“သူ့ ပညာ “(စ/ဆုံး)
————
နံနက်ခင်းဆေးခန်းဖွင့်ချိန် အလုပ်စားပွဲမှာထိုင်လိုက်တဲ့ဒေါက်တာဖြူဟာအပုပ်နံ့တမျိုးရသလိုမို့သေချာသထက်သေချာအောင်အနံ့ခံကြည့်လိုက်တယ်။
‘မီးခဏခဏပျက်တာနဲ့ အထဲကအသားငါးတခုခုပုပ်နေလို့လား’
စားပွဲနဲ့ကပ်နေတဲ့ရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်တယ်၊ထည့်ထားတဲ့အသားငါးဟင်းသီးဟင်းရွက်တွေအခြေနေမဆိုး၊မကောင်းတဲ့အနံ့မထွက်။
‘အိမ်မြှောင်ကိုတံခါးညှပ်လို့သေပြီးပုပ်နေတာလား’
စားပွဲရဲ့ညာဘက် ဆေးစတိုခန်းအဝင်တံခါးရွက်နှစ်ချပ်ရဲ့ပတ္တာတလျှောက်စစ်ဆေးကြည့်တယ်၊အိမ်မြှောင်သေမတွေ့။
‘ကြောင်ကိုက်ခံရတဲ့ကြွက်က တနေရာရာမှာသေသွားလို့လား’
ရေခဲသေတ္တာအောက်ကိုတုတ်ချောင်းရှည်နဲ့ထိုးပြီးဆွဲယူကြည့်တယ်၊ဖုံလုံးနဲ့အမှိုက်တွေထွက်လာတယ်၊ကြွက်သေမတွေ့။
ဆေးစတိုခန်းချောင်ကြိုချောင်ကြားနဲ့ဆေးဂျပ်ဖာတွေထဲလှည်းကျင်းရှာဖွေတယ်၊သန့်ရှင်းရေးလုပ်ပြီးသားတော့ဖြစ်သွားတယ်၊ဒါပေမဲ့ဘာအသေကောင်မှမတွေ့။
ဒေါက်တာဖြူဟာလူနာတွေမရောက်ခင်အပုပ်နံ့ကိုရှင်းထားချင်ပေမဲ့အကြောင်းရင်းရှာမရ။
‘လူနာတွေမနံအောင် ကိုယ့်စားပွဲနားမလာခင်ကြိုတင်ပြောထားရမယ်’
တော်ပါသေးရဲ့၊သူတို့အာရုံနဲ့သူတို့မို့လားမသိ၊နေ့လည်၁နာရီလူနာတွေပြီးဆုံးတဲ့အထိအပုပ်နံ့ရတယ်လို့ ဘယ်သူမှမပြော၊ဒါပေမဲ့နံတာတော့သေချာတယ်။
‘ဦးထွန်းနဲ့သားငယ်ရေ၊စားပွဲနားမှာပုပ်စော်နံနေတယ်၊ကြွက်ပုပ်နေလားမသိဘူး၊ကိုယ့်ဟာကိုယ်ရှာတာတော့နှံ့နေပြီ၊ရှာကူကြပါဦး၊ကြာရင်ပိုနံလာလိမ့်မယ်’
ဒေါက်တာဖြူကခင်ပွန်းနဲ့သားငယ်ကိုစစ်ကူတောင်းပြီးရှာဖွေစေတယ်၊သူမရှာပြီးသားနေရာတွေကိုပဲသူတို့ထပ်ရှာတယ်၊အထက်အောက်ဟိုကြည့်ဒီကြည့်၊ဆေးဂျပ်ဖာတွေဟိုရွှေ့ဒီရွှေ့။
‘ဒီနားမှာပဲနံနေတာ၊ဦးထွန်းတို့သားအဖမနံကြဘူးလား’
ဒေါက်တာဖြူကမေးရင်းနဲ့သူတို့မျက်နှာတွေကြည့်လိုက်တော့ နံပုံမရ၊အနံ့ခံအာရုံမကောင်းကြ၊သူမ ကျေနပ်အောင်ရှာဖွေရေးအနည်းငယ်လုပ်ပြီးအလျှိုလျှိုပျောက်သွားကြတယ်။
သူမကတော့ အပုပ်နံ့ပိုင်ရှင်ကိုတွေ့လိုဇောနဲ့ စားပွဲအနီးတဝိုက်မှန်တင်ခုံ နဲ့ဗီရိုပါမကျန် အထပ်ထပ်အခါခါရှာဖွေနေမိဆဲ။
