ထိုခဏ(စ/ဆုံး)
————-
လမ်းလျှောက်လာတဲ့ကိုချစ်ကြည်တစ်ယောက်
လမ်းမှာအမျိုးသမီးတစ်ယောက်နဲ့ဆုံတော့
တစ်ယောက်နဲ့တစ်ယောက် ကွက်ကြည့်ကွက်ကြည့်နဲ့
ကြည့်ရင်းကျော်သွားတော့မှပြန်လှည့်လာကြပြီး
တစ်ယောက်နဲ့တစ်ယောက်လက်ညှိုးထိုးလို့
“နင်”ဆိုတဲ့စကားပြိုင်တူထွက်လာတယ်။
အမျိုးသမီးက”နင်ချစ်ကြည်မဟုတ်လား”ဆိုတော့
ကိုချစ်ကြည်က
“အေး ဟုတ်တယ် နင် ပပထွန်းမဟုတ်လား”ဆိုတော့
တစ်ဘက်အမျိုးသမီးက
“အေးဟုတ်တယ် နင်ဒီကိုဘယ်လိုရောက်နေတာလဲ
အလည်လာတာလား”
“မဟုတ်ဘူးဟ ငါဌာနရာထူးတိုးနဲ့ပြောင်းလာတာ
နင်ကရော”
“ငါကဒီမြို့မှာပဲနေတာဟ
—–ရပ်ကွက်—–လမ်းမှာနေတယ်။
နင်အားရင်လာလည်လေဟာ”
“အေးပါ ငါက—ဌာနကဝန်ထမ်းအိမ်ရာမှာနေတာ
တစ်မြို့တည်းနေတာပဲဟာ နောက်တော့တွေ့မှာပေါ့
သွားမယ်နော်”ကိုချစ်ကြည်နှတ်ဆက်လို့လမ်းခွဲခဲ့ပါတယ်။
ကိုချစ်ကြည်နဲ့ပပထွန်းက ရန်ကုန်မှာ
အထကကျောင်း ကိုးတန်းဆယ်တန်း
အတူတက်ခဲ့ကြတာထိုင်တဲ့ခုံကလဲရှေ့ခုံနောက်ခုံ
ပပထွန်းကမျက်ခုံးကောင်း မျက်လုံးကောင်း
နှာတံလေးကလဲစင်းလို့ ဆံပင်က
အဲဒီခေတ်ကခေတ်စားတဲ့
ဂျူးလီးယက်ကေ ခါးထိရောက်တဲ့ဆံပင်ရှည်နဲ့
ခန္ဓာကိုယ်ကလဲမပိန်မဝနဲ့ချောတယ်လို့ပြောတာထက်
ကလက်တဲ့ချောတာမျိုးမဟုတ်ဘဲ
ယဉ်ပြီးလှတယ်လို့ပြောရမဲ့ထဲကပါ။
ရုံးပိတ်တဲ့တစ်ရက်မှာတော့ ကိုချစ်ကြည်နဲ့ပပထွန်း
ဈေးလမ်းမမှာဆုံကြပြန်တယ်။
အရင်မြင်တဲ့ ပပထွန်းက
“ဟေ့••ချစ်ကြည် ငိုက်စိုက်စိုက်နဲ့ လူတောင်မမြင်ဘူး
ဘယ်လဲဒါက”ဆိုပြီးနှတ်ဆက်လိုက်တယ်။
ကိုချစ်ကြည်က
“ဩော ပပ sorryဟာ ငါအတွေးလွန်လာလို့
သတိမထားမိတာ
ဘယ်မှမဟုတ်ဘူး အိမ်မှာတစ်ယောက်ထဲပျင်းတာနဲ့
လဘက်ရည်သောက်ထွက်လာတာ လာလေဟာ
နင်အားရင်လဘက်ရည်လိုက်သောက်ပါလား”
“အားပါတယ်ဟ သွားတာပေါ့”
ဒီလိုနဲ့ကိုချစ်ကြည်နဲ့ပပထွန်း
လဘက်ရည်ဆိုင်ထိုင်ဖြစ်ကြတယ်။
ခပ်သွက်သွက်ရှိတဲ့ပပထွန်းက
“ချစ်ကြည်နင်တစ်ယောက်ထဲပြောင်းလာတာလား
မိသားစုမပါဘူးလား”
“ဘယ်လိုမိသားစုလဲ”
“မိန်းမတို့ သားသမီးတို့ပေါ့ဟာ”
“အာ••နင်ကလဲမဦးမချွတ်
ဘယ်ကမိန်းမနဲ့ကလေးရှိရမှာလဲလူပျိုပါဟ”
“အေးပါလေ ထင်တော့ထင်ပါတယ်
နင့်ပုံကအေးစက်စက်နဲ့ရည်းစားတောင်ရှိပါ့မလား”
“နင်ကလဲဟာ လူကိုအထင်smallလိုက်တာ
မျက်စိလည်လမ်းမှားတဲ့ကောင်မလေးတစ်ယောက်တော့
ရှိပါသေးတယ်ဟ”ဆိုပြီးနှစ်ယောက်သားရယ်ကြတယ်။
“နင်ကငါ့ပဲပြောနေ နင်ကရော မိသားစုရှိလား”
“ငါကအစောကြီးအိမ်ထောင်ကျတာဟ ”
“အေးလေငါထင်သားပဲ နင်ကဒီလောက်လှနေတာ
စောစောစီးစီးအိမ်ထောင်ကျမယ်လို့တွက်ထားပြီးသား”
“ဩော••နင်ကငါ့ရှေ့ရေးကိုကြိုတွက်ထားတယ်ပေါ့
ဟုတ်လား”
“ဟုတ်တယ်လေ ကျောင်းတုန်းက
နင့်ကိုကြိုက်တဲ့ကောင်တွေပုံလို့”
“ဟုတ်လား အဲ့သည်ထဲမှာနင်ရောမပါဘူးလား”
“အာ••နင်ကတော့လုပ်ပြီ
ငါမပါဘူးလို့နင်ထင်သလား”လို့
ကိုချစ်ကြည်ကအတည်လိုလိုနဲ့နောက်ပြော ပြောတော့
နှစ်ယောက်သားသဘောကျပြီးရယ်ကြတယ်။
အရယ်ရပ်တော့ ပပထွန်းက
“ငါကအိမ်ထောင်ရေးကံမကောင်းဘူးဟ”
“ဟုတ်လား ဘယ်လိုဖြစ်လို့လဲပြောပါအုံး”
“ဒီလိုဟာ ငါ့ယောက်ျားက
အိမ်ထောင်ရေးဖောက်ပြန်တယ်ဟ
အဲ့ဒါနဲ့ငါတို့ကွဲသွားကြတာ သမီးလေးတစ်ယောက်နဲ့
သူနဲ့ကွဲပြီးငါလဲရန်ကုန်မှာမနေချင်တော့တာနဲ့
နယ်ကဒီတောင်ပေါ်မြို့လေးကိုပြောင်းလာတာ
ဒီမှာကငါ့အစ်ကိုရှိတယ်လေဟာ
ဒီမှာကနေရတာအေးချမ်းတယ်ဟ”
“ဟုတ်လား ဒီလောက်လှတဲ့သူကိုရထားတာတောင်
ဖောက်ပြန်သေးတာလားကွာ။”
“နင်ကတော့မြှောက်နေပြန်ပြီ ဒီလဘက်ရည်ဖိုး
ငါရှင်းလိုက်ပါမယ်လေ”
“ဟား••ဟား••မြှောက်တာမဟုတ်ပါဘူးဟ
တကယ်ပြောတာပါ
ခုတောင်ငါကနင့်ကိုအပျိုထင်နေတာ
နင်ပြောမှကလေးအမေမှန်းသိတာ
လဘက်ရည်လဲငါတိုက်မှာပါ
ဒါနဲ့ဘယ်လိုဖြစ်ကြတာလဲပြောပါအုံး”
“ဒီလိုဟာ နင်ကငါ့ကိုသာလှတယ်ပြောမနေနဲ့
ငါ့ယောက်ျားကလဲလူချောဟ
သူကမယူခင်ထဲက ရည်းစားများပါတယ်ဟာ
ငါနဲ့ကြိုက်နေရင်းကလဲ
တခြားမိန်းကလေးနဲ့ကြိုက်လိုက်တာပဲ
ပြောရရင် မတည်ကြည်ဘူး သစ္စာမရှိဘူးပေါ့ဟာ
ငါလဲသိသိကြီးနဲ့သူ့ကိုမပြတ်နိုင်ဘူးဟာ
ငါပြောတော့ သူကငါ့ကိုအချစ်ဆုံးပါ
ငါ့ကိုပဲအတည်ယူမှာပါတဲ့လေ။”
