ကျမမငိုတော့ပါ(စ/ဆုံး)
———————
ဆရာဝန်က အခန်းထဲကထွက်လာပြီး ကျမကို ခေါင်းခါပြလိုက်တယ်။
ဟင်…ဘာလဲဆရာ…ဒါဆို…ဒါဆို..
ကျမ အခန်းထဲကို ဝင်လိုက်တယ်။
ကြီးမေနဲ့ မောင့်အကိုကြီးက
မြမေ ရေ..အေးထွန်းဆုံးသွားပြီ..
ဦးနှောက်သွေးကြောပြတ်သွားတာ..
ဟုတ်လို့လား..
ဒီကိုလာတုန်းကအသက်ရှိသေးတယ်လေ..
မဖြစ်နိုင်ပါဘူး..
နှိုးကြည့်ပါဦးအကိုကြီးရယ်..
အိပ်ပျော်နေတာဖြစ်မှာပါ..
မြမေ..မြမေ..သတိထားစမ်း..
ကြီးမေရဲ့အသံကနားထဲမှာမပီပြင်ဝိုးတဝါး။
ကျမ မယုံနိုင်ဘူး..
မဖြစ်နိုင်တာ..
မနက်ကရုံးကိုသွားတဲ့ထိအကောင်းကြီး..
ကားပေါ်တက်ကာနီးမှာတောင်
မှာတမ်းချွေလို့မဆုံး..
သွားပြီနော်ဆိုပြီး ..
လက်ကလေးတောင်ပြသွားသေးတာ …
အခုသေပြီတဲ့လား…
ဆေးရုံကနေ အိမ်အပြန်လမ်းမှာ
မယုံကြည်နိုင်ခြင်းများနဲ့။
လက်ခံလို့ကိုမရဘူးဖြစ်နေတယ်။
မောင်က ကျမကိုသိပ်ချစ်တာ။
ကျမချစ်တဲ့မောင် သေဆုံးသွားတယ်ဆိုတာ ကျမဘယ်လိုမှမယုံကြည်နိုင်ဘူး။
.
.
.
မောင်ကုမ္မဏီတစ်ခုမှာအလုပ်လုပ်တယ်။
မနက်မိုးလင်းလို့အိပ်ယာထရင်
မြလေး အိပ်နေဦးလေ..
အိပ်ယာကမထနဲ့ဦး..
အိပ်ရေးဝရဲ့လား..
အိပ်ယာထဲကနေဗြုန်းဆိုမထနဲ့..
ခဏထိုင်နေပြီးမှဖြည်းဖြည်းချင်းထ..
အိပ်ရေးမဝရင်ခေါင်းကိုက်မယ်..
ပါးစပ်ကလဲပြော။
လူကလဲ မီးဖိုခန်းဆီ သူရောက်သွားပြီ။
ရေနွေးအိုးတည်သံကြားတယ်။
ကျမ သောက်မယ့် ကော်ဖီပန်းကန်နဲ့ မုန့်ကိုစားပွဲပေါ်မှာအဆင်သင့် တင်ထားတယ်။
ကျမက ကော်ဖီပူပူလေးကိုကြိုက်တယ်။
ကျမက မျက်နှာသစ် သန့်စင်ခန်းဝင် အဝတ်အစားလဲပြီးအခန်းထဲကထွက်လာမှ
ကော်ဖီသောက်တော့မလားမြလေးဆိုပြီးပန်းကန်ထဲကို ကော်ဖီပူပူလေးထည့်ပေးတာပါ။
မုန့်ဆိုရင်လဲ ဒီမုန့်ကတော့အချိုများတယ်။
မြလေးမစားနဲ့။
မောင်စားလိုက်မယ်။
အချိုပေါ့တဲ့မုန့်ကိုစား။
မနက်ရှစ်နာရီထိုးရင်အလုပ်သွားရတယ်။
ဆယ်နာရီခွဲလောက်ကျရင်ဖုန်းလာတယ်။
မြလေးရေ..
ဟင်းတွေကိုအငံလျှော့နော်..
မြလေးနဲ့အငံမတည့်ဘူး..
ကျမ က
ဟုတ်ကဲ့ပါ…
ဟုတ်ကဲ့ပါ..
