“လူ”(စ/ဆုံး)
——-
ကျွန်တော်တို့မိသားစုမိုးကုတ်မြို့လေးတွင်နေထိုင်ကြစဥ်ကပတ္တမြားရပ်ကွက်၊ပတ္တမြားဦးသန်းမောင်ဒေါ်မြညွန့်တို့အိမ်မှာဌားရမ်းပြီးနေထိုင်ရပါတယ်။
အိမ်ရှင်မှာမိုးကုတ်သူဌေးတစ်ဦးဖြစ်ပြီးငွေကြေးပြည့်စုံချမ်းသားပြီးလင်မယားနှစ်ယောက်စလုံးမှာလဲသဘောမနောကောင်းကြပါတယ်။
အိမ်နီးနားချင်းများကလဲအချင်းချင်းရိုင်းပင်းကူညီကြပြီးသဘောမနောကောင်းကြပါတယ်အထူးသဖြင့်ဦးညွန့်မောင်+ဒေါ်နှင်းတို့ဇနီးမောင်နှံမှာကျွန်တော်တို့မိသားစုနဲ့ဆွေမျိုးရင်းခြာသဖွယ်ပိုမိုပြီးရင်းနှီးကြပါတယ်။
မိုးကုတ်မြို့ကိုပြောင်းရွှေ့လာပြီးနောက်ပိုင်းကျွန်တော်တို့မိသားစုရာသီဥတုပြောင်းလဲမှု့ဒဏ်ကိုအတော်လေးခံနေရပါတယ်အပူပိုင်းဒေသမှာပြောင်းရွှေ့လာခဲ့ကြပြီးမိုးကုတ်မြို့ရဲ့ချမ်းအေးလှတဲ့ရာသီဥတုကြောင့်မိသားစုတွေမကြာခဏဖျားနာတတ်ပြီးကျန်းမာရေးထိခိုက်ရတဲ့ကာလတွေဖြစ်ပါတယ်။
အဖေ့မှာလဲနဂါးမင်းစီမံချက်ဆင်းအပြီးကျန်းမာရေးချုခြာလာခဲ့ပြီးမိုးကုတ်ဆေးရုံကြီးမှာဆေးကုသခွင့်ခံယူခဲ့ရပြီးကိုယ်ခွဲမရှိသဖြင့်အမေတစ်ယောက်ထဲဒိုင်ခံပြုစုရင်းအမေပါကျန်းမာရေးထိခိုက်ပြီးဆေးရုံတက်ရပါတော့တယ်အစ်မအကြီးဆုံးပင် (၆)တန်းကျောင်းသူအရွယ်ခန့်သာရှိသေးပြီးအစ်မလတ်က (၂)တန်းကျွန်တော်က (၄)နှစ်သားအရွယ်ညီအငယ်ဆုံးက (၂)နှစ်သားအရွယ်မို့မောင်နှမအားလုံးလူမမယ်အရွယ်များသာဖြစ်ကြလို့အဖေနဲ့အမေတို့သာတစ်ခုခုဖြစ်သွားခဲ့လျှင်ကျွန်တော်တို့နောင်ရေးအတွက်အနာဂါတ်ပျောက်ဆုံးရတော့မယ့်အရေးနဲ့ကြုံတွေ့နေရပါတယ်။
အိမ်နီးနားခြင်းတွေရဲ့သံကြိုးရိုက်ပြီးအကြောင်းကြားဆက်သွယ်မှု့ကြောင့်အဖေ့ဘက်ကအမျိုးတွေနဲ့အမေ့ဘက်ကအမျိုးများမိုးကုတ်မြို့သို့တက်လာကြပြီးအမေတို်ရဲ့ကျန်းမာရေးအခြေအနေထူးခြားမလာပါကမောင်နှမလေးယောက်ကိုနှစ်ဘက်အမျိုးများကတစ်ဝက်စီစောင့်ရှောက်ကြရန်အစီအစဥ်ဆွဲနေကြပါတယ်။