“နင်ကအဲ့ဒါကိုလက်ခံတယ်ပေါ့”
“အေးလေဟာ ဘာဖြစ်လို့လဲ”
“ဘာဖြစ်ရမလဲ
မတည်ကြည်ဘူး နင့်အပေါ်သစ္စာမရှိဘူးဆိုကထဲက
နင်သူ့ကိုဖြတ်ရမှာ”
“သူကငါ့ကိုအချစ်ဆုံး ငါ့ကိုပဲအတည်ယူမှာလို့ပြောတာကိုးဟ”
“ဒါတော့ဒါပေါ့ဟာ ဒါပေမဲ့သူ့စိတ်ကိုနင်တွက်ကြည့်ရင်
သူ့မှာသနားညှာတာစိတ် ကြင်နာစိတ်မရှိဘူးဆိုတာ
ဖော်ပြနေတယ်လေ။”
“ဘယ်လိုဖော်ပြနေတာလဲ လုပ်ပါအုံး ငါမသိဘူး”
“သူကနင့်ကိုအချစ်ဆုံး
နင့်ကိုပဲယူမယ်လို့ပြောတယ်မဟုတ်လား”
“ဟုတ်တယ်လေ ယူလဲယူတယ်လေဟာ”
“အေးဟုတ်ပါပြီ
နင်ကတော့နင့်ကိုယူလို့ကျေနပ်နေတယ်။
နင့်လိုပဲ သူနဲ့ရည်းစားဖြစ်နေတဲ့ကောင်မလေးကလဲ
သူ့ကိုတကယ်ချစ်နေတယ်ဟာ
သူ့ကိုလဲတကယ်ချစ်တယ်
တကယ်ယူမယ်လို့လဲမျှော်လင့်ထားတယ်
သူကတကယ်မယူဘူးဆိုရင်ဟိုတစ်ယောက်
ဘယ်လိုခံစားရမလဲ
သူအဲ့ဒါကိုထည့်မတွက်ပေးဘူးနော်
သူ့စိတ်ကိုပဲသူဦးစားပေးပြီးသူလုပ်ချင်တာပဲလုပ်တယ်။
တစ်ဘက်လူကိုညှာတာတာတို့
ကိုယ်ချင်းစာတာတို့ ကြင်နာသနားတာတို့မရှိဘူး
အဲသည်လိုလူမျိုးဟာကြောက်စရာကောင်းတယ်ဟ
မပတ်သက်သင့်ဘူး
အခုကျတော့နင့်ထက်ချစ်ရမဲ့လူတွေ့လာတော့
နင်နဲ့သမီးလေးဘယ်လိုခံစားရမလဲဆိုတာ
မတွေးပေးဘူး မငဲ့ညှာပေးဘူး ကိုယ့်ရင်သွေး
သမီးလေးမျက်နှာကိုတောင်မထောက်ဘဲ
သူလုပ်ချင်တာလုပ်သွားတာပဲမဟုတ်လား”
“အေး••ဟုတ်တယ်နော်
နင်အခုပြောသလိုငါမစဉ်းစားမိခဲ့ဘူး
ငါအစောကြီးကသာစဉ်းစားမိရင်ယူမိမှာမဟုတ်ဘူးဟာ။
နင်ကရော အိမ်ထောင်မပြုသေးဘူးလား”
“ငါလား••ပြုတော့ပြုမှာပေါ့ဟာ
အခုကစောသေးလားလို့
ငါကအသက်၂၅နှစ်နဲ့၂၇ကြား
အိမ်ထောင်ပြုမယ်လို့မှန်းထားတာ။
စောရင်၂၅နောက်ကျရင်၂၇ပေါ့ဟာ
အခုကတော့၂၆နှစ်ရှိပြီ
အိမ်ထောင်ကျရင်စားဝတ်နေရေးအဆင်ပြေအောင်
ကြိုတင်ပြင်ဆင်နေရတယ်ဟ ယူပြီးမှနေစရာ
စားစရာမရှိဖြစ်နေလို့မဖြစ်ဘူး။
ပြီးတော့လဲဒီကြားထဲမှာသူလဲငါ့ကိုစောင့်ကြည့်
ငါလဲသူ့ကိုစောင့်ကြည့်ပေါ့ဟာ။”
“ဘယ်လိုစောင့်ကြည့်တာလဲ”
“ဒီလိုလေဟာ သမီးရည်းစားဘဝကနေ
အိမ်ထောင်ရှင်အဖြစ် ယူသင့်မယူသင့်ပေါ့ဟာ
သူကလဲငါ့ကိုယူသင့်တဲ့သူဟုတ်မဟုတ်
လေ့လာစောင့်ကြည့် ငါကလဲသူ့ကိုယူသင့်တဲ့သူ
ဟုတ်မဟုတ်စောင့်ကြည့်ပေါ့
ကိုယ်မကြိုက်တာတွေ့ရင်
မယူသင့်ဘူးထင်ရင်မယူနဲ့ပေါ့”
“နင်ပြောပုံကလဲအချစ်မပါသလိုကြီးပဲ”
“ပါတယ်လေဟာ ပါလို့ချစ်သူအဖြစ်နေတာပေါ့”
“ဒါဆိုဟာ နင့်ကောင်မလေးက သမီးရည်းစားဘဝမှာ
နင့်အပြင်တစ်ခြားတစ်ယောက်ရဲ့အချစ်ကိုပါလက်ခံပြီး
ချစ်သူဖြစ်နေတယ်ဆိုရင်ရော
နင်သူ့ကိုခွင့်လွှတ်ပြီးယူမလား စွန့်လွှတ်လိုက်မလား။”
“တချို့ကတော့ခွင့်လွှတ်ပြီးဆက်ချစ်တတ်ကြတယ်
ယူတတ်ကြတယ် ငါကတော့မယူဘူး
ဘာလို့လဲဆိုရင်သစ္စာမရှိကတိမတည်လို့ပဲ
ဒါမျိုးကချစ်သူဘဝမှာဖြစ်တာကသိပ်ပြဿနာမရှိဘူး
အိမ်ထောင်သည်ဖြစ်မှဆို
ဘယ်သူကလုပ်လုပ်ဘယ်သူ့အတွက်မှမကောင်းဘူးဟ
ငါကတော့ ငါ့ကိုအဲ့လိုလုပ်ရင် သူ့ကိုလွမ်းတဲ့စိတ်နဲ့သေမယ်
ဆိုရင်တောင် အသေပဲခံလိုက်မယ်စွန့်ပစ်မှာ
ငါလဲမလုပ်ဘူး ။”
“နင်ပြောပုံကလဲ ရွေးချယ်ခွင့်မရှိသလိုပဲ”
“ဘယ်လိုရွေးချယ်ခွင့်မရှိတာလဲ”
“ဒီလိုလေဟာ ဒီတစ်ယောက်နဲ့ကြိုက်ပြီးရင်
မပြောင်းရတော့ဘူး ဒီတစ်ယောက်ပဲယူရမယ်ဆိုတဲ့ပုံ
ဖြစ်မနေဘူးလား”
“မဖြစ်ပါဘူးဟာ ချစ်သူဘဝမှာရွေးချယ်
မကြိုက်ရင်နောက်တစ်ယောက်ပြောင်းပေါ့
ငါပြောတာက ရှင့်ကိုမချစ်နိုင်မကြိုက်နိုင်တော့လို့
နောက်တစ်ယောက်ပြောင်းချစ်လိုက်ပြီလို့
ပြောပြီးသွားလိုက်ရတယ်။
ဥပမာဟာ သူကငါ့ထက် ရာထူးကြီးသူ ဝင်ငွေကောင်းသူ
ငါ့ထက်သူ့ကိုပိုချစ်သူတွေ့လို့ပြောင်းချင်ပြောင်း
ငါ့ကိုတော့ဖြတ် ခွင့်ပြုတယ် ငါ့လဲမဖြတ်ဘူး
ဟိုဘက်လဲလက်ခံထားတယ်တော့မလုပ်နဲ့လို့ပြောတာပါ
သမီးရည်းစားဘဝကပြဿနာသိပ်မရှိဘူး
အိမ်ထောင်ကျပြီးမှတော့အဲ့လိုပြောင်းတယ်ဆို
ပြဿနာဟ
ခုပဲနင့်အဖြစ်ကိုကြည့်လေ”
“အေးပါအေးပါဟာ နင်တော်တော်တွေးတာပဲနော်”
“တွေးရတာပေါ့ဟာ အချစ်ကိုသာစိတ်ကူးယဉ်လို့ရမယ်
လက်တွေ့ဘဝဆိုတာစိတ်ကူးယဉ်လို့မရဘူးတဲ့ဟ”
“ဟုတ်တယ်နော် ငါကတော့ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့