ဆယ့်နှစ်နာရီထိုးဖို့ဆယ်မိနစ်လောက်အလိုမှာတော့ ဖုန်းလာပြန်တယ်။
မြလေး..
ရေချိုးခါနီးရေတစ်ခွက်သောက်နော်..
ရေအေးချိုးနေလား..
ရေနွေးနွေးလေးစပ်ချိုးနော်..
မေ့နေမှာစိုးလို့…
ညနေအလုပ်ကအပြန်မှာ ခြံတံခါးကိုသူ့ဖာသာသူဆင်းဖွင့်တယ်။
သော့အပိုတစ်ချောင်းသူယူထားတယ်။
မြလေးဆင်းမလာနဲ့..
ချော်လဲမယ်…
ညနေထမင်းစားတော့လဲ
မြလေးရေ..
ငါးဟင်းမှာအရိုးပါတယ်ကြည့်စားနော်..
ထမင်းကိုညက်အောက်ဝါးစား…
ထမင်းကိုပျော့ပျော့လေးချက်..
ထမင်းမာရင်မြလေးအစာမကြေဖြစ်မှာစိုးလို့..
ထမင်းစားရင်စကားတွေအများကြီးမပြောနဲ့..
ရယ်စရာမောစရာတွေဆိုလဲထမင်းစားပြီးမှပြောကြမယ်…
သီးမှာစိုးလို့ပါ မြလေးရေ…
တို့များအရွယ်ကလေးဆယ်ကျော်လာပြီဆိုတော့ ထမင်းစားရင်သီးတတ်တယ်လေ…
ဒါကြောင့်ထမင်းကိုဖြည်းဖြည်းစားလို့ပြောတာ…
တခါတလေဝရန်တာမှာထွက်ထိုင်မိရင်။
ဒီနေ့နည်းနည်းအေးသလားလို့မြလေးရေ…
အနွေးထည်အပါးလေးဝတ်ထားလေ…
လေတိုက်ထဲမှာမနေနဲ့…
လေစိမ်းတွေတိုက်ရင်ဖျားမယ်..
ညဖက်အိပ်ယာဝင်တော့လဲ။
လိမ်းဆေးအပူတွေကဘယ်နားမှာတုန်း…
ယူလာခဲ့..
မောင်လိမ်းပေးမယ်..
ခြေထောက်ကိုဆေးပူနွေးနွေးလေးလိမ်းအိပ်တော့အိပ်ပျော်တာပေါ့မြလေးရယ်…
သူအိမ်မှာရှိတဲ့အချိန် ရေအိမ်ဝင်တာမြင်လိုက်တာနဲ့ အပြင်ကစောင့်နေတတ်သူ။
ဖြည်းဖြည်းဆင်းနော်မြလေး..
ချော်လဲမှာစိုးလို့..
ဆိုပြီးကျမကိုမပွေ့ချီယုံတမယ် ပါ။
ရုံးပိတ်ရင်စျေးသွားတာသူ။
ဝယ်ချင်တာစာရင်းရေးထား..
စျေးမှာလူတွေကတအားများတာ..
ဟိုကတိုး..
ဒီကတိုးနဲ့မြလေးချော်လဲမှာစိုးလို့…တဲ့။
စျေးကပြန်လာရင်လဲသူဝယ်လာတဲ့စျေးစာရင်းကိုသေချာတွက်ချက်ပြီး ။
ငွေတစ်ရာလိုနေလို့
နေပါဦး..
ဘယ်နေရာမှားနေလဲ…
ဆိုပြီးသုံးခါလောက်ပြန်တွက်ချက်သူ။
ဒီနေ့ရုံးဆင်းတာနောက်ကျပါလား…
ဘယ်တွေသွားနေလို့လဲ….
လို့ကျမကမေးတော့။
ဖုန်းဆက်မလို့ပဲမြလေးရေ….
ဘက္ထရီကုန်သွားလို့…
မြလေးအတွက်တင်းတိတ်ပျောက်ဆေးဝင်ဝယ်နေတာ…
ဝယ်နေကျဆိုင်မှာကုန်နေလို့..
တခြားမှာရှာနေတာနဲ့ကြာနေတာ..
တလက်စထဲဒိန်ချဥ်ဝယ်လာခဲ့တယ်မြလေးရေ..