အမျိုးတွေဆေးရုံကိုရောက်လာတော့အဖေကောအမေပါအသက်လုနေရတဲ့အချိန်ဖြစ်ပြီးဆေးရုံသို့သွားရာတွင်ကျွန်တော့်ကိုပါခေါ်ဆောင်လာခဲ့ပြီးအမေ့ကိုတစ်လှည့်အဖေ့ကိုတစ်လှည့်ကျွန်တော်ကြည့်နေပေမယ့်ခံစားရကောင်းမှန်းမသိသေးဘဲထိုအချိန်ကနာမည်ကြီးနေတဲ့စိုင်းထီးစိုင်ရဲ့” ငါ့ဘဝ”သီချင်းလေးကိုတိုးတိုးလေးညည်းနေခဲ့ပါတယ်။
“လူတစ်ကာတွေရယ်နေချိန်မှာလူတစ်ကာတွေပြုံးနေချိန်မှာငါ့ဘဝတော့လေငိုခြင်းရဲ့အခြားတစ်ဘက်မှာရှိနေပြီဘဲ”
“ရှေ့ဆက်ရမယ့်အဖေါ်ဆိုလဲတစ်ကယ်မရှိနတ္တိပေါ့လေမှီခိုစရာလဲနေရာမှန်မရှိတယ်ဝမ်းနဲမိတယ်ရင်နာမိတယ်ငါ့ဘဝတစ်လျှောက်မှာလေ”ဆိုတဲ့သီချင်းစာသားလေးကိုအဖေ့ကုတင်နားမှာအမှတ်မထင်ဆိုနေမိလို့နှစ်ဘက်အမျိုးတွေတစ်ကယ့်လက်တွေ့ဘဝနဲ့တိုက်ဆိုင်နေလို့စိတ်မကောင်းဖြစ်ပြီးကျွန်တော်မသိအောင်ငိုခဲ့ကြတယ်လို့နောက်ပိုင်းမှာသိခွင့်ရခဲ့ပါတယ်။
နောက်ရက်များမှာနှစ်ဘက်အမျိုးတွေကျွန်တော်တို့မောင်နှမတစ်တွေကိုရန်ကုန်မြို့သို့ခေါ်ဆောင်လာခဲ့ကြပါတယ်ဆေးရုံတက်နေတဲ့အဖေနဲ့အမေတို့မတော်တဆတိမ်းပါးသွားခဲ့လျှင်နှစ်ဘက်အမျိုးများကမျှပြီးစောင့်ရှောက်ကြရန်ဖြစ်ပါတယ်။
ကျွန်တော်တို့မောင်နှမလဲအသက်ငယ်ကြသေးလို့ကျန်တဲ့ကိစ္စတွေကိုနားလည်ခြင်းမရှိသော်လည်းမိဘများရဲ့နောက်ကွယ်မှာအားကိုးအားထားမရှိကြလို့အားလုံးနဲ့အဆင်ပြေစွာနေထိုင်နိူင်ကြမှသာလျှင်အဆင်ပြေကြမယ်ဆိုတာကိုတော့အထိုက်အလျှောက်နားလည်ထားကြပါတယ်။
ကျွန်တော်တို့မောင်နှမတစ်တွေရန်ကုန်ကိုရောက်ရှိလာခဲ့ပြီးနောက်ပိုင်းကံကောင်းထောက်မစွာပင်အဖေနဲ့အမေဆေးရုံကဆင်းလာခဲ့ကြပြီးကျွန်တော်တို့အတွက်အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာသလိုအသက်ဘေးမှလွတ်မြောက်လာခဲ့ပါတော့တယ်။
ထိုအချိန်မှစ၍ကျွန်တော်တို့တစ်တွေလဲပြောင်းရွှေ့ရတဲ့နယ်ပယ်ပေါင်းစုံတွေမှာတွေ့တဲ့သူနဲ့တည့်အောင်ပေါင်းသင်းတတ်တဲ့ပညာရပ်များကိုသိရှိနားလည်လာခဲ့ပါတော့တယ်။
မူလတန်း၊အလယ်တန်းကျောင်းသားဘဝကိုကျော်လွန်ခဲ့ပြီးနောက်၁၉၉၄ခု နှစ်မှာမွန်ပြည်နယ်သထံမြို့လေးမှဧရာဝတီတိုင်းပန်းတနော်မြို့ကိုပြောင်းရွှေ့ခဲ့ရပြီးပန်းတနော်အထက (၁)တွင်၉တန်းနဲ့ ၁၀ တန်းကိုတက်ရောက်ခဲ့ရပါတယ်
