August 29, 2025

အမှတ်တရ ငယ်ဘဝ

“အမှတ်တရ ငယ်ဘဝ”(စ/ဆုံး)

—————————-

“ဖရဲသီးမှည့်ချိုချိုလေးတွေရမယ်၊ဖရဲသီးမှည့်ချိုချိုလေး၊
တစ်စိတ်မှ200ပါ၊500ဖိုးသုံးစိတ်ယူလို့ရပါတယ်၊ချိုလည်းချိုတယ်၊မွှေးလည်းမွှေးတယ်၊အရသာရှိပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ဖရဲသီးစိတ်ချိုချိုလေး”
“အဒေါ်ကြီး ဖရဲသီးစိတ်ဝယ်ပါအုံးလားရှင့်”

ဒေါ်နှင်းဆီ အသံကြားရာဆီသို့လှမ်းကြည့်လိုက်သည်။ မူလတန်းကျောင်းနေအရွယ်ကလေးတစ်ယောက် ဖရဲသီးစိတ်ဗန်းလေးရွက်ပြီးသူ့ဆီသို့ ဝယ်စေချင်သောမျက်လုံးများနှင့်ကြည့်ကာမေးနေသည်ကိုတွေ့လိုက်သည်။
ဒေါ်နှင်းဆီ ချက်ချင်းပင်ဖရဲသီးစိတ်တစ်ထောင်ဖိုးဝယ်လိုက်သည်။ဖရဲသီးဖိုးပိုက်ဆံပေးရင်း

အတိကျသိချင်လွန်းသောစိတ်ဆန္ဒအရ မေးလိုက်သည်။
“သမီးလေး ကျောင်းနေသလားဟင်”
ကလေးမလေးကသွက်လက်စွာဖြေလိုက်သည်။
“ဟုတ်ကဲ့ရှင့်၊သမီးGrade-3ကျောင်းသူလေးပါရှင့်၊ဒီနေ့ကကြာသပတေးနေ့၊ကျောင်းဖွင့်ရက်ပေမယ့်အိမ်ရဲ့ဈေးဖိုးကအဖေနဲ့အမေရဲ့လုပ်အားခနဲ့တင်မလုံလောက်လို့
သမီးက မနက်ခင်းကျောင်းဖြတ်ပြီးရောင်းတာပါရှင့်၊အားပေးလို့ကျေးဇူးပါဒေါ်ဒေါ်”
သွက်လက်တက်ကြွစွာဖြေပြီးလှည့်ထွက်သွား‌ေသာက‌ေလးမ‌ေလးကို‌ေဒါ်နှင်းဆီရင်နင့်စွာကြည့်ပြီးအတိတ်ကငယ်ဘဝဆီသို့ရောက်ကာ ဖြေးညင်းသောခြေလှမ်းများဖြင့်အိမ်ထဲသို့ဝင်သွားလေသည်။

ဖရဲသီးမှည့်စိတ်အထုပ်လေးကိုင်ပြီးငေးငေးမှိုင်မှိုင်ဝင်လာသောဒေါ်နှင်းဆီကို တူမဖြစ်သူအင်ကြင်းခိုင်က မေးလိုက်သည်။

“တီနှင်း၊ဖရဲသီးမကြိုက်ဘဲနဲ့ဘာလို့ဝယ်လာတာလဲ၊စားမယ့်သူလည်းမရှိဘူး၊သမီးကလည်းဖရဲသီးအနံ့မကြိုက်လို့မစားနိုင်ဘူး၊
ဟင်!တီနှင်း၊မျက်နှာလည်းမကောင်းဘူး၊နေလို့မကောင်းဘူးလားဟင်”
“နေလို့ကောင်းပါတယ်သမီးရယ်၊
သမီးရေဒါလေးကိုရေခဲသေတ္တာထဲထည့်လိုက်ပါအုံးကွယ်”