ဝမ်းမှန်အောင်လို့..ညအိပ်ခါနီးသောက်နော်..
မြလေးရေ..
ဒီမှာလခ…
ဒီလမောင့်ကိုတစ်ပြားမှမပေးနဲ့နော်..
မောင်မယူဘူး..
ဟိုလကလက်ကျန်ငွေမောင့်မှာကျန်သေးတယ်..
အဝတ်လျှော်စက်ထဲကအဝတ်တွေ မောင်လှန်းပေးမယ်မြလေးရေ..
ခြေထောက်ကိုအားပြုပြီးအကြာကြီးရပ်နေရင်ခြေထောက်သွေးကျတယ်..
ဒီနေ့ချက်မယ့်ဟင်းထဲမှာငါးဖယ်ခြစ်ပါတယ်..
ငြုပ်သီးတွေပါထားလိုက်..
မောင်ထောင်းလိုက်မယ်..
ငါးဖယ်ခြစ်ကအကြာကြီးထောင်းရတာ..
မြလေး လက်တွေနာလာမယ်..
အခန့်မသင့်ရင်လက်ပြင်ကြောငုတ်တတ်တယ်..
ခေါင်းတွေပါကိုက်လာလိမ့်မယ်….
အဲဒီလို အဲဒီလို။
.
.
.
ကျမတို့အိမ်မှာအိမ်ဖော်မထားပါ။
သားသမီးကလဲမရှိတော့အိမ်အလုပ်ဆိုတာကလဲမည်မည်ရရမရှိပါ။
လွန်ခဲ့တဲ့ခြောက်နှစ်လောက်တုန်းကတော့အိမ်ဖော်တစ်ယောက်ခေါ်ထားဖူးတယ်။
ဆယ့်ခြောက်နှစ်လောက်ရှိပြီ။
တောဘက်ကပါ။
ညနေဆိုကျမတို့ထမင်းစားမပြီးသေးဘူး။
သူကတီဗွီရှေ့ရောက်နေပြီ။
ကိုရီးယားကားသိပ်ကြိုက်တာ။
ကောင်မလေးကအရွယ်လေးဆိုတော့အပြင်တွေဘာတွေမခိုင်းဖြစ်ဖူး။
တော်ကြာကောင်လေးတွေနဲ့စိတ်ဝင်စားလာရင်မခက်ပါလား။
အိမ်ဖော်ဆိုပေမယ့်ကိုယ့်မှာတာဝန်ရှိတယ်လေ။
ကောင်မလေးကရောက်ခါစကပိန်ပိန်မဲမဲလေး။
အိမ်ရောက်လာပြီးခြောက်လလောက်ကြာတော့ရုပ်ကလေးကပြောင်းလာတယ်။
တသွေးတမွေးနဲ့ဖြူဖြူချောချောလေးဖြစ်လာတယ်။
ကျမတို့အိမ်မှာလဲ သူမနဲ့အဆင်ပြေပြေဖြစ်နေခဲ့တယ်။
သုံးနှစ်လောက်နေတော့ ရွာကသူ့အမေနေထိုင်မကောင်းလို့ဆိုပြီးပြန်သွားလေရဲ့။
ဒီနေ့ထိပြန်မလာခဲ့တော့ဘူး။
.
.
.
ခြံဝကနေအိမ်ထဲအထိ မောင့်အရိပ်တွေကိုပဲ ကျမတွေ့နေတယ်။
ဘိနပ်စင်ပေါ်မှာ အိမ်နေရင်းစီးတဲ့မောင့်ဘိနပ်လေးကိုတွေ့တော့လဲငိုမိတယ်။
ဧည့်ခန်းမှာချိတ်ထားတဲ့ ဓာတ်ပုံထဲကနေ မောင်က မြလေးကိုပြုံးပြီးကြည့်နေတယ်။
မြလေးအသဲနှလုံးတွေကွဲကြေနေပြီ မောင်။
တို့နှစ်ယောက် အသက်ရှစ်ဆယ်လောက်ထိအတူတူနေကြရအောင်
ကျန်းမာရေးကိုဂရုစိုက်နော်မြလေး.. တဲ့။
အလုပ်ကပြန်လာတိုင်း ဘုရားမှာလှုဖို့စပါယ်ပန်းတွေ။
မြလေး ခေါင်းမှာပန်ဖို့စပါယ်ပန်းတွေ အမြဲဝယ်လာပေးတဲ့မောင်။
ခုတော့..ခုတော့..
