“ကိုယ်ပြုသည့်ကံ”(စ/ဆုံး)
————————-
အသက်သုံးဆယ်ရှိနေပြီဖြစ်တဲ့
ကိုအောင်ပိုတစ်ယောက်
သူ့အဖေကိုသွားတိုင်တယ်။
“အဖေ•••
ဘေးအိမ်က ဒေါ်မြကြီးက
ဝါးပင်စိုက်တာ ကျွန်တော်တို့ခြံဘေး
ကပ်စိုက်ထားတယ်အဖေ။”ဆိုတော့
သူ့အဖေက ခပ်အေးအေးပဲ
“သူ့ခြံထဲသူစိုက်တာပဲငါ့သားရာ စိုက်ပါစေ”
အသက်(၆၀)အရွယ် အဖေက ခပ်အေးအေးဆိုတော့
ကိုအောင်ပိုတစ်ယောက်စောဒကမတက်တော့ပါဘူး
နောက်တော့အဖေသိမှာပေါ့လို့ပဲနေလိုက်တယ်။
နောက်တစ်မိုးကုန်ပြီး တစ်နွေရောက်တော့
ကိုအောင်ပိုတစ်ယောက်
အဖေလုပ်သူကိုသွားတိုင်ပြန်တယ်။
“အဖေ•••
ဘေးအိမ်ကဒေါ်မြကြီးကလေ
သူ့ဝါးပင်တွေကျွန်တော်တို့ခြံထဲရောက်နေလို့တဲ့
အဲ့ဒါ သူ့ဝါးပင်ကိုခြံကာတယ်ဆိုပြီး
ကျွန်တော်တို့မြေကိုသူ့ခြံထဲထည့်ကာနေတယ်။
ကျွန်တော်တားလိုက်ရမလား”
“နေပါစေသားရယ်•••
မပြောပါနဲ့ အိမ်နီးချင်းစကားများနေအုံးမယ်
အဖေတို့ခြံကအကျယ်ကြီးပါ မြို့မြေလဲမဟုတ်ကွာ
ရွာမြေကြီးကို”
အဖေလုပ်သူက အဲ့လိုပြောတော့ ကိုအောင်ပို
မနေနိုင်တော့ဘူး
“အဖေအဲ့ဒီလိုပြောကြေးဆိုရင်
သူ့ခြံလဲအကျယ်ကြီးကို။
ဒါသက်သက်လူပါးဝတာ
ကျွန်တော်သိသားပဲ ဝါးပင်စိုက်ကတည်းက
ကျွန်တော်တို့ခြံဘက်ကပ်စိုက်တာဆိုတော့
တစ်ချိန်ကျရင်ဒီလိုလုပ်မယ်ဆိုတာသိလို့
အဖေ့ကိုတိုင်တာ
အဖေက သူ့ခြံထဲစိုက်တာနေပါစေဆိုတော့
နေလိုက်တာ”
“အေးပါကွာ အဖေမသိလို့မဟုတ်ပါဘူး
ဒေါ်မြကြီးကလောဘကြီးတယ် စွာတယ်
ပြောရင်လက်ခံမှာမဟုတ်ဘူး စကားများရမှာ
အဖေတို့ဒီမြေလေးပါသွားလို့
ဘာမှမဖြစ်ပါဘူးကွာ
အိမ်နီးချင်း စကားမများချင်ဘူး”
“ဒါဆိုလဲပြီးတာပဲ”
ကိုအောင်ပို စိတ်ထဲကမကျေမနပ်နဲ့
နေလိုက်ရတယ်။
မိုးရောက်တော့မျှစ်တွေထွက်လာပြီ
မျှစ်တွေချိုးစားမယ်ဆိုတော့
ကိုအောင်ပို့အဖေက
“မချိုးပါနဲ့သားရယ်•••
