August 29, 2025

အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ(စ/ဆုံး)

————————-

ဆေးဆိုင်မှာ လိုအပ်တဲ့ ဆေးတွေဝယ်ပြီး ပြန်အထွက်မှာ။

ကျမ မြင်လိုက်ရတာကတော့ လသားအရွယ်။

ခလေးငယ်လေးကို ရင်ခွင်မှာ ပိုက်ထားပြီး
ခေါင်းပေါ်မှာလဲဖရဲသီးဗန်းကို ရွက်လို့။

နေကပူပူ ဖုန်ထူထူမှာ၊
ခလေးလေးမှာ ဦးထုပ်က မပါဘူး။

အမေဖြစ်သူမှာလဲ ချွေးကဒီးဒီးကျ။

ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့နွေ
နေ့လည်ကို အံတုပြီး ။

စျေးလည်ရောင်းနေတဲ့ သူမကို
လမ်းတဖက်မှာ ဝက်သားရောင်းနေတဲ့ စျေးသည်က ။

ငါလဲလေမြင်ရတာ စိတ်မချမ်းသာဘူး..
ကောင်မလေးကို သူ့ယောင်္ကျားကထားခဲ့ပြန်ပြီ…
မီးဖွားခါနီးတုန်းကလဲ အရပ်ကကောင်းလို့…
ခုမွေးပြီးပြန်တော့လဲ စားစရာမရှိ….
စျေးဗန်းခေါင်းရွက် စျေးရောင်းနေရပေါ့…
တော်ကြာနေ ယောင်္ကျားက ပြန်လာရင် ပြန်လက်ခံမှာ….
ကောင်မလေးကလဲ အမှတ်ကိုမရှိဘူး…
ယောင်္ကျား ပြန်လာရင်လဲ ပြန်ပေါင်းလိုက်တာပဲ..
ထားခဲ့ပြန်တော့လဲ မျက်ရည်စက်လက်နဲ့…
ဘာတွေမှန်းကို မသိတော့ပါဘူး..

စျေးဝယ်သူ တစ်ယောက်ကပြန်ပြောတယ်။

အဲဒါ ဘာတွေဖြစ်ရမှာလဲ..အချစ်လို့ခေါ်တယ်လေအမရဲ့…ဟား..ဟား..ဟား….

သူတို့တွေ ပြောပြီး ရယ်မောနေကြတဲ့ စကားသံတွေကြောင့် ကျမပြုံးမိသွားတယ်။

အေးပေါ့လေ။
အချစ်ကြောင့်ပေါ့။

…………………………………………

တိုက်ခန်း မြေညီထပ်က လမ်းမနဲ့နီးကပ်တယ်။
ညဆယ့်တစ်နာရီလောက် ရှိပြီ။

ကျမ အိပ်မပျော်တာနဲ့ စာဖတ်နေတယ်။

မောင်..အခုပြန်လာနေပြီလား..
စိတ်မကောက်ပါနဲ့တော့မောင်ရယ်..သဲ တောင်းပန်ပါတယ်..

စကားသံ တချို့ကြောင့်ကျမ နားစွင့်လိုက်တယ်။

ညက တိတ်ဆိတ်နေတယ်။

တချို့အိမ်တွေက တံခါးတွေပိတ်ထားကြပြီ။

တချို့အိမ်တွေက မီးတွေတောင်ပိတ်ပြီး အိပ်နေကြပြီ။

ကျမ အိမ်ရှေ့က လိုက်ကာကိုအသာလေးဆွဲဖယ်ပြီး ကြည့်လိုက်တယ်။

မချောက ကျမအိမ်ရှေ့ထောင့်နားလေးမှာရပ်ပြီး ဖုန်းပြောနေတာကိုး။

ပတ်ဝန်းကျင်ကိုလဲသူ ဂရုမစိုက်ဖူး။

သူ့အသံလေးကြားပြီး ကျမတောင်သူ့ကို ဂရုဏာသက်မိသွားတယ်။

ကျမလိုက်ကာကို ဆွဲစေ့လိုက်ပြီးစာအုပ်ကို ဆက်ဖတ်နေလိုက်တယ်။

မောင် သွားတဲ့နေ့ကစပြီးသဲ ထမင်းမစားတာလေးရက်ရှိပြီ..
မောင် ပြန်လာခဲ့တော့နော်…
မောင့်ကိုလွမ်းလို့ပါ…

အဝတ်အစားအပိုလဲ မပါသွားပဲနဲ့မောင် ဘာတွေဝတ်နေလဲ..
မောင် အခုတက္ကစီ စီးလာခဲ့နော်..
ကားခကို သဲ အဆင်သင့်ပြင်ထားတယ်…ပန်းစွယ်တော်ဆိုင်နားမှာသဲ စောင့်နေမယ်..မောင်..ချစ်တယ်သိလား..နော်..နော်..

