မှန်ချစ်သူ(စ/ဆုံး)
————-
ကျမ ပုန်းညက်ခင် မှန်ကလေးကို မှောက်ပြီး ခပ်လှမ်းလှမ်းရောက်အောင် တွန်းလိုက်မိပါတယ်။
ကျမ ပုန်းညက်ခင်ဟာ မှန် အလွန်ကြိုက်သူပါ။ မှန်ကြည့်လွန်းလို့ အမေက “အကျည်းတန် မှန်ကြိုက်မ”လို့ ခဏခဏ အရွဲ့ခံရပါတယ်။ အမေ ဘယ်လိုပြောပြော ကျမက ရုပ်ချောမှန်ချစ်သူမို့ စိတ်မဆိုးပေါင်။ မှန်ထဲက ကိုယ့်ရုပ်လေး မြင်လိုက်ရရင် ကျေနပ်နေတော့တာ။
“ညည်းငယ်ငယ်က မှန်လေးကို ပထဆုံးပြလိုက်တော့ မျက်လုံးလေးကို လက်သွားတာပဲ၊ မှန်ကို စမြင်ကတည်းက ကြိုက်တဲ့ကောင်မ”လို့လည်း ပြောခံဖူးတယ်။
အမေ အဲလိုပြောရင် တူ၊တူမ ကလေးပေါက်စတွေကို မှန်လေးပြပြီး စခဲ့ဖူးတဲ့ ကာလကို မြင်ယောင်မိသေးတော့။ ကလေးက မှန်ထဲက အရိပ်ကို သူ့အရိပ်မှန်း မသိသေး၊ မှန်နောက်ကို ကြည့်လိုက်တော့ ဘာမှမရှိလို့ အံ့ဩသွားတဲ့ အမူအရာက ချစ်စရာလို့ မြင်တယ်လေ။
“ငိုလို့ကတော့ မှန်လေးသာ ပေးလိုက် ငြိမ်သွားတာပဲ”တဲ့။
ကျမက ငါမှန်း မသိခင်၊ ငါဆိုတာကို နားမလည်ခင်ကတည်းက မှန်ကြိုက်ခဲ့တော့ ငါ့အရုပ်၊ ငါ့မုန့်၊ ငါ့ပုံရိပ်လို့ သိလာတဲ့ အခါကျ မှန်ထဲက ကိုယ့်မျက်နှာ ကိုယ်ကြည့် အမူအယာမျိုးစုံ လုပ်ခဲ့တာပေါ့။ မူလတန်း အလယ်တန်းရွယ် ကျောင်းသွားဖို့ သနပ်ခါးလိမ်းထားတဲ့ ကျမမျက်နှာ ဝိုင်းဝိုင်းဖွေးဖွေးလေးကို မှန်ထဲမှာ တစိမ့်စိမ့် ကြည့်ခဲ့တာ မှတ်မိနေတယ်။
အထက်တန်းနဲ့ တက္ကသိုလ်ရောက်တော့ ငါဆိုတာဟာ မျက်နှာလေးတင် မဟုတ်တော့ဘူး၊ မှန်ထဲမှာ တစ်ကိုယ်လုံး မြင်ချင်လာမိလို့ အမေ့ကို ပူစာ၊ သမီး အကြောသိတဲ့ အမေက အလိုလိုက် အကြိုက်ဆောင်ပြီး ကိုယ်လုံးပေါ်မှန်ပါတဲ့ အလှပြင်ခုံ ဝယ်ပေးတယ်။ နှစ်ဆယ် အစိတ်အရွယ်မှာ မှန်ရှေ့ရောက်ရင် မျက်နှာလေးတင် မဟုတ်တော့ဘဲ ကိုယ်လုံးလေးပါ ဘယ်ညာရှေ့နောက် လှည့်ပတ်ကြည့်နေတော့ အမေခေါ်တိုင်း ချက်ချင်းမဖြေနိုင် မလာနိုင်လို့ အမေ့အဆူ အခံရဆုံး ကာလပေါ့။
သုံးဆယ်၊ လေးဆယ်ရွယ် လုပ်ငန်းခွင်ဝင်တော့ ငါဆိုတာ မျက်နှာ ကိုယ်လုံးလေးတွင် မဟုတ်တော့ပြန်ဘူး။ ဝတ်စားဆင်ယင်မှု ဒီဇိုင်း ကာလာ ဘာညာ သရကာတွေပါ ငါထဲမှာ တသားတည်း ပါလာတော့ မှန်ကြည့်ရတာ ပိုကျေနပ်မိခဲ့တယ်။
