြားရပြန်လေသည်။

ထင်းတုံးကြီးများကို ခေါင်းရင်းတွင် မီးထည့်ထားလျက် လှည်းဝိုင်းအတွင်း သုံးယောက်သားဆိုင်၍ အိပ်နေရာမှ ဝင်ဆွဲသွားသည့် ကျားနောက်သို့ ကျန် လှည်းသမားနှစ်ဦးက ဓားများဆွဲလျက် မီးတုတ်များဖြင့် လိုက်သွားခဲ့သည့်တိုင် ပါးစပ်တွင်းမှ ကိုက်ချီထားသောလူကို မချဘဲ လှည့်၍ မာန်ဖီခဲ့သောအခါတွင်မူ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် လှည်းသမားများက ပြန်ပြေးခဲ့ရ​၏။

အ,ကာလ ညအခါ တောကြီးမျက်မည်းအတွင်း ဓားမျှသော လက်နက်ဖြင့် တောဘုရင် ဟင်းမျိုးအား အန်မတုရဲသည်ကို အပြစ်ဆိုဖွယ်ရာ မရှိပါချေ။
နံနက်မိုးသောက် အလင်းရောက်မှပင် ရွာသားများ အကူအညီဖြင့် တောတွင်းသို့ လိုက်လံရှာဖွေကြသည့်အခါ ညက ဟင်းမျိုးကြီး ကိုက်ချီသွားလျက် တစ်ဝက်တစ်ပျက် စားသောက်ခဲ့သော လှည်းသမား၏ ရုပ်ဆင်းပျက် ဖြစ်နေပြီဖြစ်သော အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရ၏။

လေသာတောင်တန်းမှ မိုင်လေးငါးဆယ် ပတ်လည်အတွင်း မိသွယ်က အစပြုလျက် ဟင်းမျိုးကြီး၏ ဒုတိယသားကောင်အဖြစ် လှည်းသမားတစ်ဦး၊ ဆီးဖြူပင်ရွာသားတစ်ဦး၊ ကင်ပွန်းချုံရွာသူ အမယ်အိုတစ်ဦး၊ ချောင်းဘေးတွင် ငါးရှာနေသော တံငါတဲမှ တံငါသားအဖနှစ်ဦးနှင့် သစ်တောအမှုထမ်း တစ်ဦးတို့ကိုပါ တစ်ယောက်ပြီးတစ်ယောက် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်စားသောက်ခဲ့သော ကျားဆိုး၏ အန္တရာယ်သည် တစ်စထက်တစ်စ ကြီးမားလာလေသည်။

ဆိုးသွမ်းလျက်ရှိသော ဟင်းမျိုး၏ရန်ကြောင့် လေသာတောင်ကြောသို့ ပတ်ဝန်းကျင်ရွာများမှ မည်သူမျှ ခြေဦးမလှည့်ဝံ့ကြတော့။

ရွာများကို စည်းရိုးလုံလုံ မြင့်မြင့် ကာရံလျက် လည်းကောင်း၊ တောင်ယာ ပဲခင်းများတွင် ကျားမတက်နိုင်လောက်အောင် လင့်စင်တဲများထိုးကာ ယာခင်း စောင့်အိပ်စက်ရခြင်းဖြင့် လည်းကောင်း အကာအကွယ် ပြုလုပ်ထားကြရ၏။

တစ်ရွာနှင့် တစ်ရွာ ကူးသန်းကြသည့်အခါများတွင်ပင် လူစုလူဝေးဖြင့် တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင် သွားလာကြသည့် အခြေသို့ ရောက်လာကြပေသည်။

သို့တိုင် လူအုပ်တွင်းသို့ တောထဲမှ ဗြုန်းခနဲ မျက်လှည့်ပြလိုက်သလို ကျားကြီးက ရောက်ရှိလာတတ်ပြီး အနီးဆုံး လူသားတစ်ဦးဦးအား ကြီးမားသန်စွမ်းသော ရှေ့လက်ဖြင့် တစ်ချက်တည်း အသေကုတ်ပစ်လိုက်ပြီးနောက် အစာကို ကိုက်ချီကာ လျင်မြန်လှသော အဟုန်ဖြင့် ပြန်လည်ပျောက်ကွယ်သွားတတ် ခြင်းက အထူးခြားဆုံး ဖြစ်ခဲ့ရ၏။

ဟင်းမျိုးကြီး၏ မမျှော်လင့်သောအချိန် မထင်မှတ်သော အခြေအနေတွင် ပေါ်ပေါက်လာခြင်းက လူအများကို အခိုက်အတန့်အားဖြင့် ကြက်သေသေကာ သွားစေနိုင်သည်။

ထိုအချိန်ကလေးတွင်ပင် နှစ်သက်ရာ လူသားတစ်ဦးကို အစာအဖြစ် ကိုက်ချီပြီး ပြန်လည်ထွက်ခွာသွားမှပင် သတိရလာကြပြီး ညာသံပေး၍ လိုက်လံခြောက်လှန့် ရှာဖွေကြသည့်အခါမူ အစအနမျှ မတွေ့ရတော့ဘဲ တစ်ရက်နှစ်ရက်ကြာမှ ၎င်း၏ အစာဖြစ်သော လူသား၏ အဝတ်အစားအချို့နှင့် အရိုးအရင်း များကို ပြန်လည်တွေ့ရှိခဲ့ကြရလေသည်။

