ကျောင်းသူကလေး မရှက်တော့ပါ(စ/ဆုံး)
———————————————–
“တီ…တီ….တီ….တီ…တီ……..’’
အဆက်မပြတ်စူးဝါးစွာမြည်နေသောနိုးစက်နာရီကို မိပုံ့ မျက်လုံးမဖွင့်ပဲခေါင်းရင်းကိုစမ်းကာ လှမ်းယူလိုက်၏။ ထို့နောက် နာရီနောက်ကျောကနိုးစက်ခလုတ်လေးကို တောက်ခနဲမြည်အောင်ပိတ်လိုက်ပြီး ရင်ဘတ်ပေါ်တင်လျက် ခဏမှိန်းနေလိုက်သေးသည်။ပြန်မှိန်းလိုက်သည်ဆိုသည်နှင့် နှစ်နှစ်ခြိုက်ခြိုက်ပြန်လည်အိပ်ပျော်ဖို့က အားယူလို့နေ လေပြီ။
ဆက်အိပ်၍မဖြစ်။တဖြည်းဖြည်းနီးကပ်လာပြီဖြစ်သည့် ၁၀ တန်းစာမေးပွဲအတွက်မိပုံ့အစောကြီးထကာ စာကျက်ရမည်။ဆယ်တန်းကို ထူးထူးချွန်ချွန်အောင်ချင်သောမိမိအဖို့ ပျင်းနေဖို့အချိန်မရှိ။သူများတွေ စာထကျက်နေသည့်အချိန် အိပ်ယာထဲတွင်ဇိမ်နဲ့အိပ်နေလို့မဖြစ်ပါ။
ထိုသို့စဉ်စားလိုက်ပြီးသည်နှင့်တစ်ပြိုင်နက်မျက်လုံးကို အားယူဖွင့်လိုက်လေသည်။အားယူဖွင့်နေရာမှ ကျိန်းစပ်နေသောမျက်လုံးအစုံတို့ က အတင်းဆွဲမှိတ်ထားသေး၏။ ကြိုးစား၍ရအောင် အတင်းဖွင့်လိုက်ပြီးမျက်လုံးကျယ်သွားအောင် ကျိုးတိုးကျဲတဲ လင်းနေသောအိမ်ခေါင်မိုးအပေါက်များကို ပတ်ချာလည်ကြည့်လိုက်လေသည်။
ထို့နောက်မှ အားယူကာ ကုန်းထလျက် နာရီဘေးက မီးခြစ်ကိုယူပြီးစာကြည့်စာပွဲပေါ်မှ ထွန်းလက်စ ဖယောင်းတိုင်အားမီးညှိထွန်းလိုက်တော့သည်။
ရပ်ကွက်ထဲက ဦးတရုတ်ကြီး ကြက်ခြံက ကြက်များကတော့ ခုမှတွန်လို့ကောင်းတုန်းအချိန်ဖြစ်၏။နာရီကြည့် လိုက်တော့ နိုးစက်ပေးထားသည့်လေးနာရီခွဲ ကိုတောင် ငါးမိနှစ်လောက်စွန်းချင်နေပြီ။ခြုံထားသည့်စောင်ကိုခေါက်ဖို့ လုပ်တော့ ဘေးမှာအမေက အိပ်လို့ကောင်းတုန်း။
ခါတိုင်း မိပုံ့ထက်စောပြီးထနေကြအမေက တုတ်တုတ်မျှလှုပ်မလာသေးသောကြောင့် မိပုံ့ အမေ့ကိုလှုပ်နိုးလိုက်သည်။
“မေမေ…. မေမေ ထတော့လေ စျေးထွက်ရဦးမယ်မလား…။သမီးတောင်နိုးပြီ…။’’
“ဟင်း….. အမေနေမကောင်းဘူး သမီးရယ်….။’’
မိပုံပြာပြာသလဲ မိခင်နဖူးကိုစမ်းကြည့်လိုက်သည်။ဟုတ်ပါ၏။ အမေသည် ကိုယ်ကျစ်ကျစ်တောက်ပူနေလေသည်။မိပုံ အမေ့ကိုကပြာကယာစောင်ဆွဲခြုံပေးတော့ အမေက…
“သမီး ဒီနေ့ ပြုတ်ထားတဲ့ ပဲပြုတ်တွေ သမီးပဲသွားရောင်းလိုက်နော်…။ ဒီမနက်တော့ စာမကျက်နဲ့တော့သမီးရယ်…။အမေ လုံး၀မထနိုင်လို့ပါ။ညကပြုတ်ထားတာတွေအများကြီး ဒီမနက်မှမရောင်းရင် အလကားဖြစ်ကုန်မှာ….။ သမီးသွားရောင်းလိုက်နော်…။’’