အချစ်ကိုစိတ်ကူးယဉ်လိုက်မိတယ်ပြောရမှာပဲ
သိပ်လဲစောင့်မကြည့်လိုက်ဘူး
ပြီးတော့ပေါ့ပေါ့ပဲတွေးလိုက်မိတာ
ငါကသူ့ကိုချစ်တယ် သူကငါ့ကိုချစ်တယ်
ယူကြမယ်သားသမီးတွေနဲ့ပျော်ကြမယ်
အဆင်ပြေကြလေသတည်းလို့ပဲထင်တာ”
“အေးပါဟာ
နင်တစ်ယောက်ထဲခုလိုဖြစ်တယ်မထင်ပါနဲ့
နင့်လိုမိန်းကလေးတွေအများကြီးပါဟ”
“အေးပါဟာ အဲ့သည်အများကြီးထဲမှာ
ကိုယ်ကပါနေတော့ စိတ်မကောင်းဖြစ်ရတာပေါ့ဟာ
သွားကြစို့လေ နင်အိမ်လိုက်လည်ပါလား
အိမ်နေရာသိထားရအောင်ပေါ့”
“အေးပါ သွားကြတာပေါ့”
ဒီလိုနဲ့ ကိုချစ်ကြည်တစ်ယောက်
ပပထွန်းအိမ်ကိုရောက်သွားတယ်။
*************
“ထိုခဏ” အပိုင်း-၂
ပပထွန်းအိမ်ကိုရောက်သွားတော့
သူကအမျိုးသမီးတစ်ယောက်နဲ့မိတ်ဆက်ပေးတယ်။
“ချစ်ကြည် ဒါကငါ့အစ်မ အပျိုကြီး
ငါကမမနဲ့အတူတူနေတာ
မမ ဒါကညီမလေးသူငယ်ချင်း ချစ်ကြည် တဲ့
ကျောင်းတုန်းကသူငယ်ချင်းတွေ သူကဒီကိုရာထူးတိုးနဲ့
ပြောင်းလာတာ။”
“ဟုတ်လား အေးပါကွယ် တွေ့ရတာဝမ်းသာပါတယ်
ထိုင်မောင်လေး”
ကိုချစ်ကြည်က ဧည့်ခန်းကထိုင်ခုံမှာဝင်ထိုင်လိုက်ပါတယ်။
အဲသည်အခိုက် ကလေးတစ်ယောက်က အိမ်ခန်းထဲကထွက်လာပြီး
ပပထွန်းကိုလာဖက်တယ်။ ပပထွန်းက
“ချစ်ကြည် ဒါငါ့သမီးလေ ”
“ဟုတ်လား သမီးကအချောလေးပဲ
မေမေ့လိုအချောလေးပေါ့ဟုတ်လား
လာပါအုံး”ဆိုတော့ ကလေးက ကိုချစ်ကြည်ဆီလာခဲ့တယ်။
ကိုချစ်ကြည်က ကလေးကိုကောက်ပွေ့ပြီး
“သမီးကအသက်ဘယ်လောက်ရှိပြီလဲ”ဆိုတော့ ကလေးက
“လေးနှစ်”လို့ဖြေခဲ့တယ်။
“အတန်းကရော ဆယ်တန်းလား”ဆိုတော့
“ဟုတ်ဘူး မူကြို”တဲ့
သွက်သွက်လက်လက်ဖြေတာကိုသဘောကျလို့
ကိုချစ်ကြည်က
“ပပ နင့်သမီးကအချော အသွက်ပဲဟ”
“ဟုတ်တယ်ဟ အဖေချောအမေချော အဖေသွက်
အမေသွက်ဆိုတော့ သမီးကပြောစရာကိုမရှိတော့ဘူး
စိတ်ညစ်ရတာကတော့ဟေ့ သူ့အဖေကိုပဲမေးနေတာပဲ”
“ဟုတ်လား
သမီးဖေဖေကဟိုးနိုင်ငံခြားမှာအလုပ်သွားလုပ်နေတာလေ
သမီးနဲ့မေမေဖို့ပိုက်ဆံတွေအများကြီးသွားရှာနေတာ
နောက်တစ်နှစ် နှစ်နှစ်ဆိုရင် ပိုက်ဆံတွေအများကြီးနဲ့
သမီးဆီကိုပြန်လာခဲ့မှာနော်”ဆိုတော့
သမီးလေးကကျေနပ်သွားသလိုခေါင်းညိတ်ပြတယ်။
ပပထွန်းက
“နင်နဲ့ငါနဲ့ကလဲ တိုင်ပင်မထားဘဲတစ်သံထဲထွက်နေတယ်
ငါလဲအဲသည်လိုပဲပြောထားတာ”
“ဟုတ်လား အေးပါကွာ လင်မယားဆိုတာကတော့
မပေါင်းတော့ရင်သူစိမ်းပဲ သားသမီးဆိုတာကတော့
အဖေအမေဆိုတာပြောင်းလဲလို့ရတာမဟုတ်ဘူးကွာ
သူတို့လေးတွေကကြားထဲကသနားဖို့ကောင်းတယ်။”
“ဘယ်တတ်နိုင်မလဲဟာ ငါ့အပြစ်မှမဟုတ်တာ
ဘယ်မိန်းမကမှတော့တစ်ခုလပ်ဘယ်ဖြစ်ချင်မလဲ
နင်တို့ယောက်ျားတွေကမကောင်းတော့လဲ
ဘယ်တတ်နိုင်မလဲ။”
“ဟေ့••ဟေ့••နင်ငါ့ကိုဆွဲမထည့်နဲ့လေဟာ
ငါ့ကျမဖြစ်စေရဘူး ငါနင့်ကိုကတိပေးတယ်။”
“အေးပါဟာ ငါစကားပြောလောသွားလို့ပါ
sorry ပါဟာ။”
ပပထွန်းအစ်မကတော့ ကိုချစ်ကြည်တို့နှစ်ယောက်
ရင်းရင်းနှီးနှီးနဲ့ပြောနေကြတာကို သဘောကျလို့ထင်ရဲ့
ပြုံးပြီးနားထောင်နေတယ်။ ပပထွန်းက
“ဒါနဲ့ ချစ်ကြည် နင်တစ်ယောက်ထဲဘယ်လိုစားနေလဲ
ချက်စားလား ချိုင့်ဆွဲစားလား”
“ချက်လဲမစားဘူး ချိုင့်ဆွဲလဲမစားဘူး
ဆိုင်မှာသွားစားလိုက်တယ်။”
“ဟုတ်လား လပေးစားတာလား ဘယ်မှာစားတာလဲ”
“လပေးနဲ့စားလိုက်တာဟ အရင်ကတော့ဗမာဆိုင်မှာစားတယ်
တစ်လလောက်စားပြီးတော့ ဒီအနံ့ ဒီအရသာထပ်နေတာနဲ့
ခုတော့တရုတ်ဆိုင်မှာပြောင်းစားနေတယ်။”
“ဟုတ်လား အဆင်ပြေလား”
“တရုတ်ဆိုင်ကတော့ဟာ စားတော့မယ်ဆိုမှ
ကြော်လှော်ပေးတာဆိုတော့ထမင်းဟင်းပူပူလေး
စားရတယ် အရသာလဲမထပ်ဘူး အဆင်ပြေပါတယ်။
ဆိုင်ရှင်ကသဘောလဲကောင်းတယ် ခင်လဲခင်တယ်။
မပြေတာကတော့တစ်ခါခါကျရင်တို့ဗမာပါးစပ်က
သိတယ်မဟုတ်လား ငပိရေလေးတို့စရာလေးစားချင်တာ
အဲ့ဒါတော့အဆင်မပြေဘူးဟ။”
“ဟုတ်လား ဒါဆိုဒီလိုလုပ်လေဟာ ရုံးပိတ်ရက်ဆို
နင်ရောငါရောအားတာပဲ အိမ်မှာလာစား
ငါချက်ထားမယ်။”
“မလုပ်ပါနဲ့ဟာ အလုပ်ရှုပ်ပါတယ်။”
“မရှုပ်ပါဘူးဟ မဟုတ်လဲတို့ညီမစားဖို့ချက်ရတာပဲကို
နင့်တစ်ယောက်စာထည့်ချက်လို့အပန်းမကြီးပါဘူး
ဒီလိုလုပ်ဟာ လာမဲ့ဆန်းဒေးကို နေ့လယ်စာချက်ထားမယ်
နင်ဘာစားချင်လဲပြော။”
“အေးပါဟာ ဒါဆိုလဲလာပါ့မယ် နင်အဆင်ပြေသလိုသာချက်ပါ
