ရတနာစုသူများ(စ/ဆုံး)
———————
ခြံထဲမှာအလုပ် လာလုပ်တဲ့မိသားစုလေးပါ။
လင်မယားနှစ်ယောက်နဲ့အတူပါလာတဲ့ ကလေးတွေကကြီးစဥ်ငယ်လိုက်လေးတွေ။
ဗုံလေးတွေတန်းစီထားသလိုပါလား။
သမီးအကြီးဆုံးကအသက်နှစ်ဆယ်။
သူကအိမ်ထောင်သည်။
သူ့မှာ သုံးနှစ်အရွယ်
ကလေးတစ်ယောက်ရှိတယ်။
သူ့အောက်ကကောင်လေးကဆယ့်ခြောက်နှစ်။
အမွှာပူးနှစ်ယောက်က ယောင်္ကျားလေးတွေအသက်ဆယ်နှစ်ခန့်။
ကျန်တဲ့သုံးယောက်ကရှစ်နှစ်တစ်ယောက်။
နောက်နှစ်ယောက်ကငါးနှစ်နဲ့သုံးနှစ်တဲ့။
ကျမက သူမ ကိုအသက်ဘယ်လောက်ရှိပြီလဲ လို့မေးတော့
သူမကအသက်ကသုံးဆယ်ခုနှစ် နှစ်တဲ့။
အမျိုးသားကလေးဆယ် တဲ့။
သူမအသက်ဆယ့်ခြောက်နှစ်မှာအိမ်ထောင်ကျတယ် တဲ့။
ကျမ တွေးနေမိတယ်။
ဆယ့်ခြောက်နှစ်ကအိမ်ထောင်ကျပြီး။
အသက်သုံးဆယ့်ခုနှစ်နှစ်မှာကလေးခုနှစ်ယောက်ကို
ဘယ်လိုအားအင်
ဘယ်လိုသတ္တိ
ဘယ်လိုခွန်အား တွေနဲ့
မွေးလိုက်တာလဲ။
သူတို့စီးပွားရေးကိုကြည့်လိုက်တော့လည်း လက်လုပ်လက်စားတွေ။
အလုပ်အကိုင်ကခိုင်ခိုင်မာမာအတည်တကျရှိနေတာလည်းမဟုတ်ဖူး။
ကျမတို့ခြံကအမှိုက်တွေကိုရှင်းလင်းပြီးရင်
တခြားကအလုပ်ရှိရင်သွားလုပ်မယ်။
ခြံရှင်ကဆန် နဲ့အသီးအနှံပေးရင်ယူသွားမယ်။
ဒီအမျိုးသမီးရဲ့အသက်အနေထားအရဆိုရင်
ကျမတို့နိုင်ငံမှာသားဆက်ခြားစီမံကိန်းရှိနေပါပြီ။
သူခေတ်မမှီတာလား။
သားသမီးများတာကိုနှစ်သက်နေတာလား။
ဂုဏ်ယူနေတာလား။
နည်းနည်းတော့လွဲနေပြီလို့ကျမထင်တယ်။
ကျမအမြင်ကတော့ခေတ်စနစ်အရ
စီးပွားရေးအခြေအနေအရမိသားစုတစ်ခုမှာသားသမီးအများကြီးမရှိသင့်ဘူးလို့ထင်တယ်။
ဒီဘက်ခေတ်မှာသားသမီးမလိုချင်ရင်လည်းရတယ်။
လိုချင်ရင်လည်းရတယ်။
ခေတ်မှီဆေးဝါးတွေဆိုတာအများကြီး။
စီးပွားရေးလည်းကောင်းတယ်။
ချမ်းသာတယ်ဆိုရင်မွေးပါ။
လက်ခံတယ်။
တချို့လူတွေကပြောကြတယ်။
သားသမီးများတာ ရတနာ တဲ့။
ဒါပေမယ့် ခေတ်စနစ်ကိုပြန်ကြည့်ရမယ်.။
.စားဝတ်နေရေး ရုန်းကန်ရလွန်းလို့ ကလေး တစ်ယောက်လောက်နဲ့တောင် စိတ်ပျက် လက်ပျက်ဖြစ်နေကြတဲ့သူတွေ ဒုနဲ့ဒေးပါ။
ကျမတို့မိဘများခေတ်တုန်းကတော့သားသမီးတွေအများကြီးမွေးဖွားကြတယ်။
ဟုတ်ပါတယ်။
မိဘ လုပ်စာတစ်ခုတည်းနဲ့ရပ်တည်နိုင်ခဲ့ကြတယ်။
နေရေးထိုင်ရေးလည်းမပူပင်ရဘူး။
