August 29, 2025

မိတညင်

မိတညင်(စ/ဆုံး)
_________

ကျုပ်နာမည် မိတညင်။ နာမည်လေးက ဆန်းတပြားပြားလို့များ တွေးနေကြမလား မသိ။ ဟုတ်ပါတယ်လေ။ ကျုပ်လဲ ကိုယ့်နာမည်မို့သာ သတိ မထားမိပေမဲ့ သူများ နာမည်လှလှလေးတွေ ကြားရင်တော့ ကျုပ်နာမည် ကျုပ် ထူးဆန်းမိသား။ ဒါနဲ့ ကျုပ်လဲ မတည့်အတူနေ အဘွားမျက်ခြယ်ကို မေးဖူးသေးတယ်။ မတည့် အတူနေဆိုလို့ ဘာတွေ မတည့်လဲဆိုတာ သိချင်နေကြပြီ မဟုတ်လား။ လာမယ်။ လာမယ်။ အဲ့ဒီအကြောင်းတွေ ပြောချင်လွန်းလို့ ပြောပြဦးမှာ စိတ်ချ။ လောလောဆယ် ကျုပ်နာမည် ပေးဖြစ်ပုံလေး မေးထားတာ ပြောဦးမယ်တော့။

ကျုပ်နာမည်ကို ဘယ်သူပေးခဲ့တာလဲလို့ အဘွားမျက်ခြယ်ကို မေးကြည့်တော့ ကြက်တိုက်တာ၊ ကြက်မွေးတာ ဝါသနာကြီးတဲ့ ကျုပ်အဖေ သူ့သားမက်က ပေးခဲ့တာတဲ့လေ။ အဲ့ဒီ အဖြေကြားလိုက်ရတော့ ကျုပ်ဖြင့်လေ ကျုပ်ကို ဒီနာမည် ဘာ့ကြောင့်ပေးတာလဲဆိုတာ ချက်ချင်း သဘောပေါက်ပါ့။ ကျုပ်အဖေက ကျုပ်ကို သူ့တိုက်ကြက်တွေ၊ အလှမွေးကြက်‌ေတွလို သဘောထားပြီး တိန်ညင်ကြက်ရဲ့ နာမည်ကို အလွယ် ပေးခဲ့တာနေမှာပေါ့။ အထူးအထွေ အပင်ပန်းခံပြီး စဉ်းစားနေစရာ မလိုတော့ဘူးလေ။ အဲ့ဒီကနေ ကျုပ် နာမည် မိတိန်ညင်၊ ပြီးတော့ မိတညင်ဖြစ်လာတာပေါ့တော်။

ကျုပ်က ကြက် မဟုတ်ပဲ လူဖြစ်နေတော့လဲ ခက်သားလားတော်။ အလှမွေးထားသူတွေလို ကျော့ကျော့လေး နေရတဲ့ သူလဲ မဟုတ်။ လက်ဝှေ့လဲ မထိုးတတ်၊ နပန်း မသတ်တတ်နဲ့ လူလူချင်းလဲ တစ်ခါမှ ရန် မဖြစ်ဖူးပေါင်။ အဲ.. ဖြစ်ဖူးတယ်၊ ဖြစ်ဖူးတယ်တော့။ ကျုပ် ငယ်ငယ် ဆယ်နှစ်သမီးတုန်းက အိမ်နီးချင်း ကလေးတွေနဲ့ စည်းဝိုင်းထဲက သားရေကွင်းတွေကို ကျောက်ခဲပြားတွေနဲ့ ပေါက်ပြီး ထုတ်ရတဲ့ ကစားပွဲကို ကစားကြတာ။ အင်း…ခြောက်ယောက်လောက်ရှိမယ် ထင်ပါရဲ့။ အရွယ်တွေကလဲ မတိမ်းမယိမ်းတွေရယ်။
အဲ့ဒီမှာ ကျုပ် ပစ်လိုက်လို့ ထွက်သွားတဲ့ သားရေကွင်းကို စည်းနား အရင်ပြေးကြည့်တဲ့ အကောင် မဲပုက စည်းပေါ်မှာ အပြင် မရောက်ဘူးဆိုပြီး စည်းထဲကို ကျုပ် မကြည့်ရသေးခင် ပြန်ကောက်ထားလိုက်တာ။ ဒါ ထုံးစံမှ မရှိတာကို။ အဲ့ဒီအတိုင်း နောက်လူက ထပ်ပစ်ရမှာလေ။ ကျုပ်လဲ မမြင်လိုက်ရ။ စည်းထဲကိုလဲ ပြန်ထားတာ မြင်တော့ ကျုပ်လဲ ဘယ်ရမလဲ။ နင် ညစ်တာ မဲပု။ နင် အကျင့်ယုတ်တာဆိုပြီး ဖိနပ်နဲ့ ပစ်ပေါက်ပြီး ဆဲတာပေါ့။ အံမယ် သူကလဲ ပုပုသေးသေးလေးသာ ဆိုတယ်။ မခေဘူးတော့။ ကျုပ်ဆီ ပြေးလာပြီး နပန်းလုံးတာ။ အဲ့ဒီမှာ အဖေနာမည်ပေးခဲ့တဲ့ မိတညင်က အစွမ်းကောင်းကောင်းပြလိုက်တာပေါ့။