ငါကအစားအသောက်ချေးမများပါဘူး။”
“အေးလေ ဒါဆိုဆန်းဒေးကိုလာခဲ့လေ
ငါလာခေါ်ရမလား”
“မလိုပါဘူးဟ ငါလာတတ်ပါတယ် ဘယ်ချိန်လာရမလဲပြော”
“ဒါဆို နေ့လယ်၁၁နာရီလောက်လာခဲ့ဟာ ”
“Ok ဒါဆို ငါပြန်အုံးမယ်လေ နောက်ဆန်းဒေး
တွေ့တာပေါ့။”
“အေးပါဟာ ငါလိုက်မပို့တော့ဘူးနော်”
“အေးပါဟ မမ ပြန်ပါအုံးမယ်ဗျ မီးမီးလေး
တာ့ တာ••”
ကိုချစ်ကြည်တစ်ယောက် အားလုံးကိုနှတ်ဆက်လို့ပြန်ခဲ့ပါတယ်။
ဆန်းဒေးနေ့လယ်၁၁နာရီမှာတော့
ကိုချစ်ကြည်တစ်ယောက် ပပထွန်းအိမ်ကိုရောက်သွားတယ်။
ပပထွန်းက အိမ်အဝင်ကနေဆီးကြိုနေတယ်။
“လာချစ်ကြည် ဘိုက်ဆာပြီလား”
“မဆာသေးပါဘူးဟ”
“ဒါဆိုထိုင်အုံးလေ ဘိုက်ဆာမှစားရအောင်”
“အေးပါဟာ ဒါနဲ့သမီးလေးရော”
“ရှိတယ် သမီးရေ” ပပထွန်းရဲ့ခေါ်သံကြောင့်
ရောက်လာတဲ့သမီးလေးကို
ကိုချစ်ကြည်ကကောက်ချီလိုက်ပြီး
“ဒါကမီးမီးလေးဖို့ ဦးဦးရဲ့လက်ဆောင်”ဆိုပြီး
ဝယ်လာတဲ့အင်းကျီအိတ်လေးကိုပေးတော့
ကလေးကအင်းကျီလေးထုတ်ကြည့်ပြီးပျော်နေလေရဲ့
ပပထွန်းကအားနာလို့
“ချစ်ကြည် နင်ကလဲဟာ အလကားဝယ်လာတယ်။”
“ကလေးပျော်အောင်လို့ပါဟ ကြည့်ပါအုံးသူပျော်နေတာ
ပျော်စရာလေး”
“အေးကွာ ဟုတ်ပါရဲ့ ဒါနဲ့ နင်တစ်ခုခုသောက်မလား”
“ဘာကိုလဲ ”
“ဟိုလေဟာ နင်တို့ယောက်ျားတွေသောက်တတ်တဲ့
အဖျော်ယမကာ ဘာညာပေါ့”
“မသောက်ပါဘူးဟ ငါမသောက်တတ်ဘူး”
“တကယ်လား”
“တကယ်ပါဟ သောက်တတ်လဲ နင်တို့အိမ်မှာဘယ်သောက်မလဲ
မိန်းမသားနှစ်ယောက်ထဲနေပါတယ်ဆို”
ကိုချစ်ကြည်စကားကြားတော့ ပပထွန်းရဲ့အစ်မကပြုံးလို့
သဘောကျနေလေရဲ့
“ဟုတ်တာပေါ့ ပပရဲ့ မောင်ချစ်ကြည်ကသိတတ်ပါတယ်။”
“မဟုတ်ဘူးမမရဲ့ သူကသောက်တတ်ရင် ပပတို့က
အလိုက်မသိရာကျမှာစိုးလို့ပါ ဘီယာလေးဘာလေးများ
သောက်ချင်သလားလို့ နင်တကယ်မသောက်ဘူးနော်”
“အာ••နင်ကလဲ ငါကလိမ်စရာလားလို့”
“ဆေးလိပ်ရော”
“ဆေးလိပ်လဲမသောက်ဘူး”
“ဒါဆိုရင် နင်တစ်ယောက်ထဲပျင်းရင်ဘာလုပ်လဲ”
“ငါလား ပျင်းရင်စာဖတ်တယ် ဘာလို့လဲ”
“သိပါဘူးဟာ နင်တို့ယောက်ျားတွေဟာ
ဘူးရင်ဘူး မဘူးရင်မူး မမူးရင်ဒူး လို့ပြောကြလွန်းလို့ပါ
မဟုတ်တာတစ်ခုမှမလုပ်ရင် ဂန်ဒူးပဲဆိုလို့”
“ဟား••ဟား•••နင်ပြောသလိုဆိုနင်ကငါ့ကိုဂန်ဒူးများ
ထင်နေပြီလားမသိဘူး။
ဘူးတဲ့ မူးတဲ့တို့ယောက်ျားတွေ
ကာဗာလုပ် ဟာသလုပ်ပြောတဲ့စကားတွေပါဟာ
တကယ်မထင်ပါနဲ့”
“ဟုတ်လား နင်ကသာအဲ့လိုပြောတာ ငါတွေ့ဖူးတဲ့ယောက်ျား
တွေကအဲ့လိုတွေများတယ်ဟ ။
တို့ရုံးမှာလဲအိမ်ထောင်ရေးအဆင်မပြေတဲ့
ငါ့အသိတွေကြည့်လိုက်တာ
ယောက်ျားကမိန်းမပွေတာနဲ့
အရက်သမားဖြစ်နေတာနဲ့ ဖဲသမားဖြစ်နေတာနဲ့ချည်းပဲ။”
“ကောင်းတဲ့ယောက်ျားတွေရှိပါတယ်ဟ နင်မတွေ့လို့ပါ။”
“အေးပါလေ ငါလဲနင့်ကိုစောင့်ကြည့်အုံးမယ်။”
“ကြည့်ပါလေ ”
“ဆယ့်တစ်ခွဲပြီထမင်းစားရအောင်လေ”
“ကောင်းသားပဲ အားလုံးအတူစားရအောင်နော်
ငါ့ကိုဧည့်သည်လုပ်ပြီးတစ်ယောက်ထဲမကျွေးနဲ့”
“အေးပါဟာ ငါထမင်းပွဲပြင်လိုက်မယ်ခဏစောင့်”
ခဏနေတော့
“ချစ်ကြည်ရေ ရပြီ စားကြရအောင်”
ထမင်းဝိုင်းထိုင်မိတော့ ပပထွန်းက
“ချစ်ကြည်ရေ ဧည့်သည်မဟုတ်ရင်ထည့်စားနော်
ဒါကငါးခူကြော်နှပ် ဒါက ဝက်သားကိုမရမ်းပြားနဲ့ချက်ထားတာ
ဒါက ကန်စွန်းရွက်ချဉ်ရေ ဒါကမြင်းခွာရွက်သုတ်
ပြီးတော့ငါးပိရေတို့စရာ ဟောဒါကပဲပင်ပေါက်နဲ့ပဲပြားကြော်
ဒီမှာကရေနွေးကြမ်း”
“အေးပါဟာ စားပါမယ် နင်ကလဲဟာ ချဉ်ရေဟင်းနဲ့
ငါးပိရေတို့စရာဆိုရပါပြီဟ အလကားလျှောက်ချက်နေတယ်။”
“မလုပ်ပါနဲ့ဟာ နောက်ခါထမင်းစားဖိတ်လို့မရဘဲဖြစ်နေပါအုံးမယ်။”
“ဖိတ်သာဖိတ်ပါ လာပါမယ် နောက်မှမဖိတ်ဘဲလာလာနေတယ်ဆိုပြီး
တံခါးပိတ်မထားနဲ့နော်။”
“အမလေး ငါကတော့မပိတ်ဘူးနော် မမကပိတ်ရင်ပိတ်ပဲ
ချက်မကျွေးနိုင်တော့ဘူးဆိုပြီး
ဒါတွေအားလုံးကမမချက်ထားတာ”လို့ဆိုတော့
သဘောကျပြီးရယ်ကြတယ်။
သမီးလေးကလဲအသွက်
“ဦးဦးစားနော် ဦးဦးလာတာသမီးပျော်တယ်။”
“ဟုတ်လား ဘာဖြစ်လို့ပျော်တာလဲပြောပါအုံး”
“သမီးကအခုလိုစားချင်တာ ဒါကဖေဖေ
ဒါကသမီး ဒါကမေမေ ဒါကကြီးကြီးမေ
သမီးကဖေဖေနဲ့မေမေကိုဟင်းတွေထည့်ပေး
ဖေဖေနဲ့မေမေကသမီးကိုဟင်းတွေထည့်ပေး
