စာမူ…၁၇၈
စဆုံး
တစ်ရက်၌သောင်ထွန်းရွာဆီသို့ လူစိမ်းငါးဦးရောက်လာခဲ့သည်။ ထိုလူများမှာ နယ်လှည့်ကာမြွေအလမ္ပာယ်ပြ
စားကြသည့် မြွေအလမ္ပာယ်အဖွဲ့ပင်ဖြစ်ပေသည်။
ထိုအဖွဲ့ကို ဦးဆောင်သူမှာ ကိုထွန်းပေါ်ဆိုသူပင်ဖြစ်သည်။
သူ၏အဖွဲ့ကတော့ ဆရာထွန်းပေါ်ဟုခေါ်ကြ၏။
ကိုထွန်းပေါ်က သျှော်တစောင်းဖြင့် ရုပ်ရည်ကအချောကြီးမဟုတ်လှသော်လည်း ကြည့်ပျော်ရှိပေသည်။
အသားအရောင်မှာညိုသူဖြစ်ပြီး အရပ်မှာ
မရှည်လွန်းမပုလွန်းပေမယ့် နှုတ်ခမ်းမွှေးသဲ့သဲ့ဖြင့်
ကိုထွန်းပေါ်သည် မိန်းကလေးများသဘောကျသော
ပုံစံမျိုးပင်ဖြစ်သည်။ယခု ကိုထွန်းပေါ်တို့အဖွဲ့
သောင်ထွန်းရွာဘုန်းကြီးကျောင်း၌ တည်းခိုနေကြသည်။
နေ့ခင်းဆိုရွာလယ်ပိုင်း၌ မြွေအလမ္ပာယ်ပြရင်း
မြွေဆေးရောင်းဖို့ ထွက်ကြမည်ဖြစ်၏။
“မောင်တိုး…မင်းကြားပြီးပြီလား…
မြွေအလမ္ပာယ်ဆရာတွေရောက်နေတယ်တဲ့…
တော်နေ ရွာလယ်ပိုင်းက ညောင်ပင်အောက်မှာ
မြွေအလမ္ပာယ်ပြကြတော့မယ်တဲ့ကွ”
“ဟုတ်လား…ဒါနဲ့ ကိုကြီးအုန်းက ဒီလိုကိစ္စမျိုးဘယ်တုန်းကစိတ်ဝင်စားသွားတာလဲဗျ…”
“မင်းကလည်းကွာ…အထူးအဆန်းဆို သိချင်တာ
လူ့သဘာဝမဟုတ်ဖူးလား…
အဲ့တာ မင်းကောလိုက်ခဲ့ကွာ…ငါတို့သွားကြည့်ရအောင်”
“မသွားချင်ပါဘူးကိုကြီးအုန်းရာ…
ကျုပ်ဘာသာ အိမ်မှာပဲအေးအေးလူလူနေပါရစေဗျာ…”
“အစ်ကိုရယ်…လိုက်သွားလိုက်စမ်းပါ…
ကိုကြီးအုန်းက အတူတူသွားချင်လို့လာခေါ်နေတဲ့ဟာကို”
“အေးလေ…ခင်မြချစ်ရဲ့…ကူပြောပေးစမ်းပါ…
ဒီကောင်က မိန်းမရတော့မှ ခွဲခြားခွဲခြားနဲ့ဟာ”
“မဆိုင်တာဗျာ…ကဲပါ…
ကျုပ်လိုက်ခဲ့ပါ့မယ်ဟုတ်ပြီလား”
မောင်တိုးလည်း မောင်အုန်းနဲ့ခင်မြချစ်တို့ပြောနေကြသည်ကို နားပူလာ၍ လိုက်ခဲ့မည်ဟုပြောလိုက်တော့သည်။
မောင်အုန်းနဲ့ခင်မြချစ်တို့မှာလည်း မောင်တိုးကို
ကြည့်၍ပြုံးကြလေသည်။
“ဒါဆိုသွားကြမယ်မောင်တိုး…
ခုနေသွားမှရှေ့ဆုံးမှာနေရာရမှာကွ…”
“ဟာဗျာ…ကိုကြီးအုန်းတို့များ မကြောက်မလန့်နဲ့…
ရှေ့ဆုံးကကြည့်ဖို့ပြင်နေသေးတယ်…
ကျုပ်ကတော့ရှေ့ဆုံးက မကြည့်နိုင်ပါဘူးဗျာ…
တော်နေ မြွေက သူတို့ထိန်းမရဘာမရဖြစ်ရင်
ဘေးကလူကိုရန်ရှာနိုင်တယ်ဗျ…”
“အဲ့သည်လောက်တော့ မဆိုးလောက်ပါဘူးကွာ…
မြို့သွားရင် ဒီလိုမြွေအလမ္ပာယ်ပြတာတွေကို
ငါကြည့်ဖူးပါတယ်ကွ…”
“မသိဘူးဗျာ…ကျုပ်ကတော့ရှေ့ကမကြည့်နိုင်ဘူး”
“အေးပါကွာ…မင်းလိုက်မှာမလား…
ဟိုရောက်မှမင်းကြိုက်တဲ့နေရာကကြည့်…
အခုတော့လိုက်ခဲ့စမ်းပါကွာ…”
မောင်အုန်းက မောင်တိုးကို ခေါ်သွားတော့သည်။
ခင်မြချစ်ကတော့ မောင်တိုးနဲ့မောင်အုန်းကိုလှမ်းကြည့်ရင်းခေါင်းလေးခါရမ်းကာ ပြုံးနေခဲ့သည်။