လေသာရွာသူကြီး ဦးအောင်ကြည်၏ အိမ်ဝိုင်းအတွင်း လေသာတစ်ရွာလုံးရှိ ရွာသားများက စုရုံးလျက်ရှိ၏။ ကျားဆိုးကြီး ထလာပြီးသည့် လများမှစ၍ တောင်ယာပဲခင်းလုပ်ငန်းများကို နောက်ဆံတငင်ငင် ရင်တထိတ်ထိတ် လုပ်ခဲ့ကြရခြင်းဖြင့်လည်း လေသာရွာ၏ စီးပွားရေးမှာ ကျဆင်းခဲ့ရပြီး အငတ်ငတ် အပြတ်ပြတ် ဖြစ်လာခဲ့ရသည်။

ရွာနှင့်ဝေးသော တောင်ယာများသို့ မည်သူမျှ သွားမလုပ်နိုင်ကြတော့ဘဲ ရေကြည်ရာ မြက်နုရာ ဆိုသလို ဝေးရာသို့ ပြောင်းရွှေ့သွားကုန်ကြလေပြီ။

ယခင်က စည်စည်ကားကားရှိခဲ့သော လေသာရွာကြီးသည်လည်း တစ်စထက်တစ်စ လူနည်းလာလျက် ကျီးနှင့်ဖုတ်ဖုတ် ဖြစ်လာခဲ့ရ၏။

“ကျုပ်တို့ ဒီအတိုင်းနေလို့ကဖြင့် မဖြစ်ကြတော့ဘူး။ ကြာရင် ရွာပျက်လိမ့်မယ်။ တစ်ခုခုတော့ လုပ်ကြမှပဲ”

“ဒီအတိုင်းမနေလို့ ဘယ်လိုလူက ဘာတတ်နိုင်မှာလို့လဲ။ ကြာပဲကြာလှပြီ ဥစ္စာ”

“ခင်ဗျားပဲ မုဆိုးတွေနဲ့ လိုက်သွားကြတာပဲ။ သုံးရက် ဆက်စောင့်တာတောင် ဒီသတ္တဝါကြီးက အမြီးတောင် မမြင်ရဘူး မဟုတ်လားဗျ။ ရိုးရိုးဟင်းမျိုး ဆိုရင် ဘယ် ဒီလောက်အတင့်ရဲမလဲ။ ခုလိုပုံဆို လူငါးဆယ်လောက် စုသွားလည်း တစ်ယောက်ယောက်တော့ ပါသွားဦးမှာပဲ”

ဆူဆူညံညံ ငြင်းခုန်လျက် ရှိကြသည်။

လေသာရွာသားများအဖို့ ယင်းဟင်းမျိုးကြီး၏ ပြဿနာသည် အင်မတန်ပင် ကြီးကျယ်လာပြီ ဖြစ်ပေသည်။

“ကဲ … ခင်ဗျားတို့ ဒီလိုငြင်းနေလို့ ပြီးမှာမဟုတ်ဘူး။ ဒီသတ္တဝါကြီးကို ဘယ်လိုသုတ်သင်ကြမလဲဆိုတာ စဉ်းစားကြဖို့ပဲ။ တစ်ယောက်စီ ပြောကြဗျာ။ ပထမ ဘကြီးဖြိုးကပဲ ပြောစမ်းပါဦး”

“အေး … မင်းတို့တစ်တွေက ဒီဟင်းမျိုးကို သတ်ဖို့ပဲ စဉ်းစားနေကြ။ မင်းတို့ တွေ့ဖူးတဲ့ ကျားမျိုး မဟုတ်ဘူး။ ဒီကျားက ရိုးရိုးကျား မဟုတ်ဘူးဟေ့။ နတ်ကျား … နတ်ကျား”

“ဟုတ်မယ်ဗျို့ … ဘကြီးဖြိုး ပြောတာ။ ဘယ့်နှယ်ဗျာ … ဒီလောက်ကြာကြာကြီး အတင့်ရဲနေတာ။ လူတောထဲက ဝင်ဝင်ဆွဲသွားတာကို ကြည့်ပါလား”

ရွာသားတစ်ယောက်က ထောက်ခံသည်။ တစ်ယောက်ကမူ ထွီခနဲ တံတွေးတစ်ချက် ထွေးလိုက်ရင်း-

“ဘယ်က နတ်ကျားရမှာလဲ ဘကြီးဖြိုးရ။ နတ်ကျားက လူစားတဲ့နောက် အရိုးချည်းကျန်အောင် စားပါ့မလား။ လူအတွေ့ နတ်အငွေ့ဆိုဗျ။ ခုတော့ စား စားသွားတာ ရစရာတောင် မရှိဘူး”

“ဟ သန်းညွန့်ရ၊ မင်းနှယ် မိုက်ရန်ကော။ နတ်ကျား ဆိုပေမယ့်လို့ နတ်က တိုက်ထားတဲ့ ကျားပဲကွ။ တိရစ္ဆာန်မို့ လူကို စားပစ်တာပေါ့။ ငါပြောတာက နတ် တိုက်တဲ့ကျားပော့။ အေး … မင်းတို့ မယုံတဲ့ကောင်တွေ လုပ်ကြပေါ့။ ငါတော့ ဒီအထဲ မပါဘူး … သွားမယ်”

