August 8, 2025

ကျွဲနှင့် နွားတိုက်ပွဲ

လွင်ဦး (ကွမ်းခြံကုန်း)
ကျွဲနှင့် နွားတိုက်ပွဲ

လောကဝယ် ကျွဲနှင့် နွား တိုက်သည်ဟုပြောလျှင် ရယ်စရာအဖြစ် သဘောထားကြပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် နွားသည် ခွန်အားဗလ သေးငယ်သည့်အပြင် ကျွဲလောက် ချိုမရှည်။ ထို့ကြောင့် မည်သည့်နွားမဆို ကျွဲကို ခံ၍ မဝှေ့ဝံ့ကြပေ။ အဝေးမှ ရှောင်ပြေးကြသည်သာ ဖြစ်သည်။

ထို့ကြောင့် ကျွဲနှင့် နွား တိုက်ပွဲလုပ်သည်ဟု ဆိုလျှင် ရယ်စရာအဖြစ် ပြောသည်ဟု ထင်ကြပေလိမ့်မည်။

သို့သော် မအူပင်မြို့နယ်၊ ထရော်ပေချောင်းရွာတွင် ကျွဲနှင့် နွားတို့၏ ဝှေ့ပွဲ၊ ခတ်ပွဲ (သို့မဟုတ်) တိုက်ပွဲကို အမှန်တကယ် ကျင်းပခဲ့သည်။

ကျွဲအမည်မှာ ဂါးကြီးဖြစ်၍ နွားအမည်မှာ ငွေမောင်းဖြစ်သည်။

ထိုစဉ်က အလံနီများ ကြီးစိုးနေချိန်ဖြစ်ပြီး အလံနီများသည် ကျွဲတိုက်ပွဲ၊ နွားတိုက်ပွဲများကို အလွန် ဝါသနာပါကြသည်။ သူ့တို့ကိုယ်တိုင် တိုက်ကျွဲ၊ တိုက်နွားများကို မွေးမြူပြီးလျှင် ကျွဲတိုက်ပွဲ၊ နွားတိုက်ပွဲများကို ဦးစီးကျင်းပကြလေ့ရှိသည်။

ထိုစဉ်က ကျွဲတိုက်ပွဲ၊ နွားတိုက်ပွဲများသည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် အလွန်ခေတ်စားခဲ့ဖူးသည်။

ကျွဲကျွဲချင်း တိုက်သော၊ ခတ်သော ပွဲသည်လည်း မထူးဆန်းပါ။ ထို့အတူ နွားနွားချင်း ဝှေ့သောပွဲသည်လည်း မထူးဆန်းပေ။

သို့သော် အလံနီများသည် ကျွဲနှင့် နွား တိုက်မည်ဟု ထူးထူးဆန်းဆန်း ကြေညာလိုက်သောအခါ လူအများ အထူးစိတ်ဝင်စားကြလေသည်။

ဂါးကြီးကို အလံနီများက ပိုင်သည်။ ဂါးကြီးသည် နာမည်ကြီးသော တိုက်ကျွဲတစ်ကောင် ဖြစ်သည်။ လွန်ခဲ့သောနှစ်ကသာ ကြုံတိုင်းကို တစ်ခါရှုံးဖူးသည်ကလွဲ၍ ကျန်ပွဲများဝယ် အနိုင်ချည်းသာ ဖြစ်သည်။ ကျွဲခတ်ကောင်း၍ ဗလလည်း တောင့်သည်။

ငွေမောင်းဆိုသော နွားသည် ထရော်-ပေချောင်းရွာမှ ကိုလှငွေ ပိုင်သည်။ ဂါးကြီးသည် ကြုံသင်ရွာမှဖြစ်ပြီး ရွာနီးချုပ်စပ်များပင် ဖြစ်ပါသည်။ အနီးအနားဝယ် လယ်ထိပ်၊ လေလံပင်၊ ညောင်ဝိုင်းလေး စသော ရွာများလည်း ရှိသည်။

ငွေမောင်းသည် ငွေရောင်ဆွတ်ဆွတ်ဖြူသကဲ့သို့ အဖြူရောင် ရှိသည်။ သူ့တွန်သံသည် မောင်းတစ်လုံးကို တီးလိုက်သကဲ့သို့ သာယာနာပျော်ဖွယ် ကောင်းသည့်အတွက် ငွေမောင်းဟု ခေါ်ခြင်းဖြစ်သည်။

အမြင့် နှစ်တောင့်ထွာနှင့် လက်ခြောက်သစ် ရှိသည်။ အလျားကောင်း၍ ခွင် ခွ တောင့်သည်။ ဦးလှငွေ၏ ငယ်မွေးခြံပေါက် တိုက်နွား နွားသိုးကြီးဖြစ်သည်။
ငွေမောင်းသည် နွားဝှေ့လည်း ကောင်းသည်။ ရုပ်ရည်လည်း သန့်ပြန့်သည်။

သို့သော် ၎င်း၏ အားနည်းချက်မှာ သခင်မှလွဲ၍ အခြားလူ ကိုင်မရခြင်းပင် ဖြစ်သည်။ လူစိမ်းသူစိမ်းများ အနားမှ ဖြတ်သွားလျှင် ဝှေ့တတ်သည်။ ငွေမောင်းဝှေ့၍ ဒဏ်ရာရသောသူများ မနည်းတော့။ ထို့ကြောင့် ငွေမောင်းချည်ထားရာ နေရာတစ်ဝိုက်သို့ ကလေး လူကြီး မည်သူမျှ မသွားရဲကြချေ။