ကိုထွန်းပေါ်တို့မြွေအလမ္ပာယ်အဖွဲ့ကလည်း
ရွာအလယ်ပိုင်းရှိ ညောင်ပင်အောက်တွင်
ရောက်နေကြပြီဖြစ်သည်။
မြွေအလမ္ပာယ်မပြခင် စည်းဝိုင်းချကြ၏။
ပြီးနောက်ဂါထာမန္တရားများကို ကိုထွန်းပေါ်ကိုယ်တိုင်
ရွှတ်ဆိုနေခဲ့သည်။ဆက်၍လည်းသောင်ထွန်းရွာ၌ရှိသောရွာခံပညာသည်များကိုမေတ္တာပို့ပြီးခွင့်ပန်နေရပြန်သည်။
လုပ်ဆောင်စရာများကိုလုပ်ဆောင်ပြီးလေတော့မှ
မြွေပခြုပ်ကိုဝိုင်းရဲ့အလယ်မှာချပြီး ကိုထွန်းပေါ်က
သူ့ရဲ့လက်စွဲတော်ပလွေကိုထုတ်၍
ဆွဲဆွဲငင်ငင်မှုတ်တော့သည်။
ပခြုပ်ထဲကမြွေကလည်း ပလွေသံကြားတော့
တလူလူးတလိမ့်လိမ့်နဲ့ ပခြုပ်အပြင်ကိုထွက်လာခဲ့ပြီး
ပလွေသံနဲ့လိုက်ရောညီထွေစွာ လှုပ်ရမ်းနေတော့သည်။
“စတောင်စနေပြီမောင်တိုးရဲ့…လာ…လာ…
ငါ့အနောက်ကလိုက်ခဲ့တော့ကွာ”
မောင်အုန်းလည်း မြွေအလမ္ပာယ်ပြနေသည်ကိုမြင်တော့
ကြည့်နေသည့်ရွာသူ၊ရွာသားများကြားမှ
တိုးဝေ့၍ အရှေ့ဆုံးသို့ရောက်အောင်တိုးလာခဲ့သည်။
မောင်တိုးခမျာလည်း မောင်အုန်း၏အနောက်မှအတူလိုက်လာရ၏။
လူတွေကိုတိုးဝေ့ရင်း ခြေထောက်တက်နင်းမိလျှင်
အဆူအဆဲကလည်းခံရသေး၍ မောင်တိုးမှာ
မောင်အုန်းကိုသာ စိတ်တိုမိတော့သည်။
မောင်တိုးတို့ရှေ့ဆုံးရောက်လာတော့
မြွေအလမ္ပာယ်ဆရာ ကိုထွန်းပေါ်ကပလွေမှုတ်တာကိုရပ်လိုက်ရာ ပလွေရပ်လိုက်သည်နှင့် ကိုထွန်းပေါ်အားမြွေက
လှမ်းပေါက်တော့သည်။
ကိုထွန်းပေါ်ကလည်း ဆတ်ခနဲရှောင်လိုက်ရာ ကြည့်နေသူများမှာ အသည်းတယားယားဖြစ်လို့နေခဲ့သည်။
ပလွေသံရပ်သည်နှင့်မြွေသည် ကိုထွန်းပေါ်ကို
လှမ်း၍ပေါက်ရာ မြွေနဲ့ကိုထွန်းပေါ်တို့၏ပြကွက်ကိုကြည့်ရင်း လက်ခုပ်သံများကလည်းဆူညံစွာထွက်ပေါ်နေခဲ့တော့သည်။
နောက်ဆုံးမှာတော့ ကိုထွန်းပေါ်က မြွေကြီးကို
ကျွမ်းကျင်ပိုင်နိုင်စွာဖမ်းပြလိုက်ပြီးမြွေနဲ့ကစားပြတော့၏။ပြကွက်နဲ့အညီ ကိုထွန်းပေါ်ရဲ့
တပည့်ဖြစ်သူဘင်ဆရာက
လည်းတဒုံးဒုံးတချမ်းချမ်းဖြင့် တီးနေခဲ့လေသည်။
ပြကွက်ပြီးဆုံးလေတော့မှ ပီယဝါစာစကားများကိုပြောရင်းအစွမ်းထက်လှသော မြွေဆေးကိုရောင်းချကြတော့၏။မြွေပြီးဆေးမြစ်တို့ကိုရောင်းရာ၌လည်းရွာသူ၊ရွာသားတို့ကအပြိုင်အဆိုင်ပင်လု၍ဝယ်ကြသည်။
“ငါဝယ်ဦးမယ်ကွာ…
မင်းကောဝယ်မှာမလားမောင်တိုး…”
“မဝယ်ပါဘူးဗျာ…မြွေအလမ္ပာယ်ကြည့်ပြီးရင်တော်ပြီပေါ့ကိုကြီးအုန်းရာ…”
“ဟာကွာ…မင်းကလည်းဝယ်ရခဲတယ်ကွ…”
“ခင်ဗျားဗျာ…အမှတ်လည်းမရှိပါလား”
“ဘာကိုအမှတ်ရှိရမှာလဲ…မင်းဘာတွေပြောနေတာလဲ
မောင်တိုးရဲ့”
“မြွေနိုင်ဆရာခိုင်ကို.ခင်ဗျားမမှတ်မိဘူးလား…
သူ့တုန်းကလည်း ဒီလိုတွေရောင်းစားခဲ့တာမဟုတ်ဘူးလားဗျ…”
“မြွေနိုင်ဆရာခိုင်……..”