ဘကြီးဖြိုးက ခေါင်းမှတဘက်ကို ပြင်ပေါင်းရင်း လူအုပ်ထဲမှ ထွက်သွားခဲ့လေသည်။

“နတ်ကျားမကလို့ သိကြားကျားပဲဖြစ်ဖြစ်ဗျာ၊ လူစုပြီးလုပ်မယ်ဗျို့။ ဦးလေးကြည် … ကျုပ် နည်းတစ်နည်းတော့ ပြောချင်တယ်ဗျို့”

ဟု ရွာသားတစ်ဦးဖြစ်သော စံအေးက ထပြောသည်။

“မင်းနည်းကို ပြောလေကွာ။ တို့များ ဝိုင်းစဉ်းစားကြတာပေါ့”

ဟု သူကြီးက အဖြေပေးသည်။
“ပထမ သံညှပ်သုံးခုလောက် လိုတယ်ဗျ။ သံညှပ်ကို သံကြိုးတုတ်တုတ်နဲ့ ချည်ပြီး သစ်ပင်မှာဖြစ်ဖြစ်၊ ငုတ်စိုက်ပြီးဖြစ်ဖြစ် ဟင်းမျိုးကြီး သွားလမ်း လာလမ်းမှာ ချထားဖို့ပဲ။ အဲ … သံညှပ်မှာ မိရင်တော့ ညှပ်ကို ကြိုးချည်ထားလို့ ငနဲ ဘယ်မှ မပြေးနိုင်တုန်း ဝိုင်းလုပ်ရုံပဲ”

“ဟာ … ခင်ဗျားဟာ သေမှ မသေသေးဘဲ။ ပြန်ကိုက်မှာပေါ့။ ဘယ်သူက အနားကပ်ဝံ့မှာတုံးဗျ”

“အေးလေ … သေတော့ ဘယ်သေပါ့မလဲ … ညှပ်ပဲ။ ခြေဖြစ်ဖြစ် လက်ဖြစ်ဖြစ် မိနေတဲ့နောက် မပြေးနိုင်တော့ဘူးပေါ့။ ဒီလောက်ပဲ ရတော့မပေါ့။ မပြေးနိုင်တဲ့ ကျားကို ဒီရွာက လူနှစ်ဆယ် သုံးဆယ်လောက် ဝိုင်းလုပ်လိုက်ရင် ဘာခံနိုင်မှာတုံး”

“အေး … ဒါဖြင့်လည်း ဒီနည်း စမ်းကြည့်ကြစို့ကွာ။ အောင်ငြိမ်းနဲ့ ထွန်းဇော် … မနက် မြို့တက်ပြီး သံညှပ်သုံးခုနဲ့ သံကြိုးဝယ်ချေကွာ”

သူကြီးက တစ်ဆက်တည်း တာဝန်ပေးလိုက်ပြီးနောက် လူစုကွဲသွားကြလေသည်။

စံအေး ခေါင်းဆောင်သော လေသာရွာသားများစု၍ သံညှပ်များကို ရွာဘေးတစ်လျှောက် ထောင်လျက်ရှိကြသည်။

သူကြီး၏ အမိန့်အရ ရွာပြင်သို့ မည်သူမျှ လေးငါးရက် မထွက်ရန် မှာကြားထားပြီးလည်း ဖြစ်၏။

နွားကျောင်း၊ ရေခပ်၊ ဖက်ခူး၊ ထင်းခွေမျှ မပြုလုပ်ဘဲ ငြိမ်ငြိမ်သက်သက် ရွာတွင်းတွင်ပင် အောင်းနေကြရန် စီစဉ်ထားကြသည်။

သံညှပ်နှင့်အတူ ညှပ်တစ်ခုတွင် ဆိတ်တစ်ကောင်စီ ချည်နှောင်ထားခြင်းဖြင့် ကျားအား အစာဖြင့် မျှားထားသည့်အသွင် ဖြစ်သည်။

ဆိတ်ကို ခြံစည်းရိုးကာလျက် လှောင်ထားပြီး အဝင်ဝတွင် ညှပ်ကို သစ်ကိုင်းသစ်ခက်များ ဖုံးလျက် ထောင်ထားလိုက်ကြ၏။

ဆိတ်ကို ကိုက်ရန် အပေါက်ဝမှ ဝင်လာရမည့် ကျားသည် ကာထားသော စည်းရိုးအောက်မှ ငုံ့ဝင်လာရမည်ဖြစ်ရာ အဝတွင် ထောင်ထားသော ညှပ်ကို မနင်းဘဲ မည်သို့မျှ ဝင်ရန် မဖြစ်နိုင်ပေ။

သံညှပ်ကြီးများမှာ တစ်ခုလျှင် နှစ်ပိဿာခန့်လေးပြီး ညှပ်၏ တစ်ဖက်တစ်ချက်တွင် လခြမ်းသဏ္ဌာန်ရှိလျက် ခွေးသွားစိပ်များက လွှသွားကလေးများကဲ့သို့ ရှိသည်။

