ငါ…ဆိုသောငါ(စ/ဆုံး)
——————-
“ကိုဘရှိန်ရေ…ရွာကတော့်အမျိုးတွေချဲနှစ်ထောင်ဖိုးပေါက်လို့တဲ့..ခုပဲလူကြုံနဲ့လှမ်းမှာလိုက်တယ် ညနေဆိုင်ကယ်ကယ်ရီနဲ့လာကြမယ်တဲ့…ကျုပ်တို့အိမ်မှာတစ်ညတည်းပြီး မန်းလေးရောပုပ္ပါးဘက်ရောဘုရားစုံဖူးကြမယ်ဆိုပဲ..ကျုပ်ကိုပါခေါ်မှာတဲ့..အတော်ပဲ..မရောက်တာကြာနေတဲ့မန်းလေးကကျုပ်မောင်တွေဆီဝင်လည်ရဦးမယ်”
ဦးဘရှိန်သည်ဇနီးသည်ဒေါ်မိမိစကားကြောင့်ကုလားထိုင်မှာထိုင်ပြီးတရားစာအုပ်ဖတ်နေရာကနေ
“ဘာလဲ…ကျုပ်အမျိုးတွေချဲပေါက်တာနဲ့ဘုရားဖူးထွက်တာညည်းကပါ ညည်းမောင်တွေဆီမရောက်တာကြာလို့ဝင်လည်မယ်ဆိုတဲ့စကားကရှေ့ဆုံးက…ရွာကကျုပ်အမျိုးတွေလည်းပိုက်ဆံလေးရှိလာရင်ငြိမ်မနေကြဘူး တခါလာ မြန်မာပြည်အနှံ့ဘုရားဖူး မြန်မာပြည်အနှံ့ဘုရားဖူး နဲ့..ဘုရားသွားဖူးတာမဟုတ်ဘူး..ညည်းတို့ကျုပ်တို့အမျိုးတွေကိုကဘုရားဆီအကြောင်းပြဘုရားလယ်ထွက်ကြတာ…တဟေးဟေးတဟားဟား…ရှိတာလေးထုတ်ဝတ်လိုက်ကြ..စားလိုက်ကြ..ကြွားလိုက်ကြ…ဘုရားရှေ့ရောက်တော့ ဦးတောင်သုံးကြိမ်ကဆုန်ပေါက်ချဖို့အနိုင်နိုင်…နောက်ကို ကျုပ်ရှေ့ဘုရားဖူးဆိုတဲ့စကားမပြောကြနဲ့…နားခါးတယ်ဗျာ…”
“ဪ….ကိုဘရှိန်…ကျုပ်ဘက်ကအမျိုးမဟုတ်ဘူးနော်..အခုလာမှာတော့်ဘက်ကအမျိုး..”
“ကျုပ်ဘက်ကအမျိုးပဲဖြစ်ဖြစ် ညည်းဘက်အမျိုးပဲဖြစ်ဖြစ်..ကျုပ်ကဘုရားကိုအကြောင်းပြတာကိုကြည့်ကိုမရဘူး…မြန်မာပြည်အနှံ့ပျော်ပွဲစားထွက် တယ်ဆိုထွက်တယ်ပေါ့ဗျာ…ဘာဘုရားလဲ…ဘာဘုရားဖူးလဲ…ကိုယ့်အိမ်ကဘုရားလည်းဘုရားမဟုတ်ဘူးလားကိုယ့်အိမ်ကဘုရားကျတော့ဆွမ်းတစ်နပ်မှန်မှန်မကပ်ဘူး..မြန်မာပြည်အနှံကျတော့လျှောက်သွားချင်တယ်
အဲ့ဒီဘုရားတွေစုံအောင်လျှောက်ဖူးလို့ကုန်ကျမယ့်ငွေတွေ..ရွာကအမျိုးတွေထဲမှာပဲဆင်းရဲနွမ်းပါးချို့တဲ့တဲ့မိသားစုတွေတပြုံကြီး..အဲ့မိသားစုတွေကိုလှူလိုက်တာကမှကိုယ့်ဆွေမျိုးထဲကောင်းစားဦးမယ်..အလကား..ဦးနှောက်မရှိတဲ့အမျိုးတွေ…ညည်းလည်းဒီအတိုင်းပဲ ဦးနှောက်မရှိဘူး…ဘုရားမီးပူဇော်တာတောင်ဖယောင်းတိုင်ကို၃တိုင်မှ၅တိုင်မှ..