အောင်မြတ်သာနှင့်လူရွတ်ငအောင်
++++++++++++++++++++++++
“ ငအောင်.. တောင်ပေါ်မှာ ဘိုးတော်လိုလို ဘာလိုလို လူတွေရောက်နေတယ်တဲ့”
မောင်မြင့်စကားကြောင့် အရက်ခွက်ကိုကိုင်ထားတဲ့ ငအောင်က စုတ်တစ်ချက်သပ်လိုက်ပြီး
“ ဘိုးတော်မကလို့ ဘာပဲရောက်ရောက် မင်းနဲ့ဘာဆိုင်လို့လဲ၊ သောက်စရာရှိတာသောက်”
ငအောင်က အရက်ခွက်ကို ဇောက်ခနဲချပေးလိုက်ပြီး စားပွဲပေါ်မှာရှိတဲ့ ငါးခြောက်တစ်ဖတ်ကို ကောက်ဝါးလိုက်တယ်။
“ ငါက ဒီတိုင်းပြောပြတာပါကွ”
“ အဲဒါတွေ ငါစိတ်မဝင်စားဘူး၊ ငါစိတ်ဝင်စားတာက စာသင်ကျောင်းထဲက ကောင်ပဲ”
“ စာသင်ကျောင်းမှာ ဘယ်သူရှိလို့လဲကွ၊ ဒီအချိန်က ကျောင်းပိတ်ထားတာမဟုတ်လား”
“ လူကိုပြောနေတာမဟုတ်ဘူးကွ၊ မနေ့ညက ငါအရက်သောက်ပြီးပြန်တော့ စာသင်ကျောင်းခေါင်မိုးပေါ်ကနေ ငါ့ကိုခဲနဲ့လှမ်းပစ်တာခံလိုက်ရတယ်။ ငါလဲ ခဲကျတဲ့နေရာကိုမော့ကြည့်လိုက်တော့ မဲကျုတ်ကျုတ်ကောင် တစ်ကောင် ငုတ်တုတ်ထိုင်နေတာကွ၊ ဒီကောင်ကို ငါမကျေနပ်ဘူး၊ မင်းနဲ့ငါ ဒီည စာသင်ကျောင်းထဲက ကောင်ကိုသွားဖမ်းရအောင်”
“ ကျေးဇူးရှင်ရယ် အဲဒါတော့ ငါမလိုက်ပါရစေနဲ့၊ တစ်ခြားဟာလုပ်ပါလားကွာ”
“ မရဘူး… ဒီကောင် ငါ့ကိုခဲနဲ့ထုတာမကျေနပ်နိုင်ဘူး၊ မင်းမလိုက်ရင် ငါတစ်ယောက်ထဲသွားမယ်”
ငအောင်က ယိုင်တိယိုင်တိုင်ဖြစ်နေတဲ့ ခန္ဓာကိုယ်ကို တည့်မတ်အောင်ထိန်းလိုက်ပြီး အရက်ဆိုင်ထဲကနေ ထွက်သွားပါလေရော။
“ ဟေ့ကောင်တွေ ငအောင် ထွက်သွားပြီဟ၊ တစ်ခုခုလုပ်ကြဦး”
“မင်းတောင်ပြောမရတာ ငါတို့ပြောရင် ဟိုကပြဿနာရှာနေပါဦးမယ်”
“ ဒီကောင်နဲ့တော့ သောက်ပြသာနာပဲကွာ… ဟူး”
မောင်မြင့်က ဗျစ်တောက်ဗျစ်တောက်ရေရွတ်ရင်း အရက်ပုလင်းထဲမှာကျန်နေတဲ့ လက်ကျန်ကို တစ်ရှိန်ထိုးမော့ချကာ ငအောင် နောက်ကို လိုက်သွားခဲ့ပါတော့တယ်။
ဆိုင်အပြင်ရောက်တော့ ငအောင်ရဲ့ အရိပ်အယောင်ကိုမမြင်ရပဲ လမ်းပေါ်မှာအိပ်နေတဲ့ ခွေးအချို့ကိုသာမြင်လိုက်ရတယ်။
“ မှောင်မှောင်မဲမဲထဲ ဘယ်ရောက်သွားပါလိမ့်”
မောင်မြင့်က ငအောင်ကို လိုက်ရှာပေမယ့် အရိပ်အယောင်တောင်မတွေ့ရတာကြောင့် သီချင်းလေးညဉ်းကာ အိမ်ဘက်ကို ထွက်လာခဲ့လိုက်တယ်။
“ မောင်မြင့်… မင်းလား”
အသံက ခပ်အုပ်အုပ်ထွက်လာတာကြောင့် မောင်မြင့် ဘေးဘီကိုလိုက်ကြည့်ရာ ဘာမှမတွေ့။
“ မောင်မြင့်… ငါ့ကိုလာကူဦးဟ”
ဒီတစ်ခါတော့ မောင်မြင့် ကြက်သီးမွှေးညှင်းတွေ ထလာပြီး သောက်ထားတဲ့အရက်ခိုးတွေပျောက်လုမတတ်ဖြစ်သွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ မြင်ကွင်းအရှင်းကြီးမှာ ဘယ်သူမှမရှိလို့ပဲ။
“ ဘယ်သူလဲကွ… ငါ့နာမည်ခေါ်တာ”
မောင်မြင့် ကြောက်ကန်ကန်ပြီး အော်လိုက်တဲ့အချိန်
“ မင်းမေကလွှား အခုထိမလာသေးဘူးလားကွ၊ ငါ ရေတွင်းထဲကျနေတာဟ”
အဲဒီတော့မှ မောင်မြင့်လဲ အသံကြားတဲ့ဘက်ကို စမ်းတဝါးဝါးနဲ့လျောက်သွားရာ ဘောင်မပါတဲ့ ရေတွင်းထဲမှာ ရေခပ်ကြိုးကိုကိုင်ထားတဲ့ ငအောင်ကို မြင်လိုက်ရတယ်။
မောင်မြင့်လဲ ငအောင်ကိုမြင်တော့ ဗိုက်ကိုနှိပ်ကာ ရယ်ပြီး ဘေးအိမ်ကလူတွေကို အကူညီတောင်းကာ ရေတွင်းထဲကနေ အပေါ်ရောက်အောင် ဆယ်ပေးခဲ့ရတယ်။
ရေတွင်းပေါ်ကတက်လာတဲ့ ငအောင်က မောင်မြင့် အနားကိုကပ်ပြီး
“ မောင်မြင့် အရက်သွားပြန်သောက်ရအောင်”
“ တော်ပါပီကွာ ညလဲနက်နေပြီ ဆိုင်တွေလဲပိတ်ပြီဟ၊ မင်းတစ်ကိုယ်လုံးလဲ ရေတွေရွှဲနေတာ အိမ်ပြန်တော့”
“ မင်းဘာသိလို့လဲ… ငါ့ကို စာသင်ကျောင်းထဲက ကောင် တွန်းချလိုက်တာ၊ ဒါကြောင့် ဒီညတော့ ဒင်းကို မရရအောင်ဖမ်းရမယ်”
မောင်မြင့်က သူ့ကို ဂျစ်တိုက်နေတဲ့ ငအောင်ကို ပြောမရတဲ့အဆုံး
“ ဒီနေ့တော့ သရဲမဖမ်းနဲ့ဦး၊ မနက်ဖြန် ညကျရင် ငါကိုယ်တိုင် မင်းနဲ့တူတူ သွားဖမ်းမယ်၊ သူငယ်ချင်းရယ် ဒီညတော့ စိတ်လျော့လိုက်ပါကွ” လို့ ချော့မော့ပြောနေတဲ့အချိန် ငအောင်ရဲ့ အစ်မဖြစ်သူ အနားကိုရောက်ချလာခဲ့တယ်။
