August 29, 2025

ဂျိုင်းထဲက မကျော်

ဂျိုင်းထဲက မကျော်(စ/ဆုံး)
———————-

ကျမနာမည် မီမီကျော်။
”ဘစ” လောကမှာ ဂျိုင်းထဲကမကျော် ဆိုရင် လူသိများခဲ့ပါတယ်။
ဘစ ဆိုတာ ဘိန်းစားလောကကို ပြောတာပါ။
ဂျိုင်းဆိုတာ ကြံတောသင်္ချိုင်းကို မူးယစ်ဆေးဝါးသမားတွေ ဗန်းစကားနဲ့ ခေါ်တာ။

အခု မီးရောင်တွေ ထိန်လင်းနေပြီး တန်ဖိုးကြီး စျေးဆိုင်ခန်းကြီးတွေနဲ့ လူတွေ စည်ကားသွားလာနေကြတဲ့ ဂျန်းရှင်းစကွဲ ဆိုတာဟာ တစ်ချိန်တုန်းကတော့ လူကောင်းသူကောင်းတွေအနေနဲ့ မသာလိုက်ပို့ချိန်သာ လာရောက်တတ်ကြတဲ့ ဖုန်းဆိုးမြေကြီးပေါ့။

၈၈ အရေးအခင်းကာလမတိုင်ခင် ကာလတွေမှာတော့ ရန်ကုန်မြို့ရဲ့ မသာမှန်သမျှ ဂိတ်ဆုံးရတာ ကြံတောပဲ။
ဘယ်လောက်ပဲ ကင်းအောင်နေနေ နောက်ဆုံးအချိန်မှာတော့ ကြံတောနဲ့ ပတ်သက်ရတာပါပဲ။

ကြံတောဆိုရင် မသာချတဲ့နေရာ၊ မီးသဂြိုလ်စက်နဲ့ အုတ်ဂူတွေ၊ လူသေအလောင်းတွေ ရှိတဲ့နေရာဆိုတဲ့ အသိအပြင် မကောင်းမှုဒုစရိုက်ပေါင်းစုံရဲ့ ညီညာပေါင်းစုရာ ဌာနေကြီးအဖြစ်လည်း လူတွေက သိထားကြပါတယ်။

အဲ့ဒီနေရာကြီးမှာ အသက်မဲ့သူ လှဲလျောင်းနေကြသလို အသက်ရှိသူတွေအတွက် မှီခိုရာလည်း ဖြစ်ခဲ့တာပေါ့။

ဒီမှီခိုရာအသက်ရှိသူတွေထဲမှာ မီမီကျော် (ခေါ်) မိကျော် (ခေါ်) မကျော် ကလည်း တစ်ယောက်အပါအ၀င်ပေါ့။
ဂျိုင်းထဲဟာ ကျွန်မတို့ခေတ်မှာ တကယ့်မာဖီးယားနယ်မြေပါ။

ကိုယ်ခန္ဒာမကောင်းတဲ့ အနာကြီးရောဂါသည်တွေ ရှိတယ်။ တောင်းစားသူတွေ ရှိတယ်။ အရက်ပုန်း ချက်ရောင်းတဲ့လူတွေ ရှိတယ်။ နောက် ကျွန်မတို့လို မူးယစ်ဆေးဝါးရောင်းတဲ့သူတွေ ရှိတယ်။

အဲ့ဒီလို အဆင့်တန်းမြင့်မား လူတန်းစားအသီးသီး မှီတင်းနေတဲ့ ကြံတောသုသာန်ကြီးဟာပဲ ကျွန်မသိတတ်စအရွယ် ကြီးပြင်းရာ ကျောင်းတော်ကြီး ဖြစ်လာခဲ့ပါတယ်။

ကျွန်မသာ ကြံတောမှာ ကြီးပြင်းခဲ့ရပေမယ့် ကျွန်မအဖေ ဦးပီတာကျော်ဟာ ရန်ကုန်မြို့လယ်ခေါင် ဗိုလ်တစ်ထောင်မှာ ချမ်းချမ်းသာသာနဲ့ ကြီးပြင်းခဲ့ရတယ်။

အဖေဟာ ဗဟိုဘဏ် အရာရှိကြီးတစ်ယောက်ရဲ့သား ဖြစ်ခဲ့တယ်။ စိန်ပေါကျောင်းသား ဖြစ်ခဲ့တယ်။ ဂစ်တာအတီး ကောင်းတယ်။

သူတို့ခေတ်က လမ်းသရဲလို့ ခေါ်တဲ့ လူငယ်တစ်ယောက် ဖြစ်ခဲ့တယ်။
ရန်ကုန်ကို အဆိုတော်ဖြစ်ချင်လို့ တက်လာတဲ့ မော်လမြိုင်သူ အမေနဲ့ တွေ့တယ်။

သူတို့နှစ်ယောက်ရဲ့ ရွှေဖူးစာဆုံရာမြေဟာ ဗိုလ်တစ်ထောင်ကမ်းနားက ဘိန်းခန်းတစ်ခုမှာ တဲ့။
ကဲ..တချိန်မှာ မူးယစ်ဆေးရောင်းတဲ့ မီမီကျော်ဆိုတဲ့ လူသားတစ်ယောက် မွေးဖွားလာဖို့အတွက် ပီတာကျော် နဲ့ စိုးစိုး ဆိုတဲ့ ချစ်သူနှစ်ဦး စတွေ့တဲ့ နေရာက ဘယ်လောက်တောင် ကာရံညီခဲ့သလဲရှင်။

ကျွန်မအဖေနဲ့ အမေဟာ စတွေ့ချိန်ကတည်းက နှစ်ယောက်လုံးဟာ ဘိန်းစွဲနေကြပါပြီ။
အဖေနဲ့အမေ ဘ၀ဟာလည်း ကျွန်မ ဘ၀တစ်လျှောက်လုံး မြင်လာ၊ တွေ့လာ၊ ဆက်ဆံလာခဲ့ရတဲ့ ဘိန်းစားတွေလိုပါပဲ။

အမေ့ရဲ့ မော်လမြိုင်က မိဘတွေ ဆုံးတဲ့အခါ အမေဟာ အမွေတော်တော်ရလိုက်ပါတယ်။
အဖေ့ကိုတော့ သင်္ဘောလိုက်ဖို့အတွက် သူ့အိမ်က စီစဉ်ပေးခဲ့ပါတယ်။

ဒါပေမယ့် အဖေဟာ သင်္ဘောသားဘ၀ကို ငြင်းဆန်ပြီး အမေနဲ့ လက်ထပ်ခဲ့တယ်။

အမေရတဲ့ အမွေတွေနဲ့ ရန်ကုန် ဗိုလ်တစ်ထောင်မှာပဲ အိမ်ခန်းလေးတစ်ခု ငှားနေပါတယ်။

အမေဟာ သူ့ရဲ့ အဆိုတော်အိပ်မက်ကို စွန့်လွှတ်ပြီး မော်လမြိုင်ဘက်က မှောင်ခိုပစ္စည်းတွေကို တဆင့်ပြန်ယူရောင်းရင်း စီးပွားရှာပါတယ်။ ဒါပေမယ့်..သူတို့နှစ်ယောက်ရဲ့ ဘိန်းဖိုးနဲ့ သူတို့၀င်ငွေဟာ ဘယ်လိုလုပ် မျှတမတဲ့လဲ။