ငိုသံလား ရှိုက်သံလားမသဲကွဲတဲ့အသံနဲ့ သနားစရာကွယ်။

ဒီအချိန်ကြီး မိန်းခလေးတစ်ယောက်ထဲ ။

ပန်းစွယ်တော်ဆိုင်ဆိုတာ အနည်းငယ်လှမ်းသေးတယ်။

အချစ်အတွက်နဲ့ ညအမှောင်မှာမကြောက်မရွံလား။

သူ့ယောင်္ကျားဆိုသူကို ချော့မော့ပြီးလေသံပျော့ပျော့လေးနဲ့ ပြောနေတဲ့ သူမ။

ချစ်တယ်ဆိုတဲ့စကားကိုထပ်ခါထပ်ခါ ပြောနေပုံများ။

သူ့ယောင်္ကျားဆိုတဲ့ ငနဲတော့ဘယ်လိုနေတယ် မသိ။

အိမ်ထဲကနေကြားနေရတဲ့ ကျမကတော့သူမကို သနားနေသယောင်ယောင်…။

စိတ်ထဲ ထင်မိပါတယ်။
ဒါလဲ အချစ်ကြောင့်ပါပဲ။
…………………………………………..

ညဆယ်နာရီလောက်ရှိပြီ။
တိုက်ရှေ့က ဖုန်းခေါ်တဲ့အသံ နီးနီးကပ်ကပ်ကြားရတယ်။

လိုက်ကာစလေးကို အသာ မ ကြည့်လိုက်တယ်။

လူငယ်လေးတစ်ယောက် စက်ဘီးလှလှလေးနဲ့။

ကိုယ်တော်ချောက ပိုင်စိုးပိုင်နင်း
နဲ့အိမ်ရှေ့ကအုတ်ခုံပေါ်မှာ သေချာထိုင်ပြီး ဖုန်းပြောနေတာ။

ဘောင်းဘီ အနက်ရောင်လေးနဲ့အပေါ်က အနွေးထည် ခေါင်းစွပ်ပါတဲ့အင်္ကျီကို ဝတ်ထားတယ်။

သူဟာပတ်ဝန်းကျင်ကို မေ့နေတယ်။

တဖက်က ဖုန်းကိုင်ဟန် မတူဘူး။

သူ ဆက်လက် ကြိုးစားနေတယ်။
သူ အောင်မြင်သွားတယ်။

မမ..ကျနော့်မှာ ဘာအပြစ်ရှိလို့လဲ..
ကျနော် မမ မကြိုက်တာ ဘာလုပ်မိလို့လဲ..ကျနော့်အိမ်ကို ကျနော်ဂရုမစိုက်ဖူးနော်..မမ ကကျနော့်ဘဝပဲ..

ဟိုဖက်က ဘာပြောတယ် မသိ။
မိဘကိုတောင် ဂရုမစိုက်ဖူးတဲ့။

မွေးရကျိုးနပ်ပါပေ့ သားတော်မောင်။

ကျနော် မမဆီကိုခုလာတွေ့မှာနော်..
မိုးချုပ်တော့ကောဘာဖြစ်လဲ..
ကျနော်ဒီည မမမျက်နှာလေးကိုမှမတွေ့ရရင်အိမ်မပြန်ဘူး…
ဖြစ်ချင်ရာဖြစ်ဗျာ..နားမထောင်ဘူး..ဂရုမစိုက်ဖူး..
မမ က ကျနော့်ဘဝပဲ..

အမလေး..အမလေး..
သတ္တိတွေ ကောင်းနေလိုက်တာ။

အိမ်ကအမေက ခိုင်းရင်တော့အကြောင်းပြချက်တွေ အမျိုးမျိုးပြမယ့် အရွယ်လေ။

ခုတော့ မမ အတွက်ဆိုအသက်ပင်သေသေ ဖြစ်နေပါရောလား။

အိမ်ထဲက ခန်းဆီးနောက်ကွယ်ကကျမ ပြုံးမိတယ်။
ဒါလဲ အချစ်ကြောင့် ပါပဲ။
…………………………………………..