“ ငအောင်… နင်ဆိုသည်မှာလဲ ဖြစ်လိုက်ရင် မျက်လုံးပြူးမျက်ဆန်ပြာပဲ၊ လူကလဲ မူးနေတာ ဒေါင်ချာစိုင်းနေပြီ၊ လာ… အိမ်ပြန်မယ်”
မကြီးက ငအောင် လက်ကိုဆွဲပြီး အိမ်ကိုပြန်ခေါ်သွားခဲ့တယ်။
ဒီတော့မှ မောင်မြင့်လဲ ဟင်းခနဲသက်ပြင်းချပြီး မိမိနေတဲ့အိမ်ဘက်ကို ပြန်ခွင့်ရသွားခဲ့ပါတော့တယ်။
ငအောင်က မူးနေရင်သာ ပေါက်ကရလျောက်လုပ်တတ်ပေမယ့် အရက်မသောက်တဲ့အချိန်ဆိုရင် စကားကို လေးလုံးကွဲအောင် မပြောတဲ့လူစား။
ရွာထဲက ကလေးတွေဆိုလဲ ငအောင် အလုပ်က ပြန်လာပြီဆိုရင် လက်ဆွဲတဲ့သူကဆွဲ၊ ကြိုတဲ့သူက ကြိုနဲ့။ ဘာကြောင့်လဲဆိုတော့ ငအောင်က ကလေးတွေမြင်ရင် သူ့အိတ်ကပ်ထဲမှာပါတဲ့ ပိုက်ဆံတွေကုန်တဲ့ထိ မုန့်ဝယ်ကျွေးတတ်လို့ပဲ။
ငအောင်အလုပ်က လယ်ထွန်စက်ပြင်တာဆိုတော့ ကွင်းရွာတွေဘက်ကို မကြာမကြာ သွားရတယ်။ တစ်ခါတစ်လေ စက်ပြင်ရတဲ့ လယ်ပိုင်ရှင်တွေက ငါးတွေပုဇွန်တွေ အိမ်အတွက်အမြဲ ပေးနေကြ။
ဒါပေမယ့် ပေးလာတဲ့အရာမှန်သမျှ အိမ်ကိုပြန်
မလာပဲလမ်းမှာတွေတဲ့ မရှိနွမ်းပါးတဲ့သူတွေကို အကုန်ပြန်ပေးခဲ့ငအောင်ရဲ့ အကျင့်။
ရပ်ရွာထဲမှာ ဘာပဲလုပ်လုပ် ငအောင်မပါရင်မပြီး၊ နောက်ပြီး ဘယ်ပြဿနာမဆို ငအောင်ကအမြဲပါနေကြ။
အခုလဲ ငအောင်တစ်ယောက် အိပ်ယာနိုးတာနဲ့ မောင်မြင့်အိမ်ဘက်ကို ငိုက်စိုက်ငိုက်စိုက် ထွက်သွားခဲ့တယ်။
“ ဒေါ်လေးစိန်… မောင်မြင့်ရှိလား”
“ မရှိဘူးကွယ့်… လယ်ကွင်းဘက် ခဏသွားမယ်လို့ပြောတာပဲ”
ဒေါ်လေးစိန်စကားကြောင့် ငအောင်လဲ မောင်မြင့်ရှိရာ လယ်ကွင်းဘက်ကို ထွက်လာခဲ့လိုက်တယ်။ ဟိုရောက်တော့ လယ်စောင့်တဲတစ်ခုက ဖဲဝိုင်းဘေးမှာ ထိုင်နေတဲ့ မောင်မြင့်ကိုမြင်လိုက်ရတယ်။
“ မောင်မြင့်… မင်းက ငါ့ကိုတောင်လာမခေါ်ပါလား”
“ မဟုတ်ဘူးကွ… ငါလဲ ဒီကိုခဏပဲလာတာ အခုပြန်တော့မလို့”
“ ရောက်လက်စနဲ့ ခဏထိုင်ကြည့်လိုက်ဦးမယ်၊ မင်းလဲမပြန်နဲ့ဦး”
ငအောင်က မောင်မြင့်ပခုံးကိုဖက်ပြီး ဖဲဝိုင်းဘေးမှာ ဝင်ထိုင်ကာကြည့်နေခဲ့လိုက်တယ်။ ဝိုင်းက အတော်ကြီးတာမို့ မောင်မြင့်တို့လဲ မပြန်ဖြစ်သေးပဲ ဟိုကြည့်ဒီကြည့်လုပ်နေတဲ့အချိန် ငအောင်က အရက်ဝိုင်းဘေးမှာချထားတဲ့ အရက်ပုလင်းကို ကောက်ကိုင်ကာ ဖဲဝိုင်းမှာထိုင်နေတဲ့လူကို ခွပ်ခနဲ ရိုက်ချလိုက်တယ်။
ရုတ်တရက်မို့ လူတွေအားလုံးကြောင်နေပြီး ရိုက်ခံထိတဲ့သူလဲ ငအောင်ကို မျက်လုံးအပြူးသားနဲ့ မော့ကြည့်နေခဲ့တယ်။
“ ဟေ့ကောင် ငအောင်… သူများကို ဘာလို့ရိုက်တာလဲကွ”
“ မင်းတို့ဘာသိလို့လဲ… ဒီကောင်က ဖဲလိမ်ရိုက်နေတာကွ၊ ဟောဒီမှာကြည့်”
ငအောင်က ရိုက်ခံထိတဲ့သူကို တွန်းဖယ်ပြီး ဖျာအောက်ကိုလက်နဲ့နှိုက်လိုက်ရာ ဖဲချပ်နှစ်ချပ်ထွက်လာခဲ့တယ်။
အဲဒီတော့မှ ဖဲဝိုင်းကလူတွေလဲ ငအောင် ဘာကြောင့်ရိုက်တယ်ဆိုတာသိသွားပြီး ကျေးဇူးတင်စကားပြောဖို့အလုပ် ရွာဘက်ကို ထွက်သွားတဲ့ငအောင်နဲ့မောင်မြင့်ရဲ့ နောက်ကျောကို မြင်လိုက်ရတယ်။
ငအောင်က အဲဒီလို မဟုတ်မခံလူစားမျိုး၊ တစ်ခါကလဲ မောင်မြင့်နဲ့ ပြဿနာတက်ဖူးတဲ့သူကို အရက်ဆိုင်ထဲမှာ မပြောမဆိုနဲ့ ဝင်ရိုက်ခဲ့ဖူးတယ်။
သူနဲ့ဆိုင်လားဆိုတော့ လုံးလုံးမှ မဆိုင်၊ အစ်မဖြစ်သူက နင်နဲ့မဆိုင်ပဲ ဘာလို့ရိုက်တာလဲလို့ပြောတော့ သူ့သူငယ်ချင်းနဲ့ ပြဿနာဖြစ်တဲ့သူတိုင်း သူနဲ့ဖြစ်တာပဲတဲ့။
++++
ဒီနေ့တော့ ငအောင် တစ်ယောက် မနက်ထဲကနေ ညနေစောင်းတဲ့အထိ အိမ်ပေါ်မှာငြိမ်နေခဲ့တယ်။ ခါတိုင်းဒီအချိန်ဆို အရက်ဆိုင်ရောက်နေပြီဖြစ်တဲ့ မောင်ဖြစ်သူက ဒီနေ့မှ ဘယ်မှမသွားတာကြောင့် အစ်မဖြစ်သူတစ်ယောက် အံ့ဩနေတဲ့အချိန်
“ ငအောင်ရှိလားဟေ့” ဆိုတဲ့အသံက အိမ်ရှေ့ကနေ ထွက်လာခဲ့တယ်။
“ ဦးလေးပု ပါလား… ဘယ်ကနေ ဘယ်လိုလှည့်လာတာလဲ”
“ နင်တို့ဆီပဲ အလည်လာတာ၊ ငါ့တူရော ဘယ်ရောက်နေလဲ”
“ ရှိပါ့ ဦးလေးပုရေ… ငအောင်ရေ နင့် ဦးလေး လာတယ်ဟေ့”