မြလေးရဲ့ မောင် ဘယ်မှာလဲ။
ဒေါ်ကြီးက
မြမေရယ်..
ထမင်းဖြစ်ဖြစ်နည်းနည်းလောက်စားပါလား..
တနေ့လုံးငိုရလွန်းလို့ လူကလဲယိုင်နဲ့နဲ့ဖြစ်နေပါပြီ..
မြလေးရင်ထဲမှာ ဘာတစ်ခုမှမရှိတော့သလိုခံစားနေရပါတယ်ဒေါ်ကြီးရယ်..
မောင့်ကိုပဲပြန်ခေါ်ပေးပါ..
ငိုပြန်ပြီမြမေရယ်..
သတိလေးများကပ်စမ်းပါဦး..
သေတဲ့လူကသေပြီလေ..
ဒါကိုလက်ခံနိုင်ရမယ်..
ငိုတဲ့အငိုဆိုတာလဲရပ်ကိုမရပ်ဖူးပဲ….
ငိုရင်းနဲ့ပဲ အခန်းထဲဝင်လာခဲ့တယ်.။
အိပ်ခန်းထဲဝင်လာခဲ့တဲ့ကျမခြေလှမ်းအစုံဟာ ရပ်တန့်လို့နေပါတယ်။
မနက်အလုပ်မသွားခင်က မောင်ဝတ်ခဲ့တဲ့အဝတ်အစားတွေ။
မောင့်မျက်နှာသုတ်ပုဝါ အပြာရောင်လေးက သူ့နေရာမှာ ချိတ်ကလေးနဲ့ချိတ်လို့။
မောင့်ရဲ့ကိုယ်သင်းရနံ့လေးတွေက နေရာအနှံ့မှာ မွှေးပျံ့နေဆဲပါ။
ငိုရလွန်းလို့ ခေါင်းကိုက်တယ်ဆိုတာတောင် ဘာမှန်းမသိတော့တဲ့အခြေအနေ ဖြစ်ခဲ့ရတယ်။
နယ်က မောင့်မိဘတွေကိုအကြောင်းကြားရပါတယ်။
နယ်ဝေးကအမျိုးတွေပါမောင့်အသုဘကိုရှု့နိုင်ဖို့ငါးရက်ထားမယ်လို့ မောင့်အကိုကြီးကဆုံးဖြတ်ပါတယ်။
အိမ်မှာလဲဧည့်သည် တစ်ယောက်လာ တစ်ခါငိုနဲ့မျက်ရည်ပင်လယ်ကြီးနဲ့ ကျမပေါ့။
ဒီရက်တွေမှာ အစားကောင်းကောင်းလဲမစားနိုင်တော့ပါဘူး။
လူကလဲအားမရှိပဲနုံးချိလို့နေပါတယ်။
သတင်းလာမေးတဲ့လူတွေကိုတွေ့ပြန်တော့လဲ မငိုဘူးလို့အားတင်းနေတဲ့ကြားက မျက်ရည်တွေကျလာပြန်တယ်။
ဝမ်းနည်းတဲ့စိတ်ဟာဘာနဲ့မှမတူပါဘူး။
မောင့်မျက်နှာလေးကို မြင်ယောင်မိပြန်ရင်လဲ ငိုမိတယ်။
မောင့်အသံလေးကိုကြားယောင်
မိရင်လဲမျက်ရည်တွေက တာကျိုးသလိုတားမနိုင်ဆီးမရဖြစ်ပြန်တယ်။
.
.
.