ကောင်မ..နင့်လက်ထဲက အုတ်နီခဲကို ချထားလိုက်လို့ ငါပြောနေတယ်နော်…

ကောင်လေးက မုန့်ဆိုင်ထဲကိုဝင်လုဝင်ခင် အပေါက်ဝလေးမှာ။

နင်ထွက်လာခဲ့နော်..သူများဆိုင်ထဲမှာငါ လုပ်ထဲ့လိုက်မှအပြစ်မပြောနဲ့…

လမ်းမတဖက်က ကောင်မလေးက အုတ်နီခဲကြီး တရွယ်ရွယ်နဲ့။

နွေ​နေ့လည်ခင်းမှာ ချစ်သူနှစ်ဦးရဲ့တိုက်ပွဲပါလား။

ငါအပြင်ထွက်ရင်
နင် ငါ့ကိုအုတ်နီခဲနဲ့ နောက်ကလှမ်းပြစ်မှာလား….
ခိုးကြောင်ခိုးဝှက်လုပ်မယ်ဆို ငါမထွက်ဖူး…

ဆိုင်ထဲကကောင်လေးက ကတိလှမ်းတောင်းနေတယ်။

အသားညိုညို ဝဝတစ်တစ်လေးနဲ့ချစ်စရာကောင်းတဲ့ ကောင်မလေးက ။

နင်အသက်ထွက်မှာတော့ ကြောက်တယ်ပေါ့..

ကောင်မနဲ့လက်ချိတ်ပြီး ဂမုန်းပွင့်ထဲမှာ ကြည်နူးနေတာကြတော့ မကြောက်ဖူးပေါ့..

တတ်လဲတတ်နိုင်တဲ့ အကောင်…
ငါကတော့ သူအလုပ်သွားတယ်ထင်နေတာ…

မနက်အစောကြီးထပြီး ချက်ပြုတ်ပေးလိုက်တဲ့ မျက်နှာမှမထောက်…

နင်ကတော့ ကောင်မနဲ့ လက်ချိတ်ပြီး တစ်တီတူးနေတာ ငါ့ကိုတောင်မမြင်ဘူးလေ….

ကျမဇာတ်ရည်လည်ပြီ။

မကြာခင်မှာပဲ လူကြီးသုံးလေးယောက်ရောက်လာပြီးကောင်မလေးနဲ့ ကောင်လေးကိုခေါ်သွားတယ်။

ကောင်မလေးက သူ့ကိုလာခေါ်တဲ့လူကိုတောင် ဂျစ်ကန်ကန်ပြန်ပြောနေတယ်။

ကောင်လေးရဲ့ မိဘဆွေမျိုးတွေလို့သိရတယ်။

နောက်ဆုံးတော့ ကောင်မလေးကယက်ကန်ယက်ကန်နဲ့ လိုက်သာသွားရတယ်။

လက်ထဲကအုတ်နီခဲကို လက်ကမချဘူး။

နှစ်ယောက်စလုံးက လူရည်သန့်လေးတွေ။

အသက် အစိတ်ဝန်းကျင်လောက်ပဲရှိလိမ့်မယ်။

အုတ်နီခဲကြီးလက်ကကိုင်ပြီး တရွယ်ရွယ်ပြင်နေတာကလဲ သဝန်တိုစိတ်နဲ့ပါ။

အချစ်ကြောင့် ရွယ်မိတဲ့ အုတ်နီခဲပါပဲ။
…………………………………………..

ချစ်..ကိုဖုန်းဘေလ်ငါးထောင်ထည့်ပေးလိုက်တယ်..
ကိစ္စမရှိပါဘူး..ချစ် ရယ်..
အေးဆေးပါ..ချစ်တယ်နော်..

ဟာ..ဟာ..ဘာသတွေလဲဟ..