မကြီးအသံကြောင့် အိမ်ခန်းထဲမှာ လှဲနေတဲ့ ငအောင် တစ်ယောက် အိမ်ရှေ့ထွက်လာခဲ့လိုက်တယ်။
“ ငါ့တူနဲ့တောင် မတွေ့တာကြာပြီ၊ မင်း နည်းနည်းပိန်သွားတယ်နော်”
“ ဟုတ်တယ် ဦးလေးပုရေ၊ နေ့တိုင်းသောက်နေမှတော့ မပိန်ပဲနေမလား”
ငအောင်က မကြီးစကားကို ရှိတယ်လို့တောင် မထင်ပဲ ဦးလေးပုဘေးမှာဝင်ထိုင်လိုက်တယ်။
ဦးလေးပုဆိုတာက ငအောင်ကိုမွေးထဲကနေ ထိန်းလာတဲ့လူ။ အခုလဲ မရောက်တာကြာပြီဖြစ်တဲ့ ငအောင်ဆီကို အလည်ရောက်လာခြင်းပင်။
တူဝရီးနှစ်ယောက် စကားထိုင်ပြောနေရင်း(တကယ်တော့ ဦးလေးပုကပဲပြောနေတာ)
“ အကြီးမရေ… ငအောင်နဲ့ငါဒီည နည်းနည်းသောက်မယ်နော်”
“ ဒီတိုင်းပဲစကားပြောကြပါလား၊ သမီး ထမင်းပြင်ထားပေးမယ်လေ”
“ ငါ့တူနဲ့ငါ တစ်ခါတစ်လေဆုံတုန်း သောက်ပါရစေကွယ်”
“ ဒီကောင်အကြောင်း ဦးလေးပု ဘာသိလို့လဲ၊ သူက မူးလာရင် လမ်းယူတာမဟုတ်ဘူးနော်”
“ ဟားဟား ဒီကောင်ကို ငါထိန်းလာတာပါဟ၊ ငါ့တူက ငါပြောရင် ပြီးပါတယ်”
မကြီးလဲ ပြောမရတဲ့အဆုံး အိမ်ပေါ်ပြန်တက်ကာ မနက်ဈေးဈယ်ရမယ့် စာရင်းတွေကို တွက်ချက်နေခဲ့လိုက်တယ်။
တူဝရီးနှစ်ယောက်လဲ စကားလေးပြောလိုက် အရက်လေးသောက်လုပ်လုပ်နေရင်းကနေ ညဆယ်နာရီလောက်ရောက်တော့
“ ငါ့တူ .. ဦးလေးပုကို ပြန်ချပေးပါကွာ၊ ငါ့တူက လိမ်မာပါတယ်” ဆိုတဲ့အသံခပ်တိုးတိုး ကိုကြားလိုက်ရတယ်။
မကြီးလဲ အိပ်နေရင်း ဒီစကားကို ထပ်ခါထပ်ခါကြားနေရတော့ စိတ်ထဲ မသင်္ကာတော့ပဲ အိမ်ရှေ့ထွက်ကြည့်လိုက်ရာ ငအောင်က ဦးလေးပုကို ချီပြီး ရေတွင်းဘက်ကို လမ်းလျောက်သွားတာမြင်လိုက်ရတယ်။
“ ငအောင်… နင် ဘာလုပ်မလို့လဲ”
မကြီးအသံကြောင့် ငအောင်က နောက်ကိုလှည့်ကြည့်ပြီး
“ ဒီလူကြီး စကားအရမ်းများလို့ ရေတွင်းထဲပစ်ချမလို့” ဆိုပြီးပြောကာ ဆက်ထွက်သွားခဲ့တယ်။
မကြီးလဲ သူမဆွဲရင် ဦးလေးပု ဒုက္ခရောက်တော့မှာမြင်တဲ့အတွက် အိမ်ပေါ်ကနေ ပြေးဆင်းပြီး ငအောင်ရဲ့လက်ကိုဆွဲကာ
“ ငအောင်… ဦးလေးပုကို ပြန်ချလိုက်စမ်း၊ နင်ဟာလေ မူးလာရင် ပြဿနာရှာလိုက်ရမှ” လို့အော်ပြောလိုက်မှ ဦးလေးပုကို ဘုတ်ခနဲ ပစ်ချပြီး အိမ်အပြင်ဘက်ကို ထွက်သွားခဲ့တယ်။
“ ဦးလေးပု အဆင်ပြေရဲ့လား”
“ ပြေ ပြေပါတယ်… ဒီကောင် အရင်က အခုလိုမဟုတ်ပါဘူး”
“ ကျွန်မပြောသားပဲ ငအောင်က မူးလာရင် စိတ်ထင်ရာလျောက်လုပ်ပါတယ်ဆို၊ ဒါနဲ့ ဦးလေးပုက ဘာလို့ အသံကျယ်ကျယ် မအော်တာလဲ”
“ ဒီကောင်က ငါ့ကို အော်တာနဲ့ ပစ်ချမယ်ပြောလို့ အသံမထွက်ရဲတာ”
ဦးလေးပုစကားကြောင့် မကြီးလဲ ရယ်ရခက်ငိုရခက်ဖြစ်သွားပြီး
“ ဦးလေးပုလဲ မူးနေပြီဆိုတော့ ထမင်းစားပြီး အိပ်လိုက်တော့လေ”
“ နေ နေ … ငါ ရွာအောက်ပိုင်းက အသိအိမ်မှာပဲ သွားအိပ်တော့မယ်၊ မတော်လို့ ဟိုကောင်ပြန်လာရင် ငါ့ကိုပြဿနာရှာနေပါဦးမယ်”
ဦးလေးပုလဲ ငအောင်ကို ကြောက်လန့်ပြီး တစ်ချိုးထဲလစ်ပြေးပါလေရော။ မကြီးကတော့ ငအောင် အိမ်ကထွက်သွားပြီး ဘာပြဿနာများ ရှာလာမလဲဆိုတဲ့စိတ်နဲ့ အိမ်ပေါက်ဝမှာ ထိုင်စောင့်နေတဲ့အချိန်
“ မကြီးရေ… မကြီး… ငအောင် ရွှေမြင်တင် တောင်ပေါ်တက်သွားလို့ လိုက်ကြည့်ပေးပါဦး” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
“ ဒီအချိန်ကြီး တစ်ယောက်ထဲ တက်သွားတာလား”
“ ဟုတ်တယ်ဗျ… ကျွန်တော်နဲ့ ဖိုးတူ တောလိုက်ဖို့လုပ်နေတဲ့အချိန် ငအောင်ကို မြင်လို့ မကြီးကိုလာပြောတာ”
“ ဒီသေနာကောင်ကတော့ ညကြီးအချိန်မတော် ဒုက္ခပါပဲ”
မကြီးလဲ အိမ်နီးနားချင်းတွေကိုခေါ်ပြီး ရွှေမြင်တင် တောင်ပေါ်ကို ချက်ချင်းလိုက်တက်သွားခဲ့တယ်။ တောင်ရဲ့ တစ်ဝက်လောက်ကိုရောက်တော့ နှစ်ချို့ မန်ကျီးပင်အောက်မှာ ငအောင်ရဲ့ ဖိနပ်ကိုတွေ့လိုက်ရတာကြောင့် အပေါ်ကိုမော့ကြည့်လိုက်ရာ ပေ၁၀၀လောက်မြင့်တဲ့ မန်ကျီးပင်ထိပ်မှာ မတ်တပ်ရပ်နေတဲ့ ငအောင်ကို မြင်လိုက်ရတယ်။
“ ဟေ့ကောင် ငအောင်၊ မန်ကျီးပင်ပေါ် ဘာတက်လုပ်တာလဲ ဆင်းလာစမ်း”
“ ငအောင်… အခုချက်ချင်းဆင်းလာစမ်း”