မဲပုခမျာ နှပ်တရှုံ့ရှုံ့နဲ့ အော်အော် ငိုလိုက်တာများ သူ့အ‌မေအပြေး လာကြည့်ရတဲ့ အထိပဲ။ မဲပုက ကျုပ်လည်ပင်းကို ညှစ်ပြီး ‌ဆံပင်မွေး ဆောင့်ဆွဲတာ။ ကျုပ်က သူ့ပခုံးကို ကိုင်ပြီး ရင်ဝကို ဘယ်ဒူး ညာဒူးနဲ့ ဆောင့်ဆောင့် တိုက်ပစ်တာပေါ့။ ကျုပ် ဒူးအစွမ်းနဲ့ မဲပုတစ်ယောက် အိပ်ယာထဲ တစ်ပတ်လောက် လဲသွားရှာတယ်။ မိန်းကလေးတန်မဲ့ ယောက်ျားလေးတွေနဲ့ ဆော့ပြီး အပြိုင် ရန်ဖြစ်ရမလားဆိုပြီး အဘွားရဲ့ ကြိမ်လုံးကလဲ ကျုပ်ကျောပြင်ကို ဗြန်းခနဲ ဗြန်းခနဲပဲ။
ကျုပ်လဲ အဲ့ကတည်းက မိတညင်ကွ ဆိုပြီး ရပ်ကွက်ထဲ နာမည်ကျော်ခဲ့တာပေါ့။ မဲပုကတော့ အခုထိပဲ ။ ကျုပ်ကို မြင်တာနဲ့ ကုပ်ချောင်းချောင်းလေး ဖြစ်နေရော။

(၂)
အဘွားက ကျုပ်ကို စိတ်ပေါက်လာရင် ဂျမ်းတောမလို့လဲ ခေါ်သေးတာ။ အမယ်..ဂျမ်းတောမဆိုလို့ ကျုပ်ကို ရုပ်ကြမ်ကြမ်း၊အပေါက်ဆိုးဆိုးလို့တော့ မထင်လေနဲ့။ သေးသေးသွယ်သွယ် ကျစ်ကျစ်လျစ်လျစ်လေးနဲ့ ကျုပ်က ညိုချောတော့။ ကျုပ်ကိုယ်ကျုပ် အမွှန်းတင်နေတယ်လို့ မထင်နဲ့အုံး။ ရွာကာလသားတွေများ ဟိုမှာ မိတညင်ဆိုတာနဲ့ ဘယ်မှာလဲ ဆိုပြီး ပြူးပြာပြီး လိုက်ကြည့်ရတဲ့ အထိ စန်းပွင့်တာ။

အ‌ေဖက‌ အလှမွေး တိန်ညင်ကြက်ကို ရည်ရွယ်ပေးခဲ့သလိုပဲ ကျုပ်ကလဲ အဘွားရဲ့ အလှကြည့် မြေးမ။ သူ့မျက်စိအောက်ကကို အပျောက် မခံတာ။ အမျိုးတွေကတော့ ကျုပ်ကို အဘွားက အချစ်ဆုံးလိူ့ ပြောကြတာပါပဲ။ အချစ်ဆုံးသာ ပြောတာ။ ကျုပ်ဖြင့် အပြစ်ချည်ပဲ ‌အပြောခံနေရတာပါပဲ။ အဲ့ဒါကလဲ အဘွားရဲ့ အချစ်ပဲ ထင်ပါရဲ့။