“ဟာ…. မေမေကလည်း ……. သမီးသွားမရောင်းချင်ပါဘူး…။’’
ကြားလိုက်ရသည့်စကားကြောင့်မိပုံ အိပ်ချင်မူးတူးဖြစ်နေသည့်မျက်လုံးများကျယ်သွားပြီး ချက်ချင်းဆိုသလိုငြင်းလိုက်မိသည်။တကယ်တော့ ရပ်ကွက်တစ်ကွက်လုံးက မိပုံ့ကျောင်းက သူငယ်ချင်းအိမ်များဖြစ်သည်။ထိုသူငယ်ချင်းများရှေ့ မှာ ပဲပြုတ်အော်ရောင်းရဲလောက်အောင် မိပုံ့သတ္တိမရှိ။
အပျိုဖော်၀င်စ ဆယ်တန်းကျောင်းသူအရွယ်တောင်ရောက်နေပြီဖြစ်သည့်အတွက် မိပုံ့ရှက်တတ်နေပြီ။ အမေအော်သလို “ဟိုဘက်အိမ်က …….. ပဲပြုတ်…………’’ လို့လည်းမအော်ရဲ သလို ပဲပြုတ်တောင်းရွက်ပြီးလည်း မသွားရဲပေ။
“သွားပါသမီးရယ်….. ရှက်စရာမဟုတ်ပါဘူး။ ဒီတစ်နေ့တည်းပါကွယ် …။ အမေဘယ်လိုမှ မထနိုင်လို့ငါ့သမီးလေးကို ခိုင်းရတာပါ…။ သမီးရယ် လိမ်မ္မာပါတယ်နော်…..။’’
မိပုံ့အခက်တွေ့သွား၏။မသွားနိုင်ဟုငြင်းမည်ဆိုသော်လည်း အမေပြုတ်ထားသည့်ပဲပြုတ်က ပြည်၀င်အိုးကြီး အပြည့်ပင်။ မိပုံ့ လူမှန်းသိတတ်စအရွယ် အဖေဆုံးပြီးကတည်းက ဒီပဲပြုတ်ရောင်းတဲ့အလုပ်တစ်တည်းနှင့်မိပုံ့ကို ကျောင်းထားပေးပြီးကျွေးမွေးစောင့်ရှောက်လာခဲ့သည်ကို မိပုံ့သိသည်။
မိပုံ့ကိုယ်တိုင်လည်း ဆိုးသွမ်းသည့်သားသမီးတော့မဟုတ်။မိခင်ကို ကူညီချင်သည့်စိတ်ကြောင့် ဆယ်တန်းကိုနှစ်ခြင်းပေါက်အောင်အောင်ကြိုးစားနေသူဖြစ်သည်။တဖြည်းဖြည်းအသက်ရွယ်ရလာပြီဖြစ်သည့် အမေ့ကို လည်းမိပုံ့သနားပါသည်။ပြေးကြည့်မှနှစ်ယောက်သာရှိသည့်မိသားစုလေးမှာ အမေနေမကောင်းဖြစ်သည့် အခါ ကူညီရမည့်သူက မိပုံ့တစ်ယောက်တည်းသာ…။
အမေက ပြောပြောဆိုဆို ကုန်းရုန်းထပြီး အိုးထည့်ကပဲပြုတ်တွေကို တောင်းထဲအသေအချာထုတ်ပို့ လို့ ချိန်ခွင်တွေတောင်ထည့်ပြီးကုန်လေပြီ။ခေါင်းခုလေးကိုခွေပြီး အရံသင့်ရွက်ရောင်းရန် အဆင်သင့်ဖြစ်လို့နေပြီ။ မိပုံ့က ခုထိ တုတ်တုတ်မျှပင်မလှုပ်သေး။တောင်းဘေးမှာ ငုတ်တုတ်ထိုင်ရင်း အမေ့ရဲ့လက်စွဲတော် ခေါင်းခု တဘက် ကလေးကို ခွေလိုက် ပြန်ဖြေလိုက် လုပ်နေ၏။