အဲ့လိုစားချင်တာ ဦးဦးကသမီးဖေဖေလုပ်လိုက်လေ”
ကလေးဆီကမထင်မှတ်တဲ့စကားကြားလိုက်ရတော့
ပပထွန်းက ကိုချစ်ကြည်ကိုအားနာသလိုရှက်သလို
ဖြစ်သွားပြီး
“သမီး ဘာတွေလျှောက်ပြောနေတာလဲ”လို့ဟန့်တော့
ကလေးက မလျှော့ပဲ
“သမီးနေချင်တာပြောတာလေမေမေကလဲ”
“ကဲ••ဒီကလေးကတော့လေ ပြောလေဆိုးလေဖြစ်နေပြီ
သမီးပြောတာနဲ့ ဟိုကဦးဦးလူပျိုကရှက်နေပြီ”
“ရပါတယ်ဟ မရှက်ပါဘူး ကလေးက သူနေချင်တာကိုပြောတာ
ပြောပါစေ ကဲဦးဦးက မီးမီးလေးကိုဟင်းတွေထည့်ပေးမယ်
ငါးအရိုးလဲထွင်ပေးမယ်”ဆိုပြီး ဟင်းလဲထည့်
ငါးအရိုးကိုထွင်ပေးတော့ ပပထွန်းက
“ချစ်ကြည်စား ငါးအရိုးထွင်တာကသူ့ကြီးကြီးမေအလုပ်
သမီးလုပ်တာနဲ့ နင်အစားပျက်တော့မယ်။”
“ရပါတယ်ဟ ကလေးဆိုတာကတော့သူ့ရင်ထဲရှိတာကို
ပြောတာပေါ့ဟာ ပြောပါစေ။”ဆိုတော့ ကလေးက
“မေမေ ဦးဦးကိုသမီးကချစ်တယ်။”
“အေးအေး ဦးဦးကလဲမီးမီးလေးကိုချစ်ပါတယ်ကွာ”
ဒီလိုနဲ့ထမင်းဝိုင်းလေးကပျော်စရာထမင်းဝိုင်းလေးဖြစ်သွားတယ်။
ထမင်းစားပြီးတော့ရေနွေးကြမ်းသောက်ရင်း
ကိုချစ်ကြည်က
“ပပ ကလေးက အဖေကိုတအားတမ်းတနေတာနော်
နင်ပြန်ပေါင်းလို့မဖြစ်ဘူးလား”
“ဘယ်လိုပေါင်းမလဲဟာ တို့ဖြစ်ကြတာကသာမန်စိတ်ဆိုး
စိတ်ကောက်တာမဟုတ်ဘူးလေဟာ
ကိုယ့်ကိုမပေါင်းချင်လို့မှပစ်ပြီး
နောက်တစ်ယောက်ကိုယူသွားပါတယ်ဆိုမှ
ငါကဘယ်လိုပေါင်းရမှာလဲ
ညှာတာမှုနဲ့အကြင်နာတရားမရှိတဲ့ယောက်ျားမျိုးကိုလဲ
မပေါင်းချင်ပါဘူးဟာ
တကယ်ဆိုသူနဲ့ငါနဲ့ကသွေးသားမဟုတ်လို့
ထားလိုက်ပါတော့ သူ့ရင်သွေး သူ့သမီးလေးကိုတော့
ငဲ့သင့်တာပေါ့ဟာ
အခုကျတော့ သမီးက အဖေကိုတမ်းတလေ
ငါ့မှာစိတ်မကောင်းတွေဖြစ်ပြီး သူ့ကိုစိတ်နာလေပဲ။”
“နင်ငယ်သေးတာပဲ နောက်အိမ်ထောင်ပြုပါလား”
“ငယ်သေးတာတော့ဟုတ်တယ်
ငါ့မှာ ခဲမှန်ဖူးတဲ့စာသူငယ်ဖြစ်နေတာဟ
ပြီးတော့လဲသမီးလေးနဲ့ ပထွေးနဲ့နေရမှာဟ
ပထွေးကအကျင့်မကောင်းရင်ဆိုပြီး
ငါမတွေးရဲဘူး အသောက်အစားလေးများဖက်လို့
မူးသွားလို့ပါဆိုရင် ငါတော့သေမှာ”
“ဟူး•••နင်တို့မိန်းကလေးဘဝကလဲ မလွယ်ပါလားနော်”
“အေးဟုတ်တယ်ဟ
အကျင့်မကောင်းတဲ့ယောက်ျားနဲ့တွေ့ရတဲ့
မိန်းကလေးဘဝကမလွယ်ဘူး နင်တို့ယောက်ျားတွေသိဖို့လိုတယ်။”
“အေးပါဟာ နင်ကလဲပြောလိုက်ရင်
အကုန်ဝါးလုံးရှည်နဲ့ရန်းတော့တာပဲ”
“အေးပါအေးပါ ငါကပြောရင်း ဒေါသပါပါသွားလို့ပါ။”
“အေးပါဟာ ငါခံစားလို့ရပါတယ် ငါပြန်အုံးမယ်လေ”
“အေးပါဟာ နောက်ဆန်းဒေးကိုနင်ဘာစားချင်လဲပြော
ငါချက်ထားမယ် အားမနာနဲ့”
“ဒီလိုလုပ်ရအောင်လေ နောက်ဆန်းဒေးနေ့လယ်စာကို
နင်ဘာမှမချက်နဲ့ ငါကတရုတ်ဆိုင်မှာနင်တို့ကိုကျွေးမယ်
နင်တို့လဲအပြောင်းအလဲလေးစားရအောင်ပေါ့ဟာ
ပြီးတော့ တစ်လမှာလေးရက်ကြီးငါလာစားရမှာအားနာတယ်
ဒီလိုလုပ်ရအောင်ဟာ လကုန်ရက်ဆိုရင်ငါက
ငါစားတဲ့တရုတ်ဆိုင်မှာကျွေးမယ် လလယ်ရက်ဆန်းဒေးဆို
ငါကနင့်အိမ်မှာလာစားမယ်လေ”
“အေးပါ နင့်သဘောပါ ငါကတော့ဒီလောက်အဝေးကြီးမှာ
တို့နှစ်ယောက်ပိုခင်တာပါ”
“အေးပါဟာ ငါလဲအဲ့လိုပါပဲ ငါပြန်ပြီနော်
နောက်ဆန်းဒေးဆုံတာပေါ့”
ကိုချစ်ကြည်တစ်ယောက်ပြန်ခဲ့တယ်။
ဒီလိုနဲ့ အဝေးမှာရှားရှားပါးပါးဆုံတဲ့သူငယ်ချင်းနှစ်ယောက်ဆိုပြီး
ခင်ခင်မင်မင် ရင်းရင်းနှီးနှီးပဲ ဆက်ဆံနေခဲ့ကြတယ်။
ဘေးပတ်ဝန်းကျင်ကတော့ သူတို့နှစ်ယောက်ကို
သူငယ်ချင်းအဆင့်ထက်ပိုတယ်လို့ မြင်နေကြတယ်။
ဒါကလဲအဆန်းတော့မဟုတ်ပါဘူး
မြန်မာပြည်မှာက မိန်းကလေးနဲ့ယောက်ျားလေး
အတွဲအနေများရင်မရိုးသားဘူးလို့ပဲသတ်မှတ်တာမဟုတ်လား။
ဒီလိုနဲ့နေလာတာခြောက်လလောက်ကြာတော့
တစ်နေ့မှာ ပပထွန်းအစ်ကိုကြီးရဲ့ဇနီးက
ပပထွန်းဆီရောက်လာတယ်။
“ညီမလေး အမျိုးသားတစ်ယောက်နဲ့တွဲနေတယ်ဆို”
“တွဲနေတာမဟုတ်ပါဘူးမမရယ် အထကကျောင်းထဲက
သူငယ်ချင်းပါ ရိုးရိုးသားသားခင်တာပါ”
“ဟုတ်လား ကောင်လေးအခြေအနေကဘယ်လိုနေလဲ
ညီမလေးကိုစိတ်မဝင်စားဘူးလား”
“သူ့ကြည့်ရတာတော့ ဘာအဆင့်မှကျော်မလာဘူး
သူငယ်ချင်းအဆင့်ပဲ”
“ဟုတ်လား
ညီမလေးကငယ်သေးတော့အိမ်ထောင်ထပ်ပြုစေချင်တယ်
သူ့ကိုအိမ်ထောင်ဘက်အဖြစ်စိတ်မဝင်စားဘူးလား။”
“ဘာဖြစ်လို့လဲမမ”