“တီနှင်းကလည်းဘာလို့သိမ်းနေမှာလဲ၊အမှိုက်ပုံးထဲထည့်လိုက် မယ်လေ၊စားမယ့်သူလည်းမရှိဘဲနဲ့”

“တိတ်စမ်းအင်ကြင်း! ထည့်ထားဆိုထည့်လိုက်လေ၊အပိုတွေပြောမနေနဲ့”
အော်ခဲ၊ငေါက်ခဲ၊လေသံမာမာဖြင့်ပြောခဲသောအဒေါ်ဖြစ်သူကို မျက်လုံးအဝိုင်းသားဖြင့် အင်ကြင်းခိုင်ကြည့်နေလေသည်။ပြီးမှ

“ဟုတ်ကဲ့ပါတီနှင်း “”ဟုပြောပြီးဒေါ်နှင်းဆီလက်ထဲမှဖရဲသီးထုပ်လေးကိုယူသွားလေသည်။

ဒေါ်နှင်းဆီလည်း စာကြည့်စားပွဲသို့ ဝင်ထိုင်ပြီး အတိတ်‌ဆီက ငယ်ဘဝအမှတ်တရလေးကို သတိရပြီးတွေးနေမိလေသည်။

“ကိုဘမောင်ရယ် ရှင့်သမီးကျောင်းစရိတ်နဲ့ကျမဆေးဖိုးကလည်းကုန်သေး ရှေ့ဆက်ဘယ်လိုရပ်တည်ရမလဲ
ဆန်ကလည်းကုန်တော့မယ်
အဟွတ် ..အဟွတ်
ကျမ ရင်ပူလိုက်တာရှင်”

ပူပန်လွန်းလှသောဇနီးသည်ကို
ကိုဘမောင် စိတ်မကောင်းခြင်းများစွာဖြင့်ရီဝေသောမျက်လုံးများနှင့်ကြည့်၍ပြောလိုက်သည်။

“အေးပါ မယ်ခင်ရာ၊ငါဆန်အုံးဖွင့်ကြည့်ပြီးပါပြီ၊ဆိုက်ကားကလည်းအရင်လို မနင်းရဘူးကွာ၊ခရီးသည်တွေကဆိုင်ကယ်ပေါ်လာပြီဆိုတော့ မြန်တ‌ဲ့ဆိုင်ကယ်နဲ့မှသွားချင်တာတူပါရဲ့ကွာ
ဆိုက်ကားစီးရတာလည်းရှက်ဟန်တူပါတယ်၊ကုန်ထမ်းရတာလည်းအရင်လိုအဆင်မပြေပါဘူး
ရေနစ်သူကိုဝါးကူထိုးသလိုပါပဲကြောက်စရာကောင်းတဲ့လူတွေပါကွာ
ကံကိုပုံပြီးငါထီလက် မှတ်သုံးစောင်တွဲထိုးခဲ့တယ်ကွ
ထီပေါက်လို့ကတော့ကွာ
မယ်ခင်ရာ စိန်နားကပ်ကြီးပန်ရသေးရဲ့သမီးလေးလည်း
ကျောင်းဝတ်စုံနဲ့ဖိနပ်လှလှလေးတွေအမျိုးမျိုးဆင်နိုင်တာပေါ့ကွာ”
တက်တက်ကြွကြွပြောနေသောဦးဘမောင်၏စကားများကိုဒေါ်မြခင်စိတ်ကူးမယဉ်နိုင်ရှာပေ။

“ဟောတော် ဒါဆိုကိုဘမောင်ရယ်
ရှင့် ပိုက်ဆံဘယ်လောက်ကျန်သေးလဲ”

“စိတ်မပူပါနဲ့မယ်ခင်ရာ
ဟင်းချက်စရာဝယ်ဖို့နဲ့သမီးလေးမုန့်ဖိုးပေးဖို့ သုံးထောင်ချန်ခဲ့ပါတယ်ဟ”