“ကဲ… သမီး… သွားတော့လေ ..။နေမြင့်ကုန်လေ့မယ်။တချို့က မနက်အာရုဏ်ဆွမ်းလောင်းဖို့ စောင့်၀ယ်ကြတာ နောက်ကျကုန်လေ့မယ်…။ လိမ္မာပါတယ်သမီးရယ်…။ သွားပါ…။ရှက်စရာမဟုတ်ပါဘူး။ ပြီးတော့ သမီးကိုလည်း တစ်သက်လုံးရောင်းခိုင်းမှာမှ မဟုတ်တာ…။ ဒီနေ့တစ်ရက်တည်း ။ တကယ်လို့မနက်ဖန်အမေနေမကောင်းသေးရင် ညကတည်းက ပဲမပြုတ်ထားတော့ပါဘူး။ ခုက ပဲပြုတ်ပြီးသားဖြစ်နေလို့…။ သွားတော့နော်သမီးလေးက လိမ္မာတယ်။’’
အမေက အတင်းသွားခိုင်းနေတော့ လည်းမိပုံ့
မနေသာတော့ ။ နေမကောင်းသည့်ကြားက မိပုံ့ကို မျက်နှာငယ်လေးနှင့် ချော့ပြောနေရသည့် အမေ့ကိုလည်းမိပုံ့သနားလှပါသည်။
ထို့ကြောင့် မျက်နှာကို ကမန်းကတမ်းပြေးသစ်လိုက်ပြီး အမေပင့်ပေးသည့်တောင်းကို ရွက်ကာ လေးပင်သောခြေလှမ်းများဖြင့်အိမ်ကထွက်လာခဲ့ပါတော့သည်။
***
“ဟိုဘက်အိမ်က ပဲပြုတ်…………..။’’
အော်သာအော်လိုက်သည်။အသံကသိပ်မထွက်ချင်ပါ။မနက်ငါးနာရီထိုးခါနီးအချိန် အလင်းရောင်က အားကောင်းစွာ ၀င်ရောက်လို့နေလေပြီ။အိပ်ရာထပြီးမဖီးရသေးသည့်ဆံပင်နှင့် ညအိပ်၀တ်ထားသည့် ထဘီအကျီ င်္တို့က ဖရိုဖရဲဖြစ် နေမှာ မိပုံ့သိနေသည်။
ထို့ကြောင့် အလင်းရောင်တဖြည်းဖြည်းထင်ရှားလာသည်နှင့်အမျှ လက်တစ်ဖက်ဖြင့် အကျီ င်္စ တို့ကို ဆွဲဆန့်ရသည်မှာခဏခဏ။ ရွက်ထားသည့်တောင်းကလည်း ရွက်နေကြမဟုတ်သောကြောင့်ဇက်ပင်ညောင်းလာ သလိုလို။ပါးစပ်ကလည်းဘေးမှာလူမရှိပေမဲ့ အိမ်တွေ့တိုင်းအော်နေရသေးတာမို့ ပဲပြုတ်ရောင်းသည့်အလုပ်က မိပုံ့ ထင်သလောက်တော့မလွယ်ပါ။
၀ယ်သူ့ပေါ်လာနိုးနိုးဘေးပတ်၀န်းကျင်ကိုအားစိုက်မျှော်ကြည့်ရင်း ၀ယ်သူလှမ်းခေါ်လျှင်မကြားမှာစိုးသောကြောင့် နားလည်းစွင့်ထားရပါသေးသည်။မိမိပဲပြုတ်အမြန်ကုန်ဖို့အရေး ရပ်ကွက်ကျို ရပ်ကွက်ကြားခြေတိုအောင်လျှောက်သွားနေရသောကြောင့် ကြာတော့ခြေထောက်တွေတာင် ကိုက်ခဲလို့ လာပါသည်။
အခုမှအမေ့ကို မိပုံ့အမေ့ကိုကိုယ်ချင်းစာမိလေသည်။ နှစ်ပေါင်းများစွာရောင်းလာသောအမေ့အလုပ် ကထင်သလောက်မလွယ်ပေ။
အရေးထဲပိုဆိုးနေတာက မိပုံ့ရှက်နေသောကြောင့်ဖြစ်၏။အိမ်ကထွက်လာတာ ရပ်ကွက်တစ်တောင် တစ်၀က်ကျိုးပါတော့မည်။မိမိပင် အသံတိုးတိုးလေးအော်၍မကြားကြသည်လား အိပ်ယာမထကြသေးသည်လားမသိ။ ခုထိ စျေးဦးပင်မပေါက်သေးပါ။