လခြမ်းကွေးကဲ့သို့ ညှပ်တစ်ခုစီအား တစ်ဖက်တစ်ချက်ဆွဲ၍ မောင်းထောင်းလိုက်လျှင် အချင်းတစ်ပေခန့်ရှိ စက်ဝိုင်းတစ်ခုလို ဖြစ်သွားသည်။ ညှပ်ကွင်း၏ အလယ်တွင် နင်းခုံဖြစ်သည့် ကန့်လန့်ဖြတ် ခလုတ်ကို နင်းလိုက်သည်နှင့် တစ်ဖက်တစ်ချက် လခြမ်းသဏ္ဌာန် ညှပ်များက ပြေးညှပ်ပြီးသား ဖြစ်သွားရ၏။

စံအေးတို့က သံညှပ်များကို ချွေးတလုံးလုံးဖြင့် ထောင်ပြီးသွားသည့်အချိန်တွင် နေစောင်းလျက် ရှိလေပြီ။ ကြိုးဖြင့် ချည်လျက်ထားခဲ့သော ဆိတ်ကလေးများက တပဲပဲ အော်လျက်ရှိ၏။

လေသာရွာ တစ်ရွာလုံး ရွာတံခါးကိုပိတ်လျက် ငြိမ်သက်တိတ်ဆိတ်လျက် ရှိကြသည်။

လပြည့်ကျော်နှစ်ရက်မျှ ရှိသေးသဖြင့် ထွန်းလင်းတောက်ပလျက် ရှိသေးသည့် လရောက်အောက်တွင် လေသာတောင်တန်းကြီးက ငြိမ်သက်စွာ လဲလျောင်း နေသည်။ လသည် တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ ညဉ့်သည်လည်း တစ်စတစ်စ ရင့်လာသည်။

တောခြေစုံမြိုင်အစမှ ဆွဲဆွဲငင်ငင် အူလျက်ရှိသော တောခွေးတစ်သိုက်၏ တဝူဝူအသံက တောင်တန်းပေါ်တွင် ဖြတ်သန်းပြေးလွှားလာသည်။

ညဉ့်ပိုင်း ညဉ့်ငှက်တို့ တစ်ပြိုင်နက်တည်း တဝီဝီ အော်သံများအကြားတွင် လေသာရွာ တစ်ရွာလုံး ခဏချင်း အိပ်မောကျသွားခဲ့ရ၏။

တစ်ချက်တစ်ချက် ပဲခနဲ ပဲခနဲ အော်လျက်ရှိသော ဆိတ်၏ အသံကိုသာ စူးစူးရှရှ ကြားရပေသည်။

ညသည် တဖြည်းဖြည်း ချုပ်ငြိမ်းကွယ်ပျောက်လျက်ရှိရာမှ အရုဏ်ကျင်း၍ အလင်းသို့ ရောက်လာသည်။

အသက်ဝင်၍ ပြန်လည်နိုးကြား လှုပ်ရှားလာသော လေသာရွာ၏ တံခါးသည်လည်း ပွင့်လာသည်။

သူကြီး၊ စံအေးတို့ ခေါင်းဆောင်လျက် ယမန်နေ့က သံညှပ်ထောင်ထားသော နေရာများသို့ လိုက်လံ စစ်ဆေးကြည့်ရှုသည့်အခါ လက်ရာခြေရာမပျက် တွေ့ရှိခဲ့ရ၏။ ကျားသည် သည်နေရာများသို့ လုံးဝမလာခဲ့ချေ။

သို့နှင့် သံညှပ်များကို အခြေမပျက်ထောင်လျက် တစ်ရက်တစ်ရက် ကုန်ဆုံးသွားခဲ့ရ၏။ ကြိုးဖြင့်ချည်၍ လှောင်ထားသော ဆိတ်များကိုသာ အစားအစာ နေ့စဉ် ထည့်ပေးထားရသည်။

တစ်နေ့ပြီး နောက်တစ်နေ့ သုံးရက်မြောက်သောနေ့ ဖြစ်၏။

လေသာရွာ၏ သက်ငယ်မိုးများပင် တဖျစ်ဖျစ်မြည်မတတ် ပူပြင်းလှသည်။ ရေကို ဝဝလင်လင် မသောက်ရသည့် နွားများက တဘဲဘဲ အော်မြည်လျက်ရှိ၏။

သူကြီး၏အမိန့်ကြောင့် လည်းကောင်း၊ တစ်ရွာလုံးက မုန်းတီးစက်ဆုပ်လှသော ဟင်းမျိုးကြီးအား သုတ်သင်ရေးအတွက် ဖြစ်လေသည်က တစ်ကြောင်း ရွာတံခါးကိုပိတ်၍ ကြိတ်မှိတ်အောင့်အည်း သည်းခံလျက်ရှိသည့် ရွာသားများအဖို့ စိတ်အားများပင် လျော့စပြုလာကြ၏။

ချစ်ချစ်တောက် ပူပြင်းလှသော နေရောင်အောက်တွင် လေသာတစ်ရွာလုံး တလူးလူး တလွန့်လွန့် ဖြစ်လျက်ရှိ၏။

ရွာပတ်ဝန်းကျင်တွင် လူစလူန မတွေ့ရသည့်ကျားသည် ရွာပြင်၌ ရွာသားများက အစာအဖြစ် ချည်ထားသော ဆိတ်ကလေးများအား တစ်နေ့နေ့ တစ်ချိန်ချိန် ကျိန်းသေပေါက် လာရောက်စားသောက်လိမ့်မည်ဟု ယူဆထားကြသည် ဖြစ်သောကြောင့် လူရိပ်လူငွေ့ လူသံသူသံ မပေးဘဲ ရွာတံခါးကိုပိတ်၍ ရွာတွင်း အောင်းနေကြခြင်း ဖြစ်လေသည်။