ဘုရားရှစ်ခိုးခါနီး..ပျံလွင့်လာတဲ့အသံတွေကြောင့် လိုက်ကာစကို တချက် မ ကြည့်လိုက်တဲ့အခါမှာတော့။

လမ်းတကာက အမှိုက်ကိုလက်တွန်းလှည်းနဲ့ တင်ပြီးအမှိုက်ပုံမှာ အမှိုက်ပြစ်ပေးတဲ့ ကောင်လေး။

အိမ်နောက်ဖက် မြောင်းဖော်တဲ့အလုပ်ကိုလဲ လုပ်တယ်။

အလုပ်ကြမ်း အလုပ်ချောမရွေးသူအကုန်လုပ်တယ်။

တနေ့ အုန်းပင်ပေါ်တက်ပြီးအုန်းသီး ခူးနေတယ်။

အုန်းပင် ရှင်းနေတယ်။
အုန်းပင်က အမြင့်ကြီး။
အန္တရာယ်များလိုက်တာ။

ရေတွင်းဆယ်ဖို့သူ့ကို ငှားတယ်တဲ့။

ခါးကိုကြိုးချည်ပြီး ရေပုံးတစ်ပုံးနဲ့သူဆင်းသွားတယ်။

ကျမက ကြံဖန်ပြီး စိတ်ပူနေတယ်။

ရေတွင်းထဲမှာ သူအောက်ဆိီဂျင်လုံလောက်အောင် ရပါ့မလား။

အဆင်ပြေပြေနဲ့ ရေတွင်းဆယ်တဲ့ကိစ္စ ပြီးသွားတယ်။

ညဖက်ရောက်ရင် ကျမအိမ်ရှေ့မှာကောင်မလေးနဲ့ ဖုန်းလာပြောတယ်။

တနေကုန်
အလုပ်လုပ်ရတာ ပင်ပန်းပေမယ့်ညည်းညူသံ တချက်မပါပဲ သာသာယာယာ ဖုန်းပြောနေတယ်။

ချစ်လေး..ဘာလိုချင်လဲပြောလေ..ဟိုနေ့ကကိုဝယ်ပေးတဲ့အင်္ကျီ ကြိုက်တယ်မဟုတ်လား..

ဘာမုန့်စားချင်သေးလဲ..မနက်စောစော ကို လာပို့ပေးမယ်..

သာယာ နေလိုက်ကြတာ။

ကောင်မလေးလိုချင်တာလဲ ဝယ်ပေးပုံရတယ်။
ဒါလဲ အချစ်ပဲလားကွယ်။
…………………………………………..

ဒီမှာ ကိုသာညို..
ရှင့်ဇာတ်လမ်းကို တရပ်ကွက်လုံးသိအောင် ကျမ အော်ပြောမှာနော်…

အသက်ကဖြင့်ကြီးနေပြီ..အရှက်မရှိတဲ့အလုပ်ကို လုပ်နေတယ်…

ခပ်လှမ်းလှမ်းဆီကက အော်ဟစ်ပြောဆိုသံ ကြားလို့ လမ်းမဖက်ကိုထွက်ကြည့်မိတယ်။

အယ်…ဟယ်..ဟယ်..

ကျမရဲ့ အာမေဋိတ်တွေက အသံပင်မမှန်ချင်တော့ ။

မြင်ရတဲ့မြင်ကွင်းအဖုံဖုံက ရင်သပ်ရှူမောစရာ။

ဦးသာညိုတို့အိမ်ရှေ့တည့်တည့်က
ဓာတ်တိုင်အောက်မှာ ဒေါ်အေးမေ။

အဝတ်မပါ ကိုယ်ဗလာနဲ့ ပါးစပ်ကလဲ ဒေါသစကားတွေနဲ့။

ဦးသာညိုတို့အိမ်ဖက်မှာတော့ မီးမှောင်နေတယ်။

ဒေါ်အေးမေရဲ့လုပ်ရပ်ကြောင့်ဦးသာညိုတစ်ယောက် ရှက်နေရှာတယ်နဲ့တူတယ်။

ညကိုးနာရီဆိုပေမယ့် တချို့လူတွေက မအိပ်ကြသေးဘူး။

ကံဆိုးတာလား။
ကံကောင်းတာလား မသိ။

ဒီနေ့
ဓာတ်တိုင် မီးရောင်က လင်းထိန်နေတယ်။

လူတွေက ကွက်ကြည့်ကွက်ကြည့်လုပ်ပြီး ပြုံးစေ့စေ့နဲ့အိမ်ထဲ ပြန်ဝင်သွားကြတယ်။

ခလေးတချို့က ဘာဆက်ဖြစ်မှာလဲဆိုတဲ့အမူအရာနဲ့ မလှမ်းမကမ်းကနေ အကဲခတ်နေကြတယ်။

ဒေါ်အေးမေက သူရဲ့ဝဖိုင့်လွန်းတဲ့ခန္ဒာကိုယ်ကို နတ်ပူးသလိုတုန်ခါပြီး ပါးစပ်ကလဲ အော်ဟစ်ပြောဆိုနေတယ်။

