August 29, 2025

ဘွားမယ်စိန်နှင့် အမဲသားကြိုက်တဲ့သရဲမ

ဘွားမယ်စိန်နှင့် အမဲသားကြိုက်တဲ့သရဲမ
စာမူ…၁၇၉
စဆုံး
အချိန်က ညမနက်သေးပေ။
ကိုကြည်တင်တစ်​ယောက် ပွဲရုံမှအိမ်သို့
မောမောပန်းပန်းဖြင့်ပြန်ရောက်လာခဲ့ရှာသည်။
“မြင့်ရေ…အစ်ကိုပြန်လာပြီနော်…”
ဟု…ဇနီးသည် မမြင့်ရီကို အိမ်အဝင်ဝမှလှမ်းကာပြောလိုက်၏။
မမြင့်ရီကလည်း အိပ်ခန်းထဲမှ ပြုံးပြုံးရွှင်ရွှင်ဟန်ဖြင့်
ကိုကြည်တင်ထံထွက်လာခဲ့လေသည်။
“အစ်ကို…ဒီရက်ပိုင်းနောက်ကျတယ်နော်…”
“ဟုတ်ပကွယ်…
ဒီရက်ပိုင်းပွဲရုံမှာကုန်တွေအတင်အချအလုပ်များနေလို့ပါ
မြင့်ရယ်…အစ်ကိုလည်း ပင်ပန်းတော့နားချင်ပေါ့ကွယ်…”
“သံပုရာရည်လေးသောက်ဦးမလားအစ်ကို…
မြင့်ဖျော်ပေးပါ့မယ်…”
“မြင့်မဖျော်ပါနဲ့…အိမ်အကူမဦးကိုပဲ ခိုင်းလိုက်ပါ”
“မဦးက အလုပ်ထွက်သွားပြီအစ်ကို…
မြင့်ဘာသာပဲဖျော်ပါ့မယ်…”
“ဘယ်လို…မဦးက အလုပ်ထွက်သွားပြီ…
ဘာများဖြစ်လို့လဲမြင့်ရယ်…
အိမ်အကူတွေက ဘာလို့ခဏခဏအလုပ်
ထွက်နေကြရတာလဲကွာ…”
“မြင့်လည်းမသိတော့ပါဘူးအစ်ကိုရယ်…”
မမြင့်ရီ မီးဖိုခန်းထဲဝင်သွားတော့ ကိုကြည်တင်စဥ်းစားနေမိသည်။မဦးနဲ့ဆို…အိမ်အကူသုံးလေးယောက်
အလုပ်ထွက်သွားကြသည်။
အိမ်အကူမမြဲရခြင်းမှာ ဇနီးသည်ကြောင့်မဟုတ်တန်ဟုတော့ ကိုကြည်တင်သိသည်။
မမြင့်ရီသည် အများအပေါ်၌ သနားတတ်သော
မိန်းမဖြစ်၍.ကိုကြည်တင် မမြင့်ရီအပေါ်၌
သံသရမဝင်မိ။
ဘာ​ကြောင့်များ အိမ်အကူမမြဲလေသလဲဟုသာ
ကိုကြည်တင်တွေးနေမိတော့သည်။
နောက်ထပ်အိမ်အကူထပ်ခေါ်ဖို့ရန်ကိုလည်း
ကိုကြည်တင် စဥ်းစားရတော့သည်။
နောက်ရက်၌ ကိုကြည်တင်သည်
အသိမိတ်ဆွေတစ်ဦးအားပြော၍အိမ်အကူအသစ်တစ်​ယောက် ထပ်ရှာခိုင်းရတော့၏။
ထိုအိမ်အကူ၏အမည်မှာ ဒေါ်သိန်းဖြစ်သည်။
“ဒေါ်သိန်း…ဒါကျုပ်မိန်းမ မမြင့်ရီလို့ခေါ်တယ်…
ဒီအိမ်ကြီးမှာက ကျုပ်တို့လင်မယားပဲနေကြတာ…
တစ်ခုခုဆိုလည်းပွင့်ပွင့်လင်းလင်းပြောဗျာ…
ကျုပ်တို့ကလည်းဒေါ်သိန်းရဲ့လုပ်ရည်ကိုင်ရည်ကို
ကြည့်ပြီးငွေကြေးကိုပေးမှာမလို့
အဲ့သည်အတွက်လည်းစိတ်သာချပါ…”
“ဟုတ်ကဲ့ပါသူဌေး”
ဒေါ်သိန်းခမျာ အိမ်ကြီးအိမ်ကောင်း၌အလုပ်လုပ်ရမည်ကို
တွေးပြီးပျော်နေမိသည်။
ဒါတင်မက အိမ်ကြီးရှင်သူဌေးနဲ့ သူဌေးကတော်တို့ကလည်း သဘောကောင်းကြသည်ဟု ဒေါ်သိန်းထင်မိ၏။
ဒေါ်သိန်းဘက်ကလည်း ထမင်းချက်၊ဟင်းချက်၊အဝတ်လျော်ဖွတ်ရေးအပြင်…သန့်ရှင်းရေးတာဝန်များကိုပါ
ကျေပွန်အောင်လုပ်ကိုင်ပေးရှာသည်။
*****************************************
“အမေရေ…ဧည့်သည်ပါလာတယ်တော့်…”
ဒေါ်ဝင်းက ဝိုင်းထဲဝင်လာလာခြင်း…ဘွားမယ်စိန်
ကြားစေရန် အသံပြုလိုက်သည်။
“ရွာထဲသွားပြီ…ဘယ်ကနေ
ဧည့်သည်ပါလာတာလည်းအေ့”
ဘွားမယ်စိန်က ဒေါ်ဝင်းကို မေးရင်း အနောက်မှပါလာသူကို ကြည့်မိလိုက်သည်။
“ဟယ်…ညည်းက မိသိန်းမဟုတ်လား”
“ဟုတ်ပါရဲ့တော်…ကျုပ်မိသိန်းပါဘွားရဲ့…
ဘွားကကျုပ်ကိုမှတ်မိသေးသားပဲ…”
“မှတ်မိတာပေါ့အေ…
ညည်းက မြို့ပေါ်တက်အလုပ်လုပ်ပေမယ့်
ရွာနဲ့မှအဆက်အသွယ်မပြတ်တာကို…
ဒါနဲ့ဘယ်ကနေဘယ်လို​ရောက်လာတာလဲ…
ရွာကိုအလည်ပြန်လာတာလားအေ့…”
“အလည်ပြန်လာတာမဟုတ်ပါဘူးဘွားရယ်…
ကျုပ်အခုနေတဲ့မြို့ကသူဌေးအိမ်မှာ ပြဿနာရှိနေလို့ပါ”
“အယ်အေ…မြို့နေတာများတော့ညည်းလည်း
မြို့သံကိုပေါက်နေတော့တာပဲ…
ကဲ…လာ…လာထိုင်ပါဦး…
ပြော…ဘာပြဿနာများဖြစ်နေလို့လဲအေ့”
ဘွားမယ်စိန်က ဒေါ်သိန်းကို ကွပ်ပျစ်ခင်း၌ဝင်ထိုင်ခိုင်းသည်။
“ကျုပ်ကအရင်သူဌေးအိမ်မှာ သူဌေးကတော်ကြီးက
ဆုံးသွားတော့ ဆက်မနေဖြစ်တော့ဘူးဘွားရဲ့…
အဲ့တာနဲ့ အသိမိတ်ဆွေကောင်းလို့…
သူဌေးတစ်ယောက်အိမ်ကိုပြောင်းသွားရတာ…