“တော်ပါသေးရဲ့ ကိုဘမောင်ရယ်
ကျမဖြင့် လန့်သွားတာပဲ”

ကိုဘမောင်တို့ပြောနေသောစကားများကို ကျောင်းမှပြန်ရောက်လာသော ခင်နှင်းဆီတစ်ယောက် နားထောင်မိလေသည်။
ခဏအကြာ
“ဖေကြီးနဲ့မေကြီး သမီးပြန်ရောက်ပါပြီ”ဟုနှုတ်ဆက်ကာ
လွယ်အိတ်ကိုချပြီး ကုတင်စောင်းပေါ်တွင်ခြေတစ်ဖက်ချကာ စဉ်းစားနေလေသည်။

“ပိုက်ဆံလိုတယ်၊ပိုက်ဆံရှာရမယ်”
ခင်န‌ှင်းဆီ၏အတွေးထဲတွင် ပိုက်ဆံဆိုသောအရာ ကိန်းအောင်းနေပြီဖြစ်သည်။
ထို့နောက် ဆုံးဖြတ်ချက်တစ်ခုကို
ချလိုက်သည်။

“ဖရဲသီးစိတ်ချိုချိုလေး
ဖရဲသီးစိတ်ချိုချိုလေးပါ
တစ်စိတ်ကို ၄ကျပ်၊တစ်ဆယ်ဖိုးကို၃စိတ်ပါရှင့်၊ဝယ်ကြပါအုံးလား”
ခင်နှင်းဆီတစ်ယောက်ဖရဲသီးဗန်းလေးရွက်ပြီး ဈေးတန်းတစ်လျှောက်အော်ဟစ်ရောင်းနေခြင်းဖြစ်သည်။

ခဏအကြာ
“ဟယ် ဟိုမှာခင်နှင်းဆီမို့လား၊သူက ဖရဲသီးမှည့်အနံ့မခံနိုင်ဘူးဆို ခုတော့ဖရဲသီးဗန်းကြီးခေါင်းပေါ်တင်လို့ပါလား”
“ဟုတ်ပါ့ဟယ်၊ဒါဆို သူဖရဲသီးမကြိုက်ဘူးဆိုတာ လိမ်ပြောတာဖြစ်မယ်၊ငါတော့သူနဲ့အပေါင်းသင်းမလုပ်ချင်ဘူး”
“ဟုတ်တယ်၊ငါလည်းအတူပဲ
ငါတို့သူ့ကိုမခေါ်ဘဲနေရအောင်”

ခင်နှင်းဆီတစ်ယောက်ကတော့ သူ့သူငယ်ချင်းတွေပြောနေတာလည်း မသိ၊သူသိတာက ဗန်းထဲကဖရဲသီးတွေကုန်ဖို့ပင်ဖြစ်သည်။
ဖရဲသီး၃စိတ်ကျန်သေးသည်။နာရီဝက်နေရင်ကျောင်းကတက်တော့မည်။ကျောင်းအပြင်ဘက် ကပွဲရုံမှာဆန်အိတ်တင်သောကုန်ကားများရှိသည်။ထိုနေရာသို့သွားရောင်းရန် ခင်နှင်းဆီဆုံးဖြတ်လိုက်သည်။

“ဖရဲသီးစိတ်ချိုချိုလေးတွေရမယ်၊ဖရဲသီးစိတ်ချိုချိုလေး
တစ်စိတ်မှ၄ကျပ်ပါရှင့်”

ကုန်ထမ်းအပြီးကုန်ထမ်းခပိုက်ဆံရေ နေသောကိုဘမောင်တစ်ယောက် ဖရဲသီးစိတ်ဝယ်စားရန် ဟန်ပြင်လိုက်သည်။

