August 29, 2025

ပြောဖွယ်ရာ မရှိပါတကား

ပြောဖွယ်ရာ မရှိပါတကား(စ/ဆုံး)

———————————-

“မထွေးစိန်…ရှင်.ကျမသမီးကိုပြောတယ်ဆို၊ နင့်အမေကမသင်ပြထားဘူးလား..ဒီလောက်ကလေးတောင်မတတ်ထားဘူးလား..ဆို…ဒီမှာတော့် မထွေးစိန် ကျမတို့ကလေ..သားသမီးကိုမွေးထဲကသင်ထားပြီးသား..ဘယ်လိုနေဘယ်လိုစားဘယ်လိုလုပ်တတ်အောင်သင်ထားဆိုပြီးအကုန်လုံးအောက်ခြေကအစလူတောတိုးတတ်အောင်သင်ပြပေးပြီးသား..ရှင့်သားကသာ..လူလိုနားမလည်လို့..အကြီးတွေအတွက်မှန်းမသိ၊မိဘတွေအတွက်မှန်းမသိ..ဦးဦးဖျားဖျားအရင်မီးဖိုထဲဝင်လှန်လှောပြီးမရှိရှိတာနှိုက်မြည်းစားသွားတာ..ကျမဘာတစ်ခွန်းပြောဖူးလဲ..ဘာတစ်ခွန်းဆိုဖူးလဲ..မယုံရင်ရှင့်သားရှင်ပြန်မေးကြည့်…”

“လာစမ်းပါအမေရယ်…တော်ပါတော့..မအော်ပါနဲတော့ရှက်စရာကြီးနော်..လူတွေဝိုင်းကြည့်ကုန်ကြပြီ”

“ဟေ့..မြင့်မြင့်ဝင်း….ငါက နင့်သမီးကိုအားမရလို့..နင့်အမေကသင်ပြမထားဘူးလားပဲမေးတာ..ဒီ့ထက်ပိုပြီးလည်းနှုတ်မလွန်မိဘူး..ငါ့အိမ်မှာ ငါကျွေးတဲ့ထမင်းကိုနင့်သမီးစားပြီးငါ့ကိုပြန်ကိုက်တယ်ပေါ့လေ…နင့်သမီးငါ့သားနဲ့ညားပြီးထဲက၊ တစ်နေ့တစ်နေ့..အိမ်အလုပ်ဆိုဘာတစ်ခုလုပ်ခိုင်းလဲ…ခေါ်တာတောင်ငါကသမီးရေပဲခေါ်တာနော်…ချွေးမဆိုပေမယ့်သမီးလိုပဲဆက်ဆံတာ..တစ်နေကုန်ဘာအလုပ်မှဝိုင်းမလုပ်ပဲအိမ်ရှေ့မှာကလေးတွေတရုံးရုံးနဲ့ဆော့နေတာ၊လင်အလုပ်ကပြန်လာလို့လည်းပြေးကြိုရမှန်းမသိ၊ထမင်းခူးခပ်ကျွေးရမှန်းမသိ၊ လင်အဝတ်တောင်လျှော်ပေးရမှန်းမသိသူ့အဝတ်တောင်သူမလျှော်လို့ သူတို့အခန်းထဲမှာသူတို့အဝတ်တွေချဥ်စော်နံနေပြီ..အဲ့ဒါငါ့ဘက်ကဒီလောက်လေးပြောတာလွန်သလား”

နှစ်ဖက်အပြန်အလှန် ပြောဆိုဆူညံသံများက တစ်စတစ်စကျယ်လာသည်။ အစမှာအကျိုးသင့်အကြောင်းသင့်သူ့ဘက်ကိုယ့်ဘက်သားသမီးတွေမကောင်း​ကြောင်းချည်းတွေထပ်ကာပြောဆိုအော်ဟစ်ကြပြီး..တဖြေးဖြေး..အဆဲအဆိုတွေပါလာသည်။ ေနာက်တော့.နှစ်ဖက်အမေနှစ်ယောက်လမ်းမပေါ်ဆံပင်ဆွဲပါးရိုက်ကာမြေကြီးပေါ်လူးလှိမ့်ပြီးရိုက်နှက်ကြကုန်၏။

ညားကာစ သုံးလပင်မပြည့်သေးသော ၁၉/၂၀အရွယ်လင်မယားငယ်ငယ်လေးနှစ်ယောက်သည် သူ့ဘက်အမေ ကိုယ့်ဘက်အမေ ဝင်ဖြန်ရင်း လမ်းမတစ်ဖက်ပဲခြားသော အမေတွေအိမ်ဆီ ပြန်လိုက်ပို့ကြရလေသည်။