ဒီနေ့တော့ မောင့်ကိုသင်္ဂြိုလ်မဲ့နေ့ပါ။
မနက်စောစောထဲက ရေဝေးကိုကျမတို့ မိသားစုတွေ ရောက်နေတယ်။
ခန်းမထဲမှာတော့မောင့်အလောင်းကိုလှလှပပလေးပြင်ဆင်ထားတယ်။
မောင့်ကိုသေချာကြည့်နေမိတယ်။
အိပ်နေသလိုပါပဲလား မောင်ရယ်။
မြလေးရဲ့မောင်။
ငယ်ချစ်ဦးမောင်။
ဘဝတစ်လျှောက်လုံးမြလေးအပေါ်မှာအနှိုင်းမဲ့ချစ်နိုင်သူကြီး။
မြလေးကိုအရိပ်တကြည့်ကြည့်နဲ့နေလာခဲ့သူ။
မြလေးဘာလုပ်မလို့လဲ။
ဘာလိုချင်လို့လဲ။
မောင် လုပ်ပေးမယ်။
မြလေးအတွက်ဆိုရင် မောင့်အသက်ကိုပေးရဲတယ်ဆိုတဲ့မောင်။
ခုတော့ကျမ ရင်တွေကွဲကုန်ပါပြီ။
ကျမ ငိုနေရင်းသတိလစ်မတတ်ဖြစ်နေပါပြီ။
မောင့် မိဘဆွေမျိုးအသိုင်းအဝန်းတွေကလဲ ကျမတို့နှစ်ယောက်ရဲ့ချစ်ခြင်းကို သိနေကြတဲ့ သူတွေဆိုတော့ သူတို့လဲဝမ်းနည်းမဆုံးဖြစ်နေကြတယ်။
မောင့်ကိုသင်္ဂြိုလ်ပြီးလို့ကိစ္စတွေပြီးမှ ကျမတို့ ပြန်လာခဲ့ကြတယ်။
မောင် တကယ်မရှိတော့ဘူး။
မောင် ဒီလောကကြီးထဲကနေပျောက်ကွယ်သွားခဲ့ပြီ။
ကျမ ငိုနေဆဲပါ။
မောင့်အရိပ်တွေက အိပ်ခန်းထဲမှာ။
ကော်ဖီစားပွဲမှာ။
အိမ်ရှေ့ကဝရန်တာလေးမှာ။
ကျမ အနားမှာမောင် ရှိနေတယ်။
ဒေါ်ကြီးကတော့ပြောပါတယ်။
မြလေးရေ..
ရင်ကွဲနာကျရင်သေတတ်တယ်နော်..တဲ့။
ဟုတ်ပါတယ်ဒေါ်ကြီးရယ်။
မြလေး..မောင့်ကိုလွမ်းလွန်းလို့
ရင်ကွဲနာကျပြီးသေမယ်ဆိုလဲသေပါစေတော့။
.
.
.
ဒီလိုနဲ့ရက်လည်ဆွမ်းကပ်ပြီးတဲ့နောက်နေ့မှာတော့ ခြံရှေ့ကိုတက္ကစီကားလေးတစ်စီးရပ်လာတာတွေ့တယ်။
ကားပေါ်ကနေဆင်းပြီး
မိန်းခလေးတစ်ယောက်ခြံထဲကိုဝင်လာတယ်။
ခလေးနှစ်ယောက်ကိုလက်တွဲလို့ပါ။
ကျမသူ့ကိုသေချာကြည့်လိုက်တယ်။
ဘယ်နေရာမှာမြင်ဖူးနေတာလဲ။
ဒီမျက်နှာလေးကိုရင်းနှီးနေပါတယ်။
နင် အိခင် မဟုတ်လား…
ကြည့်စမ်း…
နင့်ဦးလေးဆုံးတာဘယ်ကသိလာတာလဲ..
လာ..လာ..
ခလေးတွေကိုအိမ်ပေါ်ခေါ် …
ဆိုပြီးခရီးဦးကြိုပြုလိုက်ပါတယ်။
အိခင်..
အိမ်ထောင်တွေဘာတွေကျနေပြီပေါ့..
ငါတို့ကိုဘာလို့အဆက်အသွယ်မလုပ်တာလဲဟယ်..
ငါတို့ကသတိရနေတာပါ..
ကျမလဲခရားရေလွှတ်ပြောနေမိတယ်။
အိခင်ကဘာမှမပြောပဲသည်းသည်းထန်ထန်ငိုချလိုက်ပါတယ်။
ဟင်..ခလေးနှစ်ယောက်ကချောချောသန့်သန့်လေးတွေပါလား။
အိခင်ကရွက်ကြမ်းရည်ကျိုပါ။
သူတို့လေးတွေအဖေကချောတယ်နဲ့တူပါရဲ့။
ခဏအကြာမှာတော့အိခင်က
ကုလားထိုင်ပေါ်ကနေအောက်ကိုဆင်းထိုင်တယ်။
ကျမကို လက်အုပ်ကလေးချီပြီးသူကပြောတယ်။
မမမြရယ်..