သူဌေးဆိုတာထက် သူဌေးလင်မယားရဲ့အိမ်ပေါ့ဘွားရယ်…”
“သြော်…အေး…အေး…”
“ကျုပ်မှာကလည်း ဘွားတို့ကို လယ်ပိုင်ယာပိုင်ကမရှိတော့…ဒီအလုပ်နဲ့ပဲ ငွေကြေးစုဆောင်းနေရတာ
မဟုတ်လား…ဒါကြောင့် ရွာကိုမပြန်လာသေးဘဲ
နောက်သူဌေးအိမ်ကိုပြောင်းလိုက်ရတာပါ…
ခက်တာက အဲ့သည်သူဌေးအိမ်မှာ အိမ်အကူတွေခဏခဏအလုပ်ထွက်တယ်လို့သတင်းကြားမိပေမယ့်…
ကျုပ်အလှည့်ကျအဆင်ပြေအောင်ကြိုးစားမယ်လို့ စိတ်တင်းထားခဲ့မိသေးတယ်…”
“အဲ့သည်အိမ်မှာနင်လည်း အဆင်မပြေပြန်ဘူးလား
မိသိန်းရယ်…”
“နေပါဦးမိဝင်းရယ်…ငါပြောပါရစေဦးဟဲ့”
ဒေါ်ဝင်းနဲ့ ဒေါ်သိန်းတို့က ငယ်သူငယ်ချင်းများ
ဖြစ်ကြသည်။
ပြောမနာဆိုမနာသူငယ်ချင်းတွေဖြစ်တာကြောင့်ဒေါ်ဝင်းကဝင်ကာမေးခြင်းဖြစ်၏။
“ကျုပ်ပြောချင်တာကလေ…
အဲ့သည်အိမ်ကိုရောက်ခါစကတော့ ကျုပ်စဥ်းစားမိ
သေးတယ်…ဒီလောက်သဘောကောင်းတဲ့သူဌေးနဲ့
သူဌေးကတော်တို့အိမ်မှာ ဘာလို့များအိမ်အကူတွေ
ထွက်သွားကြသလဲပေါ့…
အဲ့လိုနဲ့ တစ်ရက်တော့ ကျုပ်လည်းအကြောင်းအရင်းအမှန်ကိုသိလိုက်ရတယ်ဘွားရဲ့…
အဲ့သည်အိမ်ရှင်သူဌေးကတော်ကလေ
အသားစိမ်းတွေကိုအားရပါးရစားနေတာ
ကျုပ်သေချာကိုတွေ့ခဲ့ရတာ…
အသားစိမ်းတွေကိုလေ မြိန်ရေရှက်ရေကို
စားနေတာဘွားရဲ့…အဲ့သည်ပုံရိပ်ကြီးပြန်တွေးတိုင်း
ကျုပ်ဖြင့် ကြက်သီးတွေတောင်ထတယ်တော်…”
“နင့်သူဌေးကတော်ကလည်း
ကြောက်စရာကြီးပါလားဟယ်…”
“ဒါနဲ့…ညည်းရဲ့သူဌေးကရော ဒီကိစ္စကိုသိရဲ့လားမိသိန်း”
“ကျုပ်လည်းသိသိခြင်းပြောမိသေးတယ်ဘွား…
ဒါပေမယ့် သူဌေးက ကျုပ်ပြောတာကိုယုံပုံမရပါဘူး…
သူကလည်းနေ့ရှိသ၍ပွဲရုံမှာပဲရှိနေခဲ့တာမဟုတ်လား…
အိမ်ကြီးမှာက ကျုပ်နဲ့သူဌေးကတော်ပဲကျန်ခဲ့တာလေ…
ကျုပ်လည်းအလုပ်ထွက်ဖို့တွေးမိပါသေးတယ်…
ဒါပေမယ့် ကျုပ်ကိုမှအန္တရာယ်မပေးတာ…
အကြောင်းမဲ့အလုပ်ထွက်ပြီး ရွာပြန်လာရမယ့်
အရေးကိုတွေးမိလို့ကျုပ်လည်း သူဌေးကတော်အနားမှာ
ဆင်ဆင်ခြင်ခြင်နဲ့ ဆက်ပြီးနေဖြစ်ခဲ့ပါတယ်…
အဲ့သည်လိုနေရင်းနဲ့ တစ်ရက်တော့ သူဌေးက
အသားစိမ်းစားနေတဲ့သူဌေးကတော်ကို
ပက်ပင်းမိတော့တာပဲဘွားရယ်…
သူ့မိန်းမအဖြစ်ကိုမြင်ပြီး သူဌေးခမျာလည်း
မအိပ်နိုင်မစားနိုင်တွေကိုဖြစ်ကုန်တာပေါ့တော်…
အဲ့သည်လိုတွေဖြစ်တော့ ကျုပ်လည်း မနေသာပဲ…
ဘွားအကြောင်းတွေကိုပြောပြလိုက်တာပေါ့…
ဘွားသာဆိုရင် သူဌေးကတော်ဖြစ်နေတာတွေကို
စစ်ဆေးကုသပေးနိုင်ကြောင်း ပြောမိတော့ သူဌေးက
ကျုပ်ကိုအားကိုးတကြီးနဲ့ ဘွားကို
ခေါ်ခိုင်းတော့တာပဲတော်…”
ဟု…ဒေါ်သိန်းကပြောပြီးမောသွားဟန်ဖြင့်
​ဒေါ်ဝင်းငှဲ့ပေးထားသော အကြမ်းရည်ကိုမော့သောက်လိုက်လေသည်။
“နေပါဦးအေ…အဲ့သည်အိမ်မှာက ညည်းရယ်
ညည်းသူဌေးလင်မယားရယ်ပဲနေကြတာလား…
တခြားမိသားစုဝင်တွေကောမရှိကြဘူးလားအေ့”
“ဘွားရယ် ပြောရရင်…
သူဌေးမိဘတွေက သူ့အိမ်နဲ့သူနေကြတာလေ…
သူဌေးကတော် မိဘများကျ တစ်မြို့တစ်ရွာကဆိုတော့
အသွားအလာနည်းကြတယ်ဘွားရဲ့”
“သြော်…အေး…အေး…”
“အဲ့တာကြောင့်ပဲ ကျုပ်ကဘွားကိုလာခေါ်တာပါ…
ဘွားလိုက်ခဲ့မယ်မဟုတ်လား”
“နေပါဦးအေ…ညည်းသူဌေးကတော်က
ကျန်တဲ့အချိန်တွေမှာဘယ်လိုမျိုးနေတာလဲ…
စိတ်တွေဘာတွေကြမ်းတမ်းပြီး ရန်လုပ်တတ်သလားအေ့”
“ကျန်တဲ့အချိန်တွေမှာတော့ သူ့ပုံစံလေးအတိုင်း
အေးအေးဆေးဆေးနေတဲ့သူပါဘွားရယ်…
လူအလစ်မှာပဲ အသားစိမ်းတွေစားတတ်တာပါ…”
“အင်း…အိမ်မှာကော ထူးထူးဆန်းဆန်းဘာတွေ
လုပ်တတ်သလဲ…ညည်းကိုရော ထူးဆန်းတာ
ဘာခိုင်းဖူးလဲအေ့”
“ထူးဆန်းတာ…အင်း ထူးဆန်းတာဆိုရင်တော့…
တစ်ခုတော့ရှိတယ်ဘွား…
အဲ့တာက နေ့တိုင်းဟင်းပွဲထဲမှာ
အမဲသားချက်ခိုင်းတာပဲတော့်…
အမဲသားမပါတဲ့ရက်ဆို ကျုပ်ကိုစကားမ​ပြောဘဲ
စိတ်ဆိုးတတ်သေးတယ်…”