ဘိန်းဖြူရှုတဲ့သူတိုင်း ကြုံရတာကတော့ လစ်မစ် ပိုတက်လာတဲ့ပြဿနာပါပဲ။

ဒီပြဿနာကို အဖေနဲ့အမေ ကြုံနေချိန်မှာပဲ ကျွန်မကို သူတို့ လူ့လောကထဲ ခေါ်သွင်းလိုက်ကြပါတယ်။
ကျွန်မဟာ အမေ့ဗိုက်ထဲမှာကတည်းက ဘိန်းငွေ့တွေနဲ့ ထိတွေ့ရင်းနှီးခဲ့လို့ထင်ပါရဲ့။ ဘိန်းဖြူသည်ရင့်မကြီး ဖြစ်နေတဲ့အချိန်မှာတောင်မှ ဘိန်းတစ်ခါမှ မရှု၊ မထိုးချင်လောက်အောင် ဖြစ်ခဲ့ရတယ်။

ကျွန်မကို မွေးပြီး အဖေနဲ့အမေမှာ ငွေပိုလိုအပ်လာခဲ့တယ်။
အမေ့ အမွေလေးတွေကလည်း တဖဲ့ဖဲ့နဲ့ ကုန်ပြီ။
ဒီလိုနဲ့ အဖေဟာ ဘိန်းဖြူတဆင့်ဖြန့်ဖြူးသူ ဖြစ်လာခဲ့တယ်။ ဘိန်းဖြူ တဆင့်ခံရောင်းချတာကို ပစ္စည်းပစ်တယ်လို့ ကျွန်မတို့လောက စကားနဲ့ ခေါ်ပါတယ်။

အဖေဟာ ဗိုလ်တစ်ထောင်နယ်မှာတော့ နယ်ခံတွေကို ကျော်မရတဲ့အတွက် စိန်ဂျွန်းစျေးဘက်မှာ သူ့ရဲ့ စျေးကွက်အသစ်ကို ချဲ့ထွင်ပါတယ်။

အမေကတော့ မော်လမြိုင်ဘက်ကို ကိုယ်တိုင်သွားပြီး မှောင်ခိုကုန်ကူးတဲ့အလုပ် လုပ်တယ်။
ကျွန်မ လေးနှစ်သမီးမှာတော့ အမေဟာ မော်လမြိုင်ကို ကုန်ကူးဖို့ဆိုပြီး ထွက်သွားရာက အိမ်ကို လုံးဝပြန်မလာတော့ပါဘူး။

အဖေက မော်လမြိုင်အထိ လိုက်သွားပြီး စုံစမ်းခဲ့ပေမယ့် အမေ့ကိုတော့ အစအနတောင် မတွေ့ခဲ့ရပါဘူး။
အဲ့ဒီဘက်က သူပုန်ဗိုလ်နဲ့ လိုက်ပြေးသွားသလိုလို ၊ ရဲဖမ်းခံရသလိုလို သတင်းသာ ကြားခဲ့ရပါတယ်။

တစ်နှစ်အကြာမှာပဲ ငါးနှစ်သမီးကျွန်မကို လက်ဆွဲပြီး အဖေဟာ ကြံတောသင်္ချိုင်းထဲက ကျွန်မကြီးပြင်းရာ အိမ်ကလေးဆီ ပြောင်းရွေ့ခဲ့ပါတော့တယ်။
အဲ့ဒီတုန်းက ကြံတောဟာ ဘတ်စ်ကားလိုင်း သီးသန့်မရှိဘူး။

မီးသဂြိုလ်စက်တောင် တစ်ခုလား ရှိတာ။

ရန်ကုန်ဆေးရုံကြီးကနေ အလောင်းတွေကိုသယ်၊ ကြံတောမှာ မီးသဂြိုလ်ရင် သဂြိုလ်၊ မဟုတ်ရင် ဂူသွင်း၊ မြေမြှုပ်ကြပေါ့။

ကြံတောနဲ့ ကပ်လျက်မှာ နာနတ်တော ရှိသေးတယ်။ ခရစ်ယာန်တွေ မြုပ်ကြတာ။
ကျွန်မ ငယ်ဘ၀မှာ မသာချတယ်ဆိုတဲ့ကိစ္စဟာ နေ့တိုင်းမြင်နေကျဖြစ်တယ်။

အဖေ့ဆီ ဘိန်းဆီလာ၀ယ်တဲ့သူတွေ အုတ်ဂူဘေးတင် ရှုနေကြတာလည်း မထူးဆန်းတဲ့ကိစ္စ။
ဆေးခြောက်ကို အရက်နဲ့စိမ်ပြီး ပြန်အခြောက်လှမ်းတဲ့ အနာကြီးရောဂါသည်တွေဆိုတာ ကျွန်မတို့ နေ့စဉ်ဘ၀ထဲမှာ သမရိုးကျပဲ။

အရက်ပုန်းတွေကို ကားကြီးနဲ့ ညညကျ လာခိုးထုတ်တဲ့အခါ ကျွန်မတို့က ပုန်းတွေ ဝိုင်းမပေးရင် နှာတိုကြီးတွေက မုန့်ဖိုးတောင်ပေးတတ်သေး။

အဖေလား။
ဘိန်းဆီရောင်းတယ်။ ဆေးခြောက်ရောင်းတယ်။ ဘိန်းဖြူရောင်းတယ်။
အဖေဟာ လမ်းသရဲဘ၀က လာသူမို့ လက်ယဉ်တယ်။
ဂျိုင်းထဲမှာ အသည်တစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်လွယ်တော့ ရပ်တည်ရတာမဟုတ်ခဲ့ဘူး။

ဘိန်းစား တစ်ယောက်ဖြစ်သလို ဘိန်းရောင်းသူတစ်ယောက်လည်း ဖြစ်တဲ့ အဖေဟာ ကျွန်မကို ကမာရွတ် မူလတန်းကျောင်းမှာ ကျောင်းသွားထားခဲ့တယ်။

အပြင်လောက တစ်ခုလုံးက ရွံရှာစက်ဆုပ်ဖွယ်နေရာအဖြစ် သတ်မှတ်ထားတဲ့ ကြံတောသင်္ချိုင်းထဲက ကျွန်မတို့ လူ့အဖွဲ့အစည်းလေးဟာ အချင်းချင်း စောင့်ရှောက်ကြပါတယ်။
ဒါပေမယ့်……တချို့စုန်းပြူးတွေတော့ ရှိတတ်တာပေါ့။

အရွယ်ရောက်လာမယ့် သမီးတစ်ယောက်ဖခင် အဖေဟာ ဘိန်းစားပေမယ့် ခပ်ကြမ်းကြမ်းနေထိုင်ပြခဲ့တယ်။
အုပ်စုဖွဲ့ လူတွင်ကျယ်လုပ်နေတဲ့ ဆေးခြောက်သည် အနာကြီးရောဂါသည် သုံးလေးယောက်ကို အဖေက ဓါးနဲ့ လိုက်ခုတ်ခဲ့ဖူးတယ်။

ကျွန်မ ခြောက်တန်းနှစ်မှာ ကျောင်းသွားကျောင်းပြန် သင်္ချိုင်းကို ဖြတ်ရတာမို့ အဖေက စိတ်မချဘူးဆိုပြီး ကျောင်းထုတ်ခဲ့တယ်။

အဲ့ဒီကစလို့ အဖေ စနစ်တကျသင်ပေးခဲ့တဲ့ မူးယစ်ရောင်း၀ယ်ရေးလောကထဲကို ကျွန်မ ရောက်ခဲ့တယ်ပဲ ဆိုရတော့မှာပေါ့။

” နတ်စင်ပြိုပြီဆို ဂျိုင်းထဲက မိကျော်ဆီ သွားဖန်။ သူ့ဆီမှာက ပစ္စည်းမပြတ်ဘူး။ စျေးလည်းမတင်ဘူး”