ဒီကိစ္စဟာ သူများတွေအဖို့အသေးအမွှားဖြစ်နိုင်ပေမဲ့ ဒေါက်တာဖြူအတွက်တော့ ပြဿနာကြီးတခု၊အပုပ်နံ့ကိုကိုယ်တိုင်ရှူနေရတဲ့ဒုက္ခအပြင် ဒီဆေးခန်းကအနံ့အသက်မကောင်းဘူးလို့အပြောခံရနိုင်တယ်၊ကိုယ့်ဆီကနံတယ်လို့အထင်ခံရရင်ပိုဆိုးပေါ့။
ဒုတိယနေ့မှာတော့အပုပ်နံ့ကပိုသိသာလာတယ်၊ဦးထွန်းနဲ့သားငယ်လည်းဆေးခန်းစားပွဲနားမှာနံတယ်ဆိုတာနည်းနည်းလက်ခံလာတယ်၊သို့ပေမဲ့အကောင်သေကိုရှာဖွေမပေးနိုင်။
‘တို့စားပွဲနားမှာဘာကောင်သေထားလဲမသိဘူး၊ရှာလို့လည်းမရဘူး၊ဒီနားလာရင်နံမှာစိုးလို့ အဲ့ကနေပဲပြောလိုက်တော့’
ဒေါက်တာဖြူကလူနာတွေကိုအားနာစကားဆိုပြီးသူတို့ကိစ္စကိုမြန်မြန်ပြီးစီးအောင်ဆောင်ရွက်ပေးရတယ်၊သူမဟာ လူနာခဏပြတ်သွားတဲ့အခိုက်အတန့်လေးများမှာတောင်အပုပ်ကောင်ကိုရှာဖွေလျက်။
ကြမ်းပြင်မှာမတွေ့လို့ အထက်ကိုကြည့်တော့ရေခဲသေတ္တာမီးအားမြှင့်စက်၊အနီးကတိုင်မှာအလျားတပေခွဲ အနံတပေခန့် သစ်သားသေတ္တာပြားပြားလေးနဲ့တူတဲ့’မိန်းဘုတ်ခုံ’ ‘Change Overခလုတ်’ ၄ပေမီးချောင်း ၂ပေမီးချောင်း ဘုရားမီး ပန်ကာစသည်တို့ရဲ့ခလုတ်များနဲ့ဆိုင်ရာကြိုးများ ပလပ်ပေါက်များ..
ဒီထက်အထက်ကိုဆက်ကြည့်တော့မျက်နှာကြက်၊သူ့အထက်မှာအပေါ်ထပ်ကြမ်းခင်း၊ကြွက်ကမျက်နှာကြက်နဲ့ကြမ်းခင်းကြားမှာသေနေရင်တော့ခက်ပြီ။
‘အစ်မ ဘာတွေစဥ်းစားနေလဲ၊ညီမတို့လာတာတောင်မမြင်ဘူး’
အပေါ်မော့ကြည့်ပြီးစိတ်ပင်ပန်းနေတဲ့ဒေါက်တာဖြူဟာ ဒေါ်ထားထားရဲ့အသံကြားမှသတိဝင်လာတယ်။
‘ဒီနားမှာပုပ်စော်နံနေလို့ ထားထားရေ၊ရှာလို့လည်းမတွေ့ဘူး၊လူနာတွေကိုအားနာတယ်၊Air Freshenerသံပုရာနံ့ဖျန်းလည်းတခြားစီပဲ၊ဒါနဲ့ ကလေးနေမကောင်းလို့လား ညီမ’
‘ဟုတ်တယ် အစ်မ၊မနေ့ကနေတအားပူတော့ရေနှစ်ခါချိုးတယ်၊ပန်ကာလည်းဖွင့်တယ်၊ညကျတော့ကိုယ်တွေပူလာတယ်၊လည်ချောင်းလည်းနာတယ်တဲ့’
ထားထားကအထက်တန်းပြဆရာမကြီးတဦး၊အသင်အပြကောင်းတယ်လို့နာမည်ရတယ်။
သူ့ကလေးကိုစမ်းသပ်ကုသပေးပြီးတော့ ထားထား
ကမပြန်သေးဘဲကြွက်သေကိုရှာကူပေးတယ်၊သူ့ရဲ့ဖုန်းဓာတ်မီးလေးနဲ့ဟိုကြည့်ဒီကြည့်ပေါ့။