ခြောက်သွေ့လျက်ရှိသော သစ်ရွက်များအကြားမှ လေသည် ကမူးကရှူးထိုး ဖြတ်သန်းပြေးလွှားလျက် ရှိသဖြင့် ကိုင်းလက်ခက်ရွက်ချင်း တချိုးချိုး တချောက်ချောက်မြည်အောင် ရိုက်ခတ်လျက် ရှိသည်။
ရိုးတံကျဲကျဲ ဝါးရုံကိုင်းများကလည်း တိတ်ဆိတ်သော နေ့လယ်ခင်းကို ပိုမိုပျင်းရိစေသည့်သဖွယ် တကြွပ်ကြွပ် တအိအိ မြည်လျက်ရှိပေသည်။

အဆက်မပြတ် တစီစီမြည်လျက်ရှိသော နွေပုရစ်များ၏ အော်သံနှင့် ရွာပြင်စည်းရိုးတန်း ချုံရိပ်မှာ ပျင်းရိပျင်းတွဲ ကူလျက်ရှိသော ချိုးလည်ပြောက် တစ်ကောင်၏ တကူကူ တွန်သံများကသာ ခပ်မှန်မှန် ပေါ်ထွက်လျက်ရှိ၏။

ပျင်းရိစဖွယ် ထိုနေ့လယ်ကို တပ်လှန့်နှိုးလိုက်သည့်အလား ကြောက်မက်ဖွယ် ကျယ်လောင်သော ကျားတစ်ကောင်၏ တဝေါင်းဝေါင်း မာန်ဖီသံသည် လေသာတစ်ရွာလုံးအား ရုတ်တရက် ချက်ချင်း လှုပ်ရှားသွားစေသည်။

ဟိန်းသံသည် နာကြည်းခြင်း၊ ဒေါသထွက်ခြင်း၊ မကျေမနပ် အလိုမပြည့်ခြင်းတို့ကြောင့် အာခေါင်မှခြစ်၍ ထွက်လာခြင်းမျိုးမဟုတ်ဘဲ ဝမ်းခေါင်းအတွင်းမှ လှိုက်၍လှိုက်၍ ထွက်လာသည်ဖြစ်ရာ ကျယ်လောင်ပြင်းထန်လှသည်။

ဝေါင်းခနဲ ဝေါင်းခနဲ ဟိန်းသံအပြင် လေသာတောင်ထွတ်များမှ တစ်ဖန် ပြန်၍ ပေါ်ထွက်လာသည့် ပဲ့တင်သံကြောင့် ကျားဟိန်းသံကို ကြားလိုက်ရသည့် လေသာရွာသားများအဖို့ ရုတ်တရက် တုတ်တုတ်မျှ မလှုပ်ရဲသေးဘဲ အသာငြိမ်နေကြရ၏။

တစ်ရွာလုံးရှိ လူများသာမက ရွာ၏ ခွေးများသည်ပင် အမြီးကုပ်၍ ဖင်တရွတ်ဆွဲလျက်ရှိရာ တဲကြမ်းအဆင့်အောက်များသို့ တိုးရွှေ့ပြေးဝင် ခိုကပ်လျက် ရှိပြီး ကြောက်လန့်တကြား အော်ဟစ်ငိုယိုလျက်ရှိသော ကလေးငယ်များ၏ အသံများက ရွာပျက်မတတ် ဆူညံနေသည်။

ခဏမျှအကြာတွင်ပင် သူကြီးကိုအောင်ကြည် ခေါင်းဆောင်လျက် စံအေးတို့ ရွာသားတစ်သိုက်က ညာသံပေးလျက် ရွာတံခါးကိုဖွင့်ကာ ထွက်လာကြသည်။

“ဟေ့ … အားလုံး တစ်အိမ်တစ်ယောက် ထွက်ဟေ့။ မှိန်းဖြစ်ဖြစ် ဓားဖြစ်ဖြစ် လက်နက်ကိုယ်စီပါပေ့စေ။ ကျားမိနေပြီ။ ဘယ်သူမှ မလိုက် မရှိစေနဲ့။ အားလုံး ထွက်ကြဟေ့”

“တစ်ယောက်နဲ့ တစ်ယောက် သိပ်မကပ်ကြနဲ့။ လက်ညီညီနဲ့ ချကြ။ လူအုပ်ထဲချည်း တိုးမနေကြနဲ့”

“ဝိုင်းဟ … ချကြ၊ အသေဆော်ဟေ့ … နောက်မဆုတ်နဲ့၊ ညီညီတက်ကြစမ်း”

“ဟေး … ဟေး … ဟေး”

ငါးဆယ်ခန့်ရှိသော လေသာရွာသား တစ်အုပ်ကြီးက လေအပင့်တွင် လွင့်တက်လာသော လှိုင်းလုံးကြီးအလား ရွာတံခါးမှ တစ်စုတစ်ရုံးတည်း ပြုံထွက်လာ ကြသည်။

ဟင်းမျိုးကြီး၏ ဟိန်းသံကြားနေရသည့် ရွာအနောက်ဘက်သို့ လူအုပ်ကြီး ရောက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် တန့်ခနဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