“အမဲသား…အင်း…အမဲသား…ဟုတ်နေပါပြီမိသိန်းရယ်…
ကဲ…ညည်းဘယ်နေ့သွားမှာလဲပြော…”
“ကျုပ်ကတော့ဘွားလိုက်မယ်ဆိုရင်
မြန်လေကောင်းလေပဲတော်…”
“အေး…ဒါဆိုလည်း မနက်ဖြန်မနက်သွားကြတာပေါ့…
ရွာကိုဘာနဲ့လာတာလဲညည်းက”
“ကျုပ်လှည်းပါတယ်ဘွား…
သူဌေးက လှည်းပါတစ်ခါထဲထည့်ပေးလိုက်တာ…”
“မနက်ဖြန်မနက်ကျရင် ဘွားနဲ့မောင်တိုးတို့က
လှည်းတစ်စီးနဲ့လိုက်ခဲ့မယ်အေ….
ကိုယ့်လှည်းနဲ့ကိုယ်မှသွားရလာရအဆင်ပြေတာ…
ညည်းသာ မနက်အစော.ထွက်လာခဲ့လိုက်”
“ဟုတ်ကဲ့ဘွား…ဒါဆို ကျုပ်ပြန်တော့မယ်နော်…
ရွာမရောက်တာကြာပြီဆိုတော့ အမျိုးတွေအိမ်သွားလည်လိုက်ဦးမယ်…”
“အေး…အေး…အေး…”
“မိဝင်း…ငါသွားပြီနော်…”
“အေး…အေး…မိသိန်း”
ဘွားမယ်စိန်တို့အိမ်မှ ဒေါ်သိန်း ပြန်သွားခဲ့သည်။
“မိဝင်း…ညည်းတူမ သွားခေါ်ချေစမ်း…”
“ဟုတ်အမေ”
ရှင်ညိုက ဘေးအိမ်၌ အလည်သွားနေခဲ့သည်။
ဘွားမယ်စိန်ကအလည်သွားနေသော ရှင်ညိုကို
ဒေါ်ဝင်းအားသွားခေါ်စေသည်။
“ဘွား…ကျုပ်ကိုခေါ်တယ်ဆို…”
“အေးသမီးရေ…မနက်ဖြန်မနက်ဘွားတို့မြို့တက်စရာကိစ္စပေါ်လာတယ်…အဲ့တာ ညည်းအစ်ကိုများကို
သွားပြောပေးစမ်းဦးအေ”
“ဟုတ်ကဲ့ဘွား…ကျုပ်သွားပြောလိုက်ပါ့မယ်”
ဘွားမယ်စိန်ကခိုင်းလေတော့ ရှင်ညိုလည်းမောင်တိုးတို့
အိမ်ဘက်သို့ အရင်ထွက်လာခဲ့သည်။
အိမ်ရှေ့၌ လူတစ်ယောက်မှမမြင်ရ၍…
“ကိုကြီးတိုး…အစ်မခင်…”
ဟု…အသံပေးကာ မီးဖိုထဲသို့ ရှင်ညိုဝင်လာခဲ့သည်။
“ဟယ်…ရှင်ညို…”
“ဟော…ကျုပ်ကလူမတွေ့အသံမကြားလို့ရှာနေမိတာ…
အစ်မခင် ထမင်းအိုးတည်နေတာလား”
“ဟုတ်တယ်ရှင်ညိုရဲ့…
ညည်းအစ်ကိုနဲ့ အမေက လယ်ထဲခဏသွားကြတယ်အေ့…
ဘာလဲ ဘွားလွှတ်လိုက်တာလား…”
“ဟုတ်ပတော်…ဘွားက ကိုကြီးတိုးနဲ့ကိုကြီးအုန်းဆီကို
လွှတ်လိုက်တာ…မနက်ဖြန် မနက််စော မြို့တက်ဖို့ရှိတယ်တဲ့…အဲ့တာကိုကြီးတိုးလိုက်နိုင်ပါ့မလား…
လယ်အလုပ်လည်းရှိနေတော့…”
“အမယ်လေး…လိုက်နိုင်ပါတယ်ရှင်ညိုရယ်…
ညည်းအစ်ကိုက ခရီးမထွက်ရရင်ဟိုကနာဒီကအောင့်နဲ့
ကိုယ်လက်တွေကိုက်ခဲသတဲ့…
ခရီးလေးများထွက်ရရင် ပေါ့ပါးလို့တဲ့အေ…
လိုက်မှာ…လိုက်မှာပူမနေနဲ့…မနက်ဖြန်မနက်အစောသူလာလိမ့်မယ်…”
“ဒါဆိုလည်းကျုပ်ကိုကြီးအုန်းဆီသွားပြောလိုက်ဦးမယ်အစ်မခင်…”
“နေပါဦးရှင်ညိုရယ်…
ငါဆိတ်သားခြောက်လေးဖုတ်ထားတာရှိတယ်…
ညည်းကြိုက်တယ်မလားယူသွားချေဦး”
“ရပါတယ်အစ်မခင်ရယ်…
အစ်မခင်တို့အဖို့မလောက်ပဲရှိနေဦးမယ်…”
“လောက်ပါတယ်အေ…
အစ်မအမေက သူ့သားမက်ကြိုက်တယ်ဆိုလို့ဆိတ်သားခြောက်တွေအများကြီးပို့ထားတာ…
ညည်းအစ်ကိုကတောင် ရှင်ညိုလည်းကြိုက်တယ်ပြောနေလို့ အစ်မက ပို့ပေးခိုင်းဦးမလို့ပဲ…
အခုလိုကြုံတုန်းလေး တစ်ခါထဲယူသွားလိုက်နော်…”
“ဟုတ်ကဲ့အစ်မခင်…”
ခင်မြချစ်က ရှင်ညိုအား ညီမလေးတစ်ယောက်ကဲ့သို့
ချစ်ရှာသည်။
မေတ္တာငတ်နေခဲ့ရသော.ရှင်ညိုမှာ သောင်ထွန်းရွာသို့
ရောက်လာလေမှ ဘွားမယ်စိန်တို့အားလုံး၏မေတ္တာများကို ရရှိခဲ့ရသည်။
ယခုလည်း ခင်မြချစ်တစ်​ယောက်
ထပ်တိုးလာခဲ့လေသည်။
ခင်မြချစ်ပေးသော ဆိတ်သားခြောက်ဖုတ်ပန်းကန်လေးအားကိုင်ကာ မောင်အုန်းတို့အိမ်သို့ ရှင်ညိုထွက်လာခဲ့သည်။
“ကိုကြီးအုန်း…ဟော…ဆရာကြီးက အနားယူနေတာပဲ”
“ဟ…ရှင်ညို ဘာတွေလာပေးတာလည်း”
“အမယ်…ဘာမှလာမပေးပါဘူးနော်…
ဒါက ကျုပ်အတွက်အစ်မခင်ကပေးလိုက်တာပါ”
“ညည်းကလည်း တွန့်တိုချက်ပဲ…
ဘာတွေလဲဲပြစမ်း”
မောင်အုန်းက ခြံထဲအပင်ရိပ်အောက်ရှိ
ကွပ်ပျစ်ခင်း၌ထိုင်နေခဲ့သည်။
ရှင်ညိုလက်ထဲမှ ပန်းကန်ကိုဆွဲယူကာကြည့်၍…
“ဟ…အမဲခြောက်တွေလား”
“ဆိတ်သားခြောက်တွေပါ ကိုကြီးအုန်းရယ်…”
“သြော်…ဆိတ်သားခြောက်…တစ်ဖက်လောက်စားကြည့်စမ်းမယ်”
“စား…စား…စား….”