မကြီးနဲ့ ရွာကလူတွေရဲ့ အော်သံကြားတော့ ငအောင်က အောက်ငုံ့ကြည့်ပြီး မျက်နှာသေကြီးနဲ့ ရယ်ပြနေခဲ့တယ်။
“ ဒီကောင်ပုံစံကြည့်ရတာ သာမန်မဟုတ်လောက်ဘူး၊ တစ်ခုခုပူးကပ်နေသလိုပဲ”
အဖွဲ့ထဲမှာပါလာတဲ့ ဦးစိန်တိုးစကားကြောင့် မကြီး ပြာယာခတ်သွားပြီး
“ ဘယ်လိုလုပ်ကြမလဲ.. မတော်လို့ အပေါ်ကနေ ခုန်ချလိုက်ရင် ဒုက္ခပါပဲ”
“ ကျွန်တော်တို့မှာ ပရိတ်ရေဘူးပါတယ်၊ အပေါ်တက်ပြီး ပရိတ်ရေနဲ့ဖြန်းလိုက်ရမလား”
“ လုပ်စမ်းပါဦး ဖိုးလူရာ”
ဖိုးလူလဲ တောတက်ရင် အမြဲဆောင်သွားတတ်တဲ့ ပရိတ်ရေဘူးကို ခါးကြားညှပ်ပြီး မန်ကျီးပင်ပေါ်ကို ကုပ်တွယ်တက်သွားခဲ့လိုက်တယ်။
ဖိုးလူလဲ ရေဘူးနဲ့လှမ်းပက်လို့ရတဲ့နေရာရောက်တော့ ပရိတ်ရေဘူးကိုထုတ်ပြီး အပေါ်ကိုပက်တင်လိုက်ရာ
“ အား…. ပူတယ် ပူတယ်” ဆိုတဲ့အသံနက်ကြီး ငအောင်ဆီကနေ ထွက်လာခဲ့တယ်။
“ ကိုအောင်… သတိထားဦး၊ အပင်မြင့်တယ်ဗျ”
“ ဟင်… ငါ ငါ ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ”
“ စကားနောက်မှပြောဗျ… အပင်ပေါ်ကနေ သတိထားပြီးဆင်းဦး”
ငအောင်လဲ အဲဒီတော့မှ သတိဝင်ပြီး မန်ကျီးပင်ပေါ်ကနေ တွယ်ဆင်းလာခဲ့တယ်။ အောက်ရောက်လို့မေးကြည့်တော့ ဦးလေးပုနဲ့ပြဿနာတက်ပြီး အရက်ဆိုင်ဘက်ကို ထွက်လာတဲ့အချိန် မအေးတို့အိမ်ရှေ့မှာ မိန်းမတစ်ယောက် ထိုင်ငိုနေတာမြင်လို့ မအေးပဲ သူ့ယောင်္ကျားနဲ့ စကားများလို့ငိုနေတာလို့ ထင်ပြီး အနားကပ်သွားတဲ့အချိန် အဲဒီမိန်းမက ကျွန်တော်ဂုတ်ကိုခွစီးလိုက်တာလို့ ပြန်ပြောခဲ့တယ်။
ဒီကိစ္စပြီးတော့ ငအောင် နှစ်ရက်လောက်ငြိမ်သွားပြီး သုံးရက်မြောက်နေ့ညမှာတော့ ထုံးစံအတိုင်း မွှေပါလေရော။
++++
ညကား ၁၂နာရီရှိနေပြီမို့ တစ်ရွာလုံးအိပ်မောကျကာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ အဲဒီအချိန်
“ ကတောက် ကတောက် ကတောက်”
“ ကတောက် ကတောက် ကတောက်” ဆိုတဲ့အသံက ရွှေမြင်တင်တောင်ပေါ်အတက်လမ်းကို တက်သွားလိုက် ဆင်းလာလိုက်နဲ့ လုပ်နေခဲ့တယ်။
မကြီးလဲ ငအောင်တစ်ယောက် အခုထိ ပြန်မလာသေးတာမို့ အိမ်ထဲမှာ တစ်ယောက်ထဲ ထိုင်စောင့်နေရင်း ကြားလိုက်ရတဲ့အသံကြောင့် ကြက်သီးမွှေးညှင်းတွေ ထလာပြီး
“ သရဲခြောက်တာများလား… ဒီအချိန်ကြီး ဘာသံများပါလိမ့်” လို့ရေရွတ်ကာ အိမ်တံခါးပေါက်ကနေ အသာလေးချောင်းကြည့်လိုက်တဲ့အချိန် လူတစ်ယောက် တောင်ပေါ်ကို တက်သွားတဲ့ အရိပ်ကိုမြင်လိုက်ရတယ်။
လူရိပ်က တောင်အတက်လမ်းကိုတက်သွားလိုက် အောက်ကိုပြန်ဆင်းလာလိုက်လုပ်နေတာကြောင့် စိတ်ထဲမသင်္ကာတော့ပဲ ဓါတ်မီးနဲ့ထိုးကြည့်လိုက်ရာ ငအောင်တစ်ယောက် ဝါးလုံးတစ်လုံးကို ထိပ်ကနေဆွဲပြီး တောင်တက်လမ်းပေါ်ကို အတက်အဆင်းလုပ်နေတာမြင်လိုက်ရတယ်။
ဒီတစ်ခါတော့ မကြီး ဘယ်လိုမှသည်းမခံနိုင်တော့ပဲ အိမ်ပေါ်ကနေဆင်းကာ ငအောင်ရဲ့ နားထင်ကို ဗြုန်းခနဲရိုက်ချလိုက်ပါတော့တယ်။
“ ဟဲ့အကောင် ဒီအချိန်က လူအိပ်ချိန်လေ၊ ဘယ်နှယ့် ဝါးလုံးတစ်လုံးကိုဆွဲပြီး ဆက်လိုက်ဆင်းလိုက် လုပ်နေရတာလဲ”
မကြီးစကားကြောင့် ငအောင်က အိပ်ရာကနေ နိုးလာတဲ့သူတစ်ယောက်လို ဖြစ်သွားပြီး
“ မကြီး.. ကျွန်တော် ဒီကိုဘယ်လိုရောက်နေတာလဲ၊ ခုနက အရက်ဆိုင်မှာ စကားထိုင်ပြောနေတာဗျ”
“ နင့်ပါးစပ်ကို ပိတ်ထားစမ်း… အိမ်ပေါ်အခုချက်ချင်းတက်”
ငအောင်က မကြီးစကားကို စောဒကမဆက်ရဲပဲ ကုပ်ကုပ်လေးနဲ့အိမ်ပေါ်ကိုတက်သွားခဲ့တယ်။
မနက်မိုးလင်းတော့ ငအောင်တစ်ယောက် ညကဖြစ်ခဲ့တဲ့ကိစ္စကို ပြန်စဉ်းစားပြီး အိမ်ရှေ့က ပုခက်မှာ လှဲအိပ်နေတဲ့အချိန် ရွှေမြင်တင် တောင်ပေါ်ကနေ ဆင်းလာတဲ့ ယောဂီဝတ်လူနှစ်ယောက်ကိုမြင်လိုက်ရတာကြောင့် စိတ်ထဲကနေ
“ ထူးထူးဆန်းဆန်း ငါတို့ရွာထဲ လူစိမ်းတွေရောက်နေပါလား”လို့ရေရွတ်လိုက်ပါ တော့တယ်။
ခဏနေတော့ မောင်မြင့်ရောက်လာပြီး
“ ငအောင်… ခုနက တောင်ပေါ်ကနေ ယောဂီဝတ်လူနှစ်ယောက်ဆင်းလာတာ မြင်လိုက်လား”