အဘွားက နွေရာသီဆို မီးသွေးအိတ်တွေ စုဆောင်းပြီ။ မိုးတွင်းနဲ့ ဆောင်းတွင်းမှာ မီးလှုံဖို့လေ။ ရင်ကျပ်ရောဂါသည်အဘွားက ဆောင်းတွင်းဆို တစ်ညလုံး မီးဖိုထားမှ သက်သာတာ။ အေးရင် ပိုကျပ်လာတာကိုး။ မီးသွေးအိတ်တွေ ရောင်းတဲ့ ကားက ကျုပ်တို့ အိမ် လမ်းကြားကျဉ်းလေးထဲကို ဝင်မရဘူး။ အဲ့ဒီတော့ လမ်းဝကနေ သုံးအိမ်ကျော်လောက်ရှိတဲ့ ကျုပ်တို့အိမ်ကို လမ်းမမှာ ကားရပ်ပြီး အိတ်တွေ ထမ်းပို့ရတာ။ အဲ့ဒါကိုတော်။ တစ်ခါတည်း မီးသွေးလှောင်တဲ့ တဲထဲ ပို့ခိုင်းလည်း ရတယ်တန်းနဲ့။ အဝေးကြီးသယ်လာရတာ အားနာလို့ဆိုပြီး အိမ်ခြံဝန်း အပေါက်ဝမှာတင် ချခိုင်းတာ။ ဟိုက တဲထဲထိ ထပ်ပေးပါမယ်ဆိုတာကို မဟုတ်ဘူး။ ပြီးရင်ကျ အဲ့ဒီအိတ်တွေကို ကျုပ်တစ်ယောက်တည်း တဲထဲထိ စီထပ်ရတာလေ။ ငါဟဲ့.. အားကောင်းမောင်းသန် မိန်းမ ဟန်ဆိုပြီး စွေ့ခနဲ စွေ့ခနဲ သယ်မပြီး လုပ်ရတာပေါ့။ အဲ့အချိန်ဆိုရင်တော့ ငါ့မြေးက လုပ်နိုင်သားဟဲ့။ တို့မြေးအဘွားတော့ ကိုယ့်အားကိုယ် ကိုးရတာပဲနဲ့ အပြောကို ချိုလို့။

အိမ်ဝိုင်းထဲက အပင်ကြီးတွေ အုံ့ဆိုင်းလာရင်လဲ လူဆိုးသူခိုး မှောင်ရိပ်ခိုလိမ့်မယ် ဆိုပြီး ကျုပ်ကိုပဲ တက်ခုတ်ခိုင်းတာ။ အဲ့ဒီလို အချိန်ကျ အဘွားစိတ်ထဲ ကျုပ်ကို မိန်းက‌ေလးဆိုတာ မေ့လျော့နေပုံပဲ။ ကျုပ်ကလဲ ဘယ်ငြင်းလိမ့်မတုန်း။ ငြင်းရင် အဆူခံရမှာ သိနေတာကိုး။ အဘွားက မိတညင်ဆိုတာနဲ့ “ဗျာ”လို့ ထူးပြီး အဆင်သင့်ပဲ။ ငါဟဲ့… ကျားကျားလျားလျား မိန်းမသား ဆိုပြီး အပင်ပေါ် ကို ဝှီးခနဲ ရောက်ပြီးသားပေါ့။
အဲ့ဒီလိုတွေ အကြမ်းပတမ်းလဲ မညည်းမညူ လုပ်တတ်လို့ ဂျမ်းတောမလို့ ခေါ်တာပေါ့။ ကျန်တဲ့အချိန်ဆို လုပ်သမျှ အပြစ်မြင်။ အပြောကို မလွတ်တာပါတော်။