မောင်အုန်းက ဆိတ်သားခြောက်တစ်ဖက်ကိုနှိုက်ယူ
စားလေတော့ရှင်ညိုက မျက်စောင်းကြီးထိုး၍
ပြောလိုက်သည်။
“ကောင်းသားပဲဟ…အယ်..ဒါနဲ့ညည်းကငါ့ဆီကို
ဘာကိစ္စနဲ့ရောက်လာတာလည်း…”
“အဘွားကခိုင်းလိုက်လို့…”
“ဟေ…ဘွားကဘာခိုင်းလိုက်တာလဲ”
“မနက်ဖြန်မနက်အစောမြို့တက်မယ်တဲ့…
အဲ့တာကိုကြီးအုန်းလိုက်နိုင်သလား…”
“မလိုက်နိုင်စရာလားဟာ…
ဘာကိစ္စများဖြစ်ပြန်တာလည်းရှင်ညိုရဲ့…”
“အဲ့တာတော့ကျုပ်လည်းမသိသေးပါဘူး…
အဘွားက ကိုကြီးအုန်းတို့ဆီကိုသွားပြောချေဆိုလို့သာ
လာပြောပေးရတာ…ကျုပ်ပြန်တော့မယ်….ဒီမှာ
ကြာကြာဆက်နေရင်ဆိတ်သားခြောက်ဖုတ်လည်း
ကျုပ်စားဖို့ကျန်မှာမဟုတ်တော့ဘူး…တကယ်ပါပဲ…
အစ်မခင်က ကျုပ်စားဖို့​ထည့်ပေးလိုက်တာပါဆိုနေ…”
ဟု…ရှင်ညိုက ဆူဆူပုတ်ပုတ်ဖြင့် မောင်အုန်းအားပြောလေသည်။
ရှင်ညိုပုံစံကို မောင်အုန်းကသဘောကျစွာရယ်မောရင်း…
“အမယ်လေးဗျာ…သူ့ဆိတ်သားခြောက်ဖုတ်လေး
တစ်ဖက်နှိုက်စားမိပါတယ်…
ဖြစ်နေလိုက်တာများဆူပုတ်လို့…
ကဲပါ…နေဦး…ခြံထဲက ငှက်ပျောတစ်ဖီးယူသွားလိုက်…
ညည်းဆိတ်သားတစ်ဖက်ဖိုးလို့ပဲမှတ်လိုက်ပေါ့”
ဟု…ပြောရင်း ခြံထွက်ငှက်ပျောသီးတစ်ဖီးကိုသွားယူပေးရှာသည်။
“ရော့…ဒါက ပင်မှည့်…စားကြည့်လိုက်ချိုသလားမမေးနဲ့”
“ပြီးကော…ဒါဆိုကျုပ်ပြန်ပြီ”
ရှင်ညိုက ငှက်ပျောတစ်ဖီးနဲ့ ဆိတ်သား​ခြောက်ဖုတ်ပန်းကန်လေးကိုကိုင်ကာ ပြန်လာခဲ့တော့သည်။
ရွာထဲလမ်းမှဖြတ်ရင်း သူ့ဆိတ်သားခြောက်ဖုတ်ပန်းကန်လေးအား လူမမြင်စေရန် ယူလာရှာသည်။
ရှင်ညိုဆိုတာကလည်းလူတမျိုး…
ကိုယ့်အတွက်ပေးတဲ့အရာဆို အလွန်နှမြောတတ်ရှာသည်။
နောက်တစ်နေ့နံနက်အစော၌ မောင်တိုးနဲ့မောင်အုန်းတို့
နွားလှည်းဖြင့် ဘွားမယ်စိန်အိမ်သို့ရောက်လာခဲ့သည်။
“ဘွား…ကျုပ်တို့ရောက်ပြီနော်…”
“အေး…အေး…မနက်စာကောစားခဲ့ကြရဲ့လား…
မစားရသေးရင်လာကြဦး…ဒီမှာမောင်ရင်တ်ို့အရီးက
ဆီထမင်းထိုးထားတယ်ကွဲ့”
ဆီထမင်းဆိုသောအသံကြောင့်မောင်တိုးတို့နှစ်ယောက်စလုံး နွားလှည်းပေါ်မှဆင်းကြသည်။
“မနက်အစာပြေကတော့စားခဲ့ပါတယ်ဘွားရယ်…
ဒါပေမယ့် အရီးရဲ့ဆီထမင်းကိုတော့
စားချင်သေးသားဗျာ”
“ဒါများ…လာထိုင်ကြ…အရီးသွားထည့်ပေးမယ်”
ဒေါ်ဝင်းလက်ရာကိုကြိုက်ကြသော မောင်တိုးတို့နှစ်ယောက်က နည်းနည်းမှမငြင်းကြ။
ကွပ်ပျစ်ခင်း၌ဝင်ထိုင်ကြပြီး ဒေါ်ဝင်းထည့်ပေးသော
ဆီထမင်းပန်းကန်ကိုယ်စီဖြင််ခေါင်းမဖော်တမ်း
စားနေကြတော့သည်။
မောင်တိုးတို့လည်းစားပြီးလေတော့မှ…
“ဘွားရေ…ကျုပ်ရောက်ပြီနော်…”
ဟူသောအသံကို ဝိုင်းပြင်မှကြားလိုက်ကြရသည်။
“ဘယ်သူကြီးလဲဗျ”
ဟု…မောင်တိုးကမေးရင်းလှမ်းကြည့်ရာဝိုင်းထဲဝင်လာသော ဒေါ်သိန်းကိုမြင်တော့…
“ဟာ…အရီးသိန်း…ဘယ်တုန်းကပြန်ရောက်နေတာလဲဗျ”
ဟု…ဝမ်းသာအားရမေးတော့သည်။
ဒေါ်သိန်းကတော့ မောင်တိုးတို့ကိုပြုံး၍…
“အရီးရောက်တာနှစ်ရက်ပဲရှိသေးတာမောင်တိုးရဲ့….အမယ်နင်တို့တောင် အတော်အရွယ်
ရောက်နေပြီပဲဟဲ့…”
“မိသိန်းရယ်…ဒီနှစ်ကောင်က မိန်းမတောင်ရနေကြပြီ…
အရွယ်မရောက်ရှိပါ့မလား”
“ဟယ်…မိန်းမတောင်ရနေပြီ…