ဒေါက်တာဖြူလိုပဲ ရေခဲသေတ္တာအောက် မှန်တင်ခုံအောက်တွေကို တုတ်နဲ့ကလော်ထုတ်ပြီးတော့ရှာတယ်၊ဘုတ်ခုံနဲ့မီးကြိုးတွေကိုတချက်ကြည့်တယ်။
‘အစ်မဆေးခန်းကခေါင်းရင်းအိမ်နဲ့ကပ်နေတော့ အနံ့ကအဲ့ဒီကလာသလားမသိဘူး၊အဲ့အိမ်မှာလူမနေတော့ ကြောင်လေးခွေးလေးတွေသေနေလားပဲ၊အစ်မစားပွဲကိုအပေါက်ဝနားရွှေ့လိုက်ပါလား၊တပတ်လောက်ဆိုအနံ့သက်သာသွားမှာပါ’
ထားထားပြန်သွားချိန်မှာနေ့လည်စာစားချိန်ဖြစ်နေပေမဲ့ဒေါက်တာဖြူစားချင်စိတ်မရှိ၊ဆရာဝန်တယောက်အဖို့အပုပ်နံ့ဟာမဆန်းပေမဲ့ အချိန်ကြာ အနီးကပ်ဆိုတော့အန်ချင်လာတယ်၊ဒီအနံ့ဆိုးဟာဘယ်လောက်ကြာကြာဒုက္ခပေးမယ်မသိ။
တတိယနေ့ဆေးခန်းဖွင့်ချိန်မှာအပုပ်နံ့ကပိုကဲလာတယ်၊ဒါပေမဲ့ကိုယ့်လူနာတွေကချီးကျူးစရာ၊ဇီဇာကြောင်သူသိပ်မရှိ၊သူတို့ရောဂါကိုဆွေးနွေးပြသပြီးအေးဆေးပြန်သွားကြတယ်။
ဦးထွန်းနဲ့သားငယ်ကလည်းအံ့ဩစရာ၊အိမ်မှာဆေးခန်းဖွင့်ထားတာမို့ ရေခဲသေတ္တာထဲကတခုခုလာယူတဲ့အခါ အနံ့မခံနိုင်သလိုရှုံ့ရှုံ့မဲ့မဲ့မလုပ်ကြ၊ဒေါက်တာဖြူတယောက်သာအကဲပိုနေသလိုလို။
၁၂နာရီသာသာ လူနာရှင်းသွားချိန်မှာသားငယ်ရဲ့သူငယ်ချင်း အင်ဂျင်နီယာလေးမောင်ရဲသူရောက်လာတယ်၊သူ့မှာ Gout ရောဂါရှိတယ်။
‘မလာတာကြာပြီကော၊ဘာဖြစ်လို့တုန်း သား’
‘ကျွန်တော့်ရောဂါအတော်သက်သာသွားလို့ ဆေးမှန်မှန်မသောက်ဖြစ်ဘူး၊ခုညာဘက်ခြေကျင်းဝတ်ရောင်ပြီးနာနေလို့ သွေးစစ်ကြည့်ချင်လို့၊အန်တီပြောတဲ့ Uric Acid တက်နေသလားလို့’
‘ဓာတ်ခွဲခန်းသွားဖို့လက်မှတ်ရေးပေးလိုက်မယ်လေ၊အဲ့မှာပဲထိုင်နေနော်၊အန်တီ့စားပွဲနားမှာ ဘာမှန်းမသိနံနေလို့၊ကြွက်များသေနေလားလို့ ရှာတာလည်းနှံ့နေပြီ၊တွေ့လည်းမတွေ့ဘူး’
မောင်ရဲသူက ရှာကူမဲ့သဘောနဲ့ စားပွဲဝန်းကျင်ထက်အောက်မျက်စိကစားပြီးတော့-
‘ရှေးအိမ်တွေကမီးခလုတ်တွေမီးကြိုးတွေကြည့်ရဆိုးတယ်နော်၊ခုခေတ် RC တွေကတော့ ခလုတ်ကလေးတွေမြင်သာရုံပဲ’
‘သားတို့ခေတ်လူငယ်တွေမျက်စိနောက်စရာပေါ့လေ၊အန်တီကတော့ လုံလုံခြုံခြုံနေရရင်ပြီးတာပါပဲကွယ်’
‘ရေခဲသေတ္တာထဲကအသားငါးတွေအခြေအနေကောင်းလား အန်တီ၊ရေခဲသေတ္တာသန့်ရှင်းရေးမလုပ်တာကြာရင် အနံ့မကောင်းဘူး၊ကျွန်တော်ကြည့်ကြည့်မယ်နော်’