“ကောင်လေးကြည့်ရတာရိုးသားအေးဆေးတယ်
ညီမလေးအိမ်ထောင်ပြုဖို့စဉ်းစားရင်
သူနဲ့ဆိုအဆင်ပြေမယ်ထင်တယ်။ သမီးလေးအတွက်လဲ
စိတ်အေးရမယ်ထင်တယ်။ငယ်သူငယ်ချင်းကလဲဖြစ်ဆိုတော့”
“ဟုတ်တော့ဟုတ်တယ်မမရဲ့ ဒါပေမဲ့သူငယ်ချင်းအဆင့်ပဲရှိတာ
သူကလဲသူရည်ရွယ်ထားသူရှိတယ်လေ ဒီနေ့ထိသူ့ဘက်က
မရိုးမသားပြောတာ လုပ်တာဘာမှမရှိဘူး
သာမန်ခင်တဲ့အဆင့်ပဲ”
“ငါ့ညီမကလဲ ရိုးလိုက်တာ ခင်ပြီးသူကချစ်ဖို့လွယ်တယ်လေ
မိန်းကလေးဆိုတာက
ကိုယ်ကလဲရေလာမြောင်းပေးလေးတော့လုပ်မှပေါ့
ပြီးတော့မိန်းမမာယာသဲကိုးဖြာတဲ့
အဲ့လိုရိုးတဲ့အေးတဲ့လူကပိုလို့တောင်လုပ်ရလွယ်သေးတယ်။
ယောက်ျားတွေမှာအတွေ့နဲ့ကျရင်မခံနိုင်ပါဘူး
ဘုရားလောင်းဥဒေါင်းမင်းတောင်မှ ဒေါင်းမလေးအသံကြောင့်
မုဆိုးညွှတ်ကွင်းမိရသေးတာပဲ သူကဘာမို့လို့လဲ
ရဟန္တာတော့မဟုတ်လောက်ပါဘူး။
သူကလူပျို အူရိုင်း
ကိုယ်ကအထိအတွေ့မှာအတွေ့အကြုံရှိပြီးသားဥစ္စာ
ငါ့ညီမကလဲ အလိုက်တာ”တဲ့
အဲ့လိုပြောသွားတော့ ပပထွန်းတစ်ယောက်
တွေးစရာတွေဖြစ်လာတယ်။
သမီးလေးရဲ့ဖေဖေနေရာမှာသူ့ကိုအစားထိုးကြည့်တယ်
ငြင်းစရာကိုမရှိဘူး။
တစ်နေ့တော့သူတို့နှစ်ယောက်လဘက်ရည်အတူသောက်ရင်း
ကိုချစ်ကြည်က
“ပပ ခုတစ်လောနင့်ကြည့်ရတာပိုလှလာသလိုပဲ”
ကိုချစ်ကြည်စကားကြောင့် ပပ ကျေနပ်သွားတယ်။
ပြောရမယ်လေ ခုတစ်လော ပပ က ပိုလှအောင်ဂရုစိုက်ပြီး
ဝတ်စား နေထိုင်နေတာမဟုတ်လား သူ့ရဲ့အလှကို ကိုချစ်ကြည်
ပိုသတိထားမိသွားပြီလေ နဂိုလှသူဆိုတော့လဲ
သိပ်မပြင်ဆင်လိုက်ရပါဘူး။ဟန်ကိုယ့်ဖို့ဆိုပြီး
“နင်ထင်လို့ပါဟ ငါကအရင်အတိုင်းပါပဲ”
“မဟုတ်ဘူးနော် ငါ့မျက်စိထဲမှာနင်ပိုလှလာသလားလို့”
“ဟုတ်လား ဒါဆိုငါမေးအုံးမယ် နင်မှန်မှန်ဖြေနော်”
“အေးပါ ဘာမေးမလို့လဲ”
“ဘာမှမဟုတ်ပါဘူး နင့်ကောင်မလေးနဲ့ငါနဲ့ဘယ်သူကပိုလှလဲ”
“နင်ကလဲ ဒါများ နင်ကပိုလှတာပေါ့ ”
“ဟုတ်လား ဒါဆိုဒီလဘက်ရည်ဖိုးငါရှင်းလိုက်မယ်။”
“ဟား••ဟား•••တကယ်ပြောတာပါဟ
မြှောက်တာမဟုတ်ပါဘူး တစ်ခုတော့ရှိတယ်
ငါ့ကောင်မလေးကတစ်မျိုးလေးဟ
ချစ်ဖို့ကောင်းတယ်။”
ကိုချစ်ကြည်ကအဲသည်လိုပြောတော့
ပပထွန်းက အမလေးဖြစ်နေလိုက်တာဆိုတဲ့ပုံနဲ့
မျက်စောင်းထိုးခဲ့တယ်။ကိုချစ်ကြည်က
“နင်ကမျက်စောင်းထိုးလဲလှတာပဲ မှန်မှန်ပြောစမ်း
နင်ရည်းစားတွေဘာတွေရနေပြီလား”
“ဘာလို့လဲ”
“ဪ လူတွေဟာ အချစ်နဲ့တွေ့ရင်ပိုနုပျိုလန်းဆန်းပြီး
ပိုလှလာတယ်တဲ့ အထူးသဖြင့်နင်တို့မိန်းကလေးတွေပေါ့။”
ကိုချစ်ကြည်စကားကြားတော့ ပပထွန်းကျွဲမြီးတိုချင်လာတယ်
ဒီချစ်ကြည်ကတော့လေ ရိုးတာလား အတာလားကို
မသိတော့ဘူး စိတ်မရှည်ချင်တော့ဘူး
ဒီကတော့သူ့ကို ဆိုပြီး••••
နောက်တစ်ပတ်စနေနေ့ နေ့လယ်မှာတော့
ပပထွန်းတစ်ယောက် မုန့်ဟင်းခါးချိုင့်လေးဆွဲလို့
ကိုချစ်ကြည်အိမ်ကိုရောက်သွားတယ်။
ခြံတံခါးကစေ့ထားတာဆိုတော့အသာလေးတွန်းပြီး
ခြံထဲဝင်လိုက်တယ်အိမ်တံခါးကလဲပွင့်နေပြီးလူလဲမတွေ့တော့
အိမ်ထဲဝင်သွားပြီး မျက်စိကစားလိုက်တယ်။
ချစ်ကြည်ကအိပ်ခန်းထဲမှာ အဝတ်အစားလဲနေတယ်။
ဟင်••ဒါဟာအခွင့်အရေးပဲ သူနဲ့ငါနဲ့နှစ်ယောက်ထဲ
ချစ်ကြည်ရယ် နင်ရဟန္တာမဟုတ်ပါဘူး
နင်လဲယောက်ျားထဲကယောကျ့်ားတစ်ယောက်ပါဆိုပြီး
ကိုချစ်ကြည်ရှိရာအိပ်ခန်းထဲကိုဝင်လိုက်တယ်။
ပပထွန်းကိုတွေ့လိုက်ရတဲ့ကိုချစ်ကြည်တစ်ယောက်
အံဩမင်သက်သွားတယ်။
သူ့အိပ်ခန်းထဲနတ်သမီးတစ်ပါးရောက်လာသလား
ထင်မှတ်သွားတယ်။
ပါးနီခပ်ပါးပါးလေးလိမ်းထားတဲ့ပါးမို့မို့နှစ်ဘက်က
နမ်းပစ်ချင်စရာ ရေမွှေးနံကလဲမွှေးကြိုင်လို့
နှာခေါင်းကိုလာကလိနေတယ်။
ပပထွန်းက သူ့ကိုပြုံးပြီးကြည့်နေတယ်။
စားရကံကြုံလို့မုတ်ဆိတ်ပျားဆွဲတာ
ကံကောင်းတဲ့ကျား နေရင်းထိုင်ရင်း
ကျားရှေ့ကိုသမင်မလေးရောက်လာတာပဲ။
ဒီမှာတို့နှစ်ယောက်ထဲ
ပြီးတော့ငါကယောက်ျားလေးဘာနစ်နာစရာရှိလဲ
သူတောင်အိပ်ခန်းထဲဝင်လာသေးတာ။
ကိုချစ်ကြည်တစ်ယောက် တံတွေးကိုမျိုချလိုက်ပြီး
ထိုခဏလေးမှာ•••••
“ထိုခဏ-အပိုင်း၃”
ကိုယ့်အိပ်ခန်းထဲအထိရောက်လာတဲ့
ပပထွန်းကို ကိုချစ်ကြည်တစ်ချက်ကြည့်လိုက်တယ်။
ကဲ••ဒါဟာယောက်ျားတစ်ယောက်အတွက်