စားဝတ်နေရေးအခက်အခဲဆိုတာလည်း နည်းပါးတယ်။
ကြပ်တည်းမှု့က ရှားတယ်လေ။
မန္တလေးမြို့ကမိတ်ဆွေတစ်ယောက်မှာဆို သားသမီးဆယ့်နှစ်ယောက်မွေးထားတာတွေ့ဖူးတယ်။
ဟိုဘက်ခေတ်ကနော်။
ပန်းကန်စင်ပေါ်ကပန်းကန်ပြားတွေနောက်မှာ
တစ်နှစ်သုံးလေး
နံပါတ်စဥ်တွေရေးပြီးထားတာ။
ထမင်းစားပြီးရင်စားပြီးတဲ့သူရဲ့ပန်းကန်ပြားကအောက်ကစင်ပေါ်မှာထားရတယ်။
အပေါ်မှာကျန်တဲ့နံပါတ်တွေကမစားရသေးတဲ့သူတွေ။
သူတို့တွေစီးတဲ့စက်ဘီးတွေဆိုနံပါတ်စဥ်တွေတပ်ပြီးခြံဝန်းထဲမှာအစီအရီနဲ့။
ကျမတို့မြို့မှာ ကျမတို့အိမ်အနီးအနားမှာ ဆယ့်လေးယောက် မွေးထားတဲ့မိသားစုရှိတယ်။
သူတို့အိမ်မှာ အလှူရှိရင် သူတို့မိသားစုနဲ့ကို အလှူစားပွဲဝိုင်းသုံးဝိုင်းစာဖြစ်နေပြီ။
နှစ်ထပ်အိမ်အကြီးကြီးမှာအခန်းတွေအများကြီးနဲ့ ။
စျေးသွားဝယ်ရင်အညာခြင်းတောင်းကြီးအပြည့်ဝယ်ရတာ။
စျေးကအပြန်ဆိုက်ကားပေါ်မှာကလေးဆယ့်လေးယောက်မွေးထားတဲ့အဒေါ်ကြီးကဝတုတ်ကြီး ။
ဆိုက်ကား ထိုင်ခုံကသူကိုယ်လုံးနဲ့မဆံ့ ဘူး။
ဆိုက်ကားဆရာကဆိုဖာခုံနှစ်ထပ်ဆင့်ပြီးမှသူ့ကိုထိုင်စေတဲ့အခါ။
သူ့ခန္ဒာကိုယ်ကြီးကဆိုက်ကားပေါ်မှာငွားငွားစွင့်စွင့်နဲ့။
ဆိုက်ကားနောက်ဖက်မှာ
စျေးထဲကဝယ်လာတဲ့အစားအသောက်တွေကအညာခြင်းကြီးအပြည့်အမောက်ဝယ်လာခဲ့တာမြင်ခဲ့ရဖူးတယ်။
ကလေးတွေများလို့ထမင်းငတ်ပြီးသေတဲ့မသာမရှိဘူး ဟေ့
ဆိုပြီးတော့တောင်ပြောနေကြ
တယ်။
အဲဒီခေတ်တုန်းကတော့မိသားစုတစ်စုမှာကလေးနှစ်ယောက်လောက်ပဲမွေးတယ်ဆိုတာရှိတော့ရှိတယ် ရှားတယ် လို့ပဲဆိုကြပါစို့။
ကျမတို့ဆိုညီအမငါးယောက်ရှိတယ်။
အဖေကဝန်ထမ်းပါ။
ကျမတို့အဖေ ရဲ့လခတစ်ရာကျော်လေးနဲ့ လောက်ငှခဲ့တယ်။
ကျမအောက်ကညီမနှစ်ယောက်
ကအမွှာပါ။
သူတို့မွေးတုန်းကဆိုဆန်တစ်ပြီငါးကျပ်…
ကျောက်တိုင်တံဆိပ်နို့ဆီဗူးတစ်ဗူးငါးကျပ် ခေတ်ပါ။
ဒီလိုပဲလောက်ငှအောင်စားသောက်ခဲ့ကြရတာပါပဲ။
ဟိုဘက်ခေတ်တုန်းတော့စီးပွား
ရေးကို ဒီဘက်ခေတ်မှာလို ကျားစီး ဖားစီး ရှာဖွေနေစရာမလိုဘူးလေ။
ကျမတို့အမေကအပြင်မှာဘာအလုပ်မှထွက်မလုပ်ရဘူး။
အိမ်ထောင်ဦးစီး အဖေ့ဝင်ငွေတစ်ခုထဲနဲ့ ကျမတို့မိသားစုရပ်တည်နိုင်ခဲ့တယ်။
ခုခေတ်များနဲ့တော့မတူတော့ဘူး.
