August 29, 2025

သက်မာ

သက်မာ(စ/ဆုံး)

————

” မိန်းမ. ငါ အပြင်သွားလိုက်ဦးမယ် ”

သက်မာ နံရံမှာ ကပ်ထားတဲ့ နာရီ ကို အကျင့်ဖြစ်နေပြီ ဖြစ် သော မျက်လုံး က. ကြည့်မိတယ် ။ ည. ကိုးနာရီ သူ့ကို မကြည့်ပဲ ခေါင်းညိတ်ပြ လိုက်တယ် ။ သူ အံ့သြ နေတယ် ။ သက်မာ ဂရုမစိုက် ဖတ်လက်စ. ဝတ္ထုစာအုပ်ကို ပိတ်လိုက်ပြီး

” သုန်သုန် အိပ်တော့ ”

သက်မာ ရေချိုး ခန်းထဲဝင်ပြီး မျက်နှာ သစ် သွားတိုက် ကိုယ်လက်သန့်စင်လိုက်တယ် ။ ရေချိုး ခန်းတံခါးဖွင့်တော့ သုန်သုန် က.

” မေမေ ဖေဖေ က. အိမ်ပြန်နောက်ကျမယ်တဲ့ ”

သုန်သုန့် ကို ခေါင်းညိတ်ပြလိုက်ပြီး

” မြန်မြန် လုပ်စရာရှိတာလုပ် ပြီး အိပ်တော့ နော် ”

” ဟုတ်ကဲ့ မေမေ ”

သက်မာ ခေါင်းက. ဆံပင်တွေကို သပ်သပ်ရပ်ရပ်လေး ဖြစ်အောင် ဖြီးပြီး ဘုရားခန်းထဲ ဝင်လိုက်တယ် ။ သက်မာ ဘုရားရှိခိုး မေတ္တာပို့ အမျှဝေပြီး သည်အထိ သူရောက်မလာ ။ မစောင့်တော့ဘူး အိပ်ယာထဲ ဝင် အိပ်လိုက်တယ် ။

***

ဖုန်းမြည်သံ ကြောင့် လန့်နိုး တော့ နာရီ ကြည့်မိတယ်
ခြောက် နာရီ ခွဲ ။

” ဟဲလို ”

” ဟဲ့ သက်မာ ငါ ကိုဇော့် ကို —တည်းခိုခန်း က. ထွက်လာတာတွေ့လိုက်လို့ ”

” အင်း ”

” ဟဲ့ ကောင်မရဲ့ ကိုယ့်လင် ကိုယ်ထိန်းဦး ”

” အင်း ”

” နင် ဘာဖြစ်နေတာလဲ တအင်း အင်းနဲ့ ”

” ဘာမှ မဖြစ်ပါဘူး ”

” ကောင်မ . စောစောစီးစီး ငါ မဆဲချင်ဘူး ၊ နေ့ခင်းကျမှ တွေ့မယ် ”

**

” ဒေါက် ဒေါက် ”

” ဖေဖေ ပြန်လာပြီ မေမေရေ ”

” သမီး မနက်စာ စားပြီး ပြီလား ”

” စားပြီးပြီ ဖေဖေ ၊ ခု ကျောင်းသွားတော့မလို့ ဖေဖေ လိုက်ပို့မှာလား ”

” ဟေ့ သုန်သုန် ဖယ်ရီ ခ. အလကားပေးထားတာ မဟုတ်ဘူး ၊ ဖယ်ရီ ကား လာတော့မယ် ရော့ ဒီမှာ ထမင်းခြင်း လာယူ ”

” ဟွန်း မေမေ ကလည်း ”

သုန်သုန် ဖယ်ရီ ကားပေါ်ကို မျက်နှာ စူပုပ်ပြီး တက်သွားတယ် ။ ခါတိုင်း လို တာ့ တာ မပြဘူး ။

” မင်း ဘာဖြစ်နေတာလဲ ”

” ဘာကိုလဲ ”

” ငါ့ ကို စကားမပြောတော့ဘူး လား ”

” ရှင် ဘာပြောချင်တာလဲ ၊ ပြောလေ ”

သူ စိတ်ပျက် တဲ့ ပုံစံ နဲ့ သူ့ဖုန်းကို သက်မာ ရှေ့က. ခုံပေါ် တင်လိုက်ချိန်မှာ စာအိတ် ဝင်လာတယ် ။ သက်မာ မကြည့်တော့ဘူး စိတ်မဝင်စား တော့တာလည်း ပါတယ် ။ သူ က.