မအူပင်မြို့နယ်တွင် လူဝှေ့သော နွားများရှိရာ အချို့နွားများဆိုလျှင် နေ့စဉ် မိမိကိုကျွေးမွေးနေကျ သခင်ကိုပင် လစ်လျှင် လစ်သလို ဝှေ့တတ်ကြသည်။

အလျဉ်းသင့်၍ နက်ကျော်ဆိုသော နွားအကြောင်း ပြောပြလိုသည်။ နက်ကျော်သည် ပေချောင်းရွာအနီး ညောင်ဝိုင်းလေးရွာမှ ဖြစ်သည်။ နက်ကျော်သည် ခြံပေါက်မဟုတ်၊ သူများထံမှ အကြွေးဖြင့် သိမ်းထားသော နွားဖြစ်သည်။

နက်ကျော် ရောက်လာစတွင် သခင်ဖြစ်သူ ကိုကျော်အောင်က အထာမသိ၍ စိတ်ချလက်ချ နွားစာထည့်နေစဉ် နောက်မှ ချိုဖြင့် ကလော်လိုက်ရာ နွားစားခွက်ပေါ်မှ တစ်ပတ်ကျွမ်းလည်ကာ တစ်ဖက်သို့ ပစ်ကျသွားလေသည်။ သို့ဖြစ်၍ နောက်ပိုင်း အစာကျွေးရာ၌ သတိထားကာ စားခွက်တစ်ဖက်မှ ကျွေးရလေသည်။

နက်ကျော်ကို စားခွက်မှ ထုတ်၍ အပြင် သစ်ပင်ရိပ် အောက်တွင် ချည်ထားပါက အခြားနွားများကဲ့သို့ ချည်ကြိုးမှ ဆွဲသွား၍ မရပေ။ နဖားကြိုးမှ မြဲမြဲကိုင်ကာ လက်တစ်ဖက်က ချည်ကြိုးကို ကိုင်၍ ဆွဲသွားရ၏။

ချည်တိုင်ရောက်လျှင် လက်တစ်ဖက်ဖြင့် နဖားကို မြဲမြဲကိုင်ထား၍ ကျန်လက်တစ်ဖက်ဖြင့် အသေအချာ ချည်ရသည်။ စိတ်ချရပြီဆိုမှ နဖားကိုင်ထားသော လက်ကို လွှတ်ပြီး လွတ်အောင် ခုန်ရှောင်ပြေးရသည်။

သို့မဟုတ်ဘဲ နဖားကြိုးကို လွှတ်ကာ လက်နှစ်ဖက်ဖြင့် ကြိုးချည်မိပါက ဖိဝှေ့ခံရတတ်သည်။

ဒရယ်မြိုင်ရွာတွင်လည်း မျက်ကြားဆိုသည့် နွားတစ်ကောင် ရှိသေးသည်။ ထိုနွားသည် နွားကျွေးစဉ်၊ အပြင်ထုတ်စဉ်၊ လှည်းတပ်စဉ် မည်သို့မျှ ဒုက္ခမပေး။ လှည်းတပ်ပြီး၍ ထမ်းပိုးမှ ဖြုတ်ပြီဆိုလျှင် ထိုဖြုတ်သူကို ဝှေ့တတ်သည်။

ထို့ကြောင့် လှည်းမှ ဖြုတ်ပြီးသည်နှင့် ထိမိထိရာကို အသင့်ရှိသော ထမ်းပိုးကျည်းနှင့် ဦးအောင် ရိုက်ရသည်။ ထိုသို့ အရိုက်ခံရလျှင် လည်ထွက်သွားပြီး လူကို ပြန်မလုပ်ရဲဘဲ ထွက်သွားတော့သည်။ ထိုသို့ မဟုတ်ပါက လှည်းဖြုတ်သူ ဖိ၍ အဝှေ့ခံရတော့သည်။

မျက်ကြား၏သခင် ငွေစိုးက အချက်သိသူပီပီ ထွန်သည်ဖြစ်စေ၊ ကောက်လှိုင်းတိုက်သည်ဖြစ်စေ တစ်ခါဖြုတ်လျှင် တစ်ခါရိုက်နေကျ ဖြစ်သည်။

တစ်ခါက ညောင်ပိန္နဲရွာဘုရားပွဲသို့ ပွဲသွားကြည့်ကြရာ ငွေစိုးညီမ ကေသီနှင့် ရွာထဲမှ သီတာ၊ ခင်မော်ကြည်၊ မကြည်ခိုင် စသော ကွမ်းတောင်ကိုင် အပျိုချောတစ်သိုက်လည်း ပါသည်။

ညောင်ပိန္နဲရွာမှ ငွေစိုးနှင့် ညီအကိုပမာ ခင်သော လှရှောင်တို့အိမ်တွင် တည်းသည်။ လှရှောင်က ငွေစိုးထက်ငယ်သော ကာလသားပေါက်၊ ပိုးကောင်း ပန်းကောင်းသော အရွယ်ဖြစ်သည်။

အိမ်တွင် ငွေစိုးတို့ လာမည်သိ၍ ဟင်းကောင်းချက်ပြုတ်ကာ အသင့်ပြင်ဆင်ထားသည်။

ငွေစိုးတို့ လှည်းဆိုက်သောအခါ လှရှောင်သည် အဝတ်အစားသစ်များဝတ်ကာ ရေမွှေးနံ့၊ ပေါင်ဒါနံ့ တသင်းသင်းဖြင့် ပိုးရေး၊ ပန်းရေး၊ ဟန်ရေးပြရင်း ငွေစိုးတို့ လှည်းကို ကူ၍ ဖြုတ်ပေးလေသည်။

ငွေစိုးကလည်း ပွဲအကြောင်းမေးရင်း မျက်ကြား ဝှေ့တတ်သည်ကို မပြောမိဘဲ အမှတ်တမဲ့ နေလိုက်မိသည်။