တဖြည်းဖြည်းနှင့်အချိန်ကလည်းနည်းတော့မည်မထင်။အရှေ့ဘက်ကောင်းကင်အနားစွန်းတောင် နေထွက်ဖို့ အနီရောင်သမ်းနေလေပြီ။ပတ်၀န်းကျင်တစ်ခုလုံးလည်း အိမ်ကထွက်လာ စကလို မမှောင်တော့ပဲ လင်းလင်းထင်းထင်းဖြစ်သွား၏။မရောင်းရပဲ ဒီအတိုင်းပြန်သယ်သွားပါက နောက်နေ့အတွက်အရင်းပြုတ်ပေတော့မည်။ ကျောင်းသွားဖို့လည်း ဘာမှမပြင်ဆင်ရသေးသောကြောင့် မိပုံ့တစ်ယောက် တောင်းထဲက ပဲပြုတ်မြန်မြန်ကုန်ဖို့အရေး၊ ကျောင်းမနောက်ကျဖို့အရေးကြိုးစားရပါတော့သည်။
ရှက်နေသောစိတ်ကို ခဏဖျောက်ကာ လက်တစ်ဖက်က ရွက်ထားသော တောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး မိပုံ့ သက်တစ်ချက်ကို ခပ်ပြင်းပြင်းချလိုက်သည်။ထို့နောက် အသံကို နည်းနည်းမြင့်၍အော်ကြည့် လိုက်မိသည်။
“ဟိုဘက်အိမ်က ပဲပြုတ်…………………..။’’
“ပဲပြုတ် . . .ခဏလာပါဦး…..။’’
အသံမြင့်မြင့်အော်လိုက်တော့မှ သာ ၀ယ်သူပေါ်လာပါတော့သည်။စျေးဦးပေါက်၀ယ်သူပေါ်လာသောကြောင့်မိပုံ့ ၀မ်းသာမိသည်မှာအမှန်ပါ။စျေးသည်တစ်ယောက်ရဲ့ပီတိကဒီအချိန်ပဲဆိုတာ တွေးမိရင်းမိပုံ့အမေ့ကို ပြေး၍သတိရ လိုက်သေးလေသည်။
လှမ်းခေါ်ရာအိမ်ခြံထဲကိုတောင်းကလေးရွက်ပြီးခပ်သွက်သွက်၀င်လိုက်စဉ်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် မိပုံ့တစ်ကိုယ်လုံးရှက်သွေးဖြာကာ ထူပူသွား၏။မျက်နှာတစ်ခုလုံး ထူပူလာပြီး ပျက်စီးနီမြန်းနေမှာ မိပုံ့သိပါသည်။ ရှက်စိတ်တို့က အရိုးအကျောထဲထိကပင်လာသကဲ့သို့ တကိုယ်လုံးကျဉ်နေသလို ခံစားရပြီး ခြေလှမ်းတွေက ကိုယ့်ကိုယ်ကိုလှမ်းလို့လှမ်းပင်မသိ။
အိမ်ရှေ့စားပွဲလေးမှာ ငုတ်တုတ်ထိုင်ပြီးစာကြည့်နေသည့် မိပုံ့တို့ဆယ်တန်းတစ်ခန်းတည်းသားချင်း
မြတ်ထူး ကိုမြင်လိုက်သောကြောင့်ဖြစ်၏။မြတ်ထူးက အတန်းထဲတွင်စာအတော်ဆုံကျောင်းသားဖြစ် သည်နှင့်အညီ ဆရာဆရာများအချစ်ခံရသည့်သူတစ်ယောက်ဖြစ်၏။ဥစ္စာပေါ ရုပ်ချော သူဌေးသားဖြစ်သောကြောင့် စိတ်ကစား တတ်တဲ့အရွယ်ရောက်နေပြီဖြစ်သည့် မိပုံတို့သူငယ်ချင်းတွေ မြတ်ထူး ရှေ့မှာ ခဏခဏဟန်ရေးပြဖူး၏။
ထို့ကြောင့်လည်းယခုကဲ့သို့ပဲပြုတ်သည် ဘ၀နှင့်ဆုံရသောကြောင့်မိပုံ့အရှက်ကြီးရှက်လို့နေမိပါ သည်။အိမ်ထဲကို တောင်းကလေးရွက်ပြီး၀င်လာသည့် မိမိကို မြတ်ထူး တွေ့စဉ်မှာတော့ အံ့သြသွားသလို လုပ်ပြီး
“သူငယ်ချင်း…. ပုံ့ပုံ့ ပါလား…။နင်ပဲပြုတ်ရောင်းတာလား…။ ငါနင်ပဲပြုတ်ရောင်းတာမသိဘူးကော.’’