အခွင့်အရေးပဲမဟုတ်လား
ကိုချစ်ကြည် ပပထွန်းရဲ့ပါးနှစ်ဘက်ကို
အားရပါးရနမ်းလိုက်တယ်။
ပါးကနေနှတ်ခမ်း အဲသည်နောက်နှစ်ယောက်သား
ဘေးကခုတင်ပေါ်လဲကျသွားတယ်။
နှစ်ယောက်သားသတိဝင်လာတော့
ပပထွန်းကငိုယိုလို့
“ချစ်ကြည် နင်ဘယ်လိုလုပ်လိုက်တာလဲ
ငါကတော့သူငယ်ချင်းဆိုပြီးယုံလို့နင့်ဆီလာတာ
နင်အရန်းရက်စက်တယ်
ခုတော့ဘယ်လိုလုပ်ကြမလဲ နင်ငါ့ကိုလွန်ကျူးသွားပြီ
နင်ယူမှဖြစ်မှာ”
“အေးပါဟာ ငါယောက်ျားကောင်းပါ
ငါ့တာဝန်ငါယူပါ့မယ်”
ဒီနောက်တော့ ကိုချစ်ကြည်နဲ့ပပထွန်းတရားရုံးတက်
လက်မှတ်ထိုးပြီး အိမ်နီးချင်းတွေကိုဖိတ်
လဘက်ရည်တိုက်ပြီး အသိအမှတ်ပြု
အကျဉ်းရုံးလက်ထပ်လိုက်တယ်။
ရန်ကုန်မှာကျန်ခဲ့တဲ့ချစ်သူကို
ကျေနပ်အောင်တောင်းပန်ရတော့မှာပဲ။
ရန်ကုန်ရောက်တော့ ချစ်သူကိုသွားတွေ့ပြီး
တောင်းပန်စကားဆိုရတယ်။
ကြူကြူပါအောင်ငိုနေတဲ့
ချစ်သူကိုဘယ်လိုဖြေသိမ့်ရမယ်မှန်းကိုမသိတော့ဘူး
ကိုယ့်ဘာသာကိုယ်လဲအပြစ်တင်နေမိတယ်။
“ကိုကို့ကို ယုံခဲ့တာအထင်ကြီးခဲ့တာအလကားပဲ
ကိုကိုလဲသာမန်ယောက်ျားထဲက
ယောကျ့်ားတစ်ယောက်ပဲ
ကိုကိုသစ္စာမရှိပေမဲ့ ညီမဘက်က
ဘယ်တော့မှသစ္စာမပျက်ဘူး
ကိုကိုကလွဲပြီးလဲဘယ်သူ့မှမချစ်ဘူး
ဘယ်သူ့မှလဲမယူဘူး
ကိုကိုစိတ်ချနေ “ဆိုတဲ့ချစ်သူစကားကလဲ
နှလုံးသားကိုအပ်နဲ့ဆွနေသလိုပဲ
ခံစားရခက်လိုက်တာ။
ငါလေ အဲ့ဒီခဏလေးကို.
ဘာလို့များမထိန်းနိုင်ခဲ့တာလဲ။
ပပရဲ့ယောက်ျားဟောင်းနဲ့တွေ့တော့လဲ
သူကခနဲ့ပြုံး လှောင်ပြုံးပြုံးခဲ့တာ
ခံရခက်လိုက်တာ
ငါအဲဒီခဏလေးကို မကျူးလွန်ခဲ့မိရင်ကောင်းသား။
တကယ်တော့ ငါပပကိုခင်တာပဲရှိတာ မချစ်ပါဘူး
ငါချစ်တာ ငါအတူနေချင်တာက ငါ့ချစ်သူပဲ
သူနဲ့ငါနဲ့ ချစ်သူသက်တမ်းတောင်
ငါးနှစ်ကျော်နေပြီ ဒီလောက်နေခဲ့ပြီးမှ
ငါဘာလို့ဒီလိုလုပ်ရတာလဲ
ငါ့လောက်မိုက်တဲ့ကောင်မရှိတော့ဘူး။
ဒီခဏလေးကိုငါဘာလို့မထိမ်းနိုင်တာလဲ
ငါညံ့လိုက်တာ ခုတော့သွားပြီ
ဒါပေမဲ့မတတ်နိုင်တော့ဘူး
ဖြစ်ပြီးမှတော့ သည်းခံပေါင်းရတော့မှာပဲ။”
ဒီလိုနဲ့သမီးလေးတစ်ယောက်မွေးလာတယ်။
ပပကလဲယောက်ျားကိုဂရုစိုက်ပါတယ်။
ဒါပေမဲ့ငါစိတ်မချမ်းသာခဲ့ပါဘူး
အချစ်ဦးကိုမြေးဦးရတာတောင်မမေ့ဘူးတဲ့
အခုကမြေးဦးမဟုတ်ဘူးဟ သားဦးပဲရှိသေးတာ
ငါဘယ်လိုလုပ်မေ့လို့ရမလဲ။
မရဘူး ငါ့ချစ်သူကိုပဲပြန်ယူမယ်။
ငယ်ချစ်ဦးကိုပြန်ဆက်သွယ်တယ်။
ဒါကိုပပသိတော့
စကားများကြသလို ပပကငိုတယ်။
“ချစ်ကြည် ငါနင့်ကိုလေးစားအထင်ကြီးပြီးယူခဲ့တာ
နင်လဲအလကားပဲ ဒီပုတ်ထဲကဒီပဲ ပဲ
ငါ့မှာသမီးတစ်ယောက်အဖေမဲ့ရာကနေ
သမီးနှစ်ယောက်အဖေမဲ့ဖြစ်တော့မယ်။”
ခက်တယ် သည်တော့စိတ်ညစ်လာတယ်။
စိတ်တွေညစ်လာတော့ မသောက်ဖူးတဲ့အရက်
မသောက်ဘူးဆိုတဲ့အရက်ကိုသောက်လာတယ်။
ရုံးကပြန်လာတိုင်းမူးလာတဲ့ငါ့ကို
မိန်းမကလဲအထင်သေးလာပြီ။
မူးပြီးပထွေးက မယားပါသမီးကိုမုဒိန်းကျင့်မလားဆိုတဲ့
စိုးရိမ်ကြည့်နဲ့ကြည့်တဲ့ ပပရဲ့အကြည့်ကိုတအားမုန်းတယ်။
ပထွေးဆိုတာနဲ့ပဲ မယားပါသမီးကိုမုဒိန်းကျင့်ရတော့မှာလား
အဲဒါကရုပ်ရှင်ထဲကလူကြမ်းတွေလုပ်တာ
ငါ့ဘာသာငါစိတ်ညစ်လို့အရက်သောက်တာကို
ငါကအဲ့ဒီလိုလူစားလား နှာဘူး
တနှာရူးလား•••တနှာရူးလား••
သွားစမ်းပါ။
ဒီအရက်ကိုကြိုက်လို့သောက်တာမဟုတ်ဘူး
အရက်ကိုငါမကြိုက်ဘူးဟ
ငါ့ဘာသာစိတ်ညစ်လို့သောက်တာ
စိတ်ညစ်ပြေပျောက်အရက်သောက်တဲ့
စိတ်ညစ်လို့သောက် သောက်ပြီးရင်လဲစိတ်ညစ်
ခုတော့ အရက်သမားချစ်ကြည်ဖြစ်နေပြီ
ပတ်ဝန်းကျင်ကလဲနှာခေါင်းရှုံ့နေပြီ။
“အရက်သမားဆိုတာမူးလာရင်ဘာမှသိတာမဟုတ်ဘူး
နင့်သမီးချောချောလေးကိုသတိထားနော်
ပထွေးနော်”လို့ပြောတဲ့ပတ်ဝန်းကျင်ရဲ့စကားက
သူ့သိက္ခာကိုအဆုံးစွန်ထိစော်ကားလိုက်တာပဲ။
ပြောပစေကွာ သောက်တယ် ဘာဖြစ်လဲ။
ပပက ရွံမုန်းတဲ့အကြည့်နဲ့ကြည့်လေ
ပိုသောက်လေနဲ့
ငါ့အိမ်ထောင်ရေးက ငရဲခန်းပါပဲ။
ငါ••
အဲ့ဒီခဏလေးကိုမထိန်းလိုက်နိုင်တာနဲ့
ဘဝတစ်ခုလုံးသွားပြီ
ဘဝလမ်းကြောင်းက
ကိုယ်ဖြစ်ချင်သလိုဖြစ်မလာတော့ဘူး။
ဒီခဏနဲ့ တစ်ဘဝလဲလိုက်ရပြီ
“သွားပြီ••သွားပြီ•••”
“ဟဲ့ချစ်ကြည် ဘယ်သူဘယ်သွားလို့လဲ”