ဦးသာညိုက အသက် ငါးဆယ်ကျော်လောက်ရှိပြီ။

ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းကို
လုပ်ကိုင်သူပါ။

သူတို့မှာ သားသမီးလဲ မရှိ။

ဒေါ်အေးမေက သူ့အမျိုးသားကိုအမြဲသဝန်တိုသူပါ။

ရန်ဖြစ်သံလဲ မကြာခဏကြားရတယ်။

ဒါပေမယ့်
ဒီလို အဝတ်ဗလာနဲ့ လမ်းမဓါတ်တိုင်အောက်မှာရပ်ပြီး ဦးသာညိုကို စိန်ခေါ် အရှက်ခွဲတဲ့အထိတော့တခါမှ မတွေ့ခဲ့ဖူးပါ။

ခဏအကြာမှာတော့ ဒေါ်အေးမေနဲ့ ဆွေမျိုးမကင်းတဲ့ ကြီးဒေါ်ကြီးသုံးယောက်က တဖက်ရပ်ကွက်ကနေ ဆိုက်ကားနဲ့ရောက်လာတယ်။

ကြီးဒေါ်ကြီးသုံးယောက်က ဒေါ်အေးမေကို အဝတ်တွေအတင်းဝတ်ပေးပြီး။

ဟဲ့..အေးမေရယ်..
နင့်မှာအရှက်တပြားဖိုးမှမရှိတော့ဘူးလားဟင်…

သာညိုကို သဝန်တိုတာကလဲလွန်လွန်းတယ်အေ..အံသြပါရဲ့
ညည်းမှာ တိုက်နဲ့ကားနဲ့
ရွှေငွေအပြည့်အစုံနဲ့..

.မယားငယ်ဘယ်နှစ်ယောက်ယူယူ..ယူသွားစမ်းပါစေ..
အေးဆေးနေစမ်းပါ…

အမတို့ကဘာသိလို့လဲ..
အဲဒီရွှေတွေ စည်းစိမ်ဥစ္စာတွေ
ဘာလုပ်ရမှာလဲ…..

ကျမနဲ့သာညိုက ငယ်ငယ်ထဲကပေါင်းလာတဲ့ငယ်ပေါင်းလေ…
ကျမကိုပဲ ချစ်ရမယ်…

ခုတော့သူက ဖုန်းထဲမှာ ကောင်မတွေနဲ့ပလူးနေတာများ မြင်မကောင်းဘူး…

အိမ်ပြန်ရောက်ရင် ဖုန်းနဲ့မျက်နှာနဲ့မခွာဘူး အမရဲ့..
ဖုန်းကိုကြည့်နေရင်း ပြုံးနေတာကရှိသေးတယ်..

ကျမ ရင်တွေပူလွန်းလို့ပါ အမရဲ့..
ဘေးကမိန်းမကိုတော့ ဂရုမစိုက်ပဲ
ဖုန်းထဲကမိန်းမတွေကို သူကအသဲတွေပေးနေတာ ကျမ မခံစားနှိုင်ဘူး…..

မူပိုင်ချစ်သူ ပါလား။
သူ့ကိုပဲ ချစ်ရမယ် တဲ့။

တပင်ထဲရင်ထဲက နွယ် (သို့မဟုတ်)ကိုရင်သာညို ပေါ့။

အချစ်အတွက်ဆို မရှက်နှိုင်တော့လောက်အောင် ရင်ပူရသည် ပေါ့။

သြော်…အချစ်ဆိုသည်မှာ။
…………………………………………..