လှရှောင်ကလည်း အခြားနွားများကဲ့သို့ လှည်းမှ ဖြုတ်လေရာ လှည်းထမ်းပိုးမှ ကျွတ်သည်နှင့် တစ်ပြိုင်နက် လှရှောင်ကို ဖိ၍ ဝှေ့လေတော့သည်။

သီတာတို့ ဝိုင်းအော်မှ လှည့်ကြည့်လိုက်ရာ အဝတ်သစ်အစားသစ်များနှင့် လှရှောင် ဖုန်ထဲဝယ် လိမ့်၍ နေလေတော့သည်။

အားလုံးက ဝိုင်းမောင်း၊ ဝိုင်းရိုက်မှသာ မျက်ကြား ထွက်ပြေးသွားသည်။ လှရှောင်၏ မဟာအရှက်တော်လည်း ကွဲတော့သည်။

နွားဆိုး၊ နွားညစ်များသည် ဤအထိပင် ဒုက္ခပေးတတ်လေသည်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုသကဲ့သို့ပင် နွားတို့၏ စိတ်နေစိတ်ထားလည်း အမျိုးမျိုး ရှိကြလေသည်။

အချို့နွားများသည် သဘောကောင်းကြသကဲ့သို့ သည်းညည်း ခံတတ်ကြသည်။ အချို့နွားတို့ကား အနားပင်အကပ်မခံ၊ အနားကပ်သည်နှင့် တရှူးရှူး တရှဲရှဲ လုပ်တတ်ကြသည်။

ကြိမ်ထုံသောကြောင့် ဘာလုပ်လုပ် သဘောကောင်းသော ခပ်နုံနုံ၊ ခပ်ထိုင်းထိုင်း နွားများရှိသကဲ့သို့ပင် သဘောကောင်းသော်လည်း ထမ်းပိုးကောင်းသော၊ ကြိမ်ဆတ်သော၊ ဝန်ရုန်းသန်သော နွားများကိုလည်း တွေ့ဖူးသည်။

တရှူးရှူး တရှဲရှဲနှင့် ယခုပင် လိုက်၍ ဝှေ့တော့မလို ခပ်ဆတ်ဆတ်နွားများသည် ထမ်းပိုးကောင်းသည့် နွားက များသည်။ သို့သော် ထမ်းပိုးမတပ်ခင် ရှူးရှူး ရှဲရှဲနှင့် ယခုပင် ခုန်ပေါက်ကာ ကောင်းကင်ပျံတက်မလို နွားများသည်လည်း ထမ်းပိုးထဲသို့ ရောက်သည့်အခါ သူများနောက်မှ လေးကန်ကျန်ရစ်သော နွားများကိုလည်း တွေ့ဖူးသည်။ နွားတို့၏ စိတ်နေစိတ်ထားကား အမျိုးမျိုးပင် ဖြစ်သည်။

အချို့နွားများကား လူများကဲ့သို့ပင် ယောင်တတ်သေးသည်။

သပြေအိုင်မှ ကျောက်စိမ်းဆိုသော နွားသည် ခေါင်းဘက်မှသွားလျှင် ဘာမှမလုပ်။ ကြိုက်သလိုကိုင်၍ရသည်။ သို့သော် ဖင်ပိုင်းမှ ဖြတ်သွားလျှင် ကန်တတ်သည်။ ကျောက်စိမ်းသည် နွားကန်သလို မကန်။ မြင်းကန်သကဲ့သို့ စုံကန်သည်။

သို့သော် သူ့ကို အသိပေး၍ စုတ်သပ်သွားလျှင်တော့ မကန်တတ်ပေ။ အမှတ်တမဲ့ဖြတ်သွားလျှင် လန့်၍ ကန်တတ်သည်။

တစ်ခါက တစ်ဖက်ရွာမှ တိရစ္ဆာန်ဆေးကုဆရာဝန် ကိုခင်ထွန်းသည် နွားများကို ထောင့်သန်းကာကွယ်ဆေး လာထိုးသည်။ ကျောက်စိမ်းတို့ရုံထဲသို့ တစ်ကောင်ပြီးတစ်ကောင် ဝင်၍ ဆေးထိုးသည်။ ယင်းသို့ ဆေးထိုးနေသဖြင့် နွားများသည် ကြောက်လန့်၍ တဝုန်းဝုန်း ဖြစ်နေကြသည်။

ကျောက်စိမ်းလန့်၍ ကန်တတ်ကြောင်းကို သခင်ကျော်မြင့်က ပြောမည်ပြုစဉ် ကိုခင်ထွန်းက ကျောက်စိမ်းနောက် ရောက်သွားသည်။ ထိုစဉ် ကျောက်စိမ်းက လန့်ကာ စုံကန်ပစ်လိုက်သည်။ ကိုခင်ထွန်းလည်း ကျောက်စိမ်းကို ဆေးမထိုးရဘဲ နွားတဲထောင့်တွင် ခွေခွေလေး ဖြစ်နေတော့သည်။

ရွာထဲမှ သူနာပြုဆရာမကိုခေါ်၍ ကိုခင်ထွန်း ကိုသာ ဆေးထိုး ဆေးထည့် လုပ်ပေးလိုက်ရသည်။

သို့သော် နွားသည် လူများပေါ်တွင်သာ မဖြစ်ညစ်ကျယ်နှင့် နှိပ်စက်ကလူ ပြုတတ်ကြသော်လည်း သူ့ကို ရန်ပြုတတ်သော သားရဲကြီးများအပေါ်၌ကား ထိရောက်စွာ ပြန်လည်တိုက်ခိုက်ခြင်း၊ သူသေကိုယ်သေဝှေ့ခြင်း၊ ခုခံခြင်းတို့ကို မပြုလုပ်နိုင်ပါ။