(၃)
အပျိုလေးမို့ ကာလသားတွေ လာပိုးရင်လဲ အဘွားက မကြိုက်ဖူး။ ကျုပ်ကလဲ ညနေဆို ရေမိုးချိုးပြီး အိမ်ပြတင်းဝကနေ အိမ်ရှေ့လမ်းဆီ ငေးမိတာပေါ့။ အဲ့အချိန်များ ကာလသားတွေ ဖြတ်လျှောက်သွားရင် ကျုပ်က တမင်လူလုံးပြနေသလိုလို ပြောသေးတာ။ ကျုပ်ကတော့ ငယ်ရွယ်သူပီပီ တစ်ခါတလေ ပီတိဖြာလို့ပေါ့တော်။ အဲ့အချိန်များဆို “ဂျိုင်း” ဆိုပြီး ပြတင်းတံခါးကို အပြင်ဘက်ကနေ အသံမပေး ဘာမပေးနဲ့ ဆောင့်ပိတ်လိုက်တာများ ကျုပ်ဖြင့် ရင်တလှပ်လှပ်ကို တုန်လို့။ မေးလေးထောက် လက်လေးတင်နဲ့များ လုပ်နေရင် ကျုပ်မျက်နှာနဲ့ လက်တော့ တံခါးရွက်ညပ်ပြီး မရှူမလှဖြစ်ပြီပဲ။

ကျုပ်ကလဲ မဟုတ်ဘဲ အပြောခံရတာမျိုးဆို နည်းနည်းမှ ကြိုက်တာ မဟုတ်ဘူး။ အဘွားက “ဟင် “ဆိုပြီး မကြိုက်တဲ့ပုံ ပြလိုက်တာနဲ့ ကျုပ်ကလဲ လုံးဝပဲဆိုသလို ကင်းအောင်နေပြလိုက်တာမျိုး။ မကြိုက်လို့ လိမ်မာပြတာမျိုးတော့ မဟုတ်ဘူး။ ကျုပ်ကို အဲ့ဒီလိုမျိုး အထင်အမြင်ကို မခံနိုင်တာ။

အရွယ်လေး‌ေရာက်လာ‌ေတာ့ ချစ်သူရည်းစား ထားချင်တာပေါ့တော်။ ကြိုက်သူတွေကလဲ ရှိသားပဲ။ ဒါပေမဲ့ အဘွား မကြည်ဖြူတဲ့ ဒဏ် မခံနိုင်တာနဲ့ မထားရဲပါဘူး။ သနပ်ခါးလိမ်းလို့ ကြာရင် ကြာပြန်ပြီ။ ဘာတွေ စိတ်ကူးယဉ်နေမှန်း မသိဘူးနဲ့ မခံချင်အောင်ကို အနှောင့်အသွား မလွတ် ပြောတတ်တာ။ နောက်ဆုံး ပန်းပင်တွေ ရေလောင်းတာက အစ အိမ်ရှေ့က ဖြတ်သွားဖြတ်လာ ကောင်ကလေးတွေကို အရိပ်အယောင်ပြနေတာဆိုပြီး ပုဒ်မအမျိုးမျိုး တပ်၊ စွပ်စွဲချက် အမျိုးမျိုးက တစ်နေ့ တစ်မျိုး မရိုးရလေဘူးပေါ့။

အဲ့ဒါနဲ့ပဲ ကျုပ်ဆိုတဲ့ မိတညင်ကလဲ ဘယ်ခံလိမ့်မတုန်း။ သူပြောတဲ့ အရာတွေနဲ့ ကင်းအောင်၊ပြတ်အောင်၊ စိတ်မဝင်စားသယောင် နေပြရင်းနဲ့ အခုဆို အသက်လေးဆယ် အရွယ်ဟိုင်းကြီး ဒေါ်တညင် ဖြစ်ပါပေါ့လား။