ပြောပြောဆိုဆို သူကစစ်ဆေးရေးအရာရှိပမာရေခဲသေတ္တာကိုဖွင့်ကြည့်တယ်။
‘ဒီထဲကဟာတွေကတော့အခြေအနေကောင်းတယ်၊အောက်မှာဘယ်လိုမှမတွေ့ရင်တော့ မျက်နှာကြက်နဲ့အပေါ်ထပ်ကြမ်းခင်းကြားမှာဖြစ်မှာပဲ၊အပေါ်ထပ်က ခင်းပျဥ်သုံးလေးချပ်လောက်ခွာပြီးရှာကြည့်ပါလား အန်တီ ‘
‘အန်တီလည်း သားပြောသလိုကြမ်းခင်းခွာကြည့်ဖို့တွေးပြီးစိတ်ပင်ပန်းနေတာ၊မတတ်သာရင်တော့ အဲ့လိုပဲလုပ်ရတော့မှာပေါ့ကွယ်’
အဲ့နေ့မှာလည်းဒေါက်တာဖြူစားမဝင်၊တရားခံမတွေ့မချင်းစိတ်မချမ်းသာ။
စတုတ္ထနေ့နံနက် နည်းနည်းစောသေးလို့လူနာတွေမရောက်ကြသေး။
ဒေါက်တာဖြူဟာ ဂုဏ်ထူးရနိုင်တဲ့ပုစ္ဆာတပုဒ်ကိုအဖြေမရှာနိုင်တဲ့ကျောင်းသားတယောက်ပမာ မရွှင်လန်း၊အပုပ်ကောင်ကိုတနေ့တွေ့နိုးနဲ့ ထားထားအကြံပေးသလို စားပွဲလည်းမရွှေ့ဖြစ်၊ဒီနားထိုင်နေကျမို့အစစအဆင်ပြေတော့ နံပေမဲ့မတတ်နိုင်။
ကြာတော့လည်း သူမဟာကြားဖူးနားဝရှိတာတွေလျှောက်တွေးမိတယ်။
‘ရပ်ဝေးကကိုယ့်သားချင်းတယောက်ယောက် သို့မဟုတ် ကိုယ်ကုသပေးခဲ့ဖူးတဲ့လူနာတယောက်ယောက်ကွယ်လွန်သွားလို့ ကိုယ့်ကိုအနံ့ပေးနေတာလား၊ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ ဘေးကင်းကြပါစေဆုတောင်းရပြန်သေး။
‘ဘာစားပြီးပြီလဲ ဆရာမ၊အိမ်မှာမုန့်ဟင်းခါးလုပ်စားလို့ မကြီးက ဆရာမအတွက်ပို့ခိုင်းလိုက်လို့’
‘အော်- ကိုပါဝင်လာတာတောင်သတိမထားမိလိုက်ဘူး၊ဘာမှမစားရသေးတာနဲ့အတော်ပဲ’
ဒေါက်တာဖြူက ကိုပါ့လက်ထဲကမုန့်ဟင်းခါးချိုင့်ကိုယူပြီးလှယ်ပေးလိုက်တယ်၊ကိုပါကအသက်လေးဆယ်ကျော်၊၈တန်းအထိပဲပညာသင်ဖူးတယ်၊သူ့ရဲ့ဓာတ်ပုံဗီဒီယိုလုပ်ငန်းက ခုကာလသိပ်အဆင်မပြေ။
‘ဒီစားပွဲနားမှာပုပ်စော်နံနေတာ ဒီနေ့ပါဆိုလေးရက်ရှိပြီ ကိုပါရေ၊ကြွက်သေတွေဘာတွေလည်းရှာမတွေ့ဘူး၊အိမ်ပေါ်ထပ်ကြမ်းခင်းခွာပြီးရှာရမလိုဖြစ်နေပြီ၊အဲ့ဒါစိတ်ညစ်နေတာ’
‘ဒီနားမှာပဲနံတယ်ဆိုတော့ ဒီနားမှာပဲရှိမှာ…’
ကိုပါကဝန်းကျင်ကိုလေ့လာပြီး သစ်သားဘုတ်ခုံလေးကိုညွှန်ပြတယ်။
‘ဆရာမ -အဲ့ဒါဘာလဲ’
သိပေမဲ့ သေချာအောင်မေးဟန်တူတယ်။
‘ဘုတ်ခုံလေ၊ဦးထွန်းပြောတာ မိန်းဘုတ်(Main board) တဲ့’