“လင်းလင်း..ညည်းလင်ကိုညည်းကွဲမလား၊ငါတို့နဲ့အပြီးခွဲနေမလား…ညည်းတစ်ခါထဲ ပြတ်ပြတ်သားသားပြော၊ခုထဲကယောက္ခမနိုင်တာမျိုးငါမလိုချင်ဘူးနော်၊ ငါ့သမီးကိုငါတောင်မပြောရက်မဆိုရက်ပိုးမွေးသလိုမွေးထားရတာဒင်းကမိမဆုံးမဘူးလားဖမဆုံးမဘူးလားလို့ပြောရက်တယ်..သိမယ်မြင့်မြင့်ဝင်းတို့အကြောင်း..ငါ့သမီးငါအပျိုပြန်လုပ်ခိုင်းပြီးဒင်းတို့သားထက်အဆတရာသာတဲ့လင်နဲ့ထပ်ပေးစားမယ်”

“အဆတရာသာတဲ့လင်နဲ့ထပ်ပေးစားလည်းအမေ့သမီးကိုဘယ်သူမှယူမှာမဟုတ်ဘူးဒီလောက်သောက်ပျင်းကြီးညစ်ပတ်တဲ့အမေ့သမီးကိုပိုးမွေးသလိုမွေးတယ်အမေ မပြောစမ်းပါနဲ့ သူလင်မရခင်တုန်းကရော အမေနဲ့တည့်လို့လား..ဘာအလုပ်မှလက်ကြောမတင်းလို့အမေပဲခဏခဏနှင်ချနေပြီးတော့ ”

မိခင်ရန်ဖြစ်သတ်ပုတ်နေသည့်တိုင်.ဖုန်းဂိမ်းဆော့မပျက်သောလင်းလင်းအောက်ကမောင်ငယ်ထွန်းထွန်းသည်မိခင်ကိုဖုန်းဆက်ဆော့ရင်းကလှမ်းပြောသည်။ ရန်ဖြစ်သတ်ပုတ်ထားရ၍မောနေသောမမြင့်မြင့်ဝင်းသည် သားငယ်ထွန်းထွန်းစကားကြောင့်မောနေရာကဝုန်းခနဲထ၍ထွန်းထွန်းခေါင်းအားဒေါင်ခနဲနေအောင်ခေါက်ချလိုက်သည်။ အငိုက်မိသွားသောထွန်းထွန်းသည်ရှောင်ချိန်မရလိုက်ရ၍ နာသွားသောခေါင်းအားလက်မအားသဖြင့်မပွတ်အား နှုတ်ကသာ တစ်အားအားအော်ရင်းဆက်ဆော့နေသည်။

တစ်ဖက်အိမ်မှာလည်း မထွေးစိန်သည် သူ့သားထူးခန့်ကိုဆူဆဲနေ၏။ ထူးခန့်မှာ မအေကိုရန်ဖြစ်ရာမှသွားဆွဲခေါ်လာပြီး ရေစည်မှာရေဆက်ချိုးနေသည်။ နဂိုအနေအေးသောထူးခန့်မှာ မိခင်နှစ်ယောက်ခမည်းခမက်ခြင်းစကားများကြသည်ကိုစိတ်ထဲရှိပုံမရ။ရေမိုးချိုးနေရာကနေ မိခင်ဆူဆဲသမျှ မကြားချင်ဟန်ဆောင်သည်။

“ထူးခန့်..နင့်မှာ မယားရှားလား..ငယ်ငယ်ထဲကမတည့်လာတဲ့သူကိုကြီးလာတော့လင်မယားဖြစ်အောင်ခိုးပြေးပြီးပေါင်းကြတယ်..ညားပြီးပြန်တော့လည်းဘယ်နှစ်ခါတည့်တယ်ရှိလဲ..ပေးထားတဲ့အခန်းထဲအလကားနေဒူးဒူး ဒူးဒူးနဲ့မကြားနိုးနားရန်ဖြစ်စကားများနေကြတာ..နားမစွင့်ချင်လည်းအတိုင်းသားကြားနေရတယ်…ညားပြ​ီးတော့လည်း..နင်တစ်ယောက်ပဲအလုပ်ပြန်ဆင်းတယ်..နင့်မယားကနင့်လုပ်စာကိုထိုင်စားရုံမကဘူးငါချက်ကျွေးတာပါအခန့်သားထိုင်စားနေတာ..ကြာလာရင်ငါသီးမခံနိုင်ဘူးနော်ထူးခန့်..ဆုံးမလို့လည်းဆုံးမမှန်းမသိဘူးပြန်ပြန်ပြီးသူ့အမေကိုတိုင်တယ်။..နင်ကလည်းငါ့အိမ်မှာအကြိုက်စားလို့ရနေတဲ့ကြားကယောက္ခမအိမ်သွားသွားနှိုက်မြည်းတယ်ဆို၊အခုမသထာတာတွေပေါ်လာပြီတွေ့လား”