“ အေး… ငါလဲ ဒီကိစ္စတွေးနေတာ၊ မဟုတ်မှ လွဲရော သိုက်တူးဖို့လာကြတဲ့သူတွေများလား”
“ ဖြစ်နိုင်တယ်ကွ… ဟိုတစ်ခါ မင်းနဲ့ငါ တောင်ပေါ်တက်တုန်းက မနှင်းဆီဂူဘက်မှာ ပြန့်ကျဲနေတဲ့ ကန်တော့ပွဲတွေ မြင်ခဲ့တာ မှတ်မိလား”
“ အေး… ငါမှတ်မိတယ်၊ အဲဒီတုန်းက သိုက်ဆရာတွေ ဘာမှမရသွားဘူးမဟုတ်လား”
“ မနှင်းဆီနဲ့ မစံပယ်တို့စိတ်ဆိုးပြီး ထင်းခုတ်သွားတဲ့ သူတွေကိုပါ ခြောက်လှန့်လို့ ဘယ်သူမှတောင်ပေါ်မတက်ရဲကြတော့ဘူးလေ”
“ အခုငါတို့ အရင်လိုမဖြစ်အောင် သူတို့နောက်ကို ခြေရာခံလိုက်ကြရအောင်”
“ ငါ ငါ မအားသေးဘူးကွ… နောက်ပြီး အဲဒီဘက်ကို ငါမသွားရဲဘူး”
“ မင်းပြောလိုက်ရင် ဒီအတိုင်းပဲ… မအားရင်လဲ လုပ်စရာရှိတာလုပ်ဦး”
“ အေးအေး… ငါ သွားလိုက်ဦးမယ်”
မောင်မြင့်ထွက်သွားတော့ ငအောင်လဲ ပုခက်ပေါ်ကနေ တောင်ပေါ်ကိုမော့ကြည့်ရင်း ဆတ်ခနဲကောက်ထပြီး ထင်းခုတ်ဓါးတစ်ချောင်း ကိုင်ကာ ရွှေမြင်တင် တောင်ပေါ်ကို တက်သွားခဲ့လိုက်တယ်။
++++++
နေက ထန်းတစ်ဖျားကိုကျော်လွန်နေပြီဖြစ်ပေမယ့် ရွှေမြင်တင်တောင်ပေါ်မှာတော့ လေတစ်ဖြူးဖြူးနဲ့ ချမ်းအေးနေခဲ့တယ်။
စေတီရဲ့ဘေးဘက် အရိပ်ရတဲ့ ညောင်ပင်အောက်မှာတော့ အောင်မြတ်သာတို့ဆရာတပည့်သုံးယောက်နဲ့အတူ ခပ်နွမ်းနွမ်းအဝတ်ကိုဝတ်ဆင်ထားတဲ့ မိန်းမကြီး တစ်ယောက် စကားထိုင်ပြောနေခဲ့ကြတယ်။
“ အမေကြီးက ဒီမှာနေတာ အတော်ကြာပြီပေါ့”
“ ကြာပေါ့ကွယ့် နှစ်သုံးဆယ်လောက်ရှိပြီ”
“ အမေကြီးမှာ မိသားစုတွေရောရှိသေးလား”
“ သားတစ်ယောက် သမီးနှစ်ယောက်ရှိသေးတယ်၊ သူတို့လဲကိုယ့်အိမ်ထောင်နဲ့ကိုယ်ဆိုတော့ ဒီကိုမလာဖြစ်တာများပါတယ်”
“ အမေကြီးကိုကြည့်ရတာ စေတီအောက်ကတဲအိမ်ကနေဘယ်မှသွားတာမတွေ့ဘူး၊ အခုလိုနေရတာ မပျင်းဘူးလား”
“ မပျင်းပါဘူးကွယ်… နေ့ဘက်တွေဆို အသီးအရွက်တွေလိုက်ခူး၊ ညဆိုရင် ဘုရားရှိခိုး တရားထိုင်တာနဲ့တင် အချိန်ကုန်လို့ ကုန်မှန်းမသိဖြစ်နေတာ”
အမေကြီးစကားကြောင့် အောင်မြတ်သာ ပြုံးလိုက်ပြီး ခပ်ဝေးဝေးမှာရှိတဲ့ မိုးမထိတောင်ဘက်ကိုငေးကြည့်လိုက်တဲ့အချိန် စေတီရဲ့အရှေ့ဘက်ရင်ပြင်မှာ လူတစ်ယောက် ရပ်နေတာမြင်လိုက်ရတယ်။
အစကတော့ သာမန်လူလို့ထင်မိပေမယ့် သေချာကြည့်လိုက်တော့ နဖူးမှာ လခြမ်းသဏ္ဍာန်ဆွဲထားတာမြင်လိုက်ရတယ်။ ဒါကြောင့် စကားစကိုဖြတ်လိုက်ပြီး အရှေ့ဘက်ရင်ပြင်ဘက်ကို ထွက်လာခဲ့တဲ့အချိန် ထိုသူက မျက်နှာငယ်လေးနဲ့ အောင်မြတ်သာကိုကြည့်ပြီး
“ ကျုပ်တို့ကို ကူညီပါဦးဗျာ”
“ သင်တို့ကို ဘာများကူညီရမှာလဲ”
“ ကျုပ်တို့နေတဲ့ အရပ်ကို လူတစ်ယောက်ရောက်နေလို့ဗျ၊ ဒီကောင်က ဘယ်လိုပဲခြောက်လှန့်ခြောက်လှန့် မကြောက်တဲ့အပြင် ရေတံခွန်အောက်ကနေ ဆေးတံတစ်ချောင်းပါယူသွားသေးတယ်”
“ အဲဒီလူကို အရင်ကမြင်တွေ့ဖူးလား”
“ တစ်ခါမှမမြင်ဖူးဖူး… အခုလဲ ဒီဘက်ကိုလာနေတယ်ပြောတယ်”
လဝလူမျိုးတစ်ယောက်ရဲ့ စကားကြောင့် အောင်မြတ်သာ တောင်အတက်လမ်းကို ကြည့်လိုက်ရာ ဘောင်းဘီတိုနဲ့ စွပ်ကျယ်တစ်ထည်ကို ဝတ်ထားတဲ့လူတစ်ယောက် တက်လာနေတာကိုမြင်လိုက်ရတယ်။
“ သင်တို့ပစ္စည်း ကျုပ်ပြန်ရအောင် တောင်းပေးပါ့မယ်”
“ ကျေးဇူးတင်ပါတယ်ဆရာလေး”
လဝလူမျိုးထွက်သွားတော့ အောင်မြတ်သာလဲ မောင်ကောင်းနဲ့ ခွန်းလှကို ခေါ်ကာ တောင်အဆင်းလမ်းဘက်ကို ဆင်းလာခဲ့လိုက်တယ်။
စေတီကနေ ခြေလှမ်းတစ်ရာလောက် လျောက်ပြီးချိန်မှာတော့ ဆံပင်ဘုတ်သိုက်နဲ့ လူတစ်ယောက် ဖိနပ်ကိုခါးကြားထိုးပြီး သူတို့နဲ့ မျက်နှာချင်းဆိုင်တက်လာတာ မြင်လိုက်ရတယ်။
အဆိုပါလူက အောင်မြတ်သာတို့ကိုမြင်တော့ ဘုကြည့်ကြည့်ပြီး တောင်ပေါ်ကိုဆက်တက်သွားမလိုလုပ်ပြီးကာမှ ပြန်လှည့်လာပြီး
“ ခင်ဗျားတို့က ဒီတောင်ပေါ်မှာ ဘာလုပ်နေတာလဲ”
“ ကျုပ်တို့က တောင်ပေါ်မှာ အဓိဌာန်ဝင်နေတာပါ၊ ဘာများဖြစ်လို့လဲ”