ဘယ်သူနဲ့ယူတာလဲဟဲ့”
“ဟာ…ဒီကောင်ပဲမိန်းမရသေးတာပါဗျာ…
ကျုပ်ကအခုထိလူပျိုပါအရီးရဲ့”
“အေးပါဟယ်…ဒီဘက်ကမောင်တိုးပဲရသေးတာပါ…
ဒီဘက်ကတော့ ရည်းစားပဲရနေတုန်းဟုတ်ပြီလား”
ဒေါ်ဝင်းက သူ့အား ဝင်ပြောသော မောင်အုန်းကိုမျက်စောင်းထိုးပြီး ပြန်ပြောလိုက်သည်။
“နေပါဦးဟဲ့…မောင်တိုးကဘယ်သူနဲ့ရတာလဲ”
“ဘယ်သူကမှာလဲအေ…
ရွာသစ်ရွာက ဒေါ်မြသမီး…ခင်မြချစ်နဲ့ပေါ့အေ…”
“ခင်မြချစ်…အေး…ငါကလည်းရွာနဲ့အလှမ်းဝေးနေတော့
မသိပါဘူးဟယ်…ဘယ်နဲ့လဲကောင်လေး…
မိန်းမနဲ့အဆင်ပြေရဲ့လား”
“သူလားမပြေမှာ ယောက္ခမ ကရော ယောက်ဖဆီကပါ
အချစ်ခံနေရတာလေ…ဟုတ်တယ်မလားမောင်တိုး”
“အရီးဝင်းပြောတာ ဟုတ်တယ်ဗျအရီးသိန်းရဲ့…
ကျုပ်မိန်းမကဆိုရင်လည်း ကျုပ်သဘောကြီးပဲ…
ကျုပ်ကိုသိပ်ချစ်ကြတာဗျ…”
ဟု…မောင်တိုးကပြောလေရာ မောင်အုန်းက အမြင်ကပ်ပြီး မျက်စောင်းထိုးလေသည်။
ဘွားမယ််စိန်တို့ကတော့ ပြုံးနေရှာ၏။
“ကဲ…လူလည်းစုံပြီဆိုတော့ ခရီးဆက်ကြတာပေါ့အေ…
နေမြင့်ရင်လူတွေ ကောနွားတွေကောပင်ပန်းကြရမှာအေ့”
“ဟုတ်ကဲ့ဘွား”
“ဒါဆို…ကျုပ်တ်ို့က အရီးသိန်းနဲ့အတူတူသွားရမှာပေါ့…
ဟုတ်လားဘွား”
“အေးလေကွယ်…မင်းအရီးသိန်းရဲ့သူဌေးအိမ်မှာ
ပြဿနာရှိနေလို့ ဘွားတို့သွားကြရမှာကွဲ့…
ကဲပါ…လမ်းရောက်မှဘွားပြောပြပါ့မယ်”
ဟုပြောကာ ဘွားမယ်စိန်ကလှည်းဆီသွားတော့သည်။
ဒေါ်ဝင်းတိုသားအမိနဲ့ရှင်ညိုကလည်း လှည်းနားအထိလိုက်ပို့ပေးကြ၏။
ထိုသို့ဖြင့် ဘွားမယ်စိန်၊မောင်တိုးနဲ့မောင်အုန်းတို့က
လှည်းတစ်စီး…ဒေါ်သိန်းနဲ့လှည်းမောင်းသူတို့က
လှည်းတစ်စီးဖြင့် လိုက်ပါလာခဲ့ကြတော့သည်။
မြို့သို့သွားရာလမ်းကိုရောက်မှ ဘွားမယ်စိန်က
ဒေါ်သိန်းပြောပြသော အဖြစ်အပျက်များအား
မောင်တိုးတို့ကိုပြောပြလေတော့သည်။
ဘွားမယ်စိန်တို့ မြို့သို့ရောက်လာလေတော့
နေ့လယ်အချိန်မျှရှိလေပြီ။
သူဌေးကတော့အိမ်၌မရှိ၍ သူဌေးကတော်အား…
“သူဌေးကတော်…ဒါကျုပ်ရွာက ကျုပ်ရဲ့ကြီးတော်ပါ…
ကျုပ်နဲ့အတူမြို့ကိုဆေးဆရာပြဖို့လိုက်လာကြတာပါ…
ရွာပြန်ရင်လမ်းခရီးကမကောင်းတော့ ဒီမှာ
တစ်ညလောက်တည်းခွင့်ပြုပေးပါလ်ို့
ခွင့်တောင်းပါရစေ…”
ဟု…ဒေါ်သိန်းကခွင့်တောင်းလေသည်။
သူဌေးကတော်က ဘွားမယ်စိန်နဲ့မောင်တိုးတို့ကိုအကဲခတ်၏။
“လူပုံတွေကတော့ရိုးပုံရပါတယ်…
ရပါတယ်…သူတို့တည်းဖို့ ဒေါ်သိန်းပဲစီစဥ်ပေးလိုက်ပါ…
အစ်ကိုလာရင်လည်းကျုပ်ပြောပေးပါ့မယ်”
“ဟုတ်ကဲ့…ခွင့်ပြုပေးတာကျေးဇူးတင်ပါတယ်သူဌေးကတော်…”
ဒေါ်သိန်းက သူဌေးကတော်ကိုကျေးဇူးတင်စကားပြောရှာသည်။
ဘွားမယ်စိန်ကလည်းပြုံး၍ ကျေးဇူးတင်ကြောင်း
ပြောလေသည်။
ဘွားမယ်စိန်နဲ့ဒေါ်သိန်းတို့က သူဌေးနဲ့
အရင်ဆုံးဝင်တွေ့ပြီးကြပြီဖြစ်၏။
သူဌေးနဲ့တိုင်ပင်ပြီး ဒေါ်သိန်း၏ဧည့်သည်များအဖြစ်
အိမ်၌ တည်းခိုခဲ့ခြင်းဖြစ်သည်။
ဒေါ်သိန်းက ဘွားမယ်စိန်တို့အတွက်အခန်းကျယ်တစ်ခုအတွင်းနေရာစီစဥ်ပေရှာသည်။
ဘွားမယ်စိန်က အိမ်အားအကဲခတ်နေ၏။
စံအိမ်ကြီး၏ခြံဝိုင်းစပ်၌ ပေါက်နေသော ကုက္ကိုပင်ကြီးကို
အခန်းပြတင်းတံခါးမှသေချာရပ်ကြည့်နေခဲ့သည်။