ကျွန်မရဲ့ ဂုဏ်သတင်းဟာ အဲ့ဒီလို မွှေးပျံ့ခဲ့ပါသည်ရော။

နတ်စင်ပြိုတယ်ဆိုတာက ဒီလို။
ကျွန်မတို့လောကမှာ ဘိန်းဖြူ၊ ဆေးခြောက် ရှားပါးလာပြီဆို နောက်ဆုံး ရနိုင်တဲ့နေရာက ကြည်မြင်တိုင်၊ နတ်စင်လမ်း မှာပဲ။
အဖမ်းအဆီးကြမ်းလို့ အဲ့ဒီမှာတောင် မရတော့ဘူးဆိုရင်တော့ နတ်စင်ပြိုပြီလို့ ခေါ်ကြတယ်။
ပစ္စည်း ရှားပါးပြတ်တောက်သွားပြီပေါ့။

အဲ့ဒီအခြေအနေဆို သုံးစွဲသူဖောက်သည်အပေါင်းက သူတို့ ဝေးဝေးရှောင်တဲ့ ဂျိုင်းထဲကို ၀င်လာရပါပြီ။
ဂျိုင်းထဲမှာက ဆေးခြောက် ၊ ဘိန်းဖြူ၊ ဘိန်းဆီ အကုန်ရပါတယ်။ ရောင်းသူအများစုက အနာကြီးရောဂါသည်တွေပါ။

အရည်တရွှဲရွှဲဖြစ်နေတဲ့ ဒီလူတွေဆီက တချို့ကလည်း မ၀ယ်ချင်ကြပါဘူး။
ဒါပေမယ့် ဘစ တို့မည်သည် ယင်းထလာရင် ဘာမှ မတွေးနိုင်ကြတော့ဘူးရယ်။

အဲ့ဒီလို အချိန်မှာမှ ဂျိုင်းထဲမှာ ဘာရောဂါမှမရှိတဲ့အပြင် အပျိုပေါက်အရွယ် သန့်သန့်ပြန့်ပြန့်လေးနဲ့ ပစ္စည်းပစ်တာဆိုလို့ မိကျော် ဆိုတဲ့ ကျွန်မ ရှိနေတယ်လေ။
အဖေက အသက်ရလာပြီ။ သူ့ဟာသူ ဇ်ိမ်ယူနေတာများတယ်။
ကျွန်မက ဒိုင်ခံရောင်းပေးပေါ့။

ပစ္စည်းကို ဘယ်က ယူလဲဆိုတော့ ကြံတောမှာ ဂိုဏ်းချုပ်ရှိတယ်။ နှာနီ တဲ့။ မိန်းမ သုံးယောက်နဲ့။
သူက ဆေးခြောက်တွေ၊ ဘိန်းဖြူ၊ ဘိန်းဆီတွေကို ရှမ်းပြည်ဘက်က သွင်းတာ။ အရက်လည်း ချက်တယ်။ သူ့မှာ ဟိုင်းလတ်ကား သုံးစီးရှိတယ်။

မိကျော်လေးအတွက်ဆို နှာနီက ပစ္စည်း လိုသလောက် ရောင်းပေးတယ်။
ရှပ်အင်္ကျီဖားဖားကို ရှေ့မှာချီပြီး၊ ထမီတိုတို၀တ်၊ လွယ်အိတ်ကို စလွယ်သိုင်းထားတဲ့ မိကျော်ဟာ တစ်နေ့တခြား ခပ်ကြမ်းကြမ်းလှလာတာကို နှာနီ သတိမထားမိပဲ နေပါ့မလား။

နှာနီ မိကျော်ဆီက ဘာလိုချင်တယ်ဆိုတာ သိပေမယ့် မိကျော်က မသိချင်ယောင်ပဲ ဆောင်နေပါတယ်။
ဆေးလာ၀ယ်တဲ့ကောင် အများစုကတော့ ရှင်းတယ်။
တကယ့်ဆေးသမားစစ်စစ်ဆို ဒီကိစ္စမှာ ငါ သူ တစ်ပါး ယောက်ျား မိန်းမ မရှိဘူး။ သူတို့ ပစ္စည်းပြတ်တဲ့ အချိန် ပစ်ပေးတဲ့ အသည်လို့ပဲ မြင်ကြတာ။ ဆေးရဖို့သာ အဓိက။
အထူးသဖြင့် ဘိန်းဖြူသမားတွေပေါ့။

ဆေးခြောက်သမားတွေကတော့ နည်းနည်းပါးပါး ရိသဲ့သဲ့လုပ်ချင်ကြတယ်။
ဒါပေမယ့် ပီတာကြီးသမီးဆိုတဲ့ အရှိန်ကိုတော့ ဒီကောင်တွေ လန့်ကြပါတယ်။

ကျွန်မအဖေ ပီတာကြီးဟာ အသည်လောကမှာ ဘိန်းစားပေမယ့် မှန်မှန်ကန်ကန်နေတယ်။ သူ့ကို ထိရင်၊ ကျော်ရင်၊ ခွရင် ဓါးနဲ့ အိမ်ပေါ်ထိ တက်ခုတ်တယ်လို့ နာမည်ကျော်တယ်။

ဒါကြောင့် နှာနီကလည်း ကျွန်မကို သဘောကျပေမယ့် တခြားဂျိုင်းထဲက ကောင်မတွေလို လူမိုက်လုပ်ပြီး အကြပ်ကိုင်တာ၊ ငွေနဲ့မျှားတာမျိုး မလုပ်ရဲဘူး။

ဂျိုင်းထဲမှာ မိကျော်ဆိုပြီး အရောင်တွေ တလက်လက် တောက်နေတုန်းမှာပဲ အရေးအခင်းဆိုတာကြီး ထဖြစ်ပါတော့တယ်။

၁၉၈၈ အရေးအခင်းရဲ့ အနိဌာရုံတွေ အပြင်မှာ ဘယ်လိုရှိမယ်မသိပေမယ့် အပြင်မှာ ဖြစ်ခဲ့သမျှ ကြံတောမှာ လာဆုံးတာကိုတော့ ကျွန်မတို့က မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်။
လူသေအလောင်းတွေ မြင်မကောင်းအောင် ရောက်လာတယ်။

စစ်ကားတွေ၊ ဆေးရုံကားတွေ ၀င်ချည်ထွက်ချည်နဲ့။
ပထမတော့ ဂျိုင်းထဲမှာ လူတွေ ဟုတ်ခနဲ ငြိမ်သွားကြတယ်။

ဒါပေမယ့် ခဏပါပဲ။
ဆေးသမားဆိုတာ သူ့ဟာသူ ကမ္ဘာပျက်ပျက်…သူဆေးမပြတ်ဖို့ပဲ အသိရှိတာကိုး။
ဂျိုင်းထဲ ရအောင်လာဂျွိုင်းကြတာပါပဲ။

စစ်တပ်က အာဏာသိမ်းပြီးစကာလတွေမှာ ခေတ်စားတာကတော့ ဘိန်းဆီပါ။
ကိုမီသာဇင်တွေ၊ ဖင်ဆီဒိုင်းတွေဟာ ရှားပါးသထက် ရှားပါးလာပါပြီ။

အရင်ကဆို ကိုမီသာဇင်ချောင်းဆိုးပျောက်ဆေးကို ဘိန်းဆီလေးနဲ့ တွဲသောက်ကြတာ။
ဘိန်းဆီဟာ နံတယ်။ ခါးတယ်။ စပ်လည်းစပ်တယ်။

အဲ့ဒါကို အရမ်းချိုတဲ့ ကိုမီသာဇင် နဲ့ တွဲသောက်ကြတယ်။
ဖောက်သည်တွေဟာ ကျွန်မရှိနေတဲ့ အုတ်ဂူနေရာကို သိကြပါတယ်။