ကျမဘယ်ကစပြီးပြောပြရမလဲမသိတော့ပါဘူး…
ဝမ်းနည်းလွန်းလို့ပါ..
ဦးကလဲမရှိတော့ဘူးဆိုတော့ကျမအဖြစ်မှန်ကိုလာဖွင့်ပြောတာပါ..
ဒီခလေးနှစ်ယောက်ကဦးနဲ့ကျမရတဲ့ခလေးတွေပါ…
ကျမ မမမြတို့အိမ်မှာနေကတည်းကဦးနဲ့ငြိစွန်းခဲ့တာပါ…
ကျမကိုဦးကအပြင်မှာတိုက်ခန်းဝယ်ပေးထားပါတယ်..
ကျမကိုခွင့်လွှတ်ပါ မမမြရယ်..
ခလေးတွေကိုလဲသူတို့အဖေကိုနောက်ဆုံးကန်တော့စေချင်လို့
ဟိုနေ့ကရေဝေးကိုရောက်ခဲ့ပါတယ်..
အလို…ဘုရားရေ..
သူပြောနေတဲ့စကားတွေကကျမနားနဲ့ဆတ်ဆတ်ကြားနေရပေမယ့် အိမ်မက်သာဖြစ်လိုက်ပါတော့လား။
ရေဝေးကိုသူတို့ရောက်လာခဲ့ကြသေးတယ်တဲ့။
လူတွေကအရမ်းများနေလို့ကျမအဲဒီနေ့ကမတွေ့တာ။
သတိမထားမိတာဖြစ်မှာပါ။
ခလေးတွေရဲ့မျက်နှာလေးတွေကိုကျမသေချာကြည့်လိုက်တဲ့အခါမှာတော့မောင်နဲ့အတော်တူနေတာတွေ့လိုက်ရတယ်။
အိခင်က ဓာတ်ပုံတချို့ကိုပြတယ်။
သားလေးမွေးတုန်းကသူတို့မိသားစုသုံးယောက်ပုံ။
သမီးလေးနဲ့အတူမိသားစုပုံ။
ဓာတ်ပုံထဲမှာ
ရယ်မောနေတဲ့မောင်ကအသက်ပါလိုက်တာ။
ကျမ၏ချစ်လှစွာသောမောင်ကပျော်ရွှင်နေလိုက်တာများ။
ဒါဆို…နှစ်ရှည်လများ ကျမအလိမ်ခံနေရတာပါလား။
တော်လိုက်တာ။
ပိပိရိရိနဲ့လိမ်တတ်လိုက်တာ။
ဘဝတစ်လျောက်လုံးမောင့်အပေါ်မှာကျမ သံသယ အနည်းငယ်မျှမရှိခဲ့ပါ။
ကျမ သူ့အပေါ်မှာရိုးသားစွာချစ်ခဲ့ပါတယ်။
သူကလဲကျမအပေါ်မှာထိုနည်းတူစွာပဲလို့ ထင်မှတ်ခဲ့တာပါ။
ခုတော့…မယုံကြည်နိုင်အောင်ပဲဖြစ်ခဲ့ရတယ်။
အတော်နုံအတဲ့ကျမ။
တုံးလွန်းတဲ့ကျမ။
ယောင်္ကျားမာယာကို မသိပဲအလိမ်ခံနေတဲ့ကျမ။
လွမ်းဆွတ်လွန်းလို့
ဒီနေ့မနက်ထိ ငိုကြွေးနေခဲ့တဲ့ကျမ။
ဟုတ်ကဲ့..
ကျမ မျက်ဝန်းထဲမှာ
မျက်ရည်တွေခမ်းခြောက်သွား
ခဲ့ပါပြီ။
ဒီနေ့ဒီရက်ကစပြီး
ကျမ မငိုတော့ပါ။
နောင်လဲဘယ်တော့မှ
မငိုတော့ပါ။
ကျမ မငိုတော့ပါ။
.
.
.
#ခင်လှမြတ်ခိုင်
#copyကူးယူခြင်းသီးခံပါ
#လွတ်လပ်စွာshareနိုင်သည်