မောင်တိုးပြောသည့် မြွေနိုင်ဆရာခိုင်ဆိုသူ့အကြောင်းကို
မောင်အုန်းတွေးလေသည်။
တွေးမိလေတော့မှ မောင်အုန်းလည်းသဘောပေါက်သွားခဲ့သည်။
“အေး…ဟုတ်သားပဲကွ…
ဒါပေမယ့် ဒီမြွေနိုင်ဆရာခိုင်နဲ့…
အခုလူနဲ့ကတူမှမတူတာမောင်တိုးရာ…”
“ပြောရခက်လိုက်တာဗျာ…ကဲ…ဝယ်ချင်သပဆို
ဝယ်ဗျို့…ကျုပ်ကတော့ဘွားတို့အိမ်ဆီသွားနှင့်တော့မယ်”
“ဟာ…အတူတူသွားမယ်လေကွာ…
ဟေ့ကောင် ငါ့ကိုစောင့်ဦးဟ”
မောင်တိုးက မောင်အုန်းကိုမစောင့်တော့ဘဲ
ခြေလှမ်းခပ်သွက်သွက်ဖြင့် ညောင်ပင်ကြီးအောက်မှ
ထွက်လာခဲ့သည်။
မောင်အုန်းခမျာလည်း လူများတိုးဝေ့၍ဝယ်နေသော
မြွေနိုင်ဆေးမြစ်ကိုဝယ်ရလေမလား…
မောင်တိုးရဲအနောက်သို့လိုက်ရလေမလားဝေခွဲမရဖြစ်နေရှာသည်။နောက်ဆုံးသက်ပြင်းကိုသာချပြီး
မောင်တိုးအနောက်သို့လိုက်လာခဲ့တော့၏။
(ယခင်က မြွေနိုင်ဆရာခိုင်ဆိုတဲ့စာမူလေးကိုပြန်ပြီး
အမှတ်ရကြမယ်ထင်ပါတယ်)
ဘွားမယ်စိန်အိမ်သို့ မောင်အုန်းရောက်တော့
မောင်တိုးက ကွပ်ပျစ်ခင်း၌ထိုင်၍
ဘွားမယ်စိန်တို့နှင့်စကားပြောနေပြီဖြစ်သည်။
“ဟော…ရောက်လာပါပြီကိုကြီးအုန်းတစ်ယောက်”
ဟု…ရှင်ညိုကပြောတော့ အားလုံးရဲ့အကြည့်များက
မောင်အုန်းထံရောက်လာခဲ့သည်။
“ဟ…ငါခါတိုင်းလည်းလာနေတာပဲဟာကို…
အခုမှဘာများထူးခြားနေလို့တုန်း”
ဟု…ပြောရင်း မောင်အုန်းက ကွပ်ပျစ်ခင်း၌
ဝင်ထိုင်လေသည်။
“ပြောပါဦးကွဲ့…တို့ရွာထဲမြွေအလမ္ပာယ်ဆရာတွေ
ရောက်နေကြတယ်ဆို….”
“ဟုတ်ပဗျာ…အယ်…ဒီကလေးမတွေကောသွားမကြည့်ကြဘူးလား…ဆရာတွေကအတော် တော်ကြတယ်ဘွားရဲ့”
“ကျုပ်ကတော့သွားမကြည့်ချင်ပါဘူးတော်…
ဒါတွေများ ရိုးနေပါပြီ”
“ကျုပ်ကတော့ကြည့်ချင်သေးတယ်မမရဲ့…
နောက်တစ်ခေါက်တော့လိုက်ပြပေးပါနော်…”
“ညည်းတို့ညီအစ်မပဲအရင်ညှိလိုက်ကြစမ်းပါဦးဟာ…
တစ်ယောက်တမျိုးနဲ့…တကယ့်ညီအစ်မ…”
မောင်အုန်းမှာ ရှင်ညိုနဲ့နန်းကြိုင်တို့ကို မျက်မှောင်ကျုံ့ရင်း
ပြောလေသည်။
“ဘယ်မှာလဲဗျ…ခင်ဗျားမြွေနိုင်ဆေးမြစ်က…
ဝယ်ကောဝယ်ခဲ့ရဲ့လား”
“ဘယ်ဝယ်ရမှာလဲ…မင်းပဲငါ့ကိုမစောင့်ပဲ
ထွက်သွားပြီးတော့…
မင်းအမှီလိုက်ရတာနဲ့မဝယ်ဖြစ်ခဲ့ပါဘူးကွာ…”
“မသိပါဘူးဗျာ…ဝယ်များဝယ်ခဲ့သလားလို့”
“မဝယ်ပါဘူးဆိုကွာ…”
“ကဲပါဟယ်…တော်ကြတော့…
အဲ့မှာ ပဲကြမ်းလေးသုပ်ထားတယ်..