မြတ်ထူး က ရိုးရိုးသားသားမေးသော်လည်းမိပုံ့ကတော့ အစကတည်းကရှက်နေသူမို့ ပဲပြုတ်တောင်းကို ကပြာကယာချရင်း ယောင်ယောင်မှားမှားဖြေမိလိုက်သည်။
“အော်… အေး… ဟုတ်တယ်….။ ဟိုလေ…. အစကငါ့အမေရောင်းတာ ဒီနေ့ အမေနေမကောင်းလို့….။ ငါလာရောင်းပေးတာ….။’’
“ဟုတ်လား …။ နင်ကသမီးလိမ္မာပဲဟ….။’’
မြတ်ထူးက သဘောရိုးနှင့်ပြောသည်ကိုသိသော်လည်း မရယ်ချင်ရယ်ချင်ရယ်ပြလိုက်ပြီး။မြတ်ထူးယေ၏ အမေ ၀ယ်သည့်ပဲပြုတ် ငါးရာဖိုးကို ပိုပိုသာသာချိန်ပေးကာ ခြံထဲမှ သွက်သွက်လက်လက်ထွက်လာခဲ့၏။
“ကျောင်းမှာတွေ့မယ် သူငယ်ချင်း…။’’ဆိုသည့် မြတ်ထူး ၏ နှုတ်ဆက်စကားကို ကျောခိုင်းလျက်သား လက်ပြန်ပြ၍သာ ဖြေနိုင်ခဲ့ပါသည်။
***
မြတ်ထူး အိမ်ကထွက်လာပြီးကတည်းက နောက်ထပ်အတန်းထဲကသူငယ်ချင်းအိမ်တစ်အိမ် နှင့်တိုးမှာကြောက်နေမိသည်။
နည်းနည်းနေမြင့်လာ၍လားမသိ။ပဲပြုတ်၀ယ်ကြတာအိမ်တိုင်းလိုလိုဖြစ်လာသောကြောင့် ရောင်းရင်း နည်းနည်းလေးတော့ပျော်သလိုဖြစ်လာသည်။ သို့သော်လည်း နောက်ထပ်သူငယ်ချင်း တစ်ယောက်ယောက်နှင့် မဆုံဖို့အရေးကျိတ်ပြီးဆုတောင်းနေရသေး၏။
ခြေလှမ်းများကိုသွက်သွက်လှမ်းရင်း အိမ်ထဲမှလူများကိုလည်း သူငယ်ချင်းတွေများဖြစ်နေမလားဆိုသည့်အတွေးဖြင့် မျက်လုံးဖြင့်ဝှေ့ကြည့်ရသည်မှာ လည်းအမောပင်။ ပဲပြုတ်တောင်းအမြန်ကုန်ပါစေတော့လို့ဆုတောင်းရင်းသာ “ဟိုဘက်အိမ်က ပဲပြုတ်’’ ဟူ၍အကြိမ် ကြိမ်အော်နေမိတော့သည်။
ထိုစဉ်နောက်ဘေးအိမ်တစ်အိမ်က “ပဲပြုတ်သည် လာပါဦး’’ ဟူသည့်အသံကြားသောကြောင့် မိပုံ့ ခြေလှမ်းများရုတ်တရက်ရပ်တန့်လိုက်မိသည်။ရင်းရင်းနှီးနှီးကြားဖူးနေသည့်အသံဖြစ်သောကြောင့် ခေါင်းကိုဆတ်ခနဲ လည့်ကာ အသံလာရာသို့လှည့်ကြည့်လိုက်မိလေသည်။
“ဟင်………..ဆရာမ……။’’
မိပုံ့ နှုတ်ကရုတ်တရက်ထွက်သွားမိ၏။ အတန်းပိုင်ဆရာမ၏အိမ်ဆိုတာ မိပုံလုံး၀မသိရိုးအမှန်ပါ။ မိပုံ့ကိုမြင်တော့ ဆရာမက တအံ့တသြကြည့်နေ၏။မိပုံ့လည်း ရှက်လည်းရှက်ကြောက်လည်းကြောက်နှင့် ဆရာမထံသွားလိုက်မိသည်။