အဲ့ဒီကို လာပြီဆို သူတို့က ငွေငါးကျပ်ပေးတဲ့အခါ ကျွန်မက လွယ်အိတ်ထဲက ပင်နယ်ဆလင်ပုလင်းလေးကို ထုတ်၊
အဲ့ဒီထဲက အနှစ်ရည်လေးတွေကို နှီးဖျားလေးနဲ့ တို့ယူပြီး သူတို့လက်ပေါ် အစက်ချပေးလိုက်ပါတယ်။

သူတို့က လျှာနဲ့လျက်ပြီးတာနဲ့ ချက်ချင်း ကိုမီသာဇင်ကို မော့သောက်ပစ်တော့တာပဲ။

ဟုတ်ပါတယ်။
ကျွန်မတို့ ဂျိုင်းထဲမှာ စည်းကမ်းတစ်ခုရှိတယ်။
အဲ့ဒါကတော့ ပစ္စည်းလာဖန်သူတွေကို အပြင်ကို ပစ္စည်းယူခွင့်မပေးပါဘူး။
ကျွန်မတို့ရှေ့မှာပဲ သုံးစွဲစေပါတယ်။
အတင်း ယူသွားမယ်ဘာညာ လုပ်မယ်ဆိုရင်တော့ သင်္ချိုင်းအဝတောင် မရောက်ပဲ..နှာနီတပည့်တွေ ဝိုင်းရိုက်လုတာ ခံရပါ့မယ်။

ကိုမီသာဇင်၊ ဖင်ဆီဒိုင်း ရှားပါးလာတဲ့အခါ ဘိန်းဆီကို ဒီအတိုင်း မြိုကြပါတယ်။
နောက်ပိုင်း အအေးပိုက်ကို အပိုင်းလေးတွေဖြတ်၊ ဘိန်းဖြူထည့်ပြီး ထိပ်တွေပိတ် ရောင်းကြတဲ့ ခေတ်ရောက်လာတဲ့အခါ ဘိန်းဆီသမားထဲက ငွေကြေးတတ်နိုင်သူတွေဟာ ဘိန်းဖြူလိုင်းကို ရောက်သွားကြပါတော့တယ်။

ဆေးသမားတို့ရဲ့ အားကိုးရာကမ္ဘာကြီးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မကြာခင်နှစ်တွေမှာပဲ ပြိုလဲဖို့ အကြောင်းဖန်လာခဲ့ပါပြီ။

ကြံတောသင်္ချိုင်းကြီးကို ရွှေ့မယ်ဆိုတဲ့ သတင်းတွေ ကြားလာရပါတယ်။

အဲ့ဒီအချိန်မှာ ကျွန်မအဖေ ပီတာကြီး ကွယ်လွန်ပါတယ်။
အဖေသေပြီး မကြာခင်ပဲ ကျွန်မရဲ့ ရည်းစား ကိုထွန်းကျော်နဲ့ လက်ထပ်လိုက်ပါတယ်။

အဖေ မရှိတဲ့အခါ ဂျိုင်းထဲမှာ ကျွန်မအတွက် လုံခြုံမှုမရှိတာလည်း ပါတာပေါ့။
ဒါပေမယ့်လည်း ကြံတောသင်္ချိုင်းဟာ မကြာခင် နိဋ္ဌတံသွားခဲ့ပါတယ်။
နှာနီတို့ရော၊ တခြားအနာကြီးရောဂါသည်တွေပါ ဟိုး ထောက်ကြံ့ဘက်ကို အတင်းပြောင်းရွှေ့တာ ခံလိုက်ရပါတယ်။

ကိုထွန်းကျော်ဟာ ဆင်မလိုက်သားမို့ ကျွန်မကတော့ ကိုထွန်းကျော်နှင့်အတူ ဆင်မလိုက်မှာ ပဲ ကျန်ခဲ့ပါတော့တယ်။

ကိုထွန်းကျော်ဟာ ဆင်မလိုက် ၀က်စု ထဲမှာ နေတာပါ။ ၀က်သတ်ရုံမှာ လုပ်ပါတယ်။

ကျွန်မ သူနဲ့ ယူပြီးခါစမှာ ကြံတောကြီးလည်း ပျက်သွားတော့ ဆေးရောင်းတဲ့အလုပ်ကို စွန့်လွှတ်ဖို့ စိတ်ကူးလိုက်ပါတယ်။
နှာနီလည်း ထောက်ကြံ့ဘက်ရောက်ပြီးထဲက အဆက်အသွယ်မရတော့ပါဘူး။

ကိုထွန်းကျော်ဟာ ကျွန်မကို ချစ်ရှာပါတယ်။
၀က်ထိုးတဲ့ အလုပ်နဲ့ ကောင်းကောင်းမွန်မွန် လုပ်ကိုင်ကျွေးပါတယ်။

ဒါပေမယ့် သူက ဆေးခြောက်သမား။ အရက်နဲ့ တွဲသောက်တာ။
အလုပ်က ပြန်လာပြီဆို နှစ်ရက်ခြားတစ်ခါလောက် သမိုင်းအားကစားရုံအနောက်ဘက်မှာ ဆေးခြောက် အမြဲသွား၀ယ်တယ်။

တစ်ခါတစ်ရံ ကျွန်မပါ ပါသွားတာပေါ့။
ကျွန်မအတွက်တော့ ဆေးသမားတွေဆိုတာ အဆန်းမဟုတ်တော့ပါဘူး။
ဘိန်းဆီ၊ ဘိန်းဖြူကလွဲလို့ တစ်ခြားမူးယစ်ဆေးအကုန် ကျွန်မသုံးဖူးပါတယ်။

ဆေးခြောက်ကိုလည်း သူနဲ့အတူ တစ်ခါတစ်ခါ သောက်ဖြစ်ခဲ့တယ်။
အဲ့ဒီတုန်းက သမိုင်းအားကစားရုံနောက်ထဲ ဆေးခြောက်ပစ်တဲ့ကောင်က အော်ရကီး ဆိုတဲ့ ကုလားလေး။
သူက ကျွန်မကို ပီတာကြီးသမီး ဆိုတာ သိတယ်။ သူ့အဖေ ဇော်ထွန်းက အဖေနဲ့ သူငယ်ချင်းတွေ။

တရက်တော့ ကိုထွန်းကျော် မအားတာနဲ့ ကျွန်မကို ဆေးခြောက်သွားဖန်ပေးဖို့ ခိုင်းတယ်။
အော်ကီးဆီ ကျွန်မရောက်တော့ သူက ကိစ္စတစ်ခုပြောတယ်။

”မကျော်..နံပါတ်ဖိုး ပစ်မလား..ကျွန်တော့်မှာ စျေးပေါပေါနဲ့ပေးမယ့် ဂျိတ်ကြီးကြီးရှိနေလို့..ရေလည်မြတ်မှာနော်” တဲ့။

သူက ကျွန်မကို ဘိန်းဖြူရောင်းဖို့ ပြောနေတာပါ။
”နင်က ဘာလို့မပစ်တာလဲ” လို့ ကျွန်မက မေးတော့ သူက ဆေးခြောက်တစ်လိုင်းပဲ ကိုင်ချင်တာ၊ များရင် လူရှုပ်မခံနိုင်လို့လို့ အော်ရကီးက ပြန်ဖြေတယ်။

အဲ့ဒီ ၁၉၉၂ ၀န်းကျင်ကာလမှာ ဘိန်းဖြူက လူငယ်တွေအကြားရေပန်းစားနေပါပြီ။ တချိန်က စျေးအရမ်းကြီးတဲ့ ဘိန်းဖြူဟာ အခုဆို စျေးသက်သက်သာသာနဲ့ ဖြစ်လာပါတယ်။
ကြံတောထဲမှာတုန်းကလို ဘိန်းမဲ၊ ဘိန်းဆီတွေ မပေါတော့ပဲ ဘိန်းဖြူက ပိုပေါလာလို့..ဘိန်းဖြူက လူသုံးပိုများလာပါတယ်။