တခါတခါ..သက်စေ့ဆိုပြီးအတိုင်၆၀လောက်ဘုရားရှေ့မီးမြိုက်နေတယ်.အဲ့သလိုသက်တော်ထင်ရှားမရှိတော့တဲ့ဘုရားကိုရည်စူးလှူဒါန်းလည်းတစ်တိုင်ဆိုတော်ရောပေါ့..ညည်းတို့ကျုပ်တို့ရပ်ကွက်ထဲမှာမီးဖိုးမတတ်နိုင်လို့ညဘက်ဖယောင်းတိုင်ထွန်းထမင်းစားရတဲ့စာကျက်နေရတဲ့ကလေးတွေသွားပေးလိုက်တာကမှအကျိုးများဦးမယ်….အမွှေးတိုင်တွေလည်းတော်ရုံထွန်း တစ်တိုင်နှစ်တိုင်ဆိုတော်ရောပေါ့…အို….အကုန်နေရာအနှံ့လျှောက်ထွန်း..ငါ့မှာမွှန်သွန်လို့ရင်ပါကြပ်တယ်”
ဒေါ်မိမိတစ်ယောက် သူမခင်ပွန်းဦးဘရှိန်အား ဘာစကားတစ်ခွန်းမှထပ်မပြောတော့။ ပြောလည်းဘုကန့်လန့်ဘုခွစာတွေပဲထွက်လာတော့မှာသိနေ၍ဖြစ်သည်။ အရင်တုန်းကဦးဘရှိန်ကဒီလိုမဟုတ်။အခုနောက်ပိုင်းကျမှပြောင်းလဲလာတာဖြစ်သည်။ပင်စင်ယူပြီးပျင်းပျင်းရှိသည်နှင့်ဖုန်းထဲမှတရားစာဘုရားစာ၊ဗဟုသုတတွေရှာဖတ်သည်။ သူလိုပဲပင်စင်စားအဖိုးကြီးအဖွားကြီးများလုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများနှင့်လိုင်းပေါ်မှာချိတ်ဆက်ပြီး သူတင်ကိုယ်တင် ပို့စ်တွေအပြိုင်တင်ကြသည်။ သူ့ထင်ကြေးကိုယ့်ထင်ကြေး၊ ကိုယ့်ကိုယ်တွေ့ သူ့ကိုယ်တွေ့တွေတင်ကြရင်း ဘယ်လိုကနေဘယ်လိုအတွေးတွေပေါက်သွားသည်မသိ။ ဒေါ်မိမိဘုရားရှိခိုးတာကျယ်လျှင်လည်း ကျယ်သည်ပြောသည်။တစ်ခါထဲဘုရားရှိခိုးလို့တစ်ခါထဲနိဗ္ဗာန်တန်းရောက်သွားမှာဆိုကျယ်ကျယ်ရွတ်ဗျာ…ဟုဘုပြောသည်။အိမ်သို့နေ့တိုင်းဆွမ်းခံကြွသည့်ကိုယ်တော်တွေကိုလည်း..ကျောင်းမှာဘယ်အချိန်ကျိန်းပြီးဘယ်အချိန်ဆွမ်းဘုန်းပေးသလည်း..ကျန်သည့်အချိန်စာဝါချသလည်း..စုံစေ့နေအောင်လျှောက်မေးပြီး…ဒီအတိုင်းသဃ်န်းဝတ်ပြီးနေတာထက်စာလျှင် လူထွက်ပြီးအလုပ်တွေရှာဖွေလုပ်မရှိဆင်းရဲနွမ်းပါးချို့တဲ့တွေကိုရှာဖွေပြီးလှူဒါန်းတာကမှသူတပါးဘဝလည်းအကျိုးရှိ၊ကိုယ်တိုင်လည်းလူဖြစ်ရတာအကျိုးများဦးမည်ဟုဆိုသဖြင့် အိမ်သို့နေ့စဥ်ဆွမ်းခံကြွနေသောအရွယ်ကောင်းကိုယ်တော်မှာ နောက်လာမကြွတော့။ ဦးဘရှိန်ကတော့သူပြောတာမှန်သည်ပဲသူထင်သည်။