အထူးသဖြင့် ခွန်အားကြီးမား၍ လျင်မြန်ဖျတ်လတ်သော ကျားရဲကြီးများကို ထိရောက်စွာ မတွန်းလှန်နိုင်ဘဲ ကျားနှင့်တွေ့သော နွားသည် လွတ်အောင်ပြေးနိုင်လျှင် ပြေး၊ မပြေးနိုင်ပါက ကျားစာဖြစ်ရသည်။ ထို့ကြောင့် “နွားကွဲလျှင် ကျားဆွဲသည်” ဆိုသော စကားပုံပင် ရှိသည်။

ခိုင်းနွားကြီးများ ကျားကို အဘယ်ကြောင့် မနိုင်ရသနည်း ဆိုပါမူ ကျားကိုနိုင်လောက်သော၊ ကျားကိုသေလောက်သော လက်နက်မရှိဟူ၍သာ ဖြေရပေမည်။

နွားဦးချို တစ်ထွာတစ်မိုက်သည် ကျားကို မသေစေနိုင်ပါ။ ကျားဆိုသောသတ္တဝါသည် ခွန်အားကြီးမား လျင်မြန်သလောက် အသက်ပြင်းလှပေရာ နွားသည် ကျားကို တစ်ချက်တည်းဖြင့် အသေမသတ်နိုင်ပေ။

ကျားတစ်ချက် အခဲခံရလျှင် နွားသည် တစ်ချီတည်းနှင့် ကိစ္စချောပေသည်။

ထို့ကြောင့် နွားသည် သူရသတ္တိပိုင်ရှင်မဟုတ်။ လူကို မဖြစ်ညစ်ကျယ် ဒုက္ခပေးရုံ၊ ကလန်ကဆန်လုပ်ရုံ၊ စိတ်အနှောင့်အယှက် ပေးရုံသာ တတ်နိုင်သော သတ္တဝါဖြစ်ပေသည်။

သို့သော် ကျွဲကား ထိုသို့မဟုတ်။ ကျွဲပိုင်ဆိုင်သော ဦးချိုလက်နက်သည် နှစ်ပေခန့် ရှည်လေရာ လူကို တစ်ချက်တည်းဖြင့် သေစေနိုင်လေသည်။ ဤကဲ့သို့ လူကို ကျွဲခတ်သေသော သတင်းများလည်း အနှံ့အပြား ကြားသိခဲ့ရပေသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် နွားကို နှစ်သက်မြတ်နိုးစွာ မွေးမြူကြသကဲ့သို့ စရိတ် အကုန်အကျနည်းသော ကျွဲကိုလည်း လက်မလွှတ်နိုင်ကြပါပေ။

နွားသည် ကောက်ရိုး၊ ဖွဲနု၊ ဆန်ကွဲ၊ ပဲဖတ် စသည်ဖြင့် ကျွေးမွေးရသော အစားအစာများသည် လွန်စွာ အကုန်အကျ များလှပေသည်။ ကျွဲမူကား လယ်ထွန်ချိန်တွင် လယ်ထဲနှင့် လယ်ကန်သင်းများမှ မြက်များနှင့် ပြီးနိုင်သကဲ့သို့ လယ်လုပ်ငန်းပြီးပါကလည်း တောထဲဝယ် လွှတ်ကျောင်းခြင်းဖြင့် ကုန်ကျစရိတ် သက်သာနိုင်သည်။

သို့သော် နွေလုပ်ငန်းခွင် နီးလာ၍ တောထဲမှ ခိုင်းကျွဲများကို ပြန်ဖမ်းသောအခါဝယ် အန္တရာယ်ကြီးလှသည်။ အချို့ကျွဲများသည် တောစိတ်၊ အရိုင်းစိတ်များဝင်၍ အဖမ်းမခံဘဲ လူကို ပြန်ခတ်လေ့ရှိသည်။

တောဓလေ့၊ တောအပြောဖြင့်ကား ‘တောစီးသည်’ ဟု ပြောကြသည်။ အမှန်မှာ တောစိတ်ဝင်ခြင်းသာ ဖြစ်သည်။ မိုးလုပ်ငန်းပြီး၍ တောထဲတွင် (၄) လခန့် လွှတ်ထားရာမှ တောစိတ်ဝင်သွားခြင်းသာ ဖြစ်သည်။

တောစိတ်ဝင်သော ကျွဲကို ဖမ်းရာတွင် တောထဲမှ မိမိဖမ်းလိုသော ကျွဲကို လူအုပ်ဖြင့် မောင်းတင်၍ ဖမ်းမည့်သူက သစ်ပင်များ၊ လှည်းများကို အကာအကွယ်ယူ၍ လွန်ကြိုးဖြင့် ဦးချိုကို ပစ်ဖမ်းရသည်။ ဦးချိုကို စွပ်မိသောအခါတွင် ၎င်းကြိုးစကို သစ်ပင်တွင် ရစ်ပတ်၍ တစ်စတစ်စ ဆွဲယူရသည်။

သစ်ပင်နား ကပ်မိသောအခါတွင် နှာခေါင်း ကတော့ထိုး၍ နဖားကြိုး ထိုးယူရလေသည်။ နှာခေါင်းကတော့ထိုးသည် ဆိုခြင်းမှာ နှာခေါင်းကို ကြိုးကွင်းစွပ်၍ ချည်လိုက်ခြင်း ဖြစ်သည်။