စားကြဦး.. နောက်မှငြင်းကြတော့…
နင်တို့လည်းဘာထူးလဲ…မိရှင်ညိုတို့ညီအစ်မနဲ့
တစ်ပုံစံထဲပဲ …”
ဒေါ်ဝင်းက ပဲကြမ်းများကို ကြက်သွန်နီခပ်ပါးပါးလှီး၍
သုပ်ထားရှာသည်။
ပဲကြမ်းသုပ်များစားလိုက်…ရေနွေးကြမ်းလေးသောက်လိုက်ဖြင့် မောင်တိုးနဲ့မောင်အုန်းမှာ ဘွားမယ်စိန်အိမ်မှ
မပြန်ဖြစ်ခဲ့ကြသေးပေ။
နောက်တစ်နေ့သို့ရောက်တော့
မောင်တိုးနဲ့မောင်အုန်းတို့လည်း မြွေအလမ္ပာယ်ပြတာ
ထပ်ကြည့်ဖို့ ရွာလယ်ပိုင်းက ညောင်ပင်အောက်ဆီသို့
ရောက်လာခဲ့ပြန်သည်။
“မသွားချင်တော့ပါဘူးဆိုနေဗျာ…
ကြည့်ချင်တာများကိုယ့်ဘာသာသွားကြည့်လိုက်ပါလား…
ခင်ဗျားဘယ်သူက ဆွဲခေါ်သွားမှာမလို့လဲ”
“မင်းကလည်းကွာ…မင်းပါတော့ပိုကောင်းတာပေါ့…
မဟုတ်ရင်ငါတစ်ယောက်ထဲ ဖြစ်နေမှာပေါ့”
“အမယ်လေးဗျာ…ကိုယ့်ရွာထဲပဲဟာကို…
ခင်ဗျားကိုဘယ်သူကဘာလုပ်နိုင်မှာလဲ”
မလိုက်ချင်သည်ကို အတင်းလာခေါ်၍
မောင်တိုးက မောင်အုန်းကို အလိုမကျဖြစ်နေခဲ့သည်။
မောင်အုန်းကလည်း မောင်တိုးကို မရရအောင်ခေါ်လာခဲ့၏။
မြွေအလမ္ပာယ်ပွဲသို့ရောက်တော့လည်း အရှေ့ဆုံးသို့
ရအောင်နေရာယူရပြန်၏။
အရှေ့ဆုံးသို့ရောက်လေတော့…
“ဟာ…ရှင်ညိုနဲ့နန်းကြိုင်…အမယ်…လာကြည့်ကြပြီပေါ့”
ဟု…မောင်အုန်းက ရှင်ညိုနဲ့နန်းကြိုင်တို့ကို မေးလေသည်။
သူတို့ထက်စောရောက်နေသော ရှင်ညိုတို့ကလည်း
ခေါင်းညိတ်၍ ပြုံးပြကြ၏။
“လူလည်းစုံပြီဆိုတော့…ပွဲစတာပေါ့…
ကဲဗျာ…လာရောက်ကြည့်ရှု့သူများကိုအရင်ဆုံး
မိတ်ဆက်ပါရစေဦး…
ကျုပ်နာမည်က ထွန်းပေါ်…မြွေအလမ္ပာယ်ဆရာလေးထွန်းပေါ်လို့ခေါ်ပါတယ်ခင်ဗျာ…
ကျုပ်နဲ့အတူတူအလမ္ပာယ်ပြမယ့်မြွေကလည်း…
နှယ်နှယ်ရရတော့မဟုတ်ဘူးဗျို့…
အဆိပ်အပြင်းဆုံးထဲမှာပါတဲ့ အကောင်ကြီးပေါ့ဗျာ…
ကဲ…သားတော်ကြီးကို ပြပါရစေဦး…….”
ဟု…ကိုထွန်းပေါ်ကပြောရင်း သူ၏ပလွေကိုမှုတ်တော့သည်။
ပလွေမှုတ်နေသော ကိုထွန်းပေါ်၏မျက်လုံးများက
ရှင်ညိုထံမှခွာမသွားပေ။
ဒါကို မောင်တိုးနဲ့မောင်အုန်းတို့သတိထားမိ၏။
နန်းကြိုင်ကတော့ ကလေးပီပီ…
ပခြုပ်ထဲမှ ထွက်လာသော မြွေကြီးကိုသာ
တအံ့တသြ ကြည့်နေခဲ့ရှာသည်။
“ကိုကြီးအုန်း…မဟုတ်တော့ဘူးဗျ…
ဒီကောင့်အကြည့်ကအတော် ရဲတင်းလွန်းနေတယ်…”
“နေပါဦးကွာ…တို့ရွာကလူတွေလည်းရှိနေတယ်…
တစ်ခုခုဆို အကုန်လုံးကဝိုင်းပြီးပါကုန်ရင်
ရှုပ်ကုန်လိမ့်မယ်ကွ…
မောင်တိုး…မင်းစိတ်ကိုထိန်းထားစမ်း…”
မောင်တိုးက ညီမဖြစ်သူကိုကြည့်နေသော ကိုထွန်းပေါ်ကို
ဒေါသထွက်နေခဲ့သည်။
မောင်အုန်းကတော့ ပြဿနာမဖြစ်စေရန် ထိန်းနေရရှာ၏။မြွေအလမ္ပာယ်ပြနေတာကိုပင် မောင်အုန်းခမျာမကြည့်နိုင်တော့ပေ။ မောင်တိုးက ပြဿနာရှာလိုက်လျှင်ဆိုသော
စိတ်ကြီးဖြင့် မောင်တိုးကိုသာထိန်းနေခဲ့ရသည်။
သို့သော်မကြာပါ…
တရှုးရှုးဖြင့် မြွေရဲ့နှာမှုတ်သံကြီးထွက်ပေါ်လာခဲ့သည်။
မြွေရဲ့အကြေးခွံများဟာ
ထူးထူးဆန်းဆန်းပင်လန်လာခဲ့၏။
ပလွေမှုတ်နေသော ကိုထွန်းပေါ်ပင် မျက်နှာပျက်နေပြီဖြစ်သည်။
ကိုထွန်းပေါ်ရဲ့မြွေဟာ ဒေါသတကြီးဖြစ်လာသည်။
ပလွေသံကိုလည်းဂရုမစိုက်တော့ဘဲ ကိုထွန်းပေါ်ကို
ပေါက်ဖို့ဟန်ပြင်တော့၏။
သတိဖြင့်နေသောကိုထွန်းပေါ်လည်း အပေါက်မခံရအောင်ရှောင်ရင်း ပလွေကိုချ၍ မြွေကို ပခြုပ်ထဲသို့
ဝင်အောင်ပြန်ထည့်ရတော့၏။
ထိုသို့ဖြင့် မြွေအလမ္ပာယ်ပွဲလည်း ပျက်သွားခဲ့ရ၍
အားလုံးလည်းအိမ်ပြန်လာခဲ့ကြရသည်။
မောင်တိုးနဲ့မောင်အုန်းကတော့ ရှင်ညိုတို့ကို အိမ်ပြန်လိုက်ပို့ကြ၏။