သူကိုယ်တိုင်လည်း..ရပ်ထဲရွာထဲ ဓမ္မာရုံပြုပြင်ဖို့ စေတီထီးတော်တင်ဖို့ ဘုန်းကြီးကျောင်းအတွက်ဘာအလှူ ဆိုပါက. လုံးဝမထည့်။”ဘုရားတွေပြုပြင်ဖို့တို့စေတီတွေတည်ဖို့ဆိုရင်ကျုပ်ကိုလာမစည်းရုံးနဲ့ဘုရားတည်ဖို့ကျောင်းဆောက်ဖို့ကုန်ကျငွေတွေကျုပ်တို့မြန်မာပြည်ကဆင်းရဲသားတွေအိမ်သွားလှူလိုက်တာမှအကျိုးရှိဦးမယ်ဗျာ..ဘုရားဆိုတာစိတ်ထဲမှာရှိနေရင်ပြီးပြီ။ဘုရားကလည်းဟောထားတယ်စိတ်သာရှင်စောတဲ့…ဘယ့်နှယ့်ဗျာ..ဘုရားတကယ်ယုံကြည်ကိုးကွယ်ရင်ဘုရားဟောလမ်းစဥ်နဲ့အညီနေရင်ပြီးပြီပေါ့..ဘုရားတွေတည်ကျောင်းတွေဆောက်တော့ဘုရားကလာချီးမွမ်းမှာလား”ဟုဆိုကာ အိမ်ရှေ့မှာပင်စာထိုးထားသေးေလသည်။ “ဘယ်အတွက်နဲ့မှအကြောင်းအကျိုးပြောကာ အလှူလာမခံရ။ လုံးဝမလှူပါ။ ပုံ/ဘရှိန်”ဟူ၏။
သို့သော် ထိုလူ့ကန့်လန့်က..သူ့အမျိုးထဲမှသူ့တူမဘက်ကမြေးတော်သောဆယ်တန်းကျောင်းသားလေးအားကျောင်းသုံးစားရိတ်အတွက်ထောက်၏။ ဘွဲ့ရပြီး နိုင်ငံခြားသိူ့အလုပ်သွားလုပ်ရန်ပါထောက်ပံ့ပေး၏။ လူတစ်ယောက်ဘဝအခြေအနေတိုးတက်သွားတာသူဝမ်းမြောက်ဝမ်းသာရှိ၏။
ထိုလူငယ်လေးမှာ..နိုင်ငံခြားရောက်ပြီးတစ်နှစ်ခန့်လောက်အထိ ရွာကသူ့အမေကိုငွေပို့ကာတိုက်ဆောက်စေကားဝယ်စီးစေ၏။ ဦးဘရှိန်တို့ဇနီးမောင်နှံအားငွေဆယ်သိန်းကန်တော့၏။ ဦးဘရှိန်က ငါထောက်ပံ့ကူညီခဲ့တာဆယ်သိန်းမကသော်လည်း သူ့ဘဝနှင့်သူ့မိသားစုဘဝတိုးတက်သွား၍ သူကူညီစောင့်ရှောက်ရတာအကျိုးနပ်၏ဆိုကာဝမ်းမြောက်သည်။အနီးအနားမှာလည်းဆွေတော်သူမတော်သူမရှိဆင်းရဲသူလူတန်းစားများအားလည်း သူ့ရှိသည့်အထဲကပေးကမ်းထောက်ပံ့နိုင်သလောက်ထောက်ပ့ံသည်။ သူသည်ဒီလိုသူပေးကမ်းသောအကြောင်းသူထောက်ပံ့သောအကြောင်းများအား သူ့အကောင့်ကနေပို့စ်အမြဲတင်တတ်သည်။သူလိုပင်စင်စားသူငယ်ချင်းအများစုက သူ့အားသာဓုဝင်ဝင်ခေါ်ကြသည်။