“အိမ်မှာဆို မယ်ခင်နဲ့သမီးလေးမကြိုက်တာနဲ့ဝယ်မစားဖြစ်ဘူး၊အမောပြေဝယ်စားအုံးမယ်ကွာ”
ကုန်ထမ်းဖော်၊ကုန်ထမ်းဖက် မိတ်ဆွေများကိုပြောရင်းဖရဲသီးစိတ်ဝယ်ရန်သွားလိုက်သည်။
ဖရဲသီးစိတ်သည်ကလေးမလေးက ငါ့သမီးအရွယ်လေးပါလားဟုအောက် မေ့လျက်
“သမီးလေးရေ ဖရဲသီးစိတ်ဝယ်အုံးမယ်၊လာပါအုံးကွယ်”ဟု ကရုဏာသံဖြင့်ခေါ်လိုက်လေသည်။
ကိုဘမောင်ရှေ့ ရောက်လာသော
ကလေးမလေးကိုကြည့်ပြီး
ကိုဘမောင် ရင်ကွဲမတက် ခံစားလိုက်ရသည်။

“သမီးလေးရယ်”
ကိုဘမောင် သမီးလေးခင်နှင်းဆီကိုပွေ့ဖက်ရင်း မျက်ရည်မကျအောင်ထိန်းကာ စကားကိုကြိုးစားပြောနေသည်။

“သမီးလေးရယ်၊ဘာလို့ဈေးရောင်းချင်လည်းဆိုတာ ဖေဖေသိပါတယ်ကွယ်၊ဖေဖေသိပါတယ်”

“ရပါတယ်ဖေကြီးရဲ့ ဖေကြီးစိတ်မကောင်းမဖြစ်ပါနဲ့၊သမီးအဆင်ပြေပါတယ်”

ထိုအချိန်တွင် Grade-3 အတန်းပိုင်ဆရာမ ဒေါ်ချောစုနွယ်ရောက်လာလေသည်။

“သမီးလေးနှင်းဆီရေ၊ဖရဲသီးစိတ်ရောင်းနေတာလား၊တော်လိုက်တာ၊သမီးလေးကဆရာမနဲ့တူလိုက်တာ၊ဆရာမလည်းသမီးအရွယ်တုန်းကဖရဲသီးစိတ်ရောင်းဖူးတယ်သိလား”

ကိုဘမောင်နှင့်ခင်နှင်းဆီတို့သားအဖခံစားနေရသော သိမ်ငယ်စိတ်များသည်ဆရာမဒေါ်ချောစုနွယ်၏စကားလုံးများကြောင့်
ဂုဏ်ယူစိတ်အဖြစ်ပြောင်းလဲကာ သူတို့၏မျက်နှာများမှာဝင်းပသွားသည်။

“ကျေးဇူးတင်လိုက်တာဆရာမရယ် ကျနော့သမီးလေးလည်း ဆရာမရဲ့တပည့်ဖြစ်ရတာဂုဏ်ယူဝမ်းသာမိပါတယ်”

“ရပါတယ်ရှင် ဆရာဆိုတာ လမ်းပြကြယ်ပါ တပည့်တွေအားလုံးရဲ့ရှေ့မှာ အပြုံးပန်းဝေစေဖို့ ဘက်စုံတိုးတက်အောင်ပြုပြင်ပေးဖို့ကကျမတို့တာဝန်ပါ
သူတို့လေးတွေစိတ်ခွန်အားအပြည့်နဲ့ရှေ့ဆက် မယ့်ဘဝမှာ အားအင်ဖြစ်စေဖို့ ပြောဆိုနေထိုင်ရတာပေါ့ရှင် ကျမကိုခွင့်ပြုပါဦး”
ဒေါ်ချောစုနွယ်ကိုဘမောင်ကို နှုတ်ဆက်ပြီး ခင်နှင်းဆီနှင့်အတူ ကျောင်းထဲသို့ဝင်လာလေသည်။

“မင်္ဂလာပါဆရာမ”

“မင်္ဂလာပါသားတို့၊သမီးတို့ရေ”