ပြောင်းလဲသွားတယ်.။
ကွာခြားသွားတယ်ပေါ့။
.
.
.
သူမ ကတော့ပြောပါတယ်။
ကလေးတွေကိုပညာတတ်တွေဖြစ်စေရမယ်တဲ့။
သူတို့ကပညာမတတ်ကြဘူးတဲ့။
ဒါကြောင့်သူတို့ကလေးတွေကို
ပညာတွေတတ်ကြီးတွေဖြစ်ဖို့အများကြီးတွေးထားတယ်တဲ့။
မိဘရဲ့သားသမီးအပေါ်ထားတဲ့မျှော်လင့်ချက်ပေါ့လေ။
မိဘရဲ့မာန်ပေါ့။
လောလောဆယ်မှာတော့မိဘနဲ့အတူခြံထဲကအလုပ်တွေကိုဝိုင်းကူလုပ်နေတာတွေ့ရတယ်။
သူ့တို့မိသားစုလေးကိုကြည့်လိုက်ပြန်တော့လဲ
ကလေးတွေကအာဟာရမပြည့်ဝတဲ့အနေအထားလေးတွေ တွေ့ရတယ်။
အငယ်ကလေးတွေဆိုရင်ဦးခေါင်းကြီးကြီး ဗိုက်ကလေးတွေပိန်ပိန်နဲ့။
ကျမတို့ခြံထဲမှာက ကျွဲကော်သီးတွေအပင်ကကြွေကျရင် လေကြွေသီး လို့ခေါ်တယ်။
ရောင်းတန်းမဝင်ဘူး။
ခါးတဲ့အရသာရှိလို့ဘယ်သူမှမစားကြဘူး။
ကလေးတွေက မြေပေါ်မှာကြွေကျနေတဲ့ကျွဲကောသီးတွေကို တနေရာမှာ စုထားတာတွေ့တယ်။
ထမင်းစားချိန်ရောက်တော့သူတို့ထမင်းစားဖို့ပြင်ဆင်ကြတယ်။
မြီးတံသွယ်ငါးခြောက်လေးတွေကိုကြော်ထားတယ်။
ရုံးပတီသီး
ငြုပ်သီးစိမ်း
ချဥ်ပေါင်ရွက်ကို
ပုစွန်ငပိ ထည့်ပြီးချက်ထားတဲ့အရည်ဟင်း တစ်ချိုင့်ကြီးတွေ့တယ်။
ပင်စိမ်းရွက်ပါထည့်ချက်ထားတယ်နဲ့တူတယ်။
အနံ့လေးကမွှေးနေတယ်။
“ဆရာမ ကျမ ဟိုရေပုံးထဲကကန်စွန်းရိုးနီ နည်းနည်းလောက်ယူမယ်နော်
တို့စရာ စားချင်လို့”
အုပ်ကန်နားကရေပုံးထဲမှာကန်စွန်းရိုးနီတွေရေစိမ်ထားတာသူမ တွေ့သွားပုံရတယ်။
ကျမအိမ်ပေါ်ခဏတက်လိုက်တယ်…။
လက်ဖက်သုတ်ကိုဇလုံနဲ့ပဲထည့်သုတ်လိုက်တယ်။
ပုစွန်ခြောက်အနည်းငယ်ပိုထည့်လိုက်တယ်။
ဆီရွှဲရွှဲလေးနဲ့စားပါစေ။
ကလေးတွေရဲ့မျက်လုံးတွေကကျမယူလာတဲ့လက်ဖက်ဇလုံဆီ
ကမခွာတော့ဘူး။
ကျမခပ်လှမ်းလှမ်းကကြည့်နေမိတယ်။
ကလေးတွေက ဇလုံထဲကလက်ဖက်သုတ်ကို
ထမင်းနဲ့နယ်စားနေတာများ
တစ်ယောက်ကိုတစ်ယောက်အကြည့်ချင်းတောင်မဆုံကြဘူး။
သူတို့အမေက
“ငါးခြောက်ကြော်တွေကျန်သေးတယ်
ညနေစာမပူရတော့ဘူး “.ဆိုပြီးပြောသံကြားတယ်။
ထမင်းစားပြီးတော့ခဏအနားယူကြတယ်။
နာရီဝက်ခန့်အကြာမှာတော့
သူတို့မိသားစုခြံထဲကအလုပ်တွေကိုပြန်လည်လုပ်ကြတယ်။
အုပ်ရေကန်နားကဇလားကြီးထဲမှာရေစိမ်ထားတဲ့ခန်းဆီးလိုက်ကာတွေ ကို