” ဘယ်သူ့ စာအိတ်လဲ ”

သက်မာ ပြန်မဖြေ

” မင်း ငါ့ကို ဘာတွေ မကျေမနပ် ဖြစ်နေလဲ ပွင့်ပွင့် လင်းလင်း ပြော ၊ ငါ့ကို ခုလိုကြီး မလုပ်နဲ့ နည်းနည်းလောက် ဂရုစိုက်ဦး ။ ငါ ပြောနေတာ ကြားရဲ့လား ”

သူ သက်မာ ရဲ့ ပုခုံးတွေကို သူ့လက်နဲ့ ခပ်တင်းတင်း ဆုပ်ကိုင် ပြီး ပြောလာတော့

” လွှတ်စမ်း ငါ့ အသားနာတယ် ။ နင်က. ဘာလဲဟ. ငါ နေရာတကာ လိုက်ပြောတော့ လည်း နင်မကြိုက်ဘူး ။ လွှတ်ပေးပြန်တော့လည်း နင်မကြိုက်ဘူး ။ ငါ နင်နဲ့ နေလာတာ ဆယ်နှစ် ရှိပြီ ။ ငါက. တစ်ခုလပ်ကလေးတစ်ယောက် အမေမို့ နင့်ကို အားနာပြီး တော်ရုံ ကိစ္စအသေးအမွှားကို ငါသည်းခံခဲ့တယ် ။ နင်က. အလုပ်ထွက် လိုက်ပါ ဆိုလို့ ငါအလုပ်ထွက်ပြီး အိမ်ရှင်မတစ်ယောက်တာဝန်ကို မလစ်လပ်အောင် လုပ်ခဲ့တယ် ။ နင့်မိဘ မောင်နှမ တွေကို အတိုင်းအတာ တစ်ခုထက်ကျော်ပြီး ငါသည်းခံနေခဲ့တယ် ။ နင် အပြင်မှာ ပွေချင်တိုင်း ပွေနေတာလဲ ငါ ဖြည့်တွေးနားလည်ပေးခဲ့တယ် ။ဒါကိုမှ နင်တို့ က ဘာတဲ့ ပိုက်ဆံ မရှာနိုင်ရင် အိမ်မှာ လူပို တဲ့ ။ ငါ့မှာ တော့ နင့်ကို အားနာစိတ်နဲ့ အရာရာသည်းခံပြီး နေခဲ့တယ် ။ နင်နဲ့ နင့်မိသားစုခိုင်းတာတွေကို အောက်ခြေသိမ်း မငြီးမငြူ လုပ်ပေးခဲ့တယ် ။ နောက်ဆုံး ငါနဲ့ ငါ့သမီး က. နင်တို့ အတွက် လူပိုဖြစ်နေတာကိုး ငါမသိခဲ့ဘူး ။ ငါ ဆုံးဖြတ်ပြီး ပြီး ငါတို့ ကိုယ့်လမ်း ကိုယ်လျှောက် ကြမယ် ၊ နင်လည်း ဒီပုံအတိုင်း ​ရှေ့ မဆက်နိုင်ဘူး မှတ်လား ”

” နင် ငါ့ ကို မချစ်တော့ဘူးလား ”

” ဟင့်အင်း ငါ့ ကိုယ် ငါနဲ့ ငါ့သမီး ကိုပဲ ချစ်တော့ မယ် ။ ငါ့ဘဝမှာ မချစ်မနှစ်သက်တဲ့ သူနဲ့ နေဖူးတယ် ၊ ချစ်ခင်နှစ်သက်တဲ့ နင်နဲ့ လည်း နေဖူးပြီ ။ ကိုယ် မချစ်မနှစ်သက်တဲ့ အိမ်ထောင်ဖက်က. ဖောက်ပြန် အနိုင်ကျင့်စော်ကားတာထက် ကိုယ် ချစ်ခင်နှစ်သက် တဲ့ အိမ်ထောင်ဖက် က. ဖောက်ပြန် အနိုင်ကျင့်စော်ကားတာက ပိုပြီး ရင်နာရတယ် ဆိုတာလည်း ငါခံစားဖူးပြီ လုံလောက် ပြီ ။ ငါ အိမ်ငှား ပြီးပြီ ရော့ ကွာရှင်း စာချုပ် ငါ လက်မှတ်ထိုး ပြီးပြီ ”

” ငါ လက်မှတ် မထိုးပေးနိုင်ဘူး ၊ နင့် ကို ငါ ကိုယ်ထိလက်ရောက် ရိုက်တာ ရှိဖူးလို့လား အရင်လူလို ”