နောက်ပြီး ရုပ်ရှင်ပိုင်း၊ အဆိုတော်ပိုင်းက လူတော်တော်များများ ဘိန်းဖြူသုံးလို့ ဖမ်းခံရတာကိုလည်း မဂ္ဂဇင်းတစ်ခုထဲမှာ ကျွန်မ ဖတ်ခဲ့ဖူးပါတယ်။

ကျွန်မအတွက်တော့ ဆေးပစ်တယ်ဆိုတာ သိပ်အထူးအဆန်းကိစ္စကြီး မဟုတ်ပေမယ့် ၁၉၈၈ နောက်ပိုင်း အဖမ်းအဆီးအသံတစ်ချို့ ထွက်နေတော့ နည်းနည်းတော့ လန့်တာပေါ့။

ဒီကြားထဲ ဖြစ်ချင်တော့ ကိုထွန်းကျော် ထောင်ကျသွားတယ်။
ကိုထွန်းကျော်ဟာ အဲ့ဒီတုန်းက နာမည်ရခါစလူမိုက် အလုံစိုးမြတ် ခိုင်းတဲ့ အလုပ်တစ်ခုကို သွားလုပ်ပေးရင်း တောင်ဥက္ကလာ ၁၀ ရပ်ကွက်စျေးထဲမှာ ဖမ်းခံခဲ့ရပါတယ်။

ရှင်းရှင်းပြောရရင်တော့ စျေးထဲက အိမ်တစ်အိမ်က ဖဲဝိုင်းမှာ အလုံစိုးမြတ်တပည့်တွေနဲ့အတူ မိုက်ကြေးသွားခွဲရာက ဓါးထိုးမှုဖြစ်တာပါ။
ကိုထွန်းကျော် ဂိန် သွားတဲ့အချိန်မှာ ကျွန်မ အပြင်မှာ ကျန်ရစ်ပါတယ်။

ကျွန်မ စား၀တ်နေရေးအတွက် အော်ကီး ပြောတဲ့ ဂွင်ကို ချိတ်ဆက်ရပြန်တယ်။
ဒါပေမယ့် ဆင်မလိုက်၊ ကြည်မြင့်တိုင် ဂွင်ကို တော့ ကျွန်မ ရှောင်လိုက်ပါတယ်။

ဘာလို့လဲဆိုတော့ အဲ့ဒီတကြောမှာ စိုးမြတ် က ဘုန်းတန်ခိုးတောက်လာတယ်။ ပြီးတော့ သူက လောင်းကစား၊ မူးယစ်ဆေး ရှိသမျှဂွင်အားလုံးကို ချုပ်ချင်တာ။

သူ့ဆီ လိုင်းကြေးမ၀င်ရင် ကျွန်မလို မိန်းမအသည်တွေကို လူပါ စားပစ်တာ။

ကျွန်မက အဲ့တစ်ခုတော့ စည်းထားတယ်။ ကိုထွန်းကျော် ထောင်ထဲရောက်နေပေမယ့် အပြင်မှာ စိုးမြတ်လို လူကို ကပ်ရင် အေးအေးဆေးဆေး ဆေးပစ်နေလို့ရတယ်ဆိုတာ သိတယ်။

ဒါပေမယ့် ကျွန်မက အပေါစားမ မဟုတ်ဘူး။ ကာမပိုင်လင်နဲ့။
ဒီတော့ ကျွန်မ ‌အော်ရကီး ချိတ်ပေးတဲ့ ဂွင် အတိုင်း ပစ္စည်းဖန်တီးလိုက်တယ်။ ကြိုယူပြီး ငွေနောက်မှပေး စနစ်နဲ့ပါ။

အော်ရကီး မိတ်ဆက်ပေးတဲ့ ဗဟန်း က ရှမ်းတရုတ်တစ်ယောက်ဆီကနေ သွားယူရပါတယ်။
ကျွန်မ ပစ်ရမယ့်နေရာကို စဉ်းစားတော့ ကျွန်မ ဂျိုင်းထဲမှာတုန်းက နှာနီ မယားငယ်ဖြစ်ခဲ့တဲ့ အေးအေးပွင့် ကို သွားသတိရပါတယ်။

အေးအေးပွင့်ဟာ နှာနီနဲ့ ကွဲပြီးမှ ရန်ကင်း ဆယ့်နှစ်လုံးတန်းအနောက်ဘက်က အရက်ဖြူဆိုင်ပိုင်ရှင်တစ်ယောက်နဲ့ ညားပြီး ဆေးခြောက်ပစ်နေတာကို ကျွန်မသိထားပါတယ်။

ကျွန်မတို့ မင်္ဂလာဆောင်တော့လည်း အေးအေးပွင့် လာခဲ့တယ်။
အေးအေးပွင့်ပေးခဲ့တဲ့ လိပ်စာအတိုင်း ၈၉ ခုနှစ်လောက် အဲ့ဒီအရက်ဆိုင်ကို ကျွန်မနဲ့ ကိုထွန်းကျော် သွားလည်ခဲ့ဖူးတယ်။

ကျွန်မ အဲ့ဒီနေရာကို စမ်းတဝါးဝါးနဲ့ သွားရှာတယ်။
ကံကောင်းစွာနဲ့ပဲ အေးပွင့်တို့ ဆိုင်ကို ရှာတွေ့ခဲ့ပါတယ်။
အေးပွင့်က ဆေးခြောက်ပစ်တုန်းပါပဲ။

ဒီလောက က ရုန်းထွက်ရ တကယ်ခက်ပါတယ်။ ငွေအလွယ်ရတာကြောင့်လို့ ပြောရမလား။ ရင်ခုန်စရာကောင်းလို့ပဲလို့ ပြောရမလား မသိတော့ပါဘူး။
အေးပွင့် က ကျွန်မ ဖိုး ၀င်ပစ်မယ်ဆို နယ်မြေအပိုင်တွေနဲ့ စိတ်လိုလက်ရပဲ ချိတ်ဆက်ပေးပါတယ်။

နယ်မြေအပိုင်ဆိုတာ နယ်မြေခံလူမိုက်၊ နယ်မြေခံအသည်ချုပ်နဲ့ နယ်မြေခံရဲ တွေပါ။
ရန်ကင်းဆယ့်နှစ်လုံးတန်း ရဲ့ ဟိုးနောက်ဘက်အခြမ်းမှာ ဂျိုးဖြူပိုက်လုံးကြီးတွေ ရှိပါတယ်။
အဲ့ဒီိပိုက်လုံးကြီးတွေနေရာဟာ လူပြတ်ပြီး အရိပ်အာဝါသကောင်းတဲ့ သစ်ပင်တွေ ဖုံးလွှမ်းထားပါတယ်။

ဒီလောကဟာ အရမ်းမကျယ်ပါဘူး။
ဂျိုင်းထဲက မကျော် လာပစ်တယ်ဆိုတာနဲ့ ကျွန်မ ဖောက်သည်ဟောင်းတွေဟာ ပိုက်လိုင်းကြီးဆီ ရောက်လာကြပါတယ်။

အအေးသောက်တဲ့ ပိုက်ကလေးတွေကို လက်တဆစ်လောက်ဖြတ်၊ တစ်ဖုံးစာလို့ ခေါ်တဲ့ ဘိန်းဖြူပမာဏကို ထည့်ပြီး၊ ဟိုဘက်ဒီဘက် မီးနဲ့ပိတ်ပြီး ရောင်းရတာပါ။
အစကတော့ ဒီတိုင်း ရှုသူတွေသာ များပေမယ့် နောက်ပိုင်း နေရာတင် ဒုတ်တင်တာတွေ ခေတ်စားလာပါတယ်။