၁၉၉၄ -၁၉၉၅ ပညာသင်နှစ်ဆယ်တန်းစံနစ်သစ်ကိုကျရှုံးခဲ့ပြီးမိသားစုအဆင်မပြေမှု့များစွာကြောင့်ပွဲရုံလောကကိုရောက်ရှိသွားပါတယ်တစ်လလျှင်လစာနှုန်း (၂၀၀၀)ကျပ်ရရှိသဖြင့်၁၉၉၅ခု နှစ်ကာလအချိန်မှာမနဲသောပမာဏတစ်ခုတော့ဖြစ်ပါတယ်။
မနက်တိုင်း (၄)နာရီမှာအိပ်ယာမှထရပြီးရောင်းကုန်ပစ္စည်းနမူနာများကိုအလုပ်သမားများနဲ့အတူခင်းကျင်းရပါတယ်မနက် (၅)နာရီလောက်တွင်စျေးဝယ်သူတွေစုံလင်နေပြီးတစ်ခါတစ်ရံည (၈)နာရီအချိန်အထိရောင်းသူဝယ်သူအဆက်မပြတ်သေးဘဲအလုပ်များလို့နေပါတယ်အားလုံးပြီးလို့ရေမိုးချိုးထမင်းစားပြီးတဲ့အချိန်မှာည (၁၀)နာရီခန့်ဖြစ်ပြီးတစ်နေကုန်ပင်ပန်းမှု့နဲ့အတူနောက်နေ့မနက်အစောကြီးအိပ်ယာထရမှာမို့ခြေပစ်လက်ပစ်အိမ်သွားကြပြန်ပါတယ်ငါးပိ၊ငါးခြောက်ပွဲရုံဆိုတော့ညဘက်ခြင်အလွန်ပေါပါတယ်တစ်ခါတစ်ရံခြင်ထောင်သေးသေးနဲ့အိပ်ရလို့ဘယ်ညာလူးလှိမ့်မိတဲ့အခါမျိုးမှာဘေးမှခြင်အကောင်ရေရာနဲ့ချီပြီးအကိုက်ခံရတတ်ပါခြင်ဘယ်လောက်ပင်ကိုက်စေခါမူတစ်နေကုန်မရပ်မနားပင်ပန်းထားလို့တော်ရုံမည်သူမှအိပ်ယာကမနိူးကြပါ။
တစ်ခါတစ်ရံဧရာဝတီတိုင်းကံကြီးတောင့်၊ကျိုက်လတ်၊ဖျာပုံ၊ဘိုကလေးစတဲ့မြို့များရှိကုန်သည်များကသူတို့ရဲ့ရောင်းကုန်များကိုမနက် (၂)နာရီ (၃)နာရီအချိန်ပွဲရုံမှာကုန်တွေလာချတဲ့အချိန်နဲ့ကြုံကြိုက်ရင်ထိုနေညအိပ်ချိန်မှာ (၄)နာရီခန့်သာရပြီးတစ်နေကုန်အလုပ်ပြန်ဆင်းရတဲ့ရက်မျိုးဆိုရင်တစ်နေ့လုံးစိတ်လက်မကြည်မသာဖြစ်နေတတ်ပါတယ်။
တစ်နေ့ကျွန်တော်တို့ကိုတစ်နေလုံးမနားရအောင်၊သူဌေးကနေပူထဲမှာတစ်နေကုန်ခိုင်းနေပါတယ်ထိုနေ့ရောင်းရတဲ့ရောင်းကုန်များမှာလဲအခါကြီးရက်ကြီးနီးလာပြီမို့ရောင်းကောင်းလှပါတယ်သူဌေးကိုယ်တိုင်ပင်ထမင်းကိုပန်းကန်ထဲထည့်ခါမတ်တပ်ရပ်ပြီးစားနေပါတယ်ကျွန်တော်တို့လဲနေကပူပူထမင်းစားချိန်လဲကျော်နေပြီမို့စိတ်ထဲမှာအတော်လေးမကျေမချမ်းဖြစ်နေပေမယ့်မည်သူမှမပြောရဲကြပါ။