” ရပါတယ် နင့် သဘောပဲ ၊ နင်က. အရင်လူလို အသားနာအောင် လူမြင်အောင် ဒဏ်ရာ ပေါ်အောင် မရိုက်ပါဘူး ။ ဒါပေမယ့် ငါ့ရဲ့ စိတ်ကိုတော့ နင်က. အကြိမ်ကြိမ် ရိုက် သ တ် တယ် ။ ငါ့ကိုယ် ငါ ယုံကြည် မှုမဲ့အောင် နင် အမြဲ လုပ်တယ် ။ နင့်မိသားစုတွေနဲ့ ပတ်ဝန်းကျင် မှာ ငါက. အသုံးမကျတဲ့ လူပို အရည်အချင်း မရှိတဲ့ လူတစ်ယောက် ၊ အရိပ်အကဲ မသိတဲ့ လူတစ်ယောက် ဖြစ်အောင် နင် လုပ်တယ် ”

” နင် ဘယ်မှ မသွားရဘူး ၊ ငါ နောက်တစ်ခါ အဲ့လို မဖြစ် အောင် ဆင်ခြင်မယ် ရပြီလား ”

” မဖြစ်နိုင်တော့ဘူး ငါ နင့်ကို အချိန်တွေအများကြီးပေးခဲ့ပြီးပြီ ။ ရှေ့လျှောက် နင်နဲ့ ငါ ဆက်သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ နင့်အမြင်မှာ ငါနဲ့ ငါ့သမီး က. လူပိုသပ်သပ် ဖြစ်နေတာ က. ငါထွက်သွား ဖို့ လုံလောက်တဲ့ အကြောင်းပဲ ”

” နင် ဘာလုပ်စားမှာလဲ ၊ ခုကာလမှာ ငွေရှာရအရမ်းခက်တာ နင်တို့ ထမင်းငတ်လိမ့်မယ် ”

” အင်း အစပိုင်းတော့ နည်းနည်းခက်ခဲမှာပေါ့ နောက်တဖြည်းဖြည်းနဲ့ အဆင်ပြေလာမှာပါ ထမင်းတော့ နပ်မှန်အောင် ရှာစားနိုင်ပါတယ် နင်မပူပါနဲ့ ”

*****

သက်မာ ကို တချို့ က ပြောကြတယ် မွဲချင်လို့ အမြင့်ကနေ ခုန်ချတာတဲ့ ။ သက်မာ သမီး လေးကို ကိုယ်အဆင်ပြေ မယ့် ကျောင်းကို ပြောင်းထားလိုက်တယ် ။ အစပိုင်းမှာ အရင်းအနှီး မရှိတဲ့ သက်မာ အိမ်တကာ အဝတ်လိုက်လျှော်တဲ့ အလုပ်လည်းလုပ်တယ် ။ ကုန်စိမ်းတောင်း အငှားရွက်ပြီး လိုက်ရောင်း​ပေးတယ် ။ သမီး လေးကိုလည်း သမာအာဇီဝ နည်းနဲ့ ငွေရှာတာမို့ ရှက်စရာ မလိုကြောင်း ပြောပြတယ် ။ ခုတော့ သက်မာ ရပ်ကွက်ထဲ မှာ မနက်ခင်းစာ ထမင်းကြော် နဲ့ ကြာဇံကြော် ရောင်းတယ် ။ နေ့ခင်း နဲ့ ညနေမှာ အပ်ထည်တွေ အထည် စား ယူချုပ်တယ် ။ သားအမိနှစ်ယောက် ချွေတာ စားရင်း ပိုတဲ့ ပိုက်ဆံ လေးနည်းနည်းတော့ စုဘူးထဲ ထည့်ထားတာပဲ ။ အဆင်ပြေပါတယ် သမီး လေးသုန်သုန်ကလည်း လိမ္မာ တယ် ။ သူနဲ့ နေစဥ်ကလို စားကောင်းသောက်ဖွယ်တွေ အများကြီး မစားနိုင်ပေမယ့် အသင့်အတင့်စားသောက်နိုင်တယ် ။ အကောင်းစားအဝတ်အထည်နဲ့ အသုံးအဆောင်တွေ မသုံးနိုင်တော့ပေမယ့် ကိုယ့်ဘာသာရှာဖွေရရှိထားတဲ့ ငွေကြေးတွေမို့ ဘယ်သူ့မျက်နှာမှ မကြည့်ပဲ ကိုင်တွယ်သုံးစွဲနိုင်တယ် ။ သားအမိနှစ်ယောက် ဒီလို လေးနေရတာ စိတ်ချမ်းသာတယ် ။ အဓိက. အချက်က. ကိုယ့်ကိုကိုယ် ယုံကြည် မှု ရှိလာတယ် ။

( အမျိုးသမီးတစ်ယောက် ရဲ့ ခံစားချက် ကို တင်ပြခြင်း ဖြစ်ပါသည် ။ )

ကြွယ်ကြွယ်