‘မိန်းဘုတ်ဆိုတော့အထဲမှာမီးကြိုးတွေရှိမှာပေါ့၊ဖွင့်လို့ရလား’
ကိုပါမေးလိုက်မှ ဒေါက်တာဖြူကသေချာကြည့်ပြီး-
‘ရမှာပါ၊ဒီဘက်ဘေးမှာမျောက်လက်သေးသေးလေးရှိတယ်၊ဘာလုပ်မလို့လဲ’
‘ယင်ကောင်တကောင် အဲ့ဘုတ်ခုံပျဥ်ချပ်နှစ်ခုအဆက်နေရာမှာနားနေလို့ အထဲမှာတခုခုပုပ်နေတယ်ထင်လို့’
ကိုပါက စားပွဲကိုနည်းနည်းရွှေ့၊ဘုတ်ခုံရဲ့မျောက်လက်လေးကိုင်ပြီး ဖွင့်ကြည့်လိုက်တယ်။
‘တွေ့ပြီ ဆရာမ၊အတော်ကြာပြီထင်တယ်၊မဲနေပြီ၊ကပ်ထူစာရွက်နဲ့တုတ်လေးတချောင်းပေး ဆရာမ’
ကိုပါကကြွက်သေကိုတုတ်နဲ့အသာဆွဲယူ ကပ်ထူပေါ်တင်ပြီးလွှင့်ပစ်ပေးတယ်၊ကိုပါရဲ့လှုပ်ရှားမှုမှန်သမျှ သေသေသပ်သပ်။
ဦးထွန်းနဲ့သားငယ်တို့လည်း အသံကြားလို့ ရောက်လာကြတယ်၊ဒေါက်တာဖြူကသူတို့ကိုမေးလိုက်တယ်။
‘ဒီဘုတ်ခုံထဲမှာကြွက်သေနေတာ၊ဝင်ပြီးပြန်မထွက်နိုင်လို့ဖြစ်မယ်၊ဒီဘုတ်ခုံတံခါးကအမြဲပိတ်ထားတာမို့လား၊ဘယ်တုန်းကဖွင့်လိုက်လို့လဲ’
‘မီးအကြာကြီးပျက်လို့ မီးစက်ငှားပြီးရေတင်တုန်းကပေါ့၊စက်ဆရာကမီးစက်ကြိုးပလပ်တပ်တော့ကြည့်ချင်တယ်ဆိုလို့ဖွင့်ပြတာ၊အလုပ်ရှုပ်နေကြတော့ချက်ချင်းပြန်မပိတ်ဖြစ်ဘူး၊ခုဆိုတပတ်ကျော်ရော့မယ်’
ထားထား ၊မောင်ရဲသူ၊အထူးသဖြင့်ဒီအိမ်မှာနေကြတဲ့ဒေါက်တာဖြူကိုယ်တိုင်နဲ့ဦးထွန်း ၊သားငယ်..
သူတို့တွေ ဘုတ်ခုံကိုကြည့်ချိန်မှာ ယင်ကောင်မရှိတာလား၊မမြင်တာလား..
မြင်ပေမဲ့ဆက်စပ်တွေးခေါ်မှုမရှိကြတာလား..
စိတ်ဝင်စားမှု၊အာရုံစူးစိုက်မှု နည်းကြလို့လား..
မည်သို့ဆိုစေ ဘွဲ့ရပညာတတ်တွေမဖြေရှင်းနိုင်တဲ့ပုစ္ဆာတခုကို ကိုပါကအလွယ်တကူဖြေရှင်းလိုက်နိုင်တယ်။
သူ့ပညာကကျောင်းစာအုပ်ထဲမှာမပါ၊အလွတ်ကျက်မှတ်လို့မရ၊လက်တွေ့ဘဝအတွေ့အကြုံတွေကရတဲ့အသိပညာ။
ဒေါက်တာဖြူဟာ ကိုပါကိုကျေးဇူးတင်စကားတွေအထပ်ထပ်ပြောပြီး မုန့်တွေပြန်ထည့်ပေးလိုက်တယ်။
ကိုပါသာမကယ်ရင်ဒေါက်တာဖြူတယောက် လက်သမားဆရာခေါ်ပြီး အိမ်ကြမ်းခင်းတွေခွာလို့ ‘ခွာသာခွာတယ် ကြွက်သေမရ’ သေချာလှပေါ့။
မုန့်ဟင်းခါးလည်းပေး ပြဿနာလည်းရှင်း ကျေးဇူးကြီးပါပေ့ ကိုပါရေ။
#အင်ကြင်း (ကသာ)
4.9.2024