ဗျစ်တောက်ဗျစ်တောက်မကျေမချမ်း အပြန်အလှန်ကိုယ်စီကိုယ်စီဆက်ပြောကြရင်း နာရီဝက်တစ်နာရီခန့်ကြာသောအခါမောသွားကြပြီး…နှစ်ဖက်သောအိမ်တွေမှ နှစ်ဖက်သောအမေတွေသည်တိတ်သွားကြလေပြီ။ သူတို့လုပ်စရာရှိသောအလုပ်များကိုယ်စီလုပ်လျှက်..ည၁၀နါရီခန့်အကြာ

လင်းလင်းသည်။ ယောက္ခမအိမ်ဘက်ရှိရာ လည်တစ်ဆန့်ဆန့်မျှော်ကြည့်ရှာသည်။ထူးခန့် ဘာလို့လာမခေါ်သေးပါလိမ့်။ အမေမြင့်မြင့်ဝင်းကမျက်စောင်းလှမ်းလှမ်းခဲကာ..ပြန်ရဲ ပြန်ကြည့်ငါနဲ့တွေ့မယ်ဆိုသောအကြည့် မျိုးနှင့်။အဖေဖြစ်သူဦးကျော်က..သူ့သမီးလည်တစ်ဆန့်ဆန့်ဖြစ်နေတာကိုတီဗွီကြည့်နေရာကနေ အဟမ်း အဟမ်းတစ်ချက် တစ်ချက်ထလုပ်လေသည်။

မထွေးစိန်အိမ်က တံခါးပိတ်ပါလေပြီ။ လင်းလင်းသည်မျက်ရည်ဝဲလာရာမှ ပေါက်ပေါက်ကျလာသည်။

အပျက်အပျက်နှင့်နှာခေါင်းသွေးထွက်ရတော့မည်လား။သူမအမှားတွေ သူမ မတွေးပဲနှင့်ခေါင်းထဲတန်းစီပေါ်လာသည်။ ဟုတ်သားပဲ..ငါကလည်းငါပဲ၊ အန်တီထွေးစိန်က ငါ့ကိုတော်ရုံဆိုမပြောရှာပါဘူးငါကိုယ်ကမသိတတ်တာ၊တစ်ကယ်ဆိုအမေ့ကိုငါပြန်မပြောသင့်ဘူး..အမေကလည်းလေ..ငါပြန်ပြောပြတော့ရောအန်တီထွေးစိန်ကိုသွားရန်တွေ့စရာလား..အမေကိုယ်ကမဟုတ်တာ..ကိုယ့်သမီးလွန်တာလည်းမသိတာမဟုတ်..အဟင့်..ဟင့်..ထူးခန့်ကလည်းသူ့အမေစကားကိုနားယောင်သွားပြီထင်ပါရဲ့..ငါ့ကိုလာမခေါ်တော့ဘူး”

“လင်းလင်း..တံခါးမပိတ်သေးဘူးလား..အခုတံခါးထပိတ်စမ်း..လင်းလင်းမပိတ်ရင်ထွန်းထွန်းထပိတ်စမ်း”

“ဟာ..အမေကလည်းသူ့ယောကျ်ားလာခေါ်မှာပေါ့..ဒီမှာဂိမ်းကရှုံးရတဲ့အထဲ”

“ဟဲ့ မသာ..သူ့လင်လာခေါ်လည်းငါကပြန်ထည့်ပေးစရာလား…ပြန်မထည့်ပေးနိုင်ပါဘူးငါတို့သမီးကလည်းငါတို့အိမ်မှာအဖိုးတန်တာပဲ..ဟွန်း..လာခေါ်ရဲ..ခေါ်ကြည့်စမ်း”

“အဟင့်..အမေကလည်း…သမီးသူလာမခေါ်လည်း..မနက်ကိုပြန်မှာ…သမီးလည်းလိမ္မာတော့မယ်..အန်တီထွေးစိန်ပြောလည်းပြောချင်စရာသမီးလည်းအမေ့အိမ်မှာလိုပျင်းပြီးနေချင်သလိုနေမိတာကို”

“ဘာဖြစ််တယ်….”