“ ခင်ဗျားတို့မလိမ်နဲ့၊ လူကြည့်တော့ သူတော်ကောင်းလိုဘာလိုနဲ့ တကယ်တမ်းတော့ သိုက်လာတူးကြတာမဟုတ်လား”
“ မဟုတ်ရပါဘူးဗျာ၊ ခင်ဗျား အထင်လွဲနေပါပြီ”
“ ဘာမဟုတ်တာလဲ… ခင်ဗျားတို့ကို မောင်းထုတ်ဖို့ အဖိုးကိုပြောရမယ်”
အဖိုးဆိုတဲ့စကားကြောင့် အောင်မြတ်သာတို့ အချင်းချင်းကြည့်လိုက်ပြီး
“ ခင်ဗျားပြောတဲ့အဖိုးဆိုတာ ရွှေမြင်တင်အဖိုးကို ပြောတာလား”
“ ဒီသိုက်ဆရာတွေက အဖိုးနာမည်ကိုတောင် တပ်ခေါ်ရဲနေပါလား”
“ ဟဲ့ ငအောင် ဧည့်သည်တွေကို ဘာပြဿနာရှာနေတာလဲ”
နောက်ကျောကနေ ထွက်လာတဲ့ ကရင်မိန်းမကြီးအသံကြောင့် ငအောင်က မျက်လုံးပင့်ကြည့်လိုက်ပြီး
“ အဖွားကိုတောင် ဒီကောင်တွေ သိမ်းသွင်းထားတာပေါ့လေ”
“ ငါလုပ်လိုက်ရ နာတော့မယ်၊ ဘာမှမသိပဲ ပေါက်ကရပြောမနေနဲ့၊ နင်ထမင်းမစားရသေးရင် ငါ့အိမ်မှာဝင်စားသွားဦး”
ငအောင်က အမေအိုကြီးစကားကြောင့် အောင်မြတ်သာတို့ကို ဘာမှဆက်မပြောတော့ပဲ မိုက်ကြည့်ကြည့်ကာ တောင်ပေါ်ကိုတက်သွားခဲ့တယ်။
“ ငအောင်… ငါ့မှာတော့ ဟင်းမကောင်းဘူး၊ နင်အဆင်ပြေသလိုသာထည့်စားပေတော့”
“ ဟင်းကဘယ်တုန်းက ကောင်းဖူးလို့လဲ၊ အခုချက်ထားတာလဲ ဘာမှမထည့်ပဲချက်ထားတာ မဟုတ်လား”
ငအောင်က ဆန်ကြမ်းထမင်းကို ဇလုံထဲထည့်လိုက်ပြီး နှမ်းဖတ်ငပိနဲ့ အသီးရွက်ရေလုံပြုတ်တစ်ကျုံးယူကာ ခေါင်းမဖော်တမ်းစားပါလေရော။
“ အဖွား… အဖိုး ကျုပ်အကြောင်းဘာပြောသေးလဲ”
“ နင် အရက်တွေနေ့တိုင်းသောက်လို့ အဖိုးက စိတ်ဆိုးနေတာ”
“ ကျုပ်ကြိုက်လို့သောက်ပေမယ့် ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး”
“ ဒုက္ခပေးမပေးတော့ မသိဘူးဟေ့၊ မနှင်းဆီကတော့ သူ့ဂူဘက် နင်လာရင် ခြေသလုံးကျိုးအောင်ရိုက်မယ်လို့ ကြိမ်းနေတယ်”
မနှင်းဆီဆိုတဲ့အသံကြောင့် ငအောင် ထမင်းစားနေတာကိုရပ်လိုက်ပြီး
“ ဟိုတစ်လောက ကျုပ်သုံးဖို့မရှိတာနဲ့ သူ့ဆံပင်တုကိုယူပြီး ရောင်းလိုက်လို့ စိတ်ဆိုးနေတာထင်တယ် ဟီးဟီး”
“ မရီနေနဲ့ ဟိုက နင့်ကို မှတ်လောက်အောင် ပညာပေးမလို့ အဖိုးက ကြားထဲကနေ ဝင်တားထားလို့ နင်ဘာမှမဖြစ်သေးတာ”
“ ကျုပ်က အဆင်ပြေရင် အစ်မတော်တွေကို ဒီထက်လှတာဆင်ပေးမှာပါဗျ”
ငအောင်က မနှင်းဆီဂူဘက်ကို လှည့်ကြည့်ကာပြောလိုက်တဲ့အချိန် စေတီပေါ်ကနေ ယောဂီဝတ်လူသုံးယောက် သူရှိတဲ့ဘက်ကို ဆင်းလာတာမြင်လိုက်ရတယ်။
“ ဒီသိုက်ဆရာတွေ ဘာလာလုပ်ပြန်ပီလဲ”
“ သူတို့က နင်ထင်သလို သိုက်ဆရာမဟုတ်ဘူး”
“ ဒါဆို ဘာလဲ အဖိုးခေါ်ထားတဲ့သူတွေလား”
“ အေး… အဖိုးက နင့်ကိုဆုံးမပေးဖို့ ခေါ်ထားတာ”
အမေကြီးက ပြောပြီးတာနဲ့ သူ့ပါးစပ်ကိုပြန်ရိုက်လိုက်ပြီး
“ ငါလဲ ဘာတွေပြောနေမိပါလိမ့်” လို့သာ တစ်ဖွဖွ ရေရွတ်နေပါတော့တယ်။
ငအောင်လဲ သူ့ကိုဆုံးမမယ်ဆိုတဲ့အတွက် စိတ်ထဲထောင်းခနဲဖြစ်သွားပြီး ထမင်းပန်းကန်ကို ဖြစ်သလိုဆေးကာ တောင်အောက်ကိုပြန်ဆင်းဖို့အလုပ် သူ့ခြေထောက်တွေက ကော်နဲ့ကပ်ထားသလို ဖြစ်နေတာ သတိထားမိခဲ့တယ်။
“ ဟေ့လူတွေ ဒါ ဒါ ခင်ဗျားတို့လုပ်တာ မဟုတ်လား’
ငအောင်က ခြေထောက်ကို လက်နဲ့ဆွဲခွာရင်း မေးလိုက်တော့ အောင်မြတ်သာက ဘေးမှာဝင်ရပ်လိုက်ပြီး
“ မင်း သူများဆီက ယူလာတဲ့ပစ္စည်းကို ပြန်ပေးရင် လွှတ်ပေးမယ်”
“ ကျုပ် ဘာယူခဲ့လို့လဲ”
“ ဘာယူခဲ့တယ်ဆိုတာ မင်းသိမှာပေါ့၊ အချိန်ဆွဲနေရင် မင်းရဲ့လက်တွေလဲ လေးလံလာပြီး လှုပ်မရဖြစ်သွားလိမ့်မယ်”
အောင်မြတ်သာစကားကြောင့် ငအောင်လဲ လက်ချောင်းတွေကိုလှုပ်ကြည့်ရာ တကယ်ကို လေးလံလာနေတာ သတိထားမိခဲ့တယ်။
“ နင်တို့ပြောတဲ့ပစ္စည်းက ဒါလား”
ငအောင်က ခါးကြားမှာထိုးထားတဲ့ ဆေးတံတစ်ချောင်းကိုထုတ်ပြလိုက်တဲ့အချိန် အောင်မြတ်သာက ဆတ်ခနဲဆွဲယူလိုက်ပြီး
“ နောက်တစ်ခါ သူတစ်ပါးပစ္စည်းကို မပေးပဲမယူမိစေနဲ့” လို့ပြောကာ နဂါးရုံဘုရားရှိတဲ့ ဘက်ကိုထွက်သွားခဲ့လိုက်တယ်။
ငအောင်လဲ သူ့ကိုပညာပြသွားတဲ့ အောင်မြတ်သာကို မကျေနပ်တဲ့အကြည့်နဲ့ကြည့်ပြီး တောင်အောက်ကိုဆင်းသွားခဲ့လိုက်တယ်။