(၄)
ကျုပ်လဲ အခုဆို အဘွား အကြိုက် လိုက်နေရတဲ့ သက်တမ်းက နည်းတာမှ မဟုတ်တော့တာ။ အခုတော့ အတော်ငြီးငွေ့လာပြီတော်။ သေချာ ပြန်စဉ်းစားကြည့်တော့ ကျုပ်ဘဝ ငယ်ရွယ်ချိန်တွေမှာ ဘယ်မှာ ပျော်ခဲ့ရဖူးလို့လဲ။ ကျုပ်ငါးနှစ်သမီးလောက်မှာ အဖေနဲ့အမေက ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးပါးသွားကြလို့ အဘွားက ခေါ်မွေးထားတာ။ ငယ်ကတည်းက အဘွားနား အရိပ်လို ကပ်ပြီး နေခဲ့ရတာ။
ရွယ်တူချင်းနဲ့လဲ လည်ရပတ်ရ၊ ပျော်ရပါးရ မသွားခဲ့ရဖူးပါဘူး။ ပျိုရွယ်ချိန်ရောက်တော့လဲ ‌ချောင်းဖောက် မြောင်းဖောက်သူမှန်သမျှကို မျက်လုံးတောင် စောင်းကြည့်ခဲ့တာ မဟုတ်။ အဘွားက မကြည်ကြည့်နဲ့ မျက်လုံးစွေကြည့်လိုက်တာနဲ့ တောက်ချင်နေတဲ့ ကျုပ်ရင်ထဲက အချစ်မီးလေးလည်း ဟုပ်ခနဲ ငြိမ်းရောပဲ။

ဘာပြောပြော အဘွားဆီက အပြစ်တင်သံ မကြားရရင်ပဲ ကျုပ်ဘဝက ငြိမ်းချမ်း‌ေနသလိုမျိုး နေလာခဲ့တာလေ။ အခု အရွယ်ဟိုင်းချိန်ကျတော့ ရင်မှာဟာတာတာနဲ့ နေရတာတစ်မျိုးကြီးပေါ့တော်။

အိမ်ထဲက အိမ်ပြင် မထွက်စေချင်တဲ့ အဘွားက သူ့ရဲ့ ကုန်လုဆဲဆဲ အထုပ်ကို ‌ဖြည်ကျွေးခဲ့တာ ကျုပ် တစ်သက်ဆိုပါတော့။ သူ့သားသမီး မြေးတွေကလဲ ထောက်ပံ့ကြ ၊ပေးကမ်းကြနဲ့မို့ ပူစရာတော့ မရှိပါဘူး။ အဘွားကို သူတို့နဲ့ လာနေပါလို့တော့ ဘယ်သူကမှ မခေါ်သလို အဘွားကလဲ ဘယ်သူနဲ့မှ မနေနိုင်ဘူးတဲ့လေ။ ပစိပစပ် အဘွားဒဏ်ကို မိတညင်ကလွဲပြီး ဘယ်သူမှ ကြာရှည် မခံနိုင်ကြဘူး။

အသက်ကြီးလာလို့လား။ မှတ်ဉာဏ်ပဲ ချို့ယွင်းလာသလား မသိပေမဲ့ မဟုတ်တာ‌ေကာ၊ ဟုတ်တာကော အဘွားက လုပ်ကြံ ပြောတတ်လာတယ်။ ကျုပ်အတွက် အဝတ်အသစ်လေး ဝယ်လိုက်မိရင် သူက ယောက်ျားနောက်လိုက်တော့မှာလေ ဆိုပြီး တွေ့သမျှသူကို အတင်းပြောသေးတာ။ တစ်ခါတလေ သူ့ရဲ့ မရှိတဲ့ အထုပ်ကို ဥစ္စာခြောက်ပြီး သော့အထပ်ထပ်ခတ်လိုခတ်နဲ့။

(၅)
နောက်ဆုံးတော့ အဘွားမျက်ခြယ်လောင်းရိပ်အောက်က ထွက်သင့်ပြီလို့ တွေးပြီး အဘွား မသိအောင် မျက်လုံးအထာပေးရင်း ရင်ခုန်ခဲ့ရတဲ့ တစ်အိမ်ကျော်က လူပျိုသိုးကြီး ကိုလှဇော်နဲ့ ခိုးရာလိုက်ဖို့ ကြံမိတော့တာပါပဲ။ အဘွားတားနေတဲ့ကြားက ကိုလှဇော် ပဲခင်းမှာ အငှားလိုက်ရင်း ငြိခဲ့ကြတာလေ။