ဒုတ်တင်တယ်ဆိုတာ ဘိန်းဖြူကို အရည်ဖျော်ပြီး ဆေးထိုးပိုက်နဲ့ စုပ်၊ အကြောထဲ ထိုးသွင်းတာကို ခေါ်တာပါ။
အဲ့ဒီခေတ်အထိ ဆေးထိုးအပ်ဆိုတာ ရှားပါးပါတယ်။
ဒါပေမယ့် ကျွန်မတို့ အသည်တွေအတွက်တော့ ဆေးထိုးအပ် လေးငါးချောင်း ဆောင်ထားရတာပါပဲ။

သေချာပြန်စဉ်းစားတော့ အဲ့ဒီတုန်းက ကျွန်မဟာ မူးယစ်ဆေး ရောင်းရုံတင်မကပဲ..ဒီဆေးသုံးသူတွေကို အေအိုင်ဒီအက်စ် ကူးစက်အောင် ဝိုင်း၀န်းကူညီပေးသူတောင် ဖြစ်ခဲ့တာပါပဲ။
ဆေးပစ်တဲ့အခါ အလုံခြုံဆုံးကတော့ ပစ္စည်းကို အပြင်သယ်မသွားခိုင်းပဲ ကိုယ့်ရှေ့တင် လုပ်ခိုင်းတာ အကောင်းဆုံးပါပဲ။

ဒါ ကြံတောက ကျွန်မရလိုက်တဲ့ ပညာအမွေတစ်ခုပါ။
အပြင်သယ်သွားလို့ အဖမ်းအဆီးခံရတဲ့အခါ အသည်တွေအထိ ပြသနာက လိုက်လာနိုင်ပါတယ်။
ကိုယ့်နယ်အပိုင်ရဲ နဲ့ ကိုယ်က အေးဆေးလေ။
အဲ့ဒီအခါက ပိုက်လုံးကြီးဟာ အင်မတန်မှ စည်ကားခဲ့ပါတယ်။

ရန်ကုန်တမြို့လုံးက ဘိန်းဖြူရောင်းသူ၊ ၀ယ်သူ၊ ထိုးသူ ၊ ရှုသူတွေနဲ့ နေ့ညမပြတ် စည်ကားနေတော့တာပဲ။
ကျွန်မ စီးပွားရေးကလည်း ကောင်းလာပါတယ်။
ကိုထွန်းကျော်ကို ရဲဘက်ထွက်နိုင်ဖို့ ထောင်၀င်စာသွားတွေ့ရင်း လာဘ်ထိုးတာတွေ ဘာတွေ လုပ်နိုင်လာပါပြီ။
ကိုထွန်းကျော်နဲ့ အတူနေခဲ့တဲ့ ဆင်မလိုက်က တဲကလေးကို အငှားထားခဲ့ပြီး ရန်ကင်းထဲမှာ တိုက်ခန်းလေးတစ်ခုတောင် ငှားနေနိုင်ပါပြီ။

ဒါပေမယ့် ကံဆိုးချင်တဲ့ တစ်ရက်မှာတော့ ကျွန်မတို့ရဲ့ လွတ်လပ်သော မူးယစ်နယ်မြေကြီးကို စစ်ကားသုံးစီး ထိုးစိုက်လာပြီး အဖမ်းခံရတော့တာပါပဲ။
ပိုက်လုံးကြီးကို ကျွမ်းလှပါချည်ရဲ့ ဆိုတဲ့ ရန်ကင်းသားတစ်ချို့တောင် စစ်တပ်က ပိတ်ဖမ်းတာ ပြေးမလွတ်မှတော့ ကျွန်မလို မနေ့တနေ့ကမှ ရန်ကင်းရောက်တဲ့ ဘိန်းသည်မကို မိတာ ဘာဆန်းမှာတဲ့တုန်း။
ထောင် (၁၀)နှစ် တန်းခနဲ ကျတော့တာပဲ။

ကျွန်မ အင်းစိန်ထောင်ကို ၀င်ရတဲ့အချိန်မှာ ကိုထွန်းကျော်က ကျောက်ထုစခန်းဆီ ရဲဘက်ထွက်သွားခဲ့ရပါပြီ။
ကိုထွန်းကျော်နဲ့ ကျွန်မလည်း အဲ့ဒီမှာ အဆက်အသွယ်ပြတ်သွားခဲ့ရတယ်။
ဒီနေရာမှာပဲ မူးယစ်ရောင်း၀ယ်မှုသံသရာထဲက ဘိန်းသည်မ ကျွန်မရဲ့ ဘ၀က တစ်ခန်းရပ်ခဲ့ပြီလားဆိုတော့။

၂၀၀၀ ခုနှစ်မှာ ကျွန်မ ထောင်က ပြန်လွတ်လာခဲ့ပါတယ်။
ထောင်ထဲနေခဲ့ရတဲ့ ကာလတွေအတွင်း ကျွန်မမှာ ဧည့်တွေ့မရှိ၊ ထောင်၀င်စာမရှိ။
ထောင်ထဲ အနေချောင် အစားချောင်ဖို့အတွက် ကျွန်မဟာ အနှိပ်ပညာကို သင်ယူရင်း ထောင်တွင်း အနှိပ်သည်ဘ၀ ခံယူလိုက်ရပါတယ်။

အဲ့ဒီလို နှိပ်ပေးရင်း ထောင်ထဲက မူးယစ်ကုန်သည် မမကြီးတွေနဲ့ပါ ထပ်ဆင့်ရင်းနှီးခွင့် ရလိုက်ပါသေးတော့တယ်။
ပညာတွေ ပိုစုံသွားစေတဲ့ ကျောင်းတော်ကြီးပေါ့။
ထောင်ကလွတ်လွတ်ချင်း ကိုထွန်းကျော်နဲ့ အတူနေခဲ့တဲ့ ဆင်မလိုက်အိမ်ကလေးဆီ ပြန်လာခဲ့ပါတယ်။
ဒါပေမယ့် ကျွန်မတို့ ရပ်ကွက်တောင် မရှိတော့ပါဘူး။
တဲကလေးတွေနေရာမှာ ကန်ထရိုက်တိုက်အချို့ ဖြစ်လာနေခဲ့ပါပြီ။

ကျွန်မတို့ အိမ်နေရာလေး ဘယ်ရောက်မှန်း မသိပါဘူး။
ရပ်ကွက်ထဲ ကျန်ရစ်တဲ့ လူတစ်ချို့ဆီ တီးခေါက်ကြည့်တော့ ကိုထွန်းကျော်က နောက်အိမ်ထောင်နဲ့ လှိုင်သာယာဘက် ပြောင်းသွားသလိုလို ကြားရပါတယ်။
သူ့ဆရာ လူမိုက်စိုးမြတ်လည်း အသတ်ခံလိုက်ရပါပြီတဲ့။

ကျွန်မမှာ ထောင်က ထွက်လာပြီးချင်း ကူရာကယ်ရာ မဲ့သွားခဲ့ပြီ။
ကျွန်မ စဉ်းစားတယ်။ အနီးစပ်ဆုံး ဘယ်သူ့ဆီက အကူအညီရနိုင်မလဲပေါ့။
နောက်ဆုံး ရန်ကင်းမှာ ကျွန်မ ဂွင်တည်တုန်းက ကူညီခဲ့ဖူးတဲ့ သူငယ်ချင်းအေးအေးပွင့်ကို စဉ်းစားမိတယ်။