“ဘွား…တစ်ခုခုထူးခြားလို့လား”
ဟု…မောင်အုန်းကမေးတော့ ဘွားမယ်စိန်ခေါင်းသာ
ညိတ်ပြ လိုက်သည်။
ဒေါ်သိန်းကတော့ မီးဖိုထဲဝင်ပြီး ဟင်းချက်စရာပစ္စည်းများကိုစစ်ဆေး၏။
အသားစိမ်းများအများကြီးဝယ်ထားသည်ကို
ဒေါ်သိန်းသတိထားမိသည်။
သူရှိစဥ်က အသားထက် အသီးအရွက်များကိုသာ
ဦးစားပေးဝယ်ဖြစ်ရာ…ယခုတော့ အသီးအရွက်ကမရှိသလောက်ဖြစ်ပြီး အသားစိမ်းများက
အတော်များပြားနေခဲ့၏။
ညနေသို့စောင်းတော့ သူဌေးကိုကြည်တင်အိမ်ပြန်ရောက်လာသည်။
“အစ်ကိုဒီနေ့ စောသားပဲနော်…”
“ပွဲရုံမှာက အလုပ်ပါးသွားလို့မြင့်ရဲ့…နောက်ပြီး
အိမ်မှာလည်း မြင့်တစ်ယောက်ထဲဆိုတော့ ပျင်းနေမှာဆိုးလို့ အစ်ကိုစောစောပြန်လာခဲ့တာပါ”
“သြော်…မြင့်တစ်ယောက်ထဲမဟုတ်ပါဘူအစ်ကိုရယ်…
ဒေါ်သိန်းပြန်ရောက်နေပါပြီ…ပြီးတော့သူနဲ့အတူ
ဧည့်သည်တွေလည်းပါလာသေးတယ်…
ဆေးဆရာလာပြကြတာလို့တော့ ပြောတယ်…
ဒီမှာတစ်ညလောက်တည်းဖို့ခွင့်တောင်းတာနဲ့
မြင့်ခွင့်ပြုပေးလိုက်တယ်အစ်ကို…”
“သြော်…အင်း…မြင့်ကောင်းသလိုသာ
စီစဥ်ပေးလိုက်ပါ…ဒါဖြင့်လည်း
ခဏနေအစ်ကိုတို့ဧည့်သည်တွေနဲ့အတူတူ
ညစာစားကြတာပေါ့…ဒေါ်သိန်းကိုတော့
မြင့်ပဲပြောထားလိုက်တော့နော်…အစ်ကိုရေ
အရင်ချိုးလိုက်ဦးမယ်…”
“ဟုတ်ကဲအစ်ကို…”
သူဌေးကိုကြည်တင်က မိန်းမဖြစ်သူမရိပ်မိစေရန်
သတိထား၍ပြောပြီး အခန်းထဲဝင်သွားတော့သည်။
သူဌေးကတော်ကလည်း ဒေါ်သိန်းကိုထမင်းပွဲပြင်ခိုင်းထား၏။
ဘွားမယ်စိန်တို့ကိုလည်း ဒေါ်သိန်းကထမင်းစားဖို့
လာခေါ်ရာ သူဌေးတို့လင်မယားနဲ့ထမင်းအတူတူစားဖြစ်ကြသည်။
ထမင်းဝိုင်း၌ အသီးအရွက်ကြော်များသာရှိပြီး
ဟင်းပွဲမှာနည်းနေသည်ကို သူဌေးကတော်ကမြင်လေတော့…
“ဒေါ်သိန်း…အသားဟင်းတွေဘာလို့်နည်းနေတာလဲ…
မနက်က ကျုပ်ဝယ်ထားတဲ့အသားတွေ
ဘယ်ရောက်သွားလို့လဲ”
ဟု…မေးလေတော့သည်။
“သူဌေးကတော်ဝယ်ထားတဲ့အသားတွေကမလတ်ဆတ်တော့လို့ ကျုပ်လွှတ်ပစ်လိုက်ရတာသူဌေးကတော်…
ဒီနေ့တော့ ရှိတာလေးနဲ့စားပေးပါနော်…
စျေးဝယ်ဖို့်လည်းအချိန်မရလို့ပါသူဌေးကတော်ရယ်”
“မဖြစ်နိုင်တာ”
သူဌေးကတော်က ဒေါ်သိန်းအဖြေကိုမကျေနပ်မိ။
သို့သော် ဧည့်သည်များလည်းရှိနေ၍ ဟန်မပြတ်နေနေရှာသည်။
ညစာစားပြီးနောက် ဘွားမယ်စိန်တို့လည်း မိမိတို့အခန်းဆီသို့ပြန်လာခဲ့ကြသည်။
သို့သော် ဒေါ်သိန်းကိုစီစဥ်ခိုင်းထားသော ကိစ္စရှိနေ၍
မည်သူမှမအိပ်ကြသေးပေ။
ညနက်လေတော့ ​ခြေသံသဲ့သဲ့ကို ဘွားမယ်စိန်တို့ကြားလိုက်ရသည်။ခြေသံက မီးဖိုခန်းသို့သွားနေသံဖြစ်၏။
ဘွားမယ်စိန်က တံခါးကိုအသံမထွက်အောင်ဖွင့်ရင်း
အခန်းပြင်ကိုထွက်လာခဲ့သည်။
မောင်တိုးတို့ကလည်း အ​နော​က်မှအတူလိုက်ခဲ့ကြ၏။
အိမ်ကြီးထဲ၌ထွန်းထားသောမီးအိမ်များအလင်းကြောင့်
မြင်ကွင်းမှာရှင်းလင်းလှသည်။
မီးဖိုခန်းဆီသို့သွားရာလမ်း၌ ဒေါ်သိန်းနဲ့သူဌေးကိုကြည်တင်တို့ဖြင့်လည်း ဆုံကြလေသည်။
ဘွားမယ်စိန်ကမေးငေါ့ပြတော့ သူဌေးကိုကြည်တင်က
ခေါင်းညိတ်လေသည်။
မီးဖိုခန်းဆီသို့ တိတ်တဆိတ်ဆက်လျှောက်လာကြရာ…
မီးဖိုခန်းသို့ရောက်တော့ မြင်လိုက်ရသည့်မြင်ကွင်းမှာ…
“ဟင်…”
“ဟာ….”