မြင့်မြင့်ဝင်းသည်အစမှာဒေါသထွက်သွားပြီးလင်းလင်းအားပြေးရိုက်ဖို့ပြင်လိုက်သေး၏။နောက်တော့လည်းသူ့သမီးစကားမှန်နေတာကိုသိသဖြင့်ဒေါသကိုဖြေလျော့ရသည်။ ငါကိုယ်က မှားတာ ထွေးစိန်ကအဲ့လောက်အဆိုးကြီးလည်းမဟုတ်ဟု အတွေးဝင်သွားပြန်သည်။ ထိုစဥ်

ကုပ်ချောင်း ကုပ်ချောင်းဖြင့်..ထူးခန့်တစ်ယောက်မဝံ့မရဲအိမ်ပေါ်တက်လာသည်။ လင်းလင်းသည် ဟေးခနဲအော်ကာထူးခန့်လက်မောင်းပြေးဆုပ်ကိုင်ကာပျော်သွားလေသည်။

“အမေက ပြန်လာခဲ့တဲ့…ဟင်းတွေအေးစက်နေပြီ..ထမင်းအမြန်ပြန်လာစားတဲ့”

လင်းလင်းသည်ဒီတော့မှ သူမဗိုက်ထဲတဂွီဂွီအော်သံကိုကြားလိုက်မိလေသည်။ ဟုတ်ပါရဲ့။

အမေ မြင့်မြင့်ဝင်း ထံ ကြည့်လိုက်စဥ်

“လိုက်သွားမှာ..မြန်မြန်လိုက်မသွားဘူး..ဘာလို့ငါ့ကိုပြန်ကြည့်နေတာလဲ..ညည်းနော်အချိုးကြပ်ကြပ်ပြင် အပိုးမကျိုးထောင့်မကျိုးနဲ့..နောက်ကိုညည်းယောက္ခမဘာပြောပြောငါ့ကိုဘာမှပြန်မပြောနဲ့…ထူးခန့်..ခဏနေဦး…ဝက်သားနဲ့မျှစ်ချဥ်ချက်ထားတာထည့်ပေးလိုက်မလို့”

ဝက်သားနှင့်မျှစ်ချဥ်ပန်းကန်ကိုင်ကာချွေးမနှင့်သားဖြစ်သူဝင်လာတာကို..မထွေးစိန်သည်..ဆေးလိပ်ငေါ့နေရာမှ ကြည့်ကာ မမြင်ဟန်ဟိုဖက်ပြန်လှည့်သွားသည်။ လှည့်သွားပြီးကာမှ သတိရလိုက်သဖြင့်

“ဟဲ့…ထူးခန့်…နင့်ယောက္ခမမြင့်မြင့်ဝင်း..ကိုယ်လက်တွေနာပြီးအိပ်မရမှာစိုးလို့..ဒဏ်ကြေလိမ်းဆေးယူသွားခိုင်းတာ.နင်မေ့နေခဲ့တာမဟုတ်လား..နောက်တစ်ခေါက်သွားပေးလိုက်ဦး”

ထူးခန့်သည် ဒီတော့မှ၊ သူ့လက်ထဲပါလာသောဒဏ်ကြေလိမ်းဆေးဘူးအားသတိရကာ

“အမေမမြင့်ဝင်းကလည်း..အမေလူးဖို်တဲ့…ဆေးပေးလိုက်တယ်အမေ..”

မထွေးစိန်သည်..မျက်နှာတစ်ဖက်လှည့်ကာပြုံးလေသည်။ ဘုရားခန်းမှ သမီးအငယ်မလေးနင်းနှိပ်ပေးနေတာကိုခံယူနေသောမထွေးစိန်ခင်ပွန်းဦးသောင်းသည်

ကျွတ်..ကျွတ်.ဟု.ညည်းနေရာမှ..ခေါင်းတစ်ချက်ဆတ်လိုက်ကာ…

“ဘာမှကို…ပြောဖွယ်ရာ မရှိပါတကား…”ဟုအော်မြည်လိုက်လေသည်။

မြင်တွေ့နေရသော( အိမ်ထောင်စုနှစ်စုအား မြင်ယောင်ရေးဖွဲ့ပါသည်)

ဤစာမူကိုစရေးချိန် 8:44pm
ဤစာမူကိုရေးပြီးချိန် 9:24 pm
2.10.2023

ရွက်ဝါရင့်ရင့် #ဝါလှဖြူ

ပြီးပါပြီ။