ဒီလိုနဲ့ပဲ တစ်ရက်ကျ ညနေစောင်းချိန် လှစ်ခနဲ ခိုးထွက်ပြီး အဘွား မသိအောင် ကိုလှဇော်နဲ့ ချိန်းထားတဲ့ ပဲခင်းဆီ အပြေးလှမ်းရတယ်။ အနောက်ကနေ အဘွား မြင်ပြီး တစ်ရွာလုံးကြားအောင် အော် မဆဲခင်လေ။ ကိုလှဇော်ကလဲ ကျုပ်လာတာမြင်တော့ ပျော်လို့ပေါ့။ လူပျိုသိုးကြီး ဘဝက လွတ်ပြီကျွတ်ပြီဆိုပြီး ဝမ်းသာလုံးဆို့‌‌ေနပုံပဲ။ ကျုပ် လက်ထဲက အဝတ်ထုပ်ကို ယူရင်း ကျုပ်ပခုံးကို လှမ်းဖက်လိုက်တာများ အားနဲ့ မာန်နဲ့။ သူခေါ်ရာ ယာတဲဆီ လိုက်လာရင်းက ကျုပ် ရင်ထဲ ကတုန်ကယင်ကြီး ဖြစ်လာပါရော။ ကျားဆို ဝေးဝေးက ရှောင်ခဲ့သူမို့ အခုအခြေအနေကို စိတ်ထဲ လွန်ဆွဲနေမိတာပေါ့။

တဲထဲ ရောက်တော့ ကျုပ်က ကော်ဖီသောက်ချင်တယ် ပြောတာ။ ကိုလှဇော်ကြီးက တဲဘေးမှာ စီထပ်ထားတဲ့ သစ်ကိုင်းလေးတွေ တဖျောက်ဖျောက်ချိုး မီးမွှေးပြီး ရေနွေးအိုးမည်းကြီးကောက်တင်ထားတော့တာပဲ။ ပြီးတော့ ကျုပ်ရှေ့မှာ မိန့်မိန့်ကြီး လာထိုင်ပြီး တစိမ့်စိမ့်ကြည့်နေလိုက်တာများ မျက်နှာကြီးက အဆီ တဝင်းဝင်းနဲ့ပေါ့။

ယာတောထဲက တဲမို့ ဘေးအကာက ပါတယ်ဆိုရုံ။ ကြမ်းအခင်းက ခနော်ခနဲ့။ ဆောင်းအကူးမို့ လေကလဲ အေးစိမ့်စိမ့်ပေမဲ့ ကျုပ်မှာတော့ ဇောချွေးပြန်လို့။ ကိုလှဇော်ကတော့ နှစ်ကိုယ်တူ ဘဝ ခရီးလမ်းကို စိတ်ကူးနဲ့ ဖောက်၊ လေထဲမှာတောင် တိုက်အိမ်ဆောက်ပြီးနေပေါ့။
သူ့အစီအစဉ်တွေ ပြောပြပြီး စိတ်ကူးနဲ့ သာယာယစ်မူးနေတဲ့ သူ့ရုပ်ကို ကြည့်ရင်း ကျုပ်နားထဲ သူ့စကားတွေက ကြားလိုက် မကြားလိုက်နဲ့။ သူ့မျက်နှာမြင်လိုက် အဘွားရဲ့ မဲ့မဲ့ရွဲ့ရွဲ့ ပြောဆို နေမဲ့ မျက်နှာမြင်ယောင်လိုက်နဲ့ ခေါင်းတွေလဲ မူးနောက်နေရော။

အခုချိန်ဆို ကျုပ်ပျောက်တာ ကြာလို့ အဘွား သိသွားလောက်ပြီလား။ ကျုပ် ခိုးရာလိုက်သွားပြီဆိုတာ သိရင် သူ့ မရှိတဲ့ အထုပ်ကို ကျုပ် ယူသွားပါတယ်ဆိုပြီး မဟုတ်တမ်းတရားတွေ လုပ်ကြံပြောနေမယ် ထင်ပါရဲ့။