အချို့ကျွဲဖမ်းတော်သူများသည် ချိုကို ကြိုးကွင်းစွပ်ပြီးသည်နှင့် ၎င်းကြိုးကို ဆတ်ခနဲ လှုပ်လိုက်ခြင်းဖြင့် နှာခေါင်းဝယ် နှာခေါင်းကတော့ထိုးပြီးသား ဖြစ်နေပေသည်။ လွန်စွာကြည့်၍ကောင်းလှသည်။ သို့သော် ယင်းသို့ ကျွမ်းကျင်သူမျိုးကား တစ်ရာတွင် တစ်ယောက် မရှိပေ။

ချိုကို ကြိုးကွင်းစွပ်ပြီး နှာခေါင်းကတော့ထိုးပြီးလျှင် ကိစ္စက ပြီးသလောက်ရှိပေပြီ။ ချိုကို ကြိုးကွင်းစွပ်ရာတွင် လူနှင့် ကျွဲသည် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြရသည်။ လူက တစ်ချက်မှားလျှင် ကျွဲချိုဖျားတွင် ပါသွားပေလိမ့်မည်။ လူက ကျွမ်းကျင်လျင်မြန်၍ ပညာသားပါပါက ကျွဲကို ချည်တုပ်ပြီး နဖားကြိုး ထိုး၍ လိုရာခိုင်းနိုင်ပေပြီ။

တချို့ကမူ ရွှံ့တော၊ နုန်းတောထဲသို့ မောင်းချပြီး နွံကျွံ၍ မလှုပ်နိုင်ဖြစ်မှသာ ကြိုးကွင်းပစ်ဖမ်း၍ နဖားကြိုး ထိုးကြသည်။ ဤနည်းက ပို၍ အန္တရာယ်များသည်။

ကျွဲသည် ရွှံ့ထဲဆင်းမလို လုပ်ပြီးမှ လူကို ပြန်လိုက်တတ်သည်။ အလွန်သန်မာသော ကျွဲကြီးများဖြစ်ပါက ရွှံ့မကျွံဘဲ လူသာ ရွှံ့ကျွံက အခတ်ခံ ရတတ်သည်။

ကျွဲသည် မည်းမည်းမြင်ရာ ခတ်ချင်၏၊ ရန်လို၏။ ကျွဲတဲ ထရံများဆိုလျှင် တစ်ခုမှ အကောင်းမရှိ။ လက်လှမ်းမီရာ အကုန်ခတ်ပစ်သည်။ ငှက်ပျောပင်တွေ့လျှင် အလွတ်မပေး၊ အမြစ်ပါမကျန်အောင် ခတ်ထုတ်ပစ်သည်။

ထိုသို့သော ကျွဲသတ္တဝါကို တွေ့သော် ကျားသည် ချမ်းသာမပေး၊ ဖမ်းစားမြဲသာ ဖြစ်သည်။ သို့သော် ကျွဲသည် နွားကဲ့သို့ လွယ်လွယ်နှင့် အရှုံးမပေး၊ အညံ့မခံ၊ လွတ်ပုံ မပေါ်ပါက ထွက်မပြေးဘဲ သေသည်အထိ သဲသဲမဲမဲ ခုခံတိုက်ခိုက်တတ်ပေသည်။

နွားဝှေ့၍ သေသောကျား မရှိသော်လည်း ကျွဲခတ်၍ သေသောကျား ရှိခဲ့ဖူးသည်။ ကျားကို အသေခတ်သတ်သော ရှားရှားပါးပါး ကျွဲတစ်ကောင်အကြောင်းကို ဖော်ပြလိုသည်။

မဘိန်းသစ်ထုတ်လုပ်ရေးစခန်းသည် ရှမ်းပြည်နယ်၏ အနောက်မြောက်ဘက်အစွန်၌ ရှိပြီး ရွှေလီမြစ် ဖြတ်သန်းစီးဆင်းသည်။

ယင်းစခန်းတွင် ဆင်အများအပြားရှိပြီး သစ်ဆွဲကျွဲကြီးများလည်း ရှိသည်။ ချောက်ကမ်းပါးအစွန်အဖျားများ၊ တောင်စောင်းများတွင် သစ်ထုတ်ရာ၊ ဆွဲရာ၌ ဆင်သည် အသုံးတည့်၍ ခရီးရောက်သော်လည်း မြေပြန့်၌ သစ်ဆွဲရာတွင်မူ ကျွဲတစ်ရှဉ်းသည် ဆင်တစ်ကောင်လောက် အသုံးဝင် ခရီးရောက်သည်။ ထို့ကြောင့် သစ်ထုတ်လုပ်ရေးသည် ဆင်များကို လက်မလွှတ်နိုင်သလို ကျွဲများကိုလည်း လက်သပ်မွေးထားရသည်။

သို့သော် တောကြီးမျက်မည်းထဲတွင် ဆင်အတွက် ကျားရန် မပူရသော်လည်း ကျွဲအတွက်မူ ကျားရန်သည် အတော်ပင် စိုးရိမ်စရာကောင်းပေသည်။

စားနေကျ ကြောင်ပါးဖြစ်သော ကျားရဲကြီးများသည် သစ်ဆွဲကျွဲများကို လစ်လျှင် လစ်သလို ဆွဲကာ ပွဲတော်တည်မြဲဖြစ်သည်။

သို့သော် ဆင်စာ၊ ကျွဲစာသည် တောထဲမှာသာရှိသည်။ လူက ရှာမကျွေး၊ ရိတ်မကျွေးနိုင်။ အလုပ်အားလျှင် တောထဲသို့ လွှတ်ကျောင်းရမြဲဖြစ်သည်။