ခဏအကြာသူဌေးကတော်ကားတစ်စီးနဲ့ပွဲရုံကိုရောက်လာတော့သူဌေးမှကဗျာကရာနဲ့ထွက်သွားလိုက်ပြီးကားပေါ်ကဆင်းလာတဲ့သူ့ရဲ့သားနဲ့သမီးကိုနေပူမှာစိုးလို့ထီးတစ်လက်နဲ့အလုပ်ရှုပ်နေပါတယ်ဝန်ထမ်းတွေကိုတော့နေပူထဲမှာမညှာမတာခိုင်းနေပြီးကားထဲကထွက်လာတဲ့သူ့ကလေးတွေကိုတော့နေပူမှာကြောက်ပြီးပျာယာခပ်နေပုံကိုကြည့်ပြီးကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်အမှန်တစ်ကယ်ကားနဲ့အရိပ်ရတဲ့အမိုးအကာအောက်ရဲ့အကွာအဝေးမှာဆယ်ပေခန့်သာကွာဝေးပါတယ်။
အမှန်မှာတော့သူဌေးရဲ့မိသားစုအတွက်လဲကျန်းမာရေးကအရေးကြီးသလိုကျွန်တော်တို့လိုသူဌေးကိုအကျိုးပြုနေတဲ့ဝန်ထမ်းတွေရဲ့ကျန်းမာရေးကလဲအရေးကြီးပါတယ်အားလုံးဟာလူသားတွေမို့ပါသို့သော်သူဌေးရဲ့ရင်ထဲမှာသူ့မိသားစုကလဲွဲပြီးကျန်တဲ့သူတွေအတွက်သူ့ရင်ထဲမှာမရှိကြောင်းကျွန်တော်သိခွင့်ရလိုက်ပါတော့တယ်။
ေနာက်ပိုင်း၁၉၉၇ခု နှစ်တွင်ကျွန်တော်ဝန်ထမ်းလောကကိုရောက်ရှိလာတော့ပွဲရုံသူဌေးထက်ပိုဆိုးတဲ့လူကြီးများနဲ့တွေ့ဆုံရပြီးဘဝရဲ့အတွေ့အကြုံအရရောအသက်အရွယ်အရပါတစ်ချိန်ကကြုံတွေ့ခဲ့ရတဲ့ပွဲရုံသူဌေးအပေါ်နားလည်နိူင်ခဲ့ပါတော့တယ်အမှန်မှာတော့သူဌေးဆိုသူတွေဟာသူတို့ရဲ့ကိုယ်ပိုင်အရင်းအနှီးတွေနဲ့သူတို့ရဲ့လုပ်ငန်းခွင်ကိုထူထောင်ထားကြသူများပင်ဖြစ်လို့သူတို့လုပ်ငန်းခွင်ကိုသူတို့စိတ်ကြိုက်ချယ်လှယ်နေမှု့အားလက်ခံနိူင်စရာအကြောင်းရှိပေမယ့်ရုံးဌာနအကြီးအကဲတွေကဌာနရဲ့လုပ်ငန်းခွင်ကိုသူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းခွင်သဖွယ်ပြုမူနေတာကပို၍ဆိုးလှပါတယ်။
ဌာနတစ်ခုရဲ့လုပ်ငန်းခွင်ဆိုတာအထက်လူကြီးနဲ့အောက်ကဝန်ထမ်းတွေဟာဌာနရဲ့ရည်မှန်းချက်ဦးတည်ချက်တစ်ခုကိုအောင်မြင်စွာပြီးမြှောက်စေဖို့အတူတစ်ကွလုပ်ဆောင်နေကြတဲ့ဘဝတူလုပ်ဖေါ်ကိုင်ဘက်များသာဖြစ်ပါတယ်သူတို့ရဲ့အခိုင်းအစေများမဟုတ်ကြတဲ့အတွက်အထက်အောက်ရိုသေလေးစားဖို့အလွန်ပင်လိုအပ်ပါတယ်။