အဲ့ဒါနဲ့ သူ အရက်ဆိုင်ဖွင့်ထားတဲ့ ရန်ကင်းဆယ့်နှစ်လုံးတန်းအနောက်ကို ကျွန်မ ပြန်သွားတယ်။
မြင်ကွင်းတွေက အရင်လို မဟုတ်တော့ပါဘူး။
အရက်ဆိုင် နေရာမှာ စတိုးဆိုင်တစ်ဆိုင် ဖြစ်နေပါပြီ။
အေးအေးပွင့်ကို သိလိုသိငြား အေးအေးပွင့်နာမည်နဲ့ ၀င်စုံစမ်းကြည့်မိတယ်။

ကံကောင်းစွာနဲ့ပဲ အဲ့ဒီစတိုးဆိုင်ကို နောက်က အိမ်ပိုင်ရှင်တွေက နေရာငှားထားတာဖြစ်ပြီး၊ နောက်အိမ်က အေးအေးပွင့်တို့အိမ်တဲ့။
ကျွန်မ အိမ်ထဲ၀င်ဖို့ ဘဲလ်တီးလိုက်တော့ ထွက်လာတာက အေးပွင့်ယောက်ျား ဖြစ်နေတယ်။

ကျွန်မ အထဲ၀င်နေတဲ့ နှစ်တွေအတွင်းမှာ အေးအေးပွင့်ဟာ အတော်လေးကို အဆင်ပြေနေပုံပါပဲ။
သူ့ယောက်ျားဆို အဲ့ဒီခေတ်က လူတိုင်းမကိုင်နိုင်တဲ့ ဆယ်လူလာဖုန်းနဲ့။ အေးပွင့်ဆီ ဖုန်းလှမ်းခေါ်ပေးပါတယ်။
အေးပွင့် က မူဆယ်ဘက် ရောက်နေသတဲ့။

”အေးပွင့် ငါပါ…မီမီကျော်လေ..နင်မှတ်မိတယ်မဟုတ်လား..ဦးပီတကြီး သမီးလေ”

”မိကျော် ငါက နင့်မသိပဲ နေမလားဟဲ့..နင် အခု ဘာတွေလုပ်နေလဲ”

”ဟိုတခါ ပိုက်လိုင်းကြီးမှာ ၀င်စိကတည်းက ငါအောင်းသွားတာလေ..ခြောက်နှစ်ကျော်တယ်..အဲ့ဒါ အခုပြန်ထွက်လာတော့ ငါ့ယောက်ျားကလည်း နောက်မိန်းမယူသွားပြီ..နေစရာလည်း မရှိတော့ဘူး.အဲ့ဒါနဲ့ နင့်ကို လာရှာတာ”

”ရန်ကုန်မှာက ငါ့ယောက်ျားပဲ နေတော့တယ်..ငါက အခု မူဆယ်ဘက်ကနေ အထိုင်လှုပ်ရှားနေတာ..လမ်းကြောင်းအတွက် လူလိုနေတာနဲ့ အတော်ပဲ..နင် ငါ့ဆီလာမလား”
”အေး..ကူညီပါ သူငယ်ချင်းရယ်..ငါ့မှာ လွတ်လာပြီး နေစရာ စားစရာ မရှိတာနဲ့”

”အဲ့ဒါတွေ ပြောမနေနဲ့။ နင် မူဆယ်လိုက်လာနိုင်အောင် ငါလုပ်ပေးမယ်..ငါ့ယောက်ျားကို ဖုန်းပေးလိုက်”
……………………………………………………………………………..
အေးအေးပွင့်ဟာ ရေနစ်နေတဲ့ ကျွန်မဘ၀အတွက် ကောက်ရိုးတမျှင်ပါပဲ။
အဲ့ဒီ ကောက်ရိုးလေးကို ဆွဲမိတဲ့ ကျွန်မမှာ နောက်ထပ် ဒီနွံထဲကိုပဲ ထပ်နစ်ရပါတော့တယ်။

အေးအေးပွင့်ဟာ ကျွန်မလိုပဲ မူးယစ်လိုင်းထဲ ပျော်မွေ့နေသူပါ။
မူဆယ်ဟာ ပြည်မနဲ့ ဘာမှမဆိုင်ပဲ အင်မတန်ကို လွတ်လပ်ပွင့်လင်းပြီး ခေတ်မီတဲ့ မြို့ကြီးဖြစ်နေပါပြီ။
တရုတ်ဆိုင်ကယ်စျေးကွက်နဲ့အတူ မူးယစ်ဆေးစျေးကွက်ရဲ့ အဓိကမြို့တစ်မြို့ ဖြစ်နေခဲ့ပါတယ်။

အေးအေးပွင့်ဟာ မူဆယ်မှာ အိမ်တစ်လုံးငှားနေပြီး ဆိုင်ကယ်အရောင်းအ၀ယ် ဆိုတဲ့ ခေါင်းစဉ်တပ်ထားပါတယ်။
တရုတ်ပြည် ကြယ်ဂေါင်ထဲက ဆိုင်ကယ်တွေကို မူဆယ်ထဲမှာ ပြန်၀ယ်ပြီး လားရှိုးနဲ့ မန္တလေးကို ပို့တဲ့အလုပ်လို့ ဟန်ပြထားပါတယ်။

တကယ်ကတော့ နံပါတ်ဖိုးတွေ သယ်တာပါ။
ဆိုင်ကယ်တွေထဲ ရသလို ထိုးထည့်ပြီး မှောင်ခိုလမ်းကြောင်းအတိုင်း ဆင်းပါတယ်။
ကျွန်မ ရောက်လာတဲ့အခါ အေးအေးပွင့်က လမ်းကြောင်းသစ်ကို ထွင်ဖို့ ကြံစည်နေချိန်ပါ။

မူဆယ်မှာ သူ့အထက်က သူဌေးမ ဆိုတာလည်း ရှိနေပါသေးတယ်။
သူဌေးမ က သူ့ကို လမ်းကြောင်းသစ်ချဖို့ လူရှာခိုင်းနေတာနဲ့ ကျွန်မ ရောက်လာတာ အတော်ဖြစ်သွားတယ် လို့ အေးအေးပွင့်က ပြောပါတယ်။

ပထမဆုံး အေးအေးပွင့်က ကျွန်မကို မူဆယ်ကနေ မန္တလေးကို ဓာတ်ဗူးတွေတင်ပြီး သွားပို့ပေးဖို့ ပြောပါတယ်။
ကုန်ကားရော လူစီးဖို့ပါ သူ အကုန်စီစဉ်ပေးမယ်။ ကျွန်မက မန္တလေးက ဒိုင်တစ်ခုဆီ ဓာတ်ဗူးတွေ သွားပို့ရုံပါပဲ။
လမ်းမှာ မှောင်ခိုကြေး၊ လမ်းကြောင်းကြေးတွေကို ရှင်းဖို့အတွက် သူလိုင်း၀င်ပြီးသား ရှိတယ်။ ပထမတခေါက် သူလိုက်မယ်။ ကျွန်မကို လမ်းကြောင်းပြပေးမယ်လို့ ဆိုပါတယ်။

ဒီလောက်ဆို သူဘာလုပ်တယ်ဆိုတာ ကျွန်မ ရိပ်မိပြီးသားပါ။
အေးပွင့်ဟာ မှောင်ခိုလမ်းကြောင်းမှာ မှောင်ခိုပစ္စည်း ခင်းပြပြီး..အထဲမှာ မူးယစ်ဆေးဝါးတွေ ထည့်သယ်ဖို့ ကြံစည်နေတာပါ။

ကျွန်မ နဲ့ အေးပွင့် ပထမအကြောင်းမှာ ဓာတ်ဗူးတွေနဲ့ ဆင်းလိုက်ကြပါတယ်။
ဓာတ်ဗူး ဆိုတာဟာ ပြသနာအရမ်းမကြီးတဲ့ မှောင်ခိုပစ္စည်းမို့ လမ်းက ဂိတ်တွေက ငွေနည်းနည်းနဲ့ပဲ လွှတ်ပေးလိုက်ပါတယ်။