ဒါပေမယ့် နာရီဝက်ကြာတဲ့အထိ တောင်ခြေကရွာကိုမမြင်ရသေးတဲ့အတွက် ငအောင် တစ်ယောက် ခေါင်းနပန်းကြီးသွားခဲ့တယ်။
“ မဟုတ်သေးပါဘူး… အရင်ကဆို မိနစ်နှစ်ဆယ်ဆို တောင်ခြေကရွာကိုမြင်ရပြီလေ၊ အခုက ဘာလို့မမြင်ရသေးတာလဲ”
ငအောင်က ဇဝေဇဝါနဲ့ပြောပြီး ခပ်သုတ်သုတ်ဆင်းသွားခဲ့လိုက်တယ်။ ဒါပေမယ့် တောင်ခြေကိုမမြင်ရပဲ ခုနက ရပ်နေတဲ့ နေရာကိုသာ ပြန်ရောက်လာတာကြောင့် တစ်ယောက်ယောက် သူ့ကိုလုပ်နေပြီဆိုတာ သတိထားမိခဲ့တယ်။
ဒါကြောင့် တောင်ပေါ်ကိုပြန်တက်လာခဲ့ရာ ငါးမိနစ်မပြည့်ခင်မှာပဲ ရွှေမြင်တင်စေတီရှိရာကိုရောက်လာခဲ့တယ်။
စေတီပေါ်ရောက်တော့ နဂါးရုံဘုရားရှေ့မှာထိုင်နေတဲ့ အောင်မြတ်သာတို့ဆီသွားပြီး
“ ဟေ့လူတွေ ခင်ဗျားတို့ ကျုပ်ပြန်မရအောင် လုပ်ထားတာမဟုတ်လား”
“ မင်း ရွာပြန်ရောက်ရင် အရက်သောက်မှာစိုးလို့ အဖိုးက လမ်းတွေပြောင်းပြန်လုပ်ထားတာနေမှာ”
အောင်မြတ်သာစကားကြောင့် ငအောင်လဲ စကားတစ်ခွန်းမှမပြောတော့ပဲ အဖိုးနန်းရှိတဲ့ဘက်ကို ထွက်သွားခဲ့တယ်။
နန်းရှေ့ရောက်တော့ ပြောင်းဖူးဖက်ဆေးလိပ်ကိုခဲပြီး သူ့ကိုစိုက်ကြည့်နေတဲ့ အမေအိုကြီးကိုမြင်လိုက်ရတယ်။
“ အမေကြီး… ကျုပ်အဖိုးကိုပြောစရာရှိလို့ နည်းနည်းဖယ်ပေးဗျာ”
“နင်ငါ့ကိုဘာပြောမလို့လဲ ပြောစမ်း”
အမေအိုကြီးအသံက ယောင်္ကျားတစ်ယောက်လို ထွက်လာတာကြောင့် ငအောင် တွန့်ခနဲဖြစ်သွားပြီး အနောက်ကိုအနည်းငယ်ဆုတ်သွားခဲ့တယ်။
“ အခုပြောနေတာ အဖိုးလား”
“ အေး… ငါကိုယ်တိုင်ဝင်ပြောနေတာ၊ မင်းအခုထိ အသိတရားမရသေးဘူးလား”
“ ကျုပ်ကိုတောင်ပေါ်ခေါ်တာ အခုလိုလုပ်ဖို့လား”
“ မင်းဘဝမှာ လုပ်ချင်တာတွေကို စိတ်ထင်တိုင်း လုပ်ခဲ့ပြီးပြီမဟုတ်လား၊ ဒါကြောင့် အခုကစပြီး မင်းရဲ့စိတ်ကိုပြောင်းလဲဖို့အချိန်တန်ပြီ”
“ အဖိုး… ကျုပ်ကိုတရားချမနေပါနဲ့၊ ကျုပ်အခုအိမ်ပြန်ချင်တယ်”
“ မင်းအိမ်ပြန်ချင်ရင် ဟိုးမှာရပ်နေတဲ့သူဆီမှာ ခွင့်တောင်း၊ သူတို့ခွင့်ပြုရင် မင်းကိုအိမ်ပေးပြန်မယ်”
အဖိုးရဲ့စကားကြောင့် ငအောင်လဲ အောင်မြတ်သာတို့ရှိရာ ပြန်လှည့်လာတဲ့အချိန် နဂါးရုံဘုရားမှာမိုးထားတဲ့ ရွှေရောင်နဂါးကြီးက အသက်ဝင်သလိုလှုပ်ရှားလာတာကို မြင်လိုက်ရတယ်။
“ ငါ့မျက်စိမှားနေတာများလား၊ အင်္ဂတေရုပ်က ဘယ်လိုလုပ်လှုပ်ရှားနေမှာလဲ”
“ မျက်စိမှားတာမဟုတ်ဘူး၊ မင်း တကယ်ကိုမြင်နေရတာ”
ရွှေရောင်နဂါးကြီးက ပါးပျဉ်းကို ကားနေအောင်ထောင်ပြီး ငအောင်ရှိရာကိုဆင်းလာတာကြောင့် အလန့်တကြား ထွက်ပြေးဖို့အလုပ် အောင်မြတ်သာက ဂုတ်ကနေဆွဲကိုင်ပြီး နဖူးကို ဖြောင်းခနဲမြည်အောင်ရိုက်ချလိုက်ပါတော့တယ်။
သာယာနာပျော်ဖွယ်ကောင်းတဲ့ ဓမ္မတေးရွတ်ဖတ်သံက ငအောင်ရဲ့ နားထဲကို တိုးဝင်လာတာကြောင့် မျက်စိဖွင့်ကြည့်လိုက်ရာ ရွှေပန်းဆွဲ၊ ရွေပန်းခက်တွေနဲ့ စီခြယ်ထားတဲ့ ဗိမ္မာန်ကြီးတစ်ခုကို ဦးစွာမြင်တွေ့လိုက်ရတယ်။ ဘေးမှာတော့ ရွှေအိုရောင်၊ စိမ်းပြာရောင်အဆင်တန်ဆာတွေ ဝတ်ဆင်ထားတဲ့ မိန်းမယောင်္ကျားအချို့က တူရိယာအချို့ကို တီးမှုတ်နေပြီး ချောမောလှပတဲ့ မိန်းမပျိုအချို့က အလွန်သာယာတဲ့ ဓမ္မတေးသီချင်းတွေ သီဆိုနေခဲ့တယ်။
“ ငါ ဘယ်ရောက်နေပါလိမ့်… ဒါက ဘယ်နေရာလဲ”
ငအောင် တစ်ယောက် စိတ်ထဲကနေ ရေရွတ်နေတဲ့အချိန် ဗိမ္မာန်ထဲကို တစ်လှမ်းချင်း ဝင်လာတဲ့ ယောဂီဝတ်လူတစ်ယောက်ကို မြင်လိုက်ရတယ်။
“ ဒါ ဒါ စေတီမှာမြင်ရတဲ့သူပဲ… သူက ဘယ်လိုလုပ် ဒီကိုရောက်နေပါလိမ့်”
စကားမဆုံးခင်မှာပဲ ယောဂီဝတ်လူရဲ့နောက်မှာ ရွှေသားအတိပြီးတဲ့ ဝတ်စုံကိုဝတ်ဆင်ထားတဲ့ လူတစ်ယောက် ကပ်လျက်လိုက်ပါလာခဲ့တယ်။
ငအောင်က အဲဒီလူကိုမြင်တော့ ပါးစပ်အဟောင်းသားဖြစ်သွားပြီး
“ ငါ ငါနဲ့ တစ်ထေရာတည်းတူနေပါလား” လို့ရေရွတ်လိုက်ပါတော့တယ်။