“ဟောတော်…ပွဲကပြီးပြီလား…”
“မပြရသေးပါဘူးအမေရယ်…
ကျုပ်တို့ကကြည့်မယ်ရှိတုန်း…မြွေကထဖောက်လို့.ပွဲပြီးသွားတယ်လေ…”
“ဟမ်…မြွေကဘာထဖောက်တာလဲအေ့…”
“မြွေအလမ္ပာယ်ဆရာကိုပေါက်တာအမေရေ…
တော်သေးတယ်အဲ့သည်လူကြီး
အရှောင်မြန်လို့အပေါက်မခံရတာ…
အယ်…မေ့နေတာ သူတို့ကမြွေနိုင်ဆေးမြစ်တွေရောင်းကြတာပဲ…မြွေပေါက်ခံရလည်းဘာအရေးလဲတော်…”
နန်းကြိုင်ကတော့သူ့အထင်နဲ့သူပြောနေခဲ့သည်။
ဒေါ်ဝင်းကလည်း နန်းကြိုင်ပြောသလောက်သာနားလည်ရှာ၏။သို့သော် ဘွားမယ်စိန်ကတော့ ရှင်ညိုကို
စူးစူးစိုက်စိုက်ကြည့်နေခဲ့ပေသည်။
“ကဲ…ဟိုသုံးယောက်…လာကြပါဦး…
မြွေအလမ္ပာယ်ပွဲမှာဘာများဖြစ်လာကြတာလဲ…
ဘွားကိုအမှန်တိုင်းပြောကြနော်…
မဟုတ်ရင်မောင်ရင်တို့သုံးယောက်ကိုဘွား
စိတ်ဆိုးမိလိမ့်မယ်…”
ဟု…ဘွားမယ်စိန်ကပြောတော့ မောင်တိုးတို့ရှင်ညိုတို့မှာ
ကွပ်ပျစ်ခင်း၌ဝင်ထိုင်ကြရသည်။
ဒေါ်ဝင်းနဲ့နန်းကြိုင်တို့ကတော့ ထန်းလက်ခုံ၌ဝင်ထိုင်၍
ငြိမ်သက်နေသောအခြေအနေကို စောင့်ကြည့်နေကြလေသည်။
“ကဲ…ပြော…ဘာဖြစ်လာကြတာလဲ”
မောင်တိုးနဲ့မောင်အုန်းမှာ သူပြောနိုး…ကိုယ်ပြောနိုးကြည့်နေကြသည်။
“ဘွားမေးနေတာကိုပြောကြလေကွယ်…”
ဘွားမယ်စိန်အသံကအနည်းငယ်မာလာသည်။
ဒါကိုသတိထားမိသောမောင်အုန်းက
ကြောက်ကြောက်လန့်လန့်ဖြင့်…
“ကျုပ်တို့နှစ်ယောက်က မြွေအလမ္ပာယ်ပြတာကို
မနေ့ကလိုပဲသွားကြည့်တာပါဘွား…အဲ့မှာ…ရှင်ညိုတို့နဲ့ဆုံခဲ့တာပါ…”
ဟုပြောလေသည်။
“ဒါပဲလား… မောင်ရင့်အဖြေက”
“မ…မဟုတ်ပါဘူးဘွားရယ်…
အဲ့သည်ပွဲမှာ မြွေအလမ္ပာယ်ပြတဲ့ဆရာထွန်းပေါ်က
ရှင်ညိုကိုပဲကြည့်နေလို့ မောင်တိုးက ဒေါသထွက်နေတာပါ…ကျူပ်ကတော့ရန်ဖြစ်မှာဆိုးလို့ မြွေအလမ္ပာယ်ပြတာတောင်မကြည့်နိုင်ဘဲ ဒီကောင့်ကို ထိန်းနေရတာဗျ…
ဒီကောင်ကလည်းဘွားသိတဲ့အတိုင်းသူ့ညီမတွေကိုကြည့်ရင်ကြိုက်တဲ့အကောင်မဟုတ်တော့ ကျုပ်က
ရန်ဖြစ်မှာစိုးရိမ်တာပါ…အဲ့သည်လိုထိန်းနေတုန်းမှာ
မြွေကထဖောက်လို့ပွဲပျက်ပြီးပြန်လာကြရတာပါ…
တခြားတေ့ဘာမှမဖြစ်ခဲ့ပါဘူးဘွား…”
ဟု…မောင်အုန်းက အကြောင်းစုံပြောပြရှာသည်။
မောင်တိုးကလည်း မောင်အုန်းပြောတာဟုတ်မှန်ကြောင်း
ခေါင်းညိတ်လေသည်။
“ကဲ…ဒီဘက်ကတစ်ယောက်ကရော…
ဘာမှပြောစရာမရှိတော့ဘူးလား…”
ဟု…ဘွားမယ်စိန်က ရှင်ညိုကိုကြည့်၍ မေးပြန်သည်။
“ရှင်ညိုက ပွဲလာကြည့်ယုံတင်ပါဘွားရဲ့…
သူဘာမှမလုပ်ပါဘူးဗျာ…ကျုပ်တို့ဘေးမှာပဲ
တစ်ချိန်လုံးရှိနေတာပါ…”
မောင်တိုးစကားကိုဘွားမယ်စိန်ကခေါင်းကိုရမ်းလိုက်သည်။
“မဟုတ်တာကွယ်…သူလည်းအမှားလုပ်ထားပါတယ်…
ကဲ…ရှင်ညို…ညည်းဘွားကိုမပြောတော့ဘူးလား”
“ဗျာ…”
ဘွားမယ်စိန်စကားကို မောင်တိုးနဲ့မောင်အုန်းမှာ
စဥ်းစားမရဘဲဖြစ်နေကြသည်။
ရှင်ညိုက…
“ဟုတ်ပါတယ်…အဘွားထင်တာမှန်ပါတယ်…
ကျုပ်အမှားလုပ်မိပါတယ်အဘွား…”
“ဟေ…”
“ဟင်…”
ရှင်ညိုကအမှားလုပ်မိကြောင်းဝန်ခံတော့
မောင်တိုးနဲ့မောင်အုန်းထံမှအံ့သြသံများထွက်လာခဲ့သည်။
“ဟုတ်တယ်ကိုကြီးတိုးတို့…
ကျုပ်စောစောက မြွေအလမ္ပာယ်ဆရာကိုအမြင်မကြည်တာနဲ့ မြွေဆီကိုပညာစက်နဲ့တိုက်လိုက်မိတယ်…
အဲ့တာကြောင့်ပဲ မြွေက သူ့ဆရာကိုထပေါက်တာပေါ့”
“ဟာ…”
“ညည်းအေ…မလုပ်သင့်တဲ့အမှားကိုလုပ်လာပြန်ပြီ…
မြွေဆရာကပါးနပ်လို့သာ အသက်မသေတာအေ့…
ညည်းတိုက်တဲ့မြွေသာပေါက်မိလိုက်ကြည့်ပါလား…
ပေါက်မိတဲ့သူအတွက်ဆေးဆိုတာရှိမှာမဟုတ်ဘူး…
နေရာမှာတင်…တုံးခနဲသေမှာရှင်ညိုရဲ့….”