လူစု၏ ရှေ့ကိုက်ငါးဆယ်ခန့်အကွာတွင် တောစကလေးတွင်ကား တောက်ပြောင်သော အဝါရောင်တွင် နက်မှောင်သော အမည်းစင်းများ ချယ်လှယ်လျက် ကြီးမားလှသော ကျားကြီးတစ်ကောင်က သံညှပ်တွင် ရှေ့ညာလက်တစ်ဖက် မိလျက်ရှိသဖြင့် တဝုန်းဝုန်း ဆူညံနေသည်။

ပေါင်လုံးသာသာခန့် တုတ်သော ဥနှဲပင်အခြေတွင် သံညှပ်နှင့်ဆက်လျက် ရှိသော သံကြိုးစကို ချည်ထားသောကြောင့် ဥနှဲပင်သည် ယိမ်းထိုးလှုပ်ရှားလျက် ယခုပင် အမြစ်မှ ကျွတ်ထွက်သွားတော့မည့်အလား ဗြောင်းဆန်လျက် ရှိသည်။

သံကြိုးစအရှည် နှစ်လံသာသာခန့် ရှိသည်ဖြစ်ရာ ကျားသည် အားယူ၍ ခုန်ထွက်လိုက်သောကြောင့် မြေပေါ်သို့ ကိုင်ရိုက်လိုက်သလို ဝုန်းခနဲ ပစ်ကျသွား ရ၏။

သန်မာသော ညှပ်၏ ဒဏ်ရာကြောင့် တစ်ကြောင်း၊ မြေပြင်သို့ ဗုန်းခနဲ ပစ်ကျသွားသည့် အဖြစ်ကလည်းကောင်း ကျားနာအား ဒေါသကြီးသည်ထက် ကြီးစေလေသည်။

ညာသံပေး၍ အပါးသို့ ကပ်လာကြသော လူအုပ်ကြောင့်လည်း မာန်ဖီကာ တဝေါင်းဝေါင်းဟိန်းလျက် သံကြိုးကို ဆောင့်၍ ရုန်းလျက်ရှိ၏။

“ဝိုင်းဟေ့ … ထိုးဟေ့၊ လှံနဲ့ပစ်ကြကွာ၊ အနားသိပ်မကပ်နဲ့ ချကြစမ်း၊ လက်မနှေးကြနဲ့ဟေ့”

စက်ဆုပ်လှသော ဟင်းမျိုးအား အပိုင်မိနေကြပြီဖြစ်သဖြင့် သူကြီးနှင့်တကွ လေသာရွာသားများအားလုံး စိတ်အားတက်ကြွလျက် ခပ်လှမ်းလှမ်းမှနေ၍ မှိန်း၊ လှံများဖြင့် လူးလွန့်ရုန်းကန်နေသော ကျားအား ဝိုင်းဝန်းပစ်ခတ်လျက် ရှိ၏။ လူအုပ်ထဲမှ ပစ်လွှတ်လိုက်သော မှိန်းများသည် ပလူပျံသလို ကျားရှိရာသို့ ရွှတ်ခနဲ ရွှတ်ခနဲ ပြေးဝင်သွားသည်။

ကျားသည် ခုန်ပေါက် ရုန်းကန်လျက်ရှိသည်ကြောင့် လူအုပ်ထဲမှ ပစ်လိုက်သော မှိန်းများ၊ လှံများက ကျားကိုယ်ထည်အား မထိုးမိဘဲ မြေပြင်ပေါ်တွင်သာ စွပ်ခနဲ စိုက်လျက်ရှိသည်။

မှိန်းတစ်ချောင်းနှင့် လှံနှစ်ချောင်းသာ ကျားကိုယ်ကြီးကို စွပ်ခနဲ စိုက်လျက် နီရဲသောသွေးများ ဖြာကျစေသည်။

ကျား၏ လှုပ်ရှားရုန်းကန်မှုကြောင့် ကိုယ်တွင် စိုက်မနေဘဲ ပြန်လည် ကျွတ်ကျသွားခဲ့၏။

ရွာသားများအနေဖြင့်လည်း အဝေးကသာ မှိန်းများ၊ လှံများဖြင့် ပစ်ထိုးနေသည်မှလွဲ၍ အပါးသို့ မည်သူမျှ မကပ်ဝံ့ဘဲ ရှိနေသည်။

ယင်း အခိုက်အတန့်တွင် ကျားသည် ဒဏ်ရာများကြောင့် ပိုမိုနာကျင်လှသည်ဖြစ်ရာ ဒေါသကြီးသည်ထက်ကြီးလျက် အားစိုက်၍ တအားခုန်ရုန်းလိုက် သည်နှင့် တစ်ပြိုင်နက် ဥနှဲပင်အခြေတွင် တုပ်ချည်ထားသော သံကြိုးက ထောင်းခနဲ ပြတ်ထွက်သွားခဲ့၏။

ရုတ်တရက်ဖြစ်သဖြင့် ကျားသည်လည်း မြေပေါ်တွင် နှစ်ပတ်မျှ လိမ့်သွားခဲ့ရ၏။ သံကြိုးချည်လျက်သား ညှပ်နှင့်တကွ လက်ရောခြေပါ မြေပြင်ပေါ်သို့ ထောက်၍ ရပ်တည်မိသောအချိန်တွင်မူ ကျားသည် လူအုပ်ထဲသို့ လွှားခနဲခုန် ဝင်လာချေပြီ။