အဖေတို့အပင်မဟုတ်ဘူးလေ သူစိုက်ထားတာ
သားစားချင်လိုချင်ရင်
ဒေါ်မြကြီးဆီခွင့်တောင်းပြီးမှချိုးပါ။”ဆိုတော့
ကိုအောင်ပို ဒေါ်မြကြီးဆီခွင့်သွားတောင်းတယ်။
“ဒေါ်ဒေါ်မြ
မျှစ်သုံးလေးချောင်းချိုးစားမယ်နော်”ဆိုတော့
ဒေါ်မြကြီးက
“ဟဲ့•••ဟဲ့•••
ဘယ်ချိုးစားလို့ဖြစ်မလဲ
တစ်မင်ဝါးလိုချင်လို့စိုက်ထားတာ
မျှစ်ချိုးစားရင်ဝါးဘယ်ရတော့မလဲဟဲ့
နည်းနည်းပါးပါးသိအုံးမှပေါ့”လို့အော်ခဲ့တယ်။
ကိုအောင်ပိုတစ်ယောက် စိတ်ထဲကနေ
“မျှစ်ချိုးရင်ဝါးမရတာသိသားပဲ
မျှစ်စားချင်လို့မဟုတ်ဘူးဟေ့
ဝါးရုံထပ်ကြီးလာမှာစိုးလို့
အဖေကသဘောကိုကောင်းလွန်းတယ်။”လို့
စိတ်ထဲကပြောပြီး မကျေမနပ်နဲ့ပြန်လာခဲ့တယ်။
ဒေါ်မြကြီးရဲ့သား ကိုအောင်ပိုရဲ့သူငယ်ချင်းကတော့
ကိုအောင်ပိုကိုအားနာကြည့်နဲ့ကြည့်ခဲ့တယ်။
မျက်နှာသုန်မှုန်ပြီးပြန်လာတဲ့ကိုအောင်ပိုကို
သူ့အဖေက ပြုံးပြီး
“ဘာတဲ့လဲသား”
“မရပါဘူးအဖေရာ သူဝါးလိုချင်လို့စိုက်ထားတာ
မချိုးနဲ့တဲ့ ကိုယ့်ဘက်ရောက်နေတာကို
ကိုယ့်ဘာသာချိုးတော့သူသိတာလဲမဟုတ်ဘူး ။
အဖေကိုက သဘောကောင်းလွန်း
စောင့်ထိန်းလွန်းပါတယ်ဗျာ”လို့ အဖေကို
မကျေမနပ်ပုံနဲ့ပြန်ပြောလိုက်တယ်
နောက်ငါးနှစ်အကြာမှာတော့
ကိုအောင်ပိုတို့မြေထဲရောက်နေတဲ့ဝါးရုံက
တအားကိုပွားနေပြီ ဒီတော့ ဒေါ်မြကြီးက
ဝါးရုံကိုတင်ခြံကွက်ခတ်တာမဟုတ်တော့ဘူး
ဝါးရုံရှေ့ပေသုံးဆယ်လောက်ကနေ
စွေပြီးသူ့ဝါးရုံကိုခြံခတ်တော့တာ။
ဒီတစ်ခါလဲ ကိုအောင်ပိုသူ့အဖေကိုသွားတိုင်တယ်
သူ့အဖေက
“သူ့ဥစ္စာမှန်ရင် သူရမှာပေါ့ကွာ
တို့ဥစ္စာမှန်ရင်တို့ပြန်ရမှာပါ နေပါစေ”ဆိုတော့
ကိုအောင်ပိုမနေနိုင်တော့ဘူး
“အဖေအဲ့လိုလုပ်နေ
ကြာရင်ကျွန်တော်တို့တစ်ခြံလုံးပါသွားမယ်။
အလကားမိန်းမကြီး ဥပုသ်နေ့ဆိုလဲ
စောင့်လိုက်ရတဲ့ဥပုသ် သူ့အပြင်မရှိဘူး