ဤသည်ကို အခွင့်ကောင်းယူကာ ကျားကြီးများသည် ကျွဲအုပ်ကို နောက်မှလိုက်၍ ချောင်းမြောင်းကာ အခွင့်အရေးရသည်နှင့် ကိုက်ချီစားသောက်မြဲဖြစ်သည်။

ဆင်ကို ဗိုက်ပြည့်အောင် တောထဲဝယ် သစ်ရွက်၊ သစ်ခက်၊ သစ်ခေါက်၊ ဝါးနုနှင့် ငှက်ပျောပင်တို့ကို တစ်ညလုံး စားသောက်ပြီး နောက်နေ့နံနက်စောစောတွင် ဆင်ပြန်ကောက်ရသည်။

ကျွဲကိုမူ အလုပ်သိမ်းလျှင် တောထဲသို့ လွှတ်ကျောင်းပြီး မိုးမချုပ်မီ ပြန်သိမ်းရလေသည်။ ကျွဲတို့သည် ကိုင်းရွက်၊ ဖောင်းရွက်၊ သစ်ရွက်၊ မြက် စသည်တို့ကို ရှာဖွေစားသောက်ကြလေသည်။

မဘိန်းသစ်ထုတ်လုပ်ရေးစခန်းဝယ် ဦးကြိုင်ကြီးပိုင်သော သံခဲနှင့် စိုင်ဟူသည့် ကျွဲပေါက် သစ်ဆွဲကျွဲတစ်ရှဉ်းရှိသည်။ ကျွဲချိုသည် အပေါ်သို့ ခပ်ထောင်ထောင်ရှိသည်ကို အစွဲအမှတ်ပြု၍ စိုင်ဟု ခေါ်ခြင်းဖြစ်သည်။

မဘိန်းသစ်ထုတ်လုပ်ရေးစခန်းဝယ် ဦးကြိုင်နှစ်ယောက်ရှိရာ ထောင်ထောင်မောင်းမောင်း ဗလ ကောင်းသော ဦးကြိုင်ကို ဦးကြိုင်ကြီးဟုခေါ်၍ ခပ်ပုပု၊ လူကောင်သေးသေးကို ဦးကြိုင်လေးဟု ခေါ်ကြသည်။

တစ်နေ့ မိုးချုပ်ကာနီးအချိန်ဝယ် သံခဲနှင့် စိုင်ကို တောထဲ လွှတ်ကျောင်းထားရာမှ သံခဲသည် ဒရောသောပါးနှင့် တရှူးရှူးမြည်ကာ ပြန်လည်ရောက်လာသော်လည်း စိုင်မှာမူ ပြန်ရောက်လာခြင်း မရှိပေ။

နောက်တစ်နေ့တွင် စိုင်အတွက် စိုးရိမ်မကင်းဖြစ်၍ ဦးကြိုင်ကြီးနှင့် ဘဝတူ ကျွဲပိုင်ရှင်များသည် တောထဲတွင် လိုက်ရှာကြရန် စီစဉ်ကြလေသည်။ သို့သော် ထိုနေ့က သစ်လုပ်ငန်းရုံးချုပ်မှ အရာရှိများ ကွင်းစစ်လာကြ၍ လိုက်မရှာဖြစ်တော့ဘဲ အရာရှိများ ပြန်သွားပြီးမှသာ လှံ၊ ဓား ကိုယ်စီဖြင့် လူအုပ်ကောင်းကောင်းစုကာ ထမင်းထုပ်ကိုယ်စီဖြင့် ကျွဲပျောက် အရှာထွက်ကြလေသည်။

စခန်းမှ ထွက်၍ အတော်သွားမိသောအခါဝယ် ရေခန်းနေသော ချောင်းတစ်ချောင်းမှ ချောက်ဦးတိုလေးဝယ် ကျွဲတစ်ကောင်၏ ဖင်ပိုင်းကို တွေ့ရသည်။ ကျွဲကြီးစိုင်သည် အသက်ရှင်လျက် ရှိရုံမက ကျွဲ၏ ခေါင်းပိုင်းသည် ချောက်ကမ်းပါးနှင့်ညှပ်ကာ တစ်စုံတစ်ခုကို အကြိတ်အနယ် ခတ်ထားပုံရသည်။

ကျွဲခေါင်းနှင့် ဖိထားသော နေရာတွင် ဝါတာတာ၊ နီတီတီ အရာဝတ္ထုတစ်ခုကို မထင်မရှား မြင်နေရသည်။

ဦးကြိုင်ကြီးတို့အုပ်စုသည် တစ်ဖက်မှ ကွေ့ပတ်ပြီး အနားသို့ တဖြည်းဖြည်း ကပ်ကြည့်သောအခါ ကျားကြီးတစ်ကောင်ဖြစ် နေသည်။ စိုင်ကသာ တစ်ချီတစ်ချီ ဖိ၍ ခတ်နေသော်လည်း ကျားကြီးကမူ လှုပ်ရှားမှုမရှိဘဲ သေဆုံးနေလေပြီ။

ဦးကြိုင်ကြီးတို့သည် လူသံပေး၍ စုတ်သပ်ကာ စိုင်နားသို့ တဖြည်းဖြည်း ကပ်သွားကြလေသည်။ ဦးကြိုင်ကြီးသည် စိုင်၏ နဖားကြိုးကို ကိုင်မိသည့်ခဏ၌ စိုင်သည် ကြောက်လန့်တကြားဖြင့် နေရာမှ တရှူးထိုး ထွက်ပြေးသွားလေသည်။