ဟု…ဘွားမယ်စိန်က ရှင်ညိုကို ဆူတော့သည်။
ရှင်ညိုလည်း ကိုယ့်အပြစ်နဲ့ကိုယ်ပေမလို့
ခေါင်းကိုငုံ့ထားကာအဆူခံနေရှာသည်။
မောင်တိုးတို့ဒေါ်ဝင်းတို့မှာ ရှင်ညိုကိုကြည့်ပြီး
သက်ပြင်းသာချနိုင်ရှာတော့သည်။
“မနက်ဖြန်အဲ့သည် ဆရာကိုညည်းကိုယ်တိုင်
သွားပြီးတောင်းပန်ချေ…ကြားလားရှင်ညို….”
“ဟုတ်ကဲ့အဘွား”
“ဘွား…အဲ့သညျဆရာဆီရှငျညိုကျိုတော့
တစ်ယောက်ထဲမလွှတ်လိုက်ပါနဲ့ဗျာ…
ကျုပ်တို့ကောအတူလိုက်သွားပါ့မယ်ဗျ…”
“ဒါကတော့မောင်ရင်တို့သဘောပဲကွယ်…”
မောင်တိုးတို့က မြွေအလမ္ပာယ်ဆရာထွန်းပေါ်ထံသို့
ရှင်ညိုကိုတစ်ယောက်ထဲမသွားခိုင်းချင်ကြပေ။
ဒါကြောင့်သူတို့ပါအတူလိုက်မည်ဟုပြောကြ၏။
နောက်တစ်နေ့နံနက်၌ ရှင်ညိုနဲ့မောင်တိုး၊မောင်အုန်းတို့
ဘုန်းကြီးကျောင်းသို့ရောက်လာခဲ့သည်။
“ဟာ…ကိုကြီးတိုးတို့ မကြီးရှင်ညိုတို့ပါလား…
ဆရာတော့်ဆီလာကြတာလား”
ဘုန်းကြီးကျောင်းသားငသွင်ကကျောင်းထဲဝင်လာသော
မောင်တိုးတို့ဆီကိုအပြေးလာကာမေးရှာသည်။
“ဆရာတော်ဆီကိုလာတာမဟုတ်ဘူးငသွင်ရ…
ဒီကျောင်းမှာတည်းတဲ့ မြွေအလမ္ပာယ်ဆရာ
ကိုထွန်းပေါ်ဆီကိုလာကြတာကွ…သူတို့ကော ရှိကြလား”
ဟု…မောင်အုန်းကပြောတော့…
“ဗျာ…သူတို့ကဖြင့် မနေ့ညနေကတည်းက
ပြန်သွားကြပြီဗျ…ဘာများဖြစ်လို့လဲကိုကြီးအုန်းရဲ့”
“ဟေ…”
ငသွင်စကားကြောင့် မောင်တိုးတို့မှာတစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကြလေသည်။
“သူတို့ပြန်သွားပြီဆိုတော့ ကျုပ်တို့လာရင်း
ကိစ္စပြီးပြီပေါ့ကိုကြီးတိုး…”
ဟု…ရှင်ညိုကမေးတော့ မောင်တိုးကစဥ်းစားသည်။
ပြီးလေတော့ပြုံး၍…
“အေး…သူတို့ပြန်သွားပြီဆိုတော့…နင်လည်းသူတို့ကိုတောင်းပန်စရာမလိုတော့ဘူးပေါ့ရှင်ညို…
ကဲ…ငါတို့လည်းပြန်ကြတာပေါ့ဟာ…”
“ငသွင်ရေ…ငါတို့ပြန်ပြီဟေ့”
မောင်တိုးတို့သုံးယောက် ဘုန်းကြီးကျောင်းထဲမှ
ပြန်ထွက်သွားကြရာ.ငသွင်မှာ သူတို့ကိုကြည့်ပြီး
နားမလည်ဖြစ်နေခဲ့ရှာသည်။
လမ်း၌…
“ဒီလူ့ကြည့်ရတာ ရှက်ပြီး ပြန်သွားပုံရတယ်ဟ…”
“ဟုတ်လောက်မယ်ဗျ…သူ့မြွေက ထဖောက်တာဆိုတော့
သူလည်း ရှက်သွားလောက်မှာ…
နောက်ပြီး ရှင်ညိုရဲ့အရှေ့ဆိုတော့ပိုပြီး ရှက်မယ်
ထင်ပါရဲ့ဗျာ…”
“ဘာပဲဖြစ်ဖြစ်ငါကတော့ကျေနပ်တယ်ကွာ…”
မောင်တိုးနဲ့မောင်အုန်းတို့ပြောနေသည်များကိုနားထောင်ပြီးရှင်ညိုကပြုံးလေသည်။
“ဒါနဲ့…အဘွားကို ကျုပ်တို့ဘယ်လိုပြောရမလဲ…
ပြန်သွားပြီလို့ပဲပြောရမလား…
တောင်းပန်ခဲ့ပြီလို့ပြောရမှာလား…”