ဒီလိုနှင့်…တစ်နေ့..သူရုတ်တရက်ကြီးလေဖြတ်သွားကာအိပ်ရာထက်မှာလဲသွား၏။..ခြောက်လလောက်ထိဆေးကုပြီးတော့..သူအနည်းငယ်ပြန်ကောင်းလာကာ..တောင်ဝှေးထောက်၍လမ်းစလျှောက်လာနိုင်သည်။..သားသမီးနောက်ခံမရှိသောသူ့ဘဝမှာ သူစုထားဆောင်းထားသည်များသူ့ဆေးဖိုးနှင့်ကုန်၏။ သူ၏ဇနီးဒေါ်မိမိမှာလည်းကျန်းမာရေးကမကောင်းသဖြင့်.ဆေးမျိုးစုံကုရင်းကုရင်း သူတို့မှာအတွင်းပစ္စည်းအတော်များများကုန်ကာတဖြေးဖြေးပါးရှားလာပြီးပင်စင်ပါတစ်လတစ်လအလျှင်မှီနိုင်ရန်ထုတ်သုံးစားရတဲ့အဆင့်ရောက်လာသောအခါ
သူပေးကမ်းကျွေးမွေးခဲ့သော သူတို့လည်း…သူတို့ဘဝတွေနှင့်သူတို့ရုန်းကန်နေရဆဲမို့..သူတို့ဇနီးမောင်နှံအားပြန်မကြည့်နိုင်။..နိုင်ငံခြားမှအလုပ်လုပ်ကာကြီးပွားချမ်းသာနေသော
သူတစ်ချိန်ကကျောင်းစားရိတ်ထောက်ပံ့ပေးခဲ့၍ဘဝအခြေမြင့်သွားသောလူငယ်၏မိဘတွေမှာလည်းအောက်ခြေလွတ်ကာ
သူလာရင်..အတော်နှင့်ထွက်မတွေ့။ ထွက်တွေ့ပါရင်လည်းအချိန်ပေးကာဧည့်မပြုသည့်အပြင်
လိုချင်လို့လာသည်။ တစ်ချိန်က ကျေးဇူး ရှိခဲ့ဖူးလို့လာလာ ဂုဏ်ဖော်ပြောနေသည်ဟုပင်သူ့အားငြိုငြင်လာကြကာ နောက်ဆုံးထွက်ကိုမတွေ့တော့။
အခုတော့…ပင်စင်စားလူ့ခွစာကြီးဦးဘရှိန်တစ်ယောက် လေဖြတ်ထားသည့်အတွက်မပီကလာပီကလာနှင့်ဘုရားစာတွေရွတ်နေရလေပြီ။ဘုရားစေတီမြင်ရင် လက်အုပ်မနိုင်စွာချီရင်း မျက်ရည်တို့သီသီဝေ့တတ်လေပြီ။
အိမ်သို့..မနည်းတောင်းပန်ကာပြန်ပင့်ထားရသဖြင့် ပြန်လည်ကြွချီလာကာဆွမ်းခံလာရသောကိုယ်တော်ဆီမှ နေ့စဥ်ငါးပါးသီလပြန်တောင်းခံယူနေရလေပြီ။
ကျန်းမာနေသေးလျှင် အမြဲ ငါကျန်းမာနေပြီ ဟု
ချမ်းသာနေသေးလျှင် အမြဲ ငါချမ်းသာနေသည်ဟု
နာခြင်း၏ဒုက္ခ
ဆင်းရဲခြင်း၏ဒုက္ခအား ကိုယ်နှင့်မဆိုင်သလိုနေခဲ့လျှင်
အိုခြင်း
နာခြင်း
ဆင်းရဲခြင်းတို့ကလည်းအချိန်နှင့်အမျှ
နာတတ်သောခန္ဓာကိုယ်အား ပြ၏။
အိုတတ်သောခန္ဓာကိုယ်အားပြ၏။
ငါ့သဘောငါဆောင်၍ ငါဆိုသောငါအား…တစ်နေ့မှာဒုက္ခဆိုသောဆင်းရဲခြင်းကပြလေသည်။
(အမှားပါလျှင်ခွင့်လွှတ်ပါရန်..မိမိထက်ငယ်သူရွယ်တူနှင့်မိမိထက်များစွာကြီးသောသူ၊ တစ်မိနစ်တစ်စက္ကန့်မျှကြီးသောသူတို့အားလည်းတောင်းပန်တိုးလျှိုးပါ၏။🙏🙏🙏)
#ဝါလှဖြူ (ရွက်ဝါရင့်ရင့်)