အတန်းပိုင်ဆရာမ အင်္ဂလိပ်စာသင်၏။အင်္ဂလိပ်စာညံ့လွန်းသောမိပုံ့အဖို့ ခဏခဏ အရိုက်ခံ ထိသောကြောင့်ဆရာမကို မိပုံ့ ချစ်ကြောက်ရိုသေမိသည်။ ဆရာမ ကိုယ်တိုင်းကလည်းတကယ်တော့ မိပုံ့တို့ကျောင်းသားကျောင်းသူတွေကို မျက်နှာသာမပေးတတ်။ခပ်တည်တည်ဖြင့် စည်းကမ်းကြီးကြပ်မတ်လွန်းသော ကြောင့်မိပုံ့ တို့တစ်ခန်းလုံးဆရာမကို ကြောက်ကြရသည်။
“ဟယ်………..။ ခါတိုင်းရောင်းနေကြ ပဲပြုတ်သည်မဟုတ်ဘူးဆိုပြီးကြည့်နေတာ သမီးလေး ပုံ့ပုံ့ ကိုး….။’’
ဆရာမကမိပုံ့ကိုတအံ့တသြကြည့်နေသလို မိပုံ့ကလည်း စာညံ့သောမိမိကို နောက်တစ်ခါစာကြိုးစားရန်ဆူငေါက်နေသည် နှင့်ပင် တစ်ခါမှ ခုကဲ့သို ချိုချိုသာသာပြောတာမကြားဖူး သောကြောင့် အံ့သြသွားမိ၏။ဆရာမ မျက်၀န်းအိမ်မှာ မိပုံ့ကို ဂရုဏာမျက်လုံးဖြင့် ကြည့်နေသည်ကို မိပုံ့မြင်လိုက်ရပါသည်။
မိပုံ့ ရှက်ရှက်နှင့်ဆရာမကိုနုတ်ဆက်လိုက်၏။
“မင်္ဂလာပါ ဆရာမ….။’’
“အေးအေး…. မင်္ဂလာပါသမီးရယ်….။ သမီးက ပဲပြုတ်ရောင်းတာလား….။’’
“ဟုတ်ဆရာမ… အရင်နေ့တွေရောင်းတာက သမီးအမေပါ..။ ဒီနေ့ကသမီးအမေနေမကောင်းလို့ သမီးလာရောင်းပေးတာပါဆရာမ…။’’
“အို……… လိမ်မ္မာလိုက်တာသမီးလေးရယ်….။ သမီးက အားကိုးရတဲ့သမီးလိမ္မာပဲ။ ငါ့တပည့်လေးဒီလောက်သိတတ်တာ ဆရာမတောင်မသိဘူး။ချီးကျူးပါတယ်သမီးရယ်…။မိဘကို သိတတ်တဲ့သား သမီး ဘယ်တော့မှဒုက္ခမရောက်ဘူးသမီးလေး….။’’
“ဟုတ်ကဲ့ဆရာမ….။’’
မိပုံ မျက်လွှာလေးချ၍ဆရာမပြောစကားကိုနားထောင်နေမိသည်။ယခုကဲ့သို့ စာညံ့သောသူ့အားဆရာမ ချီးကျူးသံ ကြားဖူးသည်မှာ ပထမဆုံးဖြစ်သောကြောင့်စိတ်ထဲတွင်တော့အနည်းငယ်ကျေနပ်မိ၏။သို့သော်လည်း ဘာရယ်မသိ ပဲပြုတ်သည်ဖြစ်နေသည့်မိမိကိုယ်ကို ရှက်မိသည်မှာအမှန်ပင်။
မျက်နှာတစ်ခုလုံးပူထူပီး ရှက်လွန်းသောကြောင့် ဆရာမကိုပင်သိပ်မကြည့်မရဲပေ။
စောစောက သူငယ်ချင်းမြတ်ထူး ရှေ့တွင်ရှက်သည့်အရှက်ကတစ်မျိုး၊ ယခုအတန်းပိုင် ဆရာမရှေ့တွင်ရှက်သည့်အရှက်ကတစ်မျိုးဖြစ်၏။သေချာတာတော့ မိပုံ့ ယခုကဲ့သိုပဲပြုတ်သည်ဘဝဖြင့် ဆရာမကိုလည်း မဆုံချင်သလို သူငယ်များနှင့်ဆုံမှာလည်းကြောက်မိသူဖြစ်လေသည်။