အသားစိမ်းများကို အငမ်းမရစားနေသော သူဌေးကတော်ကိုမြင်လိုက်ကြ၍ အံ့သြကုန်ကြသည်။
သူဌေးကတော်ကလည်း သူတို့၏အသံကြောင့်
မော့၍ကြည့်လာခဲ့သည်။
သူဌေးကတော်က ဒေါ်သိန်းစားပွဲအထက်၌
တင်ထားခဲ့သောအသားစိမ်းပန်းကန်ကြီးကိုကိုင်၍အသားစိမ်းများကိုစားနေခဲ့ခြင်းဖြစ်သည်။
ဘွားမယ်စိန်ကရှေ့သို့ထွက်၍…
“နင်ဘယ်သူလဲ…”
ဟုမေးလေရာ အသားများကို ပြန်ထွေးထုတ်ပြီး
ဝါးသန်းဖို့ပြင်ရာ…
“ဟဲ့…ထွက်မပြေးနဲ့နော်…
နင်ထွက်ပြေးရင်တော့ နင်နေတဲ့အပင်ကို
ဖျက်ဆီးရလိမ့်မယ်…မယ်စိန့်ကိုမစမ်းလေနဲ့အေ့…”
ဟုပြောလေတော့မှ ငြိမ်သွားတော့သည်။
“ဘယ်သူလဲဆိုတာပြော….ဘာကြောင့်ဒီမိန်းကလေးကို
ဒုက္ခပေးနေရတာလဲ”
“ကျုပ်ကအမဲသားကြိုက်လို့ပါ…
အမဲသားစားချင်လို့ပါ…”
“အမဲသားစားချင်တိုင်းအခုလိုလုပ်စရာလား…
ပြောစမ်း..နင့်နာမည်ဘယ်သူလဲ”
“ကျုပ်နာမည်က မိနွဲ့ပါ…”
“အေး…မိနွဲ့…ညည်းကဒီမိန်းကလေးနဲ့ဘယ်လိုပတ်သတ်နေတာလဲ…”
“သူနဲ့ ကျုပ်ကဘယ်လိုမှမပတ်သတ်ပါဘူး…
ကျုပ်က သူတို့မနေခင်ကတည်းက
ကုက္ကိုပင်ကြီးမှာနေတဲ့သူပါ…
ကျုပ်ကိုမကျွေးမမွေးကြဘဲ သူတို့ကြီးပဲစားကြသောက်ကြလို့ မကျေနပ်လို့ဝင်ဝင်စားနေတာပါ”
“ဟဲ့…နင်ရှိတာကိုသူတို့ကဘယ်လိုလုပ်သိမှာလဲ…
နောက်ပြီး သူတို့အိမ်ထဲသူတို့နေတာလေ…
နင့်ကိုဘာကြောင့်အရေးလုပ်ရမှာလဲ…
တယ်…ငါလုပ်လိုက်ရ…
တော်တော်အကြောတင်းတဲ့ကောင်မပဲ…”
“ကျုပ်ကသူတို့မရှိခင်ကတည်းက နေနေတဲ့သူပါတော်…
နောက်ပြီး ကျုပ်ကအမဲသားကြိုက်တယ်…
အမဲသားမစားရရင်မနေနိုင်ဘူး…”
“ဒါဆို…ငါကညည်းကိုအမဲသားကျွေးရမယ်ပေါ့…
ညည်းပဲဖြေစမ်း…သူများကိုယ်ထဲဝင်ပြီး
ညည်းလုပ်ချင်တာလုပ်ဖို့
ငါကခွင့်ပြုမယ်လို့ထင်သလား​အေ့…”
“တော် ပညာထက်တယ်ဆိုတာ ကျုပ်ကြည့်ယုံနဲ့
တင်သိပါတယ်…ဒါပေမယ့် ကျုပ်တို့လိုအဆင့်နိမ့်တဲ့
သူတွေကိုပညာနဲ့မနှိပ်စက်သင့်ပါဘူး…”
ဟု…သရဲမက ဘွားမယ်စိန်ကိုပြောလေသည်။
ဘွားမယ်စိန်က စိတ်မဆိုးဘဲ ပြုံးလေသည်။
“ဒီကောင်မက အတော်စွာတဲ့ကောင်မပဲသူဌေးရေ…
ကဲ…သူဌေးပြော…ဒီကောင်မကို ကျုပ်ဘယ်လိုလုပ်ပေးရမလဲ”
ဟု….သူဌေးကိုကြည်တင်ကိုမေးလေသည်။
သူဌေးကိုကြည်တင်က သက်ပြင်းတစ်ချက်ချ၍…
“ကျုပ်ဘယ်သူ့ကိုမှဒုက္ခမရောက်စေချင်ပါဘူး…
ဒါပေမယ့် ကျုပ်မ်ိန်းမကိုယ်ထဲအခုလိုဝင်ပြီးစားနေတာကိုတော့ ကျုပ်ထပ်မဖြစ်စေချင်ဘူးအမေကြီး”
ဟုပြောလေသည်။
“ကဲ…သူပြောတာညည်းကြားတယ်နော်…
ညည်း ဒီမိန်းကလေးကိုယ်ထဲကိုထပ်ပြီးမဝင်ရတော့ဘူး…
အဲ့သည်လိုမှမဟုတ်ရင် ညည်းကိုငါအပြစ်ပေးရလိမ့်မယ်”
“ကျုပ်အမဲသားမစားရရင်မနေနိုင်ဘူး…
ဒါပေမယ့် ဒီဘဝကြီးမှာလည်း ကျုပ်မနေချင်တော့ဘူး”
“အဲ့တော့ ငါတို့ကညည်းကိုဘာလုပ်ပေးရမှာလဲ”
“ကျုပ်လွတ်ရာကျွတ်ရာကိုသွားချင်ပြီ…
ဘုန်းကြီးပင့် ဆွမ်းဒါနပြုပြီးရေစက်ချအမျှဝေပေးပါ…
ကျုပ်နာမည်ကိုခေါ်ပြီးမှ အမျှဝေပေးပါ..