ငါးဆယ်တန်း ရောက်စ မှန်ထဲက ပုံရိပ်မှာ ငွေရောင်မျှင်လေးတွေ သန်းလာတော့ ဆေးဆိုးပြီး ဖုံးရ ဖိရသေးတယ်။ ငါးဆယ်နှောင်းပိုင်း မျက်လုံးထောင့်စွန်းနဲ့ နဖူးမှာ အရေးအကြောင်းတွေ ထင်လာချိန်မှာတော့ ဆံဖြူကိုလည်း ဖုံးလို့ ဖိလို့ မနိုင်တော့ဘူး။ ဪ မှန်…မှန် တော်တော် မှန်အောင်ပြတာပဲ။
မှန်ကြိုက်မကို မှန်ကလေးက ရုပ်ကိုတင် အမှန်ပြတာ မဟုတ်ဘူး။ သတိလေးနဲ့ ကြည့်မိတဲ့အခါ အတွင်းစိတ်ပါ ဖောက်ပြီး မြင်ရတယ်။ ဆယ်ကျော်သက်တုန်းက သူနဲ့တွေ့ဖို့ မှန်ကြည့်ပြီး ပြင်ဆင်ချယ်သနေချိန်မှာ မြင်ရတဲ့ ကိုယ့်မျက်နှာကို အမေတို့မြင်ရင် ရိပ်မိမှာစိုးလို့ အခန်းအပြင်မထွက်ခင် မျက်နှာပိုး အတော်သပ်လိုက်ရတယ်။ ဝတ်ကောင်းစားလှ လက်ဝတ်ရတနာတွေ ဆင်ထားချိန်မှာတော့ ဘဝင်စိတ်ထိ မြင်နေရပြန်ကော။ အလုပ်ခွင်မှာ ဘဝင်မကျ ဒေါပွပြန်လာတဲ့အခါ အိမ်အဝင် “ဒါက ဘာဖြစ်လာပြန်ပြီလဲ”ဆိုတဲ့ အမေ့အမေးကို “ဘာမှ မဖြစ်ပါဘူး”လို့ ဖြေပြီး မှန်ကြည့်မိတဲ့ အခါတိုင်း ရင်ထဲက ဒေါသထိ မြင်အောင် မှန်ကလေးက ပြခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။
မနက်ပိုင်း နာယူရတဲ့ တရားတော်မှာ ငါစွဲဖြုတ်ဖို့၊ ငါမဖြုတ်တဲ့ ရုပ်ခန္ဓာကြီး ရှိနေသမျှ ဒုက္ခဆင်းရဲ ကင်းမှာမဟုတ်၊ ငါ့ကိုယ် ငါ့ခန္ဓာ ငါ့ဥစ္စာ ဘယ်ဟာမတည်မြဲ ဖောက်လွဲဖောက်ပြန်သဘောတွေ ဟောသွားတယ်။ ခန္ဓာနာမ်ရုပ် ချုပ်အောင်လုပ်မှ ဆင်းရဲငြိမ်းမှာဖြစ်ကြောင်း ဟောတရားတွေ အကြိမ်ကြိမ် နာဘူးတယ်။ အမှတ်မထင်ပဲ။
မနေ့က သွားကိုက်လို့ ရှေ့သွားတစ်ချောင်း နှုတ်လိုက်တယ်။ သွားမရှိတော့ သွားမကိုက်တော့ဘူးပေါ့။ သွားဖုံးကျန်တော့ သွားဖုန်းကျိန်း ကြုံရဦးမှာပဲ။ ကျန်တဲ့ အင်္ဂါ အစိပ်အပိုင်းတွေလည်း သူ့နည်းသူ့ဟန် ဖောက်ပြန် ဒုက္ခ ပေးကြဦးမှာပါလား။ သွားပေါက် ဟောင်းလောင်း အရေးအကြောင်းများနဲ့ မျက်နှာသွင်ကို မှန်ထဲမှာ တစ်ချက် ကြည့်လိုက်မိတယ်။
မှန်ကလေးကို နှစ်ခြောက်ဆယ်လောက် ကြည့်ပြီးမှ ဖြစ်ပျက်ဖောက်ပြန် သဘောမှန်ကို ရိပ်မိတဲ့ငါ… ဓမ္မကြေးမုံ ကြည့်ချိန်တန်ပါပေါ့။
ကျမ ပုန်းညက်ခင် မှန်ကလေးကို မှောက်ပြီး ခပ်လှမ်းလှမ်းရောက်အောင် တွန်းလိုက်မိပါတယ်။
မောင်မောင်မြင့်(မန္တလေး)
Monday, August 12, 2019