ပပထွန်းကမေးလိုက်မှသတိဝင်သွားပြီး
“အာ. ဘာမှမဟုတ်ပါဘူးဟာ
ရုံးမှာအစည်းအဝေးရှိတာကို
မေ့ပြီးမသွားမိလို့သွားပြီလို့ပြောတာပါဟ
နင်ဘာလာလုပ်တာလဲ”
ကိုချစ်ကြည်တစ်ခဏအတွင်းတွေးပစ်လိုက်တဲ့
အနာဂတ်အတွေးတွေကို
လက်ရှိဘဝထဲပြန်ပို့ပြီး
အဆင်ပြေအောင်ဖြေလိုက်တယ်။
ပပထွန်းက
“ငါလား အိမ်မှာမုန့်ဟင်းခါးချက်စားတာလေ
အဲ့ဒါနင့်ကိုကြိုမပြောမိဘူး
ခုကဒီဘက်ကအသိတစ်ယောက်ဆီလာရင်း
နင့်ဆီမုန့်ဟင်းခါးလာပို့တာ”
“ဟုတ်လား
ဧည့်ခန်းမှာထိုင်လေဟာသွားစို့”လို့ဆိုပြီး
အိပ်ခန်းထဲကနေထွက်မယ်ပြင်တော့
ပပထွန်းတစ်ယောက်မနေသာတော့ဘူး
သက်ပြင်းကိုမသိမသာချလို့
အပြင်ထွက်လိုက်ရတယ်။
“နင်ထိုင်အုံးနော် ငါချိုင့်လှယ်ပြီးဆေးလိုက်အုံးမယ်။”
“ရပါတယ်ဟာ ဆေးမနေပါနဲ့”
“အေးပါဟာ ဒါဆိုလဲမဆေးတော့ဘူးနော်
ငါလဲရုံးကအစည်းဝေးသွားလိုက်အုံးမယ်။
နင်တစ်ခါတစ်လေလာတာငါ့မှာဧည့်မခံနိုင်ဘူး
နက်ဖြန်ငါလာခဲ့မယ်လေဟာ ခုတော့ငါလဲရုံးကို
ပြေးလိုက်အုံးမယ်ဟာ”လို့ အနုနည်းနဲ့
ပြန်ခိုင်းလိုက်တယ်။
ပပထွန်းမပြန်မှာစိုးလို့ အိမ်ကနေအတူထွက်လိုက်ပြီး
ရုံးနားရောက်မှလမ်းခွဲလိုက်တယ်။
ပပထွန်းသူ့မြင်ကွင်းကပျောက်သွားမှ
အိမ်ကိုပြန်ပြေးခဲ့တယ်။
မုန့်ဟင်းခါးအနံလေးကလဲမွှေးလို့
“ကျေးဇူးတင်ပါတယ်ပပရယ် ။”
ဆန်းဒေးမှာ ပပထွန်းနဲ့တွေ့တော့
“ပပရေ ငါတနင်္လာနေ့ကျရင် ရန်ကုန်ကို
အရေးပေါ်ဆင်းရမယ် နင်ဘာမှာအုံးမလဲ။”
“မှာစရာမရှိပါဘူးဟာ နင်ဘယ်လောက်ကြာမလဲ”
“ဒါကတော့အလုပ်အခြေအနေအရပဲဟ
ဆယ်ရက်လောက်တော့ကြာမယ်ထင်တယ်
အသွားအပြန်လမ်းမှာကြာတာနဲ့ဆိုတော့”
ရန်ကုန်ရောက်တော့ညွှန်ချုပ်နဲ့သွားတွေ့ပြီး
မြို့ပြောင်းပေးဖို့ လူချင်းလဲပြော စာလဲတင်လိုက်တယ်။
ပြန်ရောက်လို့မကြာဘူး ပြောင်းရွှေ့စာထွက်လာတယ်။
ကိုချစ်ကြည်ပြောင်းဖို့ရထားဆင်းတော့
ပပထွန်းကဘူတာကိုရောက်လာတယ်။
မျက်နှာတော့မကောင်းဘူး
“ချစ်ကြည်
နင်ဟိုမှာလဲတစ်ယောက်ထဲနေရမှာမဟုတ်လား
အနေအစားဂရုစိုက်နော်
မဟုတ်လဲအိမ်ထောင်ပြုလိုက်တော့လေဟာ
ဘာများပူစရာရှိနေလို့လဲ”
“အေးပါဟာ ငါကြိုးစားပါမယ်
နင်လဲဟာ သင့်လျှော်တဲ့သူတွေ့ရင်
အိမ်ထောင်ပြုပါလား”
“အေးပါ
နင့်လိုထိန်းထိန်းသိမ်းသိမ်းနေနိုင်တဲ့လူမျိုးတွေ့ရင်
ယူပါမယ်။”
“ကောင်းတဲ့ယောက်ျားတွေရှိပါတယ်ဟာ
နင်တို့ကလဲမကောင်းတဲ့လူတစ်ယောက်နဲ့ဆုံဖူးတာနဲ့
ယောက်ျားမှန်သမျှအကုန်မကောင်းဘူး
ထင်နေကြလို့ပါဟာ”လို့ကိုချစ်ကြည်က
ဖြေသိမ့်ပြောပြောလိုက်တယ်။
ရထားထွက်တော့ လက်ပြနှတ်ဆက်ရင်း
မြင်ကွင်းကပျောက်တဲ့အထိ ကြည့်နေမိကြတယ်။
“ဖိုးဖိုးကြီးရေ ဘာတွေလုပ်နေတာလဲ
ဟောသည်မှာမြေးလေးကဖိုးဖိုးဆင်ကြီးလုပ်တဲ့”
၂နှစ်သားမြေးလေးကိုချီထားတဲ့ဇနီးသည်က
ကိုချစ်ကြည်ကိုလှမ်းပြောလာတယ်။
“အေး••အေး••ခဏလေးပါကွာ
ဖိုးဖိုးကြီးစာရေးနေတာ
လက်စသပ်တော့မယ် ခဏလေးစောင့်”
“ဖိုးဖိုးကြီးဘာစာတွေရေးနေတာလဲ
မဆုံဆည်းခဲ့လေသော
အချစ်များအကြောင်းလား”လို့ဆိုတော့
သူကဘုမသိဘမသိနဲ့ဟာသလုပ်ပြီးပြောပေမဲ့
ကိုချစ်ကြည်တစ်ယောက်တွန့်သွားတယ်။
ဟိုး••နှစ်ပေါင်းလေးဆယ်လောက်ကကြုံခဲ့ရတဲ့
ခဏလေးကို
အဲသည်”ခဏလေး”ကိုထိန်းလိုက်နိုင်လို့သာ
ငယ်ချစ်ဦးနဲ့မလွဲခဲ့တာ။
ခုဆိုမြေးဦးတောင်ရနေပြီ
ပပထွန်းက အချစ်ဦးမဟုတ်ပေမဲ့ မြေးဦးရတဲ့အထိ
မမေ့ပါဘူး ဟိုကထဲကသတိရတိုင်းလဲ
သူငယ်ချင်းပပထွန်းတစ်ယောက် လင်ကောင်း
သားကောင်းရပါစေလို့အမြဲဆုတောင်းပေးခဲ့ပါတယ်။
ခုတော့ သူလဲသူ့နောက်အိမ်ထောင်နဲ့အဆင်ပြေပြီး
မြေးတွေတောင်ရနေပြီလို့ကြားပါတယ်။
ပြန်တော့မတွေ့ကြတော့ပါဘူး သတင်းပဲမေးမိတာ။
ဇနီးသည်ကမြေးလေးကိုချီပြီးအနားရောက်လာတော့
ကိုချစ်ကြည်တစ်ယောက်
မြေးလေးကိုနမ်းမလိုလိုနဲ့
ငယ်ချစ်ဦးဇနီးသည်ဖွားဖွားရဲ့ပါးကိုနမ်းလိုက်တော့
သူ့ဇနီးသည်က
“ဟာ ဖိုးဖိုးကြီးသူငယ်ပြန်နေတယ်ဟေ့
ဖိုးဖိုးမရှက်ဘူးလားမေးလိုက်”ဆိုတော့
၂နှစ်သားမြေးလေးက
သိသလိုလိုနဲ့ အားရပါးရ တခစ်ခစ်နဲ့
ရယ်နေပါတော့တယ်••••
ချစ်သူတိုင်းညား ညားသူတိုင်းချစ်လို့
ညားသူတိုင်းလဲအဆင်ပြေကြပါစေ
မင်းကြည်
၂၅-၇-၂၀၂၂