နောက်ဆို ကုန်သည်အဖြစ် ကျွန်မက ဆင်းမှာဖြစ်ကြောင်းလည်း သူက မိတ်ဆက်ပေးပါသေးတယ်။
ဒုတိယအကြိမ်လည်း ဓာတ်ဗူးတွေပါပဲ။

ဓာတ်ဗူး အနည်းဆုံး ငါးခြင်း တင်ပါတယ်။ ဓာတ်ဗူးတစ်ခြင်းကို နှစ်ဆယ့်လေးဗူး ပါပါတယ်။ အဲ့ဒီ နှစ်ဆယ့်လေးဗူးထဲက တစ်ဗူးထဲမှာပဲ ဓာတ်သားနဲ့ ဓာတ်ဗူးကြား ကြားခံနယ်မှာ နံပါတ်ဖိုးကို အပြည့်ရိုက်သွားခဲ့တာပါ။
ဂိတ်တွေက မသင်္ကာလို့ ဓာတ်ဗူးနှစ်ဆယ့်လေးဗူးလုံးကို စစ်မယ်ဆိုရင်တောင် အချိန်အတော်ကြာမှာပါ။

တစ်ဗူးလောက်ပဲ ဟန်ပြ စစ်ကြတာချည်းပါပဲ။
ငါးခြင်းမှာ အောက်က နှစ်ခြင်းထဲက ဓာတ်ဗူး တစ်ဗူးစီမှာပဲ အပြည့်ရိုက်ထည့်သွားပြီး မန္တလေးပို့တဲ့အခါ ငွေက ငါးဆလောက်ကို မြတ်ပါတယ်။

ဆယ်သိန်းရင်းရင် သိန်းငါးဆယ်လောက် မြတ်နေတာပါ။
အဲ့ဒီအမြတ်ကို သူ့သူဌေးမက တစ်၀က်ယူပြီး ကျွန်မနဲ့ အေးပွင့်က တစ်ယောက်တစ်၀က် စားပါတယ်။

နောက်ပိုင်းတော့ ကျွန်မတို့ဟာ မန္တလေးထိ မဆင်းတော့ပဲ လားရှိုးအထိပဲ လမ်းကြောင်းတို ဆင်းပါတော့တယ်။
ဓာတ်ဗူးသာမကပဲ..တခြား တရုတ်လုပ်ပစ္စည်းတွေဖြစ်တဲ့ ခြင်ရိုက်တံတို့၊ ဖိနပ်တို့၊ ဆိုင်ကယ်အပိုပစ္စည်းတို့ထဲမှာပါ ထည့်ပြီး သယ်ခဲ့ကြပါတယ်။

နောက်ပိုင်း အသီးလို့ခေါ်တဲ့ WY ဆေးပြားတွေ ပေါ်လာတဲ့အခါမှာတော့ အေးပွင့်နှင့် ကျွန်မ သပ်သပ်စီ ခွဲလုပ်ဖို့ သူဌေးမက ညွှန်ကြားပါတယ်။

သူဌေးမဟာ တိုင်းရင်းသားလက်နက်ကိုင်တစ်ခုထဲက သြဇာရှိလူကြီးရဲ့ ဒုတိယဇနီးပါ။
သူ့ကြောင့်လည်း တချို့နေရာတွေမှာ ကျွန်မတို့ အဆင်ပြေပြေ ဖြတ်သန်းနိုင်ခဲ့တာပေါ့။

အေးပွင့်ဟာ အဖြူလိုင်းမှာ သီးသန့်ထိုင်ကျန်ခဲ့ပြီး ကျွန်မက အသီးလိုင်းထဲ စ၀င်ပါတယ်။
နှစ်နှစ်ကျော် ကာလအတွင်းမှာ ကျွန်မလက်ထဲ ငွေအတော်စုမိနေခဲ့ပါပြီ။

မူဆယ်မှာ ကိုယ်ပိုင်တိုက်ခန်းတစ်ခန်း ၀ယ်နိုင်လာတယ်။ ကားလေးတစ်စီးလည်း ၀ယ်စီးနိုင်ပါပြီ။
အများစုကတော့ ကျွန်မကို မှောင်ခိုကုန်သည်တစ်ယောက်အဖြစ်ပဲ သိထားကြတာပါ။

၁၀၅ မိုင်၊ ရေပူ၊ ၀က်ဝံ စတဲ့ စစ်ဆေးရေးဂိတ်က ၀န်ထမ်းတွေကလည်း ကုန်သည်မမီမီကျော်အနေနဲ့ပဲ သိထားကြပါတယ်။
ပစ္စည်းကားကို မဖြတ်မီ ကျွန်မရဲ့ ကိုယ်ပိုင်ကားလေးမောင်းပြီး ရှေ့ကနေ ငွေထုတ်ပိုက်ပြီး လမ်းကြောင်းရှင်းပါတယ်။

မူဆယ်ဟာ ကျွန်မရဲ့ မဟာနိဗ္ဗာန်ဘုံကြီးပါပဲ။
ငွေ ရှာရလွယ်သလို ဖြုန်းရလွယ်တဲ့ နေရာကြီး။ အပျိုကြီးသူဌေးမ နာမည်ခံထားတဲ့ ကျွန်မအနားမှာ ဌာနဆိုင်ရာက အရာရှိပေါက်စ ကြီးငယ်တွေ တန်းစီနေပါတော့တယ်။
ကျောက်မဲမှာ ခြံကွက်လေးတစ်ကွက်၀ယ်ပြီး ကျွန်မ အိမ်ဆောက်ထားလိုက်တယ်။

ကျွန်မ အရွယ်မလွန်ခင် အိမ်ထောင်လေးပြုမယ်။
ဒီအလုပ်တွေကို တစ်နေ့ စွန့်ခွာပြီး ဒီခြံလေးထဲ စုထားဆောင်းထားတာလေးတွေနဲ့ အေးအေးနေမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။

လမ်းကြောင်းတွေကြပ်နေတဲ့ ရာသီဆို ကျွန်မဟာ ကျောက်မဲနားက ခြံကွက်လေးမှာ အေးအေးလူလူ လာရောက်နေခဲ့ပါတယ်။
ရွာထဲက လူတွေကလည်း ကျွန်မကို မူဆယ်က သူဌေးမလေးဆိုပြီး ချစ်ကြခင်ကြပါရဲ့။

ရပ်ရေးရွာရေးအတွက်လည်း ကျွန်မက အမြဲလှူခဲ့တာကိုး။
ဒါပေမယ့် ရွာနဲ့ နီးစပ်လာတာနဲ့အမျှ ရွာလေးရဲ့ ဒုက္ခကို ကျွန်မ စိတ်မကောင်းစွာ သိလာရတယ်။
ရွာထဲက လူငယ်အားလုံးဟာ အသီးစွဲနေကြပါတယ်။ အသီးစွဲတယ်ဆိုတာ WY ရှူကြတာကို ပြောတာပါ။
ရူးကုန်ကြတဲ့အထိ ၊ အသက်သေကုန်တဲ့အထိကို ဆွဲကြတာပါ။

ဒီကလေးတွေကို တွေ့တိုင်း ငါသယ်ပို့နေတဲ့ ပစ္စည်းတွေပဲဆိုပြီး ကျွန်မ အမြဲတွေးမိတယ်။
စိတ်မကောင်း ဖြစ်မိတယ်။

နောင်တကြီးကြီး ရတယ်။
ဒီလုပ်ငန်းတွေကို ကျွန်မ စွန့်လွှတ်တော့မယ်လို့ ဆုံးဖြတ်လိ?

Crd – ခက်ဇော်