အထက်လူကြီးတွင်လဲသူကျင်လည်တဲ့ပတ်ဝန်းကျင်မှာမိသားစုရေးရာကိစ္စရပ်များစွာရှိနိူင်သလိုလုပ်ဖေါ်ကိုင်ဘက်ဝန်ထမ်းငယ်တွေရဲ့ကျင်လည်ရာမိသားစုဘဝတွေမှာလဲမိသားစုကိစ္စများစွာရှိကြပါတယ်။
ယခုခေတ်ဝန်ထမ်းများအကြားထွန်းကားနေတဲ့ယဥ်ကျေးမှုတစ်ခုကတော့အနေချောင်အစားချောင်ပြီးငွေရပေါက်ရလမ်းအဆင်ပြေနေတဲ့သူများကတော့မိမိရဲ့အထက်လူကြီးများကိုအလွန်အကျွံထိုလူကြီးတွေရဲ့မိသားစုကိစ္စအဝဝတွေကိုလိုလေသွေးမရှိလိုက်လုပ်ပေးကြပါတယ်အချိန်တွေကြာလာတဲအခါအမှားကြာတော့အမှန်တရားဖြစ်လာပြီးဝန်ထမ်းတစ်ဦးချင်းစီရဲ့ကိုယ်ရေကိုယ်သွေးကိုလုပ်ငန်းစွမ်းဆောင်ရည်နဲ့တိုင်းတာခြင်းမရှိတော့ဘဲလူကြီးနဲအနီးကပ်နေထိုင်ကြသူတွေကိုသာအခွင့်အရေးပိုမိုပေးကြပြီးလုပ်ငန်းခွင်ကိုလဲသူတို့စိတ်တိုင်းကျစိတ်ခံစားမှု့အတိုင်းသာအုပ်ချုပ်လာကြပြီးငါ့နဲ့မတူငါ့ရန်သူဖြစ်ခါအမှန်တစ်ကယ်ကြိုးစားပြီးအရည်အသွေးရှိသူများဘေးရောက်ကုန်ပါတော့တယ်။
ကျွန်တော်ဝန်ထမ်းဘဝအတွေအကြုံအရတစ်ခါကလူကြီးတစ်ဦးကဆရာသမားကိုဖုန်းဆက်ပြီးသူ့ရဲ့သမီးဖြစ်သူလမ်းတွင်ကားပျက်နေလို့အကူအညီပေးရန်အကြောင်းကြားလာခဲ့ပါတယ်ထို့ကြောင့်ကျွန်တော်တို့လဲစာနာမှု့နှင့်ကားပျက်တဲ့နေရာဆီလိုက်သွားတော့ထိုလူကြီးသမီးဆိုသူမှာကားပေါ်မှာFbသံုးတာတောင်မပျက်ဘဲခပ်တည်တည်သာနေပါတယ်သူ့ရဲ့ကားမှာBatteryသက်တမ်းကြာလာလို့လဲရမှာဖြစ်ကြောင်းရှင်းပြပြီးBatteryလဲပေးလိုက်ပါတယ်အားလုံးကိစ္စပြီးသွားတဲ့အခါကားမှာမောင်းလို့ရသွားပြီးကျေးဇူးတင်စကားတောင်ပြောဖေါ်မရဘဲမျက်နှာထားခပ်တည်တည်နဲ့မောင်းထွက်သွားတာကိုကြုံတွေ့ရဘူးပါတယ်။
အလားတူကိစ္စရပ်များစွာလဲကြုံတွေ့ခဲ့ရပါတယ်တစ်ခါတစ်ရံလူကြီးအမျိုးတွေဘွဲ့ယူမယ်ဆိုလို့မနက် (၈)နာရီလောက်ကတဲက၊ကားမောင်းပေးဖို့အကူအညီတောင်းခံခဲ့ပါတယ်ကိုယ်တိုင်လဲအိမ်မှာကလေးငယ်တွေနဲ့မိသားစုလုပ်ရမည့်အလုပ်တွေရှိတဲ့ကြားကစာနာစိတ်နဲ့မောင်းပေးခဲ့ပါတယ်မနက် (၉)နာရီလောက်ကတဲက