လက်ပြင်၌ ထုတ်ချင်းခပ် စူးဝင်နေသော ကျားကြီးသည် စိုင်ချိုပေါ်၌ ကိုးရိုးကားရား ပါသွားပြီး ခပ်လှမ်းလှမ်းရောက်မှ သစ်ကိုင်းများဖြင့် ရို က်မိကာ ပြုတ်ကျကျန်ရစ်ခဲ့ပေသည်။

ဦးကြိုင်ကြီးတို့ သွားကြည့်ကြသည့်အခါ တောင့်တင်းပြီး အနံ့ထွက်ကာ ပုပ်ပွစပြုနေသော ကျားသေကြီးကို တွေ့ကြရလေသည်။

မြေပြင်ပေါ်ဝယ် ထင်ကျန်ရစ်ခဲ့သော ခြေရာလက်ရာများကို ကြည့်သောအခါ စိုင်နှင့် သံခဲသည် တောထဲတွင် အတူတကွ အစာစားနေကြစဉ် ကျားသည် ချုံတောထဲမှ ချောင်းမြောင်း လိုက်ပါလာပုံရသည်။ သံခဲသည် ကျားကို အရင်မြင်၍ ကိုယ်လွတ်ရုန်းကာ ထွက်ပြေးခဲ့သည်။

စိုင်ကို ကျားကြီးက ပြေးလမ်းပိတ်ထားသဖြင့် ပြေးရန် အခွင့်မသာဘဲ ချောင်း၏ ချောက်ကမ်းပါးကို ဖင်ပေးကာ ကျားကြီးကို အသေအလဲ ခုခံတိုက်ခိုက်ခဲ့ပုံရသည်။

ကျားတို့မည်သည် ဆင်၊ ပြောင်၊ ကျွဲ စသော သူ့ကိုအန္တရာယ်ပေးမည့် ဦးချို၊ အစွယ် ရှိသော သတ္တဝါတို့ကို တိုက်ခိုက်သောအခါ ရှေ့မှ မခုန်အုပ်ဘဲ အန္တရာယ်ကင်းသော အနောက်ဘက်မှ အလစ်ဝင်ကာ တံကောက် ကြောကို ကိုက်ဖြတ်တတ်သည်။ တံကောက်ကြောပြတ်၍ သတ္တဝါ ဖင်ထိုင်ကျသောအခါမှ နောက်မှနေ၍ ဇက်ပိုးကို ဝင်ခဲကာ အသေကိုက်သတ်တတ်သည်။

ဤသို့ တံကောက်ကြောကို အကိုက်မခံရစေရန် စိုင်သည် ကမ်းပါးယံကို ဖင်ပေးကာ ခုခံခဲ့ပုံ ရသည်။ ကျားကြီးသည် ရှေ့မှအယောင်ပြ၊ ဘေးမှအယောင်ပြကာ ချုံတောထဲမှ ကိုယ်ရောင်ဖျောက်၍ ရှေ့သို့ မဲနေသော စိုင်ကို အလစ်တွင် နောက်မှ ခုန်အုပ်ခဲ့ပုံရသည်။

စိုင်ကလည်း ရှေ့သို့သာ အာရုံပြုပုံပြ၍ နားကမူ နောက်ပိုင်းသို့ စွင့်ထားပုံရလေသည်။ ထို့ကြောင့် နောက်ပိုင်းမှ ခုန်အုပ်သံ ကြားသည်နှင့် ရုတ်တရက် နောက်သို့လှည့်ကာ အားကုန်ခတ်ချလိုက်သည်။

ကျားကြီး၏ ခုန်အုပ်သောအရှိန်၊ စိုင်၏ နောက်လှည့် လိုက်သောအရှိန်၊ အောက်မှ တအားပင့်မြှောက်ကာ ခတ်လိုက်သော အရှိန်တို့ စုပေါင်းကာ ကျားကြီး၏ ဘယ်လက်ပြင်အောက်မှ ဖောက်ကာ ညာလက်ပြင်အထက်နားမှ ချိုဖျားထွက်၍ သွားလေသည်။

စိုင်သည် ပေါက်ဝင်သွားသောချိုမှ ကျားကြီးလွတ်ထွက်သွားမှာ ကြောက်သဖြင့် ကျားကြီးကို တောင်ကမ်းပါးယံနှင့် ညှပ်ကာ အတင်းဖိ၍ ခတ်ထားလေသည်။

အစာမစား ရေမသောက်ဘဲ တစ်ရက်နှင့် နှစ်ညတိတိနေပြီး ဦးခိုင်ကြီးတို့ ရောက်လာသောအခါမှ ကြောက်လန့်တကြား ထွက်ပြေးသွားလေသည်။

ကျားကိုခတ်သော ကျွဲဟူ၍ စိုင်သည် မဘိန်းသစ်ထုတ်လုပ်ရေးနှင့် ရွှေလီမြစ်တစ်ရိုးတွင် နာမည်ကြီးသွားလေသည်။

ကျွဲပေါက်များသည် တော်ရုံတန်ရုံ အနားသို့ မသီဝံ့ကြသည့်အပြင် ကျွဲရှင်များလည်း သူတို့၏ကျွဲနှင့် စိုင်ကို မတိုက်ဝံ့တော့ဘဲ နာမည်ကြီးသွားလေသည်။

ဤကဲ့သို့ မဖြစ်ညစ်ကျယ် နွားတို့၏အနွယ်ဝင် ငွေမောင်းနှင့် ကျားကိုပင် ခံခတ်ဝံ့သော ကျွဲတို့၏ အနွယ်ဝင် ဂါးကြီးတို့ကို ထရော်- ပေချောင်းရွာ၏ နံဘေးကွင်းပြင်တွင် နွားနှင့် ကျွဲတို့၏ ထူးဆန်းသော တိုက်ပွဲကြီးကို ထရော်သားတို့က ကြံကြံဖန်ဖန် စီစဉ်ခဲ့ကြလေသည်။