မိပုံ့ ရှက်နေသည်ကိုသိသောဆရာမက…
“အမလေး … သမီးရယ်…။ ဆရာမကို မရှက်ပါနဲ့ကွယ်…။ ဆရာမက သမီးကိုချီးကျူးတာသိလား…။ ဒါရှက်စရာမဟုတ်ပါဘူးသမီး…။မိဘကိုကူလုပ်တဲ့သားသမီးကို ဘယ်သူမှ မကဲ့ရဲ့ပါဘူးသမီးရယ်။သမီးဘာသာ တွေးပြီး ရှက်နေပေမဲ့ လူတွေအမြင်မှာ သမီးကိုချီးကျူးစရာဖြစ်နေတာ…။အဲဒါ သမီးသိလား။ တကယ်လို့ ကဲ့ရဲ့တဲ့သူရှိရင်တောင် သူတို့ကသမီးလောက်မတော်တဲ့သူ၊ သမီးလောက်မသိတတ်တဲ့သူပဲဖြစ်ရမယ်…။
ပဲပြုတ်ရောင်းတာရှက်စရာမဟုတ်ဘူးသမီး။သူများပစ္စည်းခိုးတာမဟုတ်ဘူး။သမာအာဇီ၀ကျကျ လုပ်စားတာ ဂုဏ်တောင်ယူရဦးမယ်။ဘယ်သူကိုမှမရှက်နဲ့ မနက်အစောကြီး အမေ့ကိုကူညီခွင့်ရတာ၊ သမီးကုသိုလ် ရတယ်။သိတတ်လိမ္မာတဲ့သမီးကို ဆရာမလည်း ချီးကျူးသလို သမီးအမေလည်းကျေနပ်နေမှာပါ။
မရှက်နဲ့သမီး…။ငါက အမေ့ကိုကူညီတဲ့ သိတတ်လိမ္မာတဲ့သမီးပါ လို့ကိုယ့်ကိုယ်ကို ဂုဏ်ယူပြီးခြေလှမ်းတိုင်းကို မာန်ပါပါလျှောက်လိုက်စမ်းပါသမီးရယ်…။ဒီမနက်ခင်းမှာ သမီးက အလှပဆုံးဖြစ်နေမှာပါ…..’’
ဆရာမပြောလိုက်သောစကားများကြောင့် မိပုံ့ အရှက်တွေက ချက်ချင်းယူထုတ်ပစ်လိုက်သလိုဖြစ်သွား၏။ ယခုကဲ့သို့ ဆရာမ ပြောသလို မိပုံ့ တစ်ခါမှမစဉ်းစားမိဖူးပါ။ဆရာမစကားတွေကမိပုံကို အားဖြစ်စေခဲ့ပြီးမိပုံ့ မိမိကိုယ်ကို ယုံကြည်မူတွေရှိစေခဲ့ပါသည်။
ထို့နောက်၀မ်းသာအားရဖြင့် မိပုံ့ ဆရာမကို အိမ်ရှေ့တွင် ပဲပြုတ်ထုတ်လေးနှင့်ကန်တော့လိုက်သည်။ ဆရာမကလည်း လိမ်မာတဲ့သမီးလေး ကျန်းမာပါစေ…။ စာမေးပွဲအောင်ပါစေလို့ဆုတွေတသီကြီးပေးနေသေးသည်။
ထို့နောက်ဆရာမ ပင့်ပေးသည် ပဲပြုတ်တောင်းကို ဟန်ပါပါရွက်ပြီး သွက်လက်သောခြေလှမ်းဖြင့် လက်ကျန် ပဲပြုတ်များအားဆက်ရောင်းရန်ထွက်ခဲ့သည်။ ပဲပြုတ်တောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကာရွက်ထားရင်း
“ဟိုဘက်အိမ်က ပဲပြုတ်…….။’’ ဟုအားပါးတရအော်လိုက်တော့၏။
မိပုံ့အသံ သာမာန်ထက်ကျယ်လောင်သွားသည်ကိုတော့ မိပုံ့ နှင့် ဆရာမ ကလွဲ၍မည်သူမျှ သိလိမ့်မည်
မထင်ပါ…။
ညီလေးငယ်