သူမ နဲ့သမီးအကြီးမလေးတို့အတူကူညီလျှော်ပေးတယ်။
“ကျမတို့ကသူများခြံထဲမှာခဏနေရတာ
အခုခြံရှင်ကခြံကိုရောင်းတော့မယ်တဲ့ဆရာမရယ်
ကိုယ်မသိတဲ့နေရာတွေမှာသွားနေပြန်ရင်လဲအလုပ်လုပ်စားရဖို့က မလွယ်ဘူးလေ
ဒီမှာကကိုယ်နဲ့သိနေတဲ့သူတွေချည်းဆိုတော့ အလုပ်လွယ်တယ်
နေဖို့နေရာရှာရဦးမယ်”
ကျမပြောချင်လိုက်တာလေ။
ကလေးတွေဘာလို့ဒီလောက်အများကြီးမွေးရတုန်း လို့။
ဘယ်ခေတ်မှာနေ နေတာလဲ လို့
မိဘတွေဆိုတာ
ကလေးတွေကိုမွေးရုံကျွေးရုံနဲ့တင်မဟုတ်ဖူး။
မိဘတာဝန်ကျေဖို့လိုသေးတယ်။
သူတို့လေးတွေဘဝ လှပဖို့
မိဘတွေမှာအများကြီးတာဝန်ရှိတယ်။
လူတန်းစေ့ထားနိုင်ဖို့အများကြီးလိုအပ်တယ်။
အပြင်မှာတော့တချို့ကလေးတွေကကျူရှင်ယူနေကြပြီ။
ကျောင်းဖွင့်ရင်
ကိုယ်တက်ရမဲ့အတန်းအတွက်ပြင်ဆင်နေကြပြီ။
ဒီက ကလေးတွေမှာတော့
ခြံပိုင်ရှင်ကခြံရောင်းလိုက်ရင်
ငါတို့ဘယ်ကိုပြောင်းနေရမှာလဲ။
ဘယ်ခြံကများ ငါတို့မိသားစုကိုအလုပ်ခေါ်ဦးမှာလဲ။
အလုပ်မရှိတဲ့ ရက်များမှာကော။
နေဖို့အတွက်ကအဓိကဆိုပေမယ့်လဲ
စားဖို့ကလိုသေးတယ်။
ကျမမှာသူတို့အတွက်မဆီမဆိုင်တွေးပူပန်နေမိတယ်။
ညနေစောင်းတော့
သူတို့မိသားစုပြန်ဖို့ပြင်ဆင်နေကြပြီ။
ကျွဲကောသီး
လေကြွေသီးတွေကို
လျှော်အိပ်ထဲထည့်ပြီး သူတို့ယူသွားမယ်တဲ့။
ကျမကလှမ်းသတိပေးလိုက်သေးတယ်။
“ကလေးတွေကိုအများကြီးမစားစေနဲ့ ဗိုက်မကောင်းဖြစ်မယ်”
ကလေးတွေအမေက
ကျမကိုတစ်စုံတစ်ခုပြောလိုဟန်နှင့်အနားကိုတိုးလာတယ်။
သူထမင်းစားပျက်တယ်တဲ့။
ထမင်းစားကောင်းစေမယ့်အားဆေး အိမ်ကဆရာဝန် ကိုတစ်ချက်မေးကြည့်ချင်လို့ပါတဲ့။
ဆရာမ မေးပေးပါတဲ့။
ကျမကနားမလည်ဟန်ပြုတာကြောင့်
သူမ က
“ကျမမှာကိုယ်ဝန်ရှိနေပြီဆရာမ”
အယ်..ဟယ်..ဟယ်
မြတ်စွာဘုရား။
ငါနားကြားများလွဲသလား။
ကျမခြေတစ်လှမ်း နောက်ကိုဆုတ်သွားပါတယ်။
အာဂ မိခင်ပါလား။
ခေတ်မှီသူတိုင်း ကလေးတစ်ယောက် နှစ်ယောက်လောက်ပဲ
မွေးကြတဲ့ခေတ်ကြီးမှာဘယ်လိုများ။
ကျမ ချီးကျူးဂုဏ်ပြုထိုက်သူထဲမှာသူမကိုထည့်ရတော့မှာလား။
ဒါနဲ့ပဲ အိုဗီမင် ကိုယ်ဝန်ဆောင်အားဆေးသုံးကဒ်သူ့လက်ထဲထည့်ပေးလိုက်ပါတော့တယ်။
ချစ်တဲ့ကမ္ဘာမြေ ရတနာများဖြင့်အလှဆင်နိုင်ပါစေ။
.
.
.
.
.
.
#ခင်လှမြတ်ခိုင်