ဒါပေမယ့် ဆွမ်းပွဲထဲမှာ​တော့ အမဲသားပါပါစေ…”
“ကောင်းပြီ…ညည်းကတိတည်မယ်ဆိုရင်
ငါတို့လုပ်ပေးမယ်…”
ဟု​ဘွားမယ်စိန်ကပြောတော့ ခေါင်းညိတ်လေသည်။
“ဒါဆိုကျုပ်သွားမယ်…”
သူဌေးကတော်မှာနေရာ၌ခွေခနဲလဲကျသွားသည်။
သူဌေးကိုကြည်တင်နဲ့ဒေါ်သိန်းတို့ကပြေးပွေ့ပြီးထူရ၏။
ဘွားမယ်စိန်က မောင်တိုးကိုရေတစ်ခွက်ခပ်ခိုင်းပြီး
ရေကိုမန်း၍ သူဌေးကတော်၏မျက်နှာအား တောက်ပေးလေသည်။
သူဌေးကတော်သတိရလာ၏။
သူ့အားဝိုင်းအုံကြည့်နေကြသူများကို…
“ကျုပ်ဘာဖြစ်လို့လဲအစ်ကို…”
ဟု…ယောကျာ်းဖြစ်သူကိုမေးရှာသည်။
“မြင့်…မြင့်ကောင်းသွားပြီနော်…
အမေကြီးကျေးဇူးကြောင့် မြင့်က်ိုယ်ထဲကိုပူးကပ်ပြီး
အသားစိမ်းတွေစားနေတဲ့သရဲမကို အစ်ကိုတို့
ဖမ်းနိုင်လိုက်ပြီ…အခုဆို မြင့်ကိုသူနှောက်ယှက်တော့မှာမဟုတ်ဖူး”
“ရှင်…”
သူဌေးကတော်မှာနားမလည်ဖြစ်နေရှာသည်။
ဒေါ်သိန်းကပဲ အကြောင်းစုံရှင်းပြပေးရ၏။
“သြော်…ဒါကြောင့်ကို အိမ်အကူတွေဘာလို့
ထွက်ကြသလဲလို့စဥ်းစားနေတာ…
လက်စသတ်တော့ ကျုပ်ကိုကြောက်ပြီးထွက်ကုန်ကြတာပဲအစ်ကိုရယ်…”
ဟုသာ သူဌေးကတော်မှာပြောနိုင်ရှာတော့သည်။
“ရော့…ဒီချည်မန်းကြိုးလေးဆောင်ထားကြသမီးတို့…
သမီးက ကံနိမ့်နေတော့သမီးဆီအလွယ်ပူးကပ်ပြီး
စားသောက်နေတာအေ့…
သူဌေးကလည်း သူ့ကိုဘွားတို့ကတိပေးတဲ့အတိုင်း
ဘုန်းကြီးပင့်ဖိတ်ပေးပါကွယ်…”
“စိတ်ချပါဘွား…ကျုပ်စီစဥ်ပေးပါ့မယ်…”
သူဌေးကိုကြည်တင်က နှစ်ရက်မြှောက်သောနေ့၌
ဘုန်းကြီးငါးပါးပင့်ဖိတ်ပြီး ဆွမ်းကျွေးရှာသည်။
ဆွမ်းဟင်းများထဲ၌လည်း သရဲမပြောသွားသည့်အတိုင်း
အမဲသားဟင်းတစ်မယ်လည်းပါဝင်ခဲ့၏။
ဘွားမယ်စိန်က သရဲမကိုတရားနာဖို့ဖိတ်ကြားထားပြီး
ဘုန်းကြီးများမှာလည်းသရဲမ၏အမည်ကိုခေါ်၍
အမျှအတမ်းပေးဝေခဲ့သည်။
ရေစက်ချစဥ် သူဌေးကတော်၏အမူအရာပြောင်းလဲနေခဲ့သည်။
ရေစက်ချအမျှအတမ်းပေးဝေပြီးလေတော့ သူဌေးကတော်မှာနံဘေးရှိ သူဌေးကိုကြည်တင်၏ပေါင်ပေါ်သို့
ပျော့ခွေကာလဲကျသွားပြန်သည်။
သူဌေးကိုကြည်တင်မှာမိန်းမဖြစ်သူကို ပွေ့ထူထားသလို
ဘွားမယ်စိန်ကလည်းရေမန်းဖြင့်တောက်ပေးလေတော့မှ
သတိရလာခဲ့သည်။
သတိရလာလေတော့မှ သရဲမပူးကပ်၍ ရေစက်ချသွားသည်ကိုသိလိုက်ရတော့၏။
ဆရာတော်ကြီးကလည်းရေစက်ခွက်ထဲကရေများအား
ကုက္ကိုပင်ကြီးအောက်သို့သွားသွန်ရန်မှာခဲ့လေသည်။
ထိုသို့ဖြင့် သရဲမမှာလည်း ကျွတ်လွှတ်သွားခဲ့ရှာသည်။
ဘွားမယ်စိန်ပေးသောချည်မန်းကြိုးလေးကိုလည်း
သူဌေးကတော်တို့လင်မယားက လက်၌ ဝတ်ဆင်လို့ထားကြ၏။
“ဒီကအမေကြီးမှာ မြေးတွေရှိတယ်လို့သိရတယ်…
ကျုပ်မှာအထည်အသစ်လေးတွေရှိလို့
ပေးလိုက်ချင်ပါတယ်…”
“ရပါတယ်အေ…ပေးတော့လည်းသူတို့ဝတ်ရတာပေါ့”
သူဌေးကတော်က အထည်သစ်များကို
ရှင်ညိုတို့…နန်းကြိုင်တို့အတွက်ထည့်ပေးရှာသည်။
“ဒီက မောင်လေးတို့မှာလည်း ချစ်သူရည်းစားတွေရှိရင်
ယူသွားကြနော်…အစ်မ မှာအထည်တွေများတယ်ကွဲ့”
“ကျုပ်ကမိန်းမရှိတယ်ဗျ…
ကိုကြီးအုန်းမှာကတော့ချစ်သူရှိတယ်အစ်မရဲ့”
“ဒါဆို ယူသွားကြလေကွယ်…
မြို့ကအထည်တွေဆိုတော့သူတို့လည်းကြိုက်ကြမှာပေါ့”
သူဌေးကတော်က ဘွားမယ်စိန်တို့ကို ကျေးဇူးရှင်များဟုသတ်မှတ်ပြီး ရွာ၌ကျန်ခဲ့သူများအဖို့ပါ
လက်ဆောင်များထည့်ပေးရှာသည်။
ဘွားမယ်စိန်ကငွေကြေးများလက်မခံလေတော့
အဝတ်အထည်များနဲ့…ဆန်များ…ဆီများကိုနှမြောခြင်းမရှိ
ပေးကြလေသည်။
ထိုသို့ဖြင့်ဘွားမယ်စိန်တို့သည်
သူဌေးကတော်တို့နှင့်ဒေါ်သိန်းတို့ကို
နှုတ်ဆက်ပြီးသောင်ထွန်းရွာသို့ပြန်လာရာလမ်း၌
မောင်တိုးနဲ့မောင်အုန်းမှာလေလေးတချွန်ချွန်ဖြင့်
သဘောကျနေခဲ့ကြတော့သည်။
မိန်းမနဲ့ချစ်ရသူအဖို့ လက်ဆောင်များပါလာ၍
သူတို့နှစ်ယောက်မှာ အတော်လေးပျော်မြူးနေကြရှာသည်။
ဤသို့ဖြင့်အမဲသားကြိုက်သောသရဲမဟုသည့်
ဇာတ်လမ်းလေးလည်းပြီးဆုံးသွားခဲ့ပါသည်။
ယဥ်မင်း(ကန့်ဘလူ)