တရားစခန်းဖွင့်ရင်လဲ ဝင်လိုက်ရတဲ့တရားစခန်း
သူ့အပြင်မရှိဘူး ဘာတရားမှမရှိဘူး”လို့
ခပ်ကျယ်ကျယ်ပြောတော့ အားနာတတ်တဲ့
သူ့အဖေက
“ကြားသွားပါအုံးမယ်•••တိုးတိုးပြောပါကွ”ဆိုပြီး
သူ့အဖေကတားတယ်။
အမှန်တော့ ကြားအောင်တမင်ပြောတာ
လူကြီးလုပ်တဲ့အဖေက မလှုပ်တော့
သူကတားရပြောရခက်နေတယ်။
ဒါပေမဲ့ သူတို့လုပ်တာတွေ မှားနေမှန်းနဲ့
မကျေနပ်ကြောင်းသိရအောင်ဆိုပြီး
ကိုအောင်ပိုတစ်ယောက် သူတို့ခြံခတ်တာကို
သွားရပ်ကြည့်နေလိုက်တယ်။
သူနဲ့သက်တူရွယ်တူ
ဒေါ်မြကြီးရဲ့သားနှစ်ယောက်ကတော့
ရှက်တဲ့ပုံ အားနာတဲ့ပုံနဲ့
ကိုအောင်ပိုကိုကြည့်ခဲ့ကြတယ်။
သူတို့လဲသူတို့အမေခိုင်းတာကို
မလွန်ဆန်နိုင်တဲ့ပုံပါပဲ။
ဒီတစ်မိုးမှာတော့ ဒေါ်မြကြီး သူ့ဝါးရုံကိုရှင်းရင်းနဲ့
ဝါးငုတ်ထိုးမိရာကနေ ဖျားတယ်။
အနာအရှိန်နဲ့ဖျားတာပါဆိုပြီး
ခပ်ပေါ့ပေါ့နေမိရာကစပြီး
အသည်းအသန်ဖျားတော့တယ်။
တစ်ခါတစ်ခါ သတိလစ်တဲ့အထိပဲ
ရွာမှာကလဲဆရာဝန်ကမရှိ ဒေါက်တာရန်းကုနဲ့ပဲ
ကုကြရတာ
အနာကပြည်တွေကလဲအထဲလှိုက်စားနေတယ်။
တစ်ခါတော့ ဒေါ်မြကြီးတစ်ယောက်
မေ့မျောသွားတယ်။
သူသတိပြန်ရလာတော့
“ငါ့ကိုဝါးရုံတောထဲပစ်ထားကြတယ်
ဆူးတွေဆူးနေတယ်
ငါ့ကိုဝါးရုံထဲကနေထုတ်ပေး”ဆိုပြီး
ကယောင်ကတန်းတွေပြောနေတယ်။
အဲ့ဒီလိုပြောရင်းကနေပဲ
အသက်ပါသွားတော့တယ်။
ဒေါ်မြကြီးဆုံးတာလေးရက်မြောက်နေ့မှာတော့
ဒေါ်မြကြီးရဲ့သားနှစ်ယောက်က
မျက်စိပျက်မျက်နှာပျက်နဲ့
ကိုအောင်ပိုရဲ့အိမ်ကိုရောက်လာကြပြီး
ကိုအောင်ပိုရဲ့အဖေကို
“လေးဘအောင်•••
အမေကလေ သူဝါးရုံတောထဲမှာ
နေနေရတယ် ဆူးတွေလဲဆူးတယ်
သူ့ကိုဝါးရုံတောထဲကထုတ်ပေးပါဆိုပြီး
အိပ်မက်လာပေးနေတယ်။”
“ဟုတ်ရဲ့လားကွာ မင်းတို့စိတ်စွဲနေလို့များလား”
“စိတ်စွဲလို့မက်တာမဖြစ်နိုင်ဘူးလေးဘအောင်
မက်တာကညတိုင်းဖြစ်နေတယ်။