ငွေမောင်းနှင့် ဂါးကြီးတို့သည် လူများက ခေါင်းတည် မောင်းနှင်၍သာ ခတ်ရန်၊ ဝှေ့ရန် စောင်နေရသော်လည်း မဝှေ့လိုကြဟန်ဖြင့် အင်တင်တင် လုပ်နေကြသည်။

အထူးသဖြင့် ဂါးကြီးသည် ငွေမောင်းကို အရေးမလုပ်သလိုလို၊ အဖက်မတန်သလိုလိုနှင့် ဂရုမစိုက်နိုင်အောင် ရှိလေသည်။

ဤသို့ရှိနေရာမှ ငွေမောင်းသည် မထင်မှတ်ဘဲ ဂါးကြီးကို ညာဘက်လည်ပင်းသို့ ဝှေ့လေသည်။ ဂါးကြီးသည် မထင်မှတ်ဘဲ အဝှေ့ခံရ၍ ဗြုန်းခနဲ ရုန်းမထွက်နိုင်ဘဲ လည်ပင်းကြီးလိမ်ကာ စောင်းကန်း စောင်းကန်းဖြင့် ခံရလေသည်။

အတန်ကြာခံနေရ၍ အတော်ကလေးကြာမှ ခေါင်းချင်ဆိုင်ကာ ခတ်နိုင်လေသည်။ ဂါးကြီးလည်ပင်းတွင် ပေါက်ပြဲကာ သွေးများ ထွက်လာလေသည်။

ဂါးကြီးသည် အတိုးချ၊ အငြိုးအတေးနှင့် ငွေမောင်းနှင့် ခေါင်းချင်းဆိုင်ကာ တဖြောင်းဖြောင်းနှင့် ခတ်လေတော့သည်။

ငွေမောင်းသည် ဂါးကြီးစိတ်ကြိုက် ခတ်ခွင့်မပေးဘဲ ဦးချိုဖြင့် ဖိနှိပ်ထားလေသည်။ ငွေမောင်း၏ချိုသည် ရှေ့ဘက်သို့ ငေါထွက်နေ၍ ချွန်ထက်နေသဖြင့် အလွန်စူးရဲလေသည်။ ငွေမောင်းသည် အလျားကောင်း ဒေါင်ကောင်းသော သန်မာတောင့်တင်းသည့် နွားတစ်ကောင်ဖြစ်ပေရာ ဂါးကြီးသည် သူထင်သလို ခတ်ခွင့်မသာဘဲ အဖိခံထားရလေသည်။

ဂါးကြီးခတ်သော ဒဏ်ရာဒဏ်ချက်တို့သည် မပေါက်မပြဲဘဲ အဖုကြီး၊ အသီးကြီးများ ထလာလေသည်။ ငွေမောင်းဝှေ့သော ဝှေ့ချက်သည်တို့သည်ကား ထိလေရာတွင် ပေါက်ပြဲ၍ သွေးများ ဒလဟောထွက်၍ လာသည်။

ကျွဲအရေခွံသည် ပါး၍ ပြောင်တင်းနေသဖြင့် ကွဲလွယ် ပေါက်လွယ်လေသည်။ နွားအရေခွံသည် ထူထဲ ပျဉ်းတွဲနေပြီး အမွှေးများထူနေ၍ ဗြုန်းခနဲ မပေါက်ဘဲ အသီးများ ထလာလေသည်။

ဂါးကြီးသည် သူထင်သလို ခတ်၍မရဘဲ ပေါက်ပြဲသော ဒဏ်ရာများကလည်း နာကျင်လာလေသည်။ ထိပ်ချင်းထိ၍ တွန်းရာတွင် ဂါးကြီးက ဦးခေါင်းခွံကြီးဖြင့် တွန်းထားရပြီး ငွေမောင်းက ဦးချိုဖြင့် ထောက်၍ တွန်းထားသဖြင့် တစ်ပန်းသာ နေသည်။ အားဖြင့်ဖိတွန်းတိုင်း ဦးခေါင်းထိပ်ဝယ် မခံမရပ်နိုင်အောင် နာလာသည်။ ထို့ကြောင့် နောက်သို့ ဆုတ်ပေးရလေသည်။

ဤအချက်ကို သိသော ငွေမောင်းကလည်း အတင်းဖိ၍ တွန်းလေသည်။ နောက်ဆုံး မခံနိုင်၍ ဂါးကြီးသည် နောက်သို့ ဆုတ်နေရာမှ ဆတ်ခနဲ ဦးခေါင်းလှည့်ကာ ပြေးလေသည်။

သဘာဝမကျသည်ကို ဆတ်ဆတ်ဆော့ဆော့ စီစဉ်ခဲ့သော အလံနီတို့သည်လည်း လောင်းကြေးနှစ်သောင်း ရှုံးလေတော့သည်။

အခြားကျွဲခတ်ကောင်းသည့် တိုက်ကျွဲကောင်းကောင်းနှင့် နွားကိုတိုက်လျှင် မည်သို့ အနိုင်အရှုံးဖြစ်မည်ကို မပြောတတ်သော်လည်း မအူပင်မြို့နယ်၊ ထရော်-ပေချောင်းရွာတွင် ကျင်းပခဲ့သော ဂါးကြီးနှင့် ငွေမောင်းတို့တိုက်ပွဲတွင်ကား နွားဘက်မှ အနိုင်ရခဲ့သည်မှာ အထင်အရှား ဖြစ်ရပ်တစ်ခုပင် ဖြစ်ပေတော့သည်။

Leave a Reply

Your email address will not be published. Required fields are marked *