“ဘွားဆူမှပဲနင်ကကြောက်တော့တယ်ရှင်ညို…
အခုက သူတို့အဖွဲ့က ပြန်သွားပြီပဲဟာ…
ပြန်သွားကြပြီလို့ပဲ အမှန်တိုင်းပြောလိုက်ပေါ့”
“အဘွားက ကျုပ်ကိုထပ်ဆူမှာစိုးလို့ပါ
ကိုကြီးအုန်းရယ်…”
“နင့်ကို ဘာမှမဆူစေရပါဘူး…
စိတ်ချငါတို့ဝိုင်းပြောပေးပါ့မယ်”
မောင်တိုးစကားကိုရှင်ညိုက ပြုံး၍
ခေါင်းညိတ်လိုက်သည်။
ဘွားမယ်စိန်တို့အိမ်ဝိုင်းထဲကို မောင်တိုးတို့ဝင်လာခဲ့ရာ
ကွပ်ပျစ်ခင်း၌ထိုင်နေသော လူတစ်ယောက်ကိုမြင်တော့
မောင်တိုးတို့အံ့သြသွားခဲ့သည်။
ထိုသူကလည်းဘွားမယ်စိန်နှင့်စကားပြောနေရင်းမှ
မောင်တိုးတို့ကို လှမ်းကြည့်လေသည်။
“ဆရာကိုထွန်းပေါ်…”
မောင်အုန်းက အံ့သြပြီးခေါ်လေတော့ ကိုထွန်းပေါ်က
ခေါင်းညိတ်ပြီးပြုံးပြသည်။
“ခင်ဗျားတို့အဖွဲ့…ပြန်သွားကြပြီဆို…
အခု ဘယ်ကဘယ်လိုပြန်ရောက်လာတာလဲ”
“ကဲပါကွယ်…မောင်ရင်တို့အရင်လာထိုင်ကြပါဦး…
ဘွားပြောပြပါ့မယ်”
ဘွားမယ်စိန်ကပြောတော့ မောင်တိုးတို့လည်း
ကွပ်ပျစ်ခင်း၌ ဝင်ထိုင်လိုက်ကြသည်။
ကိုထွန်းပေါ်က ရှင်ညိုကိုကြည့်ပြီးပြုံးပြလေသည်။
ရှင်ညိုကတော့ မျက်နှာထားတည်တည်ကြီးဖြင့်သာ
ကိုထွန်းပေါ်ကိုကြည့်နေခဲ့၏။
“တစ်နေ့က ကျုပ်မြွေ ထဖောက်လို့…
ပြကွက်တွေတောင် သေချာမပြလိုက်ရဘူးဗျာ…
နောက်တစ်ခါတော့သေချာထပ်ပြချင်ပါသေးတယ်…”
ဟု…ရှင်ညိုကိုကြည့်ပြီး ကိုထွန်းပေါ်ကပြောလေသည်။
“အဲ့တာထားပါ…ပြန်သွားပြီဆိုပြီး…
ခင်ဗျားက ဘယ်ကနေဘယ်လိုပြန်ပေါ်လာရတာလဲ”
မောင်တိုးကမေးတော့ ကိုထွန်းပေါ်က ခေါင်းညိတ်ပြီး…
“ကျုပ်လည်း အဲ့သည်နေ့ကဘာဖြစ်မှန်းမသိဘူးဗျာ…
ကျုပ်မြွေကထဖောက်တာဆိုတော့ ပညာသည်တစ်ယောက်ရဲ့လက်ချက်ဆိုတာကျုပ်သိပါတယ်…
ဒါပေမယ့် ရှက်စိတ်ကြောင့်ပဲ ပစ္စည်းတွေသိမ်းပြီး
ကျုပ်တပည့်တွေနဲ့တစ်ရွာကိုပြောင်းခဲ့ကြတာပါ…
အဲ့ရွာကိုရောက်တော့မှ သေချာစဥ်းစားမိပြီး…
ဟောသည်က အမေကြီးဆီကိုပြန်လာခဲ့မိတာပါ…
ဘွားမယ်စိန်ဆိုတာကလည်း ဒီနယ်မှာ
မသိသူမရှိဘူးမဟုတ်လားဗျ…”
“ဟုတ်တယ်ကွဲ့…
ဘွားကိုသူကအကြောင်းစုံပြောပြပြီးသလို…
ဘွားကလည်း သူ့ကိုဖြစ်သမျှအကြောင်းစုံကို
ပြောပြပြီးပါပြီကွယ်…ဒီသူငယ်က
လူကောင်းလေးပါကွယ်…”
ဘွားမယ်စိန်ကပြောတော့ မောင်တိုးတို့လည်း
ကိုထွန်းပေါ်တစ်ယောက်ဘွားမယ်စိန်ကို မည်သို့
သိမ်းသွင်းလိုက်လေသလဲဟု စဥ်းစားနေကြတော့သည်။
“ကျုပ်တောင်းပန်ပါတယ်ညီမ…
ကျုပ်ကညီမထင်သလို…
မကောင်းတဲ့လူမဟုတ်ပါဘူးကွယ်…အမှန်တိုင်းပဲ