ဗိမ္မာန်ထဲဝင်လာတဲ့သူက ငအောင်ကို မြင်တော့ ဖော်ရွေစွာပြုံးပြပြီး ဘေးမှာလွတ်နေတဲ့ ပလ္လင်ပေါ်မှာတက်ထိုင်လိုက်ပါတော့တယ်။
အဲဒီအချိန် ယောဂီဝတ်ထားတဲ့လူက ငအောင်ရှေ့မှာ ရပ်လိုက်ပြီး
“ မင်းအခုဘယ်ရောက်နေလဲဆိုတာ သိချင်နေတယ် မဟုတ်လား”
“ ဟုတ်တယ်… ငါအခုဘယ်ကိုရောက်နေတာလဲ၊ သူကရော။ဘယ်သူလဲ၊ ဘာလို့ ငါနဲ့ရုပ်တူနေတာလဲ”
“ မင်းအခုရောက်နေတာက ရွှေမြင်တင်တောင်ပေါ်မှာတည်ရှိတဲ့ နဂါးသိုက်တစ်ခုထဲရောက်နေတာ၊ ဘေးမှာထိုင်နေတဲ့သူက မင်းရဲ့အစ်ကိုပဲ”
“ ဒါဆို ငါကရော ဘာလဲ၊ သူထိုင်တဲ့ ပလ္လင်နဲ့ ငါထိုင်တဲ့ပလ္လင်က ဘာလို့တူနေရတာလဲ”
“ ဘာကြောင့်လဲဆိုတော့ ဒီသိုက်နန်းကို မင်းနဲ့ မင်းရဲ့အစ်ကိုက ပိုင်ဆိုင်လို့ပဲ၊ မင်းကို လူ့ဘဝစေလွှတ်လိုက်တာကလဲ သာသနာပြုဖို့ လွှတ်လိုက်တာ၊ ဒါကို မင်းက အချိန်ပြည့် မူးရူးနေတယ်၊ မင်းကိုမျှော်လင့်နေကြတဲ့ သူတွေကို မငဲ့ညှာတော့ဘူးလား”
“ ဆရာ… ညီတော်ကို အရမ်းဖိအားမပေးပါနဲ့၊ ဆရာပြောလို့ သာသနာပြုလုပ်ငန်းတွေ လုပ်ရတယ် ဆိုတာမျိုး ကျွန်တော်မျိုးတို့မလိုချင်ပါဘူး၊ ညီတော်ရဲ့ စိတ်ရင်းအမှန်နဲ့ ပြုလုပ်တဲ့ အရာကိုပဲ လိုချင်မိတာပါ”
ငအောင်လဲ အဲဒီတော့မှ စိတ်ထဲကနေ ဝမ်းနည်းသလို တစ်ဆို့လာပြီး မျက်ရည်တွေကလဲ သူ့အလိုလိုကျလာခဲ့တယ်။
မျက်ရည်တွေပါးပြင်ပေါ်စီးကျလာတာနဲ့ တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး ချားရဟတ်လို လည်သွားပြီး လူလဲဖျတ်ခနဲ သတိပြန်ရလာခဲ့တယ်။
“ မင်း မြင်ခဲ့ပြီမဟုတ်လား”
“ ကျုပ်မြင်ခဲ့ရတာတွေက အမှန်တွေလား၊ ကျုပ် ဒီအကြောင်းတွေကို ဘာကြောင့်အခုမှသိရတာလဲ”
“ အခုမှသိရတာဆိုပေမယ့် အရင်ထဲက မင်းက အခြားသူတွေထက် ထူးခြားနေတာကို သတိထားမိခဲ့တယ် မဟုတ်လား၊ ဥစ္စာစောင့်ညီအစ်မကို ဆင်ထားတဲ့ ဆံပင်တုကို ယူပြီးရောင်းစားတယ်၊ လဝလူမျိုးတွေပိုင်တဲ့ ပစ္စည်းတွေကိုယူပြီး အရက်နဲ့လဲသောက်တယ်၊ သာမန်လူတစ်ယောက်က ဒီလိုလုပ်ရင် အခုချိန် အသက်တောင်ရှိတော့မှာမဟုတ်ဘူး၊ ဒါပေမယ့် မင်းက ဘာမှမဖြစ်ဘူး၊ ဘာကြောင့်မဖြစ်လဲ ဆိုတော့ တောင်ပိုင်အဖိုးက မင်းကိုကာကွယ်ပေးထားလို့ပဲ၊ ဒါကြောင့် မကောင်းတဲ့ကိစ္စတွေကို ရပ်တန်းကရပ်ပြီး ငယ်ဘဝကအိမ်မက်ဖြစ်တဲ့ ရဟန်းပြုခြင်းကို
အကောက်အထည်ဖော်ပါ”
“ ဟုတ်တယ်၊ ကျုပ် ငယ်ငယ်တုန်းက ကြီးလာရင် ဘာလုပ်မလဲဆိုပြီးမေးရင် ဘုန်းကြီးဝတ်မယ်လို့ပဲ ဖြေခဲ့တာ၊ ဒါတွေကို ခင်ဗျားဘယ်လိုသိနေတာလဲ”
“ သင်ရဲ့ဖြစ်တည်မှုတွေကို အနီးကပ်စောင့်ကြည့်နေတဲ့ တောင်ပိုင်အဖိုးပြောလို့သိတာပါ”
“ ကျုပ်လမ်းမှားခဲ့ပြီ၊ အရမ်းကိုမှားခဲ့ပြီ”
ငအောင်က နောင်တရတဲ့လေသံနဲ့ ပြောပြီး ခေါင်းငိုက်စိုက်ကျသွားခဲ့တယ်။
မကြာမီအချိန်မှာတော့ ဆူညံလှတဲ့အသံတွေနဲ့အတူ ငအောင်ရဲ့ အစ်မဖြစ်သူအပါအဝင် ရွာသားတွေ စေတီပေါ်ကိုရောက်လာခဲ့ကြတယ်။
“ ငအောင်ရယ် … ငါ့ခဗျာ နင်ပျောက်နေလို့ စိတ်ပူလိုက်ရတာ၊ လက်စသတ်တော့ ဒီရောက်နေတာကိုး”
မကြီးစကားကို ငအောင် ဘာမှပြန်မပြောပဲ ခြေထောက်ကို နဖူးနဲ့ထိပြီး ကန်တော့ပါလေရာ။
“ ငအောင်… နင် ဘာလုပ်တာလဲ”
“ မကြီး… ကျွန်တော် ဘုန်းကြီးဝတ်ချင်တယ်”
“ အလိုလေး… ငါနားကြားများ မှားတာလား”
“ တကယ်ပြောတာပါ၊ ကျွန်တော် ဘုန်းကြီးဝတ်မှာမို့ မကြီးခွင့်ပြုပေးပါ”
ငအောင်စကားကိုကြားတော့ အစ်မဖြစ်သူခဗျာ မျက်ရည်မဆည်နိုင်ပဲ
“ အစ်မက ခွင့်ပြုတာပေါ့… သိပ်ကိုခွင့်ပြုတာပေါ့ကွယ်” လို့ပြောရင်း ငအောင်ကို ခပ်တင်းတင်းပွေ့ဖက်လိုက်ပါတော့တယ်။
ဒီနေရာမှာတော့ လူရွတ်ငအောင်ရဲ့ လူ့ဘဝပြီးဆုံးခဲ့ပြီး နောက်ဝတ္တုမှာတော့ ဘုန်းကြီးဝတ်နဲ့ မည်သို့မည်ပုံ သာသနာပြုမလဲ၊ အောင်မြတ်သာတို့ကရော ဘယ်လိုကူညီကြမလဲ ဆိုတာကိုတော့ အောင်မြတ်သာနှင့် သိုက်ဆက်သာသနာဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါ ဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)