“ဒီနေ့ ဆရာမဂုဏ်ယူရတဲ့ကျောင်းသူလေးကိုပြောပြမယ်
သားတို့၊သမီးတို့နားထောင်ချင်လား”
“နားထောင်ချင်ပါတယ်ဆရာမ”
ကလေးများက စိတ်ဝင်စားစွာဖြင့်
ကျောင်းသူလေးကဘယ်သူဖြစ်မလဲဟု သိချင်နေကြသည်။

ဆရာမဒေါ်ချောစုနွယ်မှ”အလုပ်ဟူက ဂုဏ်ရှိစွ”ဟုအစချီကာ
ခင်နှင်းဆီဖရဲသီးစိတ်ရောင်းပုံကို ပြောပြပြီး ရိုးရိုးသားသားဖြင့် ငွေရှာခြင်းသည် ရှက်စရာမဟုတ်ဘဲ
ဂုဏ်ယူစရာကောင်းကြောင်း၊ဖရဲသီးမှည့်အနံ့ကိုမကြိုက်ဘဲမိဘများ ပိုက်ဆံကုန်သက်သာစေရန် ဖရဲသီးစိတ်ရောင်းပြီးကျောင်းစရိတ်ရှာသော ခင်နှင်းဆီကို ဂုဏ်ယူစရာ ကျောင်းသူလေးဖြစ်သည့်အကြောင်း စသည်ဖြင့်ကလေးများနားလည်အောင်ပြောပြလေသည်။ထိုအခါ
ခင်နှင်းဆီကိုလိမ်ပြောသည်ဆိုကာ အထင်လွဲနေသော သူငယ်ချင်းများလည်း နားလည်သွားကြလေသည်။ ပျော်နေသောခင်နှင်းဆီရဲ့မျက်နှာလေးကိုကြည့်ပြီး ဒေါ်ချောစုနွယ်လည်း ပီတိပြုံးပန်းဝေနေလေသည်။
အမှန်မှာ ဒေါ်ချောစုနွယ်သည် မျိုးရိုးစဉ်ဆက် ချမ်းသာသောမျိုးရိုးမှဆင်းသက်လာသော လူချမ်းသာဆရာမတစ်ယောက်ဖြစ်လေသည်။ဖရဲသီးဗန်းကို အိပ် မက ်ထဲပင်မူ မရွက်ဖူးလောက်ချေ။သို့သော် တပည့်လေး ခင်နှင်းဆီ စိတ်ခွန်အားဖြစ်စေရန် အပြစ်မဲ့မုသားစကား ဆိုမိခဲ့ခြင်း ဖြစ်လေသည်။ဝမ်းသာစရာကောင်းသည်မှာ

ခင်နှင်းဆီလေးလည်းဖရဲသီးစိတ်ကို တလပြည့်အောင်ပင် မရောင်းလိုက်ရပါ၊ကိုဘမောင်ထိုးထားသောထီသုံးစောင်မှ သိန်းငါးဆယ်နှင့် ခြောက်သိန်းဆုနှစ်စောင်
စုစုပေါင်း ၆၂သိန်း ကံထူးခဲ့လေသည်။

“တီနှင်း ထမင်းစားတော့မလား
သမီးခူးလိုက်တော့မယ်”

တူမဖြစ်သူအင်ကြင်းခိုင် လာမေးမှ ဒေါ်နှင်းဆီ ငယ်ဘဝက အမှတ်တရလေးတွေးမိနေခြင်းကရပ်သွားတော့သည်။

“ဖရဲသီးတစိတ် ၄ကျပ်ပါကွယ်”

“ရှင် တီနှင်း ဘာပြောတာလဲ
နားမလည်ဘူး”
“တီနှင်း ထမင်းစားတော့မယ်လို့ပြောတာပါကွယ်”
။ ။

ငယ်ဘဝ အမှတ်တရကိုသတိရအောက ်မေ့လျက်

ရှင်လွန်း(ရွှေဘို)