ဝန်ခံရရင်…ညီမကိုစိတ်ဝင်စားမိလို့သာ ကြည့်မိခဲ့တာပါ…
အဲ့သည် အတွက်လည်းတောင်းပန်ပါရစေ…”
ဟု…ကိုထွန်းပေါ်သည် ရှင်ညိုအားတောင်းပန်ရှာသည်။
ရှင်ညိုကခေါင်းညိတ်၍…
“ရပါတယ်…အမှန်က ကျုပ်တို့ကလည်း
ရှင်တို့တည်းတဲ့ဘုန်းကြီးကျောင်းကိုသွားတာက
မနေ့ကအတွက်တောင်းပန်ချင်လို့ပါ…
ကျုပ်ရဲ့ဒေါသကြောင့်လူတစ်ယောက်အသက်ကို
ရန်ပြုသလိုဖြစ်သွားခဲ့ပါတယ်…
ကျုပ်ဘက်ကလည်းတောင်းပန်ပါတယ်…”
ရှင်ညိုရဲ့တောင်းပန်စကားကိုကြားတော့
ကိုထွန်းပေါ်ကခေါင်းညိတ်၍ ပြုံးလေသည်။
“ကျုပ်ဘက်ကလည်းခွင့်လွှတ်ပါတယ်ညီမ…
ဒါဆိုရင် ကျုပ်တို့အချင်းချင်း ကျေပြီပေါ့နော်…”
ရှင်ညိုပြုံးပြလိုက်သည်။
ကိုထွန်းပေါ်ကလည်း ကျေနပ်နေရှာ၏။
ခဏမျှကြတော့ ကိုထွန်းပေါ်က အားလုံးကို
နှုတ်ဆက်ပြီး သူ၏တပည့်များရှိရာရွာဆီသို့
ထွက်သွားလေတော့သည်။
ကိုထွန်းပေါ်ပြန်သွားလေတော့မှ…
“မောင်ထွန်းပေါ်က မြွေအလမ္ပာယ်ဆရာကြီး
တစ်ယောက်ရဲ့သားပဲကွဲ့…သူ့အဖေပညာကိုဆက်ခံပြီး
အခုလိုပညာနဲ့နယ်လှည့်နေတဲ့သူပါ…
သူတတ်တဲ့ပညာနဲ့ဝမ်းစာရှာနေတဲ့သူမို့ဘွားကတော့
သဘောကျတယ်ကွယ်…”
ဟု…ပြောရှာသည်။
“ဒါဆို…မြွေနိုင်ဆေးမြစ်က အမှန်ပေါ့နော်ဘွား”
“အင်း…မြွေနိုင်တယ်ဆိုတာထက်
မြွေဆိပ်ကို ကုဖို့ဆေးမြစ်ပါကွယ်…
အဲ့သည်လိုပြောမှပဲလူတွေကဝယ်ကြမှာမဟုတ်လားကွဲ့…”
“သွားပါပြီဗျာ…ဒီကောင့်ကြောင့် ကျုပ်အဲ့သည်
ဆေးမြစ်ကိုမဝယ်လိုက်ရဘူး…တောက်…
နှမြောလိုက်တာဗျာ…”
မောင်အုန်းခမျာ မြွေနိုင်ဆေးမြစ်ကိုမဝယ်လိုက်ရ၍
တောက်တစ်ခေါက်ခေါက်ဖြင့် ဖြစ်နေခဲ့ရှာသည်။
မောင်တိုးကလည်း သူ့ဘက်သို့လှည့်ကာ
ရန်လုပ်မည်စိုး၍ အသံတိတ်ထိုင်နေရှာတော့သည်။
ကိုထွန်းပေါ်ကလည်းသူ့ရဲ့ဘဝအကြောင်းကို
ဘွားမယ်စိန်ကိုအမှန်တိုင်းပြောပြသွားတာကြောင့်
ဘွားမယ်စိန်က ကိုထွန်းပေါ်ကို သဘောကျခြင်းဖြစ်သည်။
မိခင်အိုကြီးကိုလုပ်ကိုင်ကျွေးမွေးနေသော မြွေအလမ္ပာယ်ဆရာကိုထွန်းပေါ်အား အကြောင်းသိကြသူတိုင်း
သဘောကျကြမည်ဖြစ်သည်။
ထိုသို့ဖြင့် မြွေဆရာကိုထွန်းပေါ်ကတော့ နှယ်လှည့်၍
မြွေအလမ္ပာယ်ပြနေခဲ့ပြီဖြစ်၏။
ဘွားမယ်စိန်လည်း ရှင်ညိုကိုစိတ်မဆိုးခဲ့သလို…
ရှင်ညိုမှာလည်း နောက်နောင် သူ့ရဲ့ဒေါသကိုထိန်းနိုင်ဖို့
ကြိုးစားမည်ဟု ဆုံးဖြတ်ထားရှာသည်။
ဇာတ်လမ်းလေးကလည်းဒီမှာပဲပြီးဆုံးခဲ့ပါတယ်ရှင်။
ယဥ်မင်း(ကန့်ဘလူ)
အောက်မှာဖော်ပြပေးထားတာကစာရေးသူရဲ့
ဘွားမယ်စိန်စာမူများကိုတင်ဆက်ပေးနေတဲ့pageနဲ့accတွေပါရှင်….