ညဆယ်နာရီလောက် လမ်းထိပ်ဖက်ဆီက ဆူညံ ပွက်လောရိုက်သံကိုကြားရတယ်။

ခလေးငိုသံ။
ခွေးဟောင်သံ ။

လူတချို့က အော်ဟစ် တားဆီးသံ။

ကိုယ့်အိမ် ကိုယ် လာတာလေ..
ဘာဖြစ်လဲ..ကိုယ့်သားသမီး..ကိုယ့် မိန်းမ ရှိတဲ့အိမ် သတိရလို့လာတာ အပြစ်လား..ဘယ်သူ တားရဲလဲ..လာခဲ့ ..
တားရဲတဲ့သူ.ကျောက်ဒိုးအကြောင်း ကောင်းကောင်းသိမယ်…

အော်ဟစ်ဆူညံ သံတွေနဲ့အတူကျောက်ဒိုးဆိုသူက လမ်းတစ်လျှောက်မှာ မိုးမွှန်နေအောင်ဆဲဆိုနေတယ်။

နာရီဝက်နီးနီး လောက်ကို ဝုန်းဒိုင်းကျဲသောင်းကျန်းနေတာ ကြောက်ခမန်းလိလိ…။

လမ်းမပေါ်မှာတွေ့တွေ့သမျှအရာကိုကန်ကျောက်ပြီး ပါးစပ်ကလဲအယုတ္တ အနတ္တ အစုံပြောဆိုနေတာ ကြားရသူတွေလဲနားမခံသာဖြစ်နေရတယ်။

သူဘယ်အချိန်ထိ ရမ်းကားနေမှာလဲ။

စိတ်များဆင်းရဲပါဘိ။
အဲဒီအချိန်မှာပဲ…။

ငါလာပြီဟေ့…

မိုးခြိမ်းသံပမာ အော်ဟစ်ပြီးပြေးလာတဲ့ မိန်းမ တစ်ယောက်ရဲ့အသံကိုကြားလိုက်တယ်။

အသံနက်ကြီးနဲ့ အော်ဟစ်လာတဲ့မိန်းမဟာ ထမီကို ခါးတောင်းကျိုက်ထားပြီး လက်ထဲမှာ လဲတုတ်ကြီးကြီး
တစ်ချောင်းကို ကိုင်ထားတယ်။

ဟေ့ကောင်..နင်ဘယ်မှာလဲ..
ထွက်လာခဲ့စမ်း..ငါ့မိန်းမ..ငါ့သားသမီး..ဟုတ်လား..နင်က
များရာရာစစ ပြောရတယ်ရှိသေး…
မယားငယ်ယူသွားပြီး အရှက်မရှိတဲ့မျက်နှာနဲ့ အိမ်ပြန်လာတယ်..
မုန့်ကိုသာဝေစားမယ်ဟေ့…
သဘောပေါက်..နင်ဘယ်မှာလဲ..ထွက်ခဲ့စမ်း..ဟေ့ကောင်..
လာလေ..ဘယ်မှာပုန်းနေတာလဲ..
ထွက်လာခဲ့လို့ ငါပြောနေတယ်နော်..

အံ့ဖွယ်ပါလား။
အာဂ မိန်းမ ပါလား.။
သာမန် မိန်းမတွေထက် သာလွန်တဲ့ ခန္ဒာကိုယ်အရပ်အမောင်း
ထွားထွားကျိုင်းကျိုင်းနဲ့ အဲဒီအမျိုးသမီးက
လမ်းကိုခေါက်တုန့်ခေါက်ပြန်လျှောက်ပြီး
ကြိမ်းမောင်းနေတယ်။

မီးကိုရေနဲ့ငြှိမ်းလိုက်သလို
အခြေအနေတွေ ငြိမ်သက်သွားပါတယ်။

တိတ်ဆိတ်နေလိုက်တာများ အပ်ကျသံတောင် ကြားရတော့မလို။

သောင်းကျန်းနေတဲ့ ငနဲလဲ ဘယ်ဆီပျောက်သွားတယ် မသိ။

ကျမ သဘောပေါက်လိုက်တယ်။

မုန့်ကိုသာဝေစားမယ် ဆိုတဲ့ စကားနောက်က အချစ်ကိုဝေမယူဘူး။

ငါမူပိုင်မှ မရရင် သွားတော့။

ငါ့ကို လာမနွယ်နဲ့ပေါ့။

နောက်ဆုံးတော့ ဒါလဲ
အချစ်ကြောင့်ပါပဲ။

သြော်..အချစ်ဆိုသည်မှာ

.

.
.
.

#ခင်လှမြတ်ခိုင်