လေသာရွာသားများက ဟယ်ခနဲ ဖြစ်သွားကြပြီး ရုတ်ရုတ်သဲသဲ ရှိသွားကြသည်။

ကျား၏ ကိုယ်လုံးနှင့် တိုက်မိ၍ လည်းကောင်း၊ ရှေ့လက်တစ်ဖက်နှင့် ပုတ်မိခြင်းခံရ၍ တစ်ကြောင်း၊ ရွာသားနှစ်ဦး အတုံးအရုံး လဲကျန်ရစ်သည်။
ကျားသည်လည်း ဆင်ခြေလျှောတောင်ကြောအတိုင်း သုံးချောင်းထောက် ထွက်ပြေးကွယ်ပျောက်သွားသည်။

“ဟာ … ဒုက္ခပါပဲ၊ အောင်ငြိမ်းတို့ ထွန်းဇော်တို့ လာကြစမ်းဟေ့ … ဝိုင်းပွေ့စမ်း။ ကိုက်များ ကိုက်မိသွားလေသလားကွ”

သူကြီးက လဲကျနေသော ရွာသားနှစ်ယောက် အပါးသို့ ရောက်လာပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။

သွေးသံရဲရဲဖြင့် တုံးလုံးလဲလျက် တအင်းအင်း ညည်းညူနေကြသော ရွာသားနှစ်ဦးအား ပွေ့ထူလိုက်ကြသည်တွင်မူ နှစ်ဦးလုံး ကံကြီးလှစွာ အသက်မသေဘဲ လက်သည်းဖြင့် ကုတ်မိ၍ မျက်နှာတစ်ခြမ်းသာ အလွှားလိုက် အရေခွံကွာသွားရုံမျှသာ တွေ့ရှိရ၍ တစ်ဦးကမူ မည်သည့် ဒဏ်ရာမှမရှိဘဲ သတိမေ့ရုံသာရှိ၏။

“ကဲ … ကဲ လူနာကို ရွာထဲယူသွားကြဟေ့။ ကျန်တဲ့ရွာသားတွေ ကျားနောက် လိုက်ကြမယ်။ လူအုပ်နဲ့ဆို ဒီကောင် ရန်မမူရဲပါဘူး။ ဆက်လိုက်ကြဟေ့”

သူကြီးနှင့် စံအေးတို့က ခေါင်းဆောင်လျက် ဟင်းမျိုးတက်ပြေးရာ ဆင်ခြေလျှောအတိုင်း ရွာသားတစ်အုပ်လုံး တဟေးဟေး ညာသံပေးလျက် လိုက်သွားကြ၏။

ယင်းမျိုးကြီး၏ကိုယ်မှ ထွက်ကျလျက်ရှိသော သွေးစက်များက ၎င်း၏ သွားရာလမ်းကြောင်းကို ထင်ရှားစွာ ပြနေသည်ဖြစ်ရကား တောင်ကြောအတိုင်း ညာသံပေးလျက် သွေးကြောင်းလိုက်လာသော ရွာသားများသည် ခဏနှင့် လေသာတောင်ကြောထိပ် လွင်သို့ ဝင်ရောက်လာကြ၏။

သွေးကြောင်းများသည် ဆီအိုးကို သွန်ချထားသည့်အလား ခြောက်သွေ့သော ရော်ရွက်များ ပြန့်ကျဲလျက်ရှိသော မြေအပြင်တွင် ခြင်းခြင်းနီလျက် ရှိသည်။

သွေးကြောင်းသည် လေသာတောင်ထွတ်၏ တောင်ဘက်ခြမ်း သက်ငယ်တောဆီသို့ ရှေးရှုလျက် ရှိသည်။

ညာသံပေး၍ တဖြည်းဖြည်း ရင်ပေါင်တန်းလျက် တက်လာသော ရွာသားများက သက်ငယ်တောအတွင်း ဝင်မိသည်နှင့် ခပ်ကျဲကျဲသာ ကျန်တော့သော တောခြောက်ကို မီးရှို့လိုက်ကြ၏။

ပူပြင်းသော နေဒဏ်ကြောင့် တွန့်လိမ်ခြောက်သွေ့လျက်ရှိသည့် သက်ငယ်ပင်များကို မီးတောက်က ဟုတ်ခနဲ လောင်ကျွမ်းလျက် ကြောအဆုံး ကျောက်နံရံဘက်ဆီသို့ ဖြိုးဖြိုးဖြောက်ဖြောက် တောက်လောင် သွားသည်။

တောင်ထိပ်တွင် ပင့်၍ တိုက်ခတ်လျက်ရှိသော လေပြင်းက တစ်ခဏချင်း တောအပြင်ကို ပြာကျသွားစေသည်။

တစ်နေရာတွင် သက်ငယ်ပင် အုပ်အုပ်စုစုတစ်ခုရှိရာ ထိုသက်ငယ်ပင်အုပ်စုသို့ မီးတောက်က လျင်မြန်သောအဟုန်ဖြင့် ပြေးလွှားသွားလျက်ရှိကာ မီးတောက်မီးစွယ်များ စတင်တောက်လောင်လာသည်နှင့် များမကြာမီ နက်ကျောကျယ်လောင်သော ဟိန်းသံတစ်ချက်ကို မြေတုန်ခမန်း ကြားလိုက်ရပြီးနောက် မီးတောက်ကို ကျောပေး၍ တောင်ကြောအတိုင်း ကျားက ပြေးသွား၏။