ပြီးတော့
ကျွန်တော်တစ်ယောက်ထဲမက်တာမဟုတ်ဘူး
ညီကိုနှစ်ယောက်လုံးမက်တာဖြစ်နေတယ်
လေးဘအောင်တို့မြေကိုယူပြီးကာထားတဲ့ခြံကို
အရင်အတိုင်းပြန်ကာချင်တယ်။
ဝါးရုံကလဲ လေးဘအောင်တို့မြေထဲမှာရှိနေတာ
အဲ့ဒါလဲပြန်ပြင်ကာမယ်
လေးဘအောင်တို့မြေထဲရှိတဲ့
ဝါးရုံကို လေးဘအောင်တို့ယူချင်လဲယူပါ
မယူချင်ဘူး လာရှင်းပေးဆိုရင်လဲ ရက်လည်ပြီးရင်
ကျွန်တော်တို့ညီကိုလာရှင်းပေးပါမယ်။”
အဲ့ဒီတော့ကိုအောင်ပို့အဖေက
“မင်းတို့သဘောကျလုပ်ပါကွာ စကာကတည်းကလဲ
လေးဘအောင်ကဘာမှမပြောပါဘူး
ခွင့်ပြုထားတာပဲ။”
“ဒါတော့ဒါပေါ့လေးဘအောင်ရာ
အမေကလောဘကြီးပြီးမဟုတ်တာလုပ်တာပါ
အခု သူဝါးရုံတောထဲရောက်နေတယ်တဲ့။”
“ဟုတ်လား•••အေးပါကွာ
မင်းတို့အဆင်ပြေသလိုလုပ်ပါလေ
ဝါးရုံကိုရှင်းချင်လဲ ကိုယ့်ဘာသာပဲ
ရှင်းလိုက်ပါမယ်ကွာ။”
ဘေးနားကရပ်နားထောင်နေတဲ့
ကိုအောင်ပိုကတော့
ဒေါ်မြကြီးသားနှစ်ယောက်ပြန်သွားတဲ့အခါ
“အဖေ•••
ဒီအတိုင်းဆိုရင်ဒေါ်မြကြီးဟာ သူ့လောဘနဲ့
မတော်မတရားလုပ်တာကြောင့်
ပြိတ္တာဘဝရောက်နေတာ
ထင်တယ်နော်။”လို့ဆိုတော့
သူ့အဖေက
“အင်း•••ဟုတ်တယ်ကွ
ဒီအတိုင်းဆိုရင်တော့
အဲ့ဒီလိုပဲပြောရတော့မှာပဲ။
အဲ့ဒါပဲလေကွာ
သေရင်ကိုယ့်နောက်ပါမှာမဟုတ်ဘဲနဲ့
သူများပစ္စည်းမတော်မတရားလိုချင်ကြတာ
ပစ္စည်းကတော့ကိုယ့်နောက်မပါဘူး
ကိုယ်ကပစ္စည်းနောက်ပါသွားရတော့တာ
အဖေပြောသားပဲ ကိုယ့်ဥစ္စာမှန်နေတာပဲ
ကိုယ်ပြန်ရမှာပါလို့
သူတို့ဝါးလိုချင်ရင် မျှစ်ချိုးစားချင်ရင်လဲ
ပေးသာပေးနော်ငါ့သား
အခုလဲ သူတို့ခြံကာတာကို
ဝိုင်းကူလိုက်ပါအုံး”လို့ပြောလိုက်ပါတယ်။
ကိုအောင်ပိုကတော့သူ့အဖေကို
သဘောကျလက်ခံတဲ့အကြည့်နဲ့
ကြည့်ပြီး သူတို့မြေလေးပြန်ရတော့မယ်
ဝါးရုံကအဆစ်ပါသေးဆိုပြီး
သဘောကျနေပါတော့တယ်။
မင်းကြည်
၂၄-၁၁-၂၀၂၂