သူတို့ကိုဘွဲနှင်းသဘင်ခန်းမဆီကိုပို့ပြီးကားဘေးနားမှာပင်စောင့်နေလိုက်တာညနေ (၅)နာရီပင်ထိုးပါတော့တယ်ကားအနားကလဲမခွါရဲသူတို့ပြန်လာရင်အဆင်သင့်မဖြစ်မှာစိုးလို့်အပေါ့အပါးပင်ရေသန့်ဗူးအလွတ်တစ်ခုထဲမှာအဆင်ပြေသလိုသွားရပါတယ်။
အားလုံးပြီးတော့ထမင်းစားပြီးပြီလားစောင့်နေရတာအဆင်ပြေရဲ့လားလို့တစ်ခွန်းမှမမေးဘဲ”သွားမယ် သွားမယ်အိမ်အပြန်နောက်ကျနေပြီ”လို့သာပြောပြီးပြန်လိုက်ပို့ခိုင်းပါတယ်သူတို့ကိုလိုက်ပို့ပြီးအိမ်အပြန်လမ်းကျမှသာကျွန်တော်စိတ်ထဲမှာအတော်ပင်ပေါ့ပါးလို့သွားပါတော့တယ်။
“ေဩာ်ကျားကိုလဲကြောက်ရကျားချေးကိုလဲကြောက်နေရပါလားနော်”
အမှန်မှာတော့လူ့ဘဝတိုတိုလေးအတွင်းမှာလူသားအချင်းချင်းစာနာမှု့နဲ့သာယာတဲ့ပတ်ဝန်းကျင်ကိုတည်ဆောက်ရမည့်အစားခဏတာရရှိတဲ့ရာထူးစည်းစိမ်တွေနဲ့လက်အောက်ငယ်သားတွေအပေါ်အနိူင်အထက်ပြုတတ်တဲ့လူကြီးများရဲ့ဘဝဟာအင်မတန်မှသနားစရာကောင်းပါတယ်သေရာကိုယူဆောင်သွားလို့မရတဲ့ရာထူးနဲ့စည်းစိမ်တွေအပေါ်ယစ်မူးနေကြပြီးအမှန်တစ်ကယ်သေလွန်သွားပါကကျွန်တော်တို်အားလုံးယူဆောင်သွားနိူင်မည့်အထုတ် (၂)ထုတ်သာရှိပါတယ်အဲဒါကတော့ကုသိုလ်ထုပ်နဲ့အကုသိုလ်အထုတ်တွေသာဖြစ်ပြီးကိုယ်စိုက်ပျိုးသမျှကိုမိမိကိုယ်တိုင်သာရိတ်သိမ်းကြရမှာဖြစ်ပါတယ်။
ထိုကြောင့်ကျွန်တော်လဲအခုချိန်မှာတော့လူလတ်ပိုင်းအရွယ်သို့ရောက်ရှိလာခဲ့ဲပြီးငယ်စဥ်ကငွေကြေးချမ်းသာတဲ့သူ၊ရာထူးရာခံရှိတဲ့သူတွေကိုအထင်ကြီးခဲ့မိပေမယ့်အခုအချိန်မှာတော့ကိုယ်ချင်းစာတရားနဲ့စာနာတတ်တဲ့နှလုံးသားကိုပိုင်ဆိုင်သူတွေကသာပိုမိုတန်ဘိုးရှိကြောင်းသိမြင်လာခဲ့ပါတယ်။
ကိုယ်တိုင်လဲလူ၊လု၊လူး၊လွတ်ဆိုတဲ့လူတန်းစားထဲမှာလူပီသတဲ့လူတစ်ဦးဖြစ်ဖို့နဲ့ကိုယ်ချင်းစာတရားနဲ့စာနာစိတ်တွေကိုအရင်းခံပြီးမိမိကျင်လည်ရာပတ်ဝန်းကျင်လေးမှာကိုယ့်ကြောင့်အနှောင့်အယှက်မဖြစ်စေဖို့နဲ့ကိုယ်တိုင်လောကကြီးထဲကထွက်ခွါသွားရတဲ့အချိန်အထိကျန်ရစ်ခဲ့တဲ့ကိုယ်ခြေရာလေးဟာဂုဏ်သိက္ခာနဲ့ကျန်ရစ်စေဖို့ကြိုးစားနေရပြီပေါ့ခင်ဗျာ။
5.11.2022
ကိုချမ်း (ထီလာမြေ)