“ဟာ … ပြေးပြီဟေ့၊ လိုက်ကြ … လိုက်ကြ၊ မလွတ်စေနဲ့ ။ လူအုပ်နဲ့သာ ဖိလုပ်ကြဟေ့။ တောကောင် နာနေပြီ”

သူကြီး၏ စူးစူးဝါးဝါး အော်သံနှင့် လူအုပ်ကြီးက ဒယိမ်းဒယိုင် ပြေးသွားသော ဟင်းမျိုးနောက် တရကြမ်း ပြေးလိုက်ကြသည်။

ကျားသည် ကြောအစွန်းတွင် တန့်ခနဲ ရပ်သွားပြီး အပါးသို့ လူအုပ်ကြီး ရောက်၍ ဓားလှံများဖြင့် စတင်ပစ်ခတ်သည်နှင့် တစ်ပြိုင်နက် မတ်စောက်သော ကျောက်ကမ်းပါးယံအောက်သို့ လွှားခနဲ ခုန်ချလိုက်၏။

ယင်းနေရာသည် ဒေါ်ထွေးစိန် ကျသွားဖူးသောနေရာ ဖြစ်ရကား အောက်ခြေ ပေနှစ်ဆယ်အကွာတွင် ခါးပန်းတစ်ခုရှိသဖြင့် ကျားသည် ထိုခါးပန်းသို့ ခုန်ဆင်း
လိုက်ခြင်းသာ ဖြစ်ပေသည်။

သို့သော် ကျားသည် ခါးပန်းပေါ်သို့ ရောက်မသွားဘဲ ရှေ့ညာလက်ကို ညှပ်ထားသော သံညှပ်မှ တွဲလောင်းကျနေသည့် သံကြိုးတစ်လျှောက် တောင်ကမ်းပါးယံတွင် ထိုးထိုးထောင်ထောင် ထွက်လျက်နေသော ကျောက်တုံးများအကြားတွင် ပတ်၍ ညပ်သွား၏။

သို့နှင့် ကျားသည် သံကြိုးတန်းလန်းဖြင့် ချာလပတ်လည်ကာ တွဲလောင်းဆွဲလျက် ရှိလေသည်။ လက်တစ်ဖက်က ညှပ်တွင် ညပ်နေ၍ မည်သို့မျှ မတတ်နိုင်ဘဲ ကမ်းပါးယံကိုသာ ခြေနှစ်ချောင်း လက်တစ်ဖက်နှင့် ကန်ကျောက်ရုန်းကန် လွန့်လူးလျက်ရှိ၏။

လေသာရွာသားများ၏ ဝမ်းမြောက်ဝမ်းသာ ဟစ်ကြွေးလိုက်သံသည် အထက် ဘဝဂ်သို့တိုင် လျှံ၍ သွားပေသည်။

တစ်ယောက်တစ်လက် တုတ်၊ ဓား၊ လှံ၊ ကျောက်ခဲများဖြင့် ဝိုင်းဝန်းပစ်ခတ်လိုက်ရာတွင်မူ လွန်ခဲ့သော နှစ်ဦးပိုင်းကစ၍ တစ်နှစ်ကျော်ကျော် ဆိုးသွမ်းသောင်းကျန်းနေခဲ့သည့် ဟင်းမျိုးကြီး တစ်ဇာတ်သိမ်းသွားခဲ့ရ၏။ မသေမီ လှုပ်ရှားရုန်းကန်သဖြင့် တောင်ကမ်းပါးယံတွင် ဟိုမှသည်မှ လွှဲယိမ်းလျက်ရှိပြီး ကျားသေအား ဖြုတ်ယူရန် ရွာသားများ မရောက်ခင်ပင် သံကြိုးသည် ညပ်နေရာ ကျောက်ကြားမှ ပြုတ်လျက် ခါးပန်းပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားလေ၏။

လှပတောက်ပြောင်သော အဝါရောင်တွင် နက်မှောင်သော အမည်းစင်းကြီးများဖြင့် အမြီးဖျားမှသည် ခေါင်းသို့တိုင် ဆယ်ပေနှင့် ရှစ်လက်မတိတိရှိသည့် ဟင်းမျိုးကြီးကား နောက်ထပ် မည်သည့်လူသားကိုမျှ စားသောက်ရန် မတတ်နိုင်တော့ဘဲ စည်းလုံးညီညာသော လေသာရွာသားများ၏ လက်ချက်ဖြင့်ပင် အသက်ပျောက်ရလေပြီ။

တစ်ခုထူးခြားသည်က ဟင်းမျိုးကြီး သံကြိုးပြတ်၍ အောက်ခါးပန်းသို့ ကျသွားသောနေရာသည် ယင်းသတ္တဝါကြီး တစ်ချိန်က လေသာရွာသူ မိသွယ်အား ကိုက်ချီသွားသော နေရာဖြစ်နေသည်ကို လေသာရွာသူရွာသားများက အံ့ဩစွာ တွေ့ရှိကြရပေသတည်း။

– ပြီး –

စာရေးသူ – ခင်မောင်အေး(မန္တလေး)

Leave a Reply

Your email address will not be published. Required fields are marked *