တစ်သက်လုံး လိမ်မာလိုက်တာ၊ စိတ်ချရတယ်လို့ ပြောပြီး အဘွားကို ကျုပ်လက်ထဲပဲ ထားချင်တဲ့ အမျိုးတွေရဲ့ ယုံကြည်မှုကို အစွန်းအထင်း ဖြစ်စေခဲ့ပြီလား။ ကျုပ်မရှိရင်ကော ဘယ်သူက အဘွားကို ခေါ်ထားမှာပါလိမ့်။ တစ်ရက်လေးတောင် အဘွားရဲ့ ပစိပစပ်ဒဏ် မခံနိုင်တဲ့ အဘွားသားနှစ်ယောက်ရဲ့ မြေးတွေနဲ့ အဘွားနဲ့ ရေရှည် နေဖြစ်ပါ့မလား။ အို..ကျန်တဲ့သူတွေလဲ သူ့မြေး သူ့သားသမီးတွေပဲ။ ကျုပ်တောင် တစ်သက်စာ အတူနေ လုပ်ကိုင်ပေးခဲ့တာပဲ။ အခု သူတို့ အလှည့်ပေါ့။
ကျုပ် အိမ်ထောင် အဆင်ပြေပြီး အဘွားကြည်ဖြူတဲ့ တစ်နေ့ ကျုပ် အဘွားကို ပြန်ခေါ်ထားမှာပေါ့။ တော်ပြီ..မတွေးချင်တော့ဘူး။

ကျုပ်အတွေးနဲ့ ကျုပ် ခေါင်းကို ချာချာယမ်းရင်း ကိုလှဇော်ရဲ့ အသံက နားဝမှာ နီးကပ်လွန်းနေလို့ ကြည့်လိုက်မိတယ်။ “ဘာဖြစ်လို့လဲ” ဆိုပြီး မေးနေတဲ့ သူ့မျက်နှာက ကျုပ်မျက်နှာနား ကပ်နေပါရောလား။ ကျုပ်ဖြင့် ရင်ထဲ လန့်ခုန့်ပြီး သူ့ကို တွန်းလိုက်မိတယ်။ အွန့်ခနဲ မြည်ပြီး နောက်ပြန်လဲသွားရာက ကျုပ်ကို နားမလည်နိုင်တဲ့ မျက်ဝန်းတေွနဲ့ ကြည့်နေတာပေါ့။

သူ့မျက်နှာ ကြည့်ရင်း မနက်က ချက်ခဲ့တဲ့ ဝက်သားဟင်းက အခုချိန်ဆို ခဲနေရောပေါ့လို့ တွေးမိလိုက်တယ်။ အဘွားစားတဲ့အချိန် ပြန်‌ေနွှး မစားရင် ရင်ကျပ်နေမလား။ မတည့်လဲ အဆီမှ ကြိုက်တာလို့ ပြောပြီး ဆေးသောက်စား‌ေနကျ။ ကျုပ် ခူးခပ် မကျွေးမချင်း မစားပဲ အပြစ်တင် စောင့်တတ်သူမို့ အဘွား ထမင်း မစားရသေးခင်ဆို ဘယ်တုန်းကမှ အသွား မဖြောင့်၊ အလုပ် မဖြောင့်ခဲ့။ အခုဆို ဆာနေလောက်ပြီ နေမှာ။

ကျုပ်ကို ပြူးကြည့်နေတဲ့ ကိုလှဇော်ကို “ခေါင်းမူးလာလို့ ကော်ဖီ မသောက်ချင်တော့ဘူး။ သံပုရာရည်သောက်ချင်လိုက်တာ”လို့ ပြောလိုက်မိတယ်။ အဲ့ဒီတော့မှ သူ့ယာခင်းထဲက အပင်မှာ အသီးတွေ အပြည့်ပဲ ဆိုပြီး ခူးဖို့ ထွက်သွားတယ်။ သူထွက်သွားတာနဲ့ ကျုပ် အဝတ်ထုတ်လေး ယူပြီး နောက်လှည့် မကြည့်စတမ်း ဒုန်းစိုင်းပြီး ရွာဘက် ပြန်ပြေးလာခဲ့တော့တာပဲ။

တစ်သက်လုံး လိမ္မာခဲ့သမျှ အခုအသက်အရွယ်ကျမှတော့ ထူး မမိုက်ချင်တော့ပါဘူး။ ခွင့်လွှတ်ပါ ကိုလှဇော်ရယ်။ ကျုပ်ဘဝမှာလဲ အဘွားကိုပဲ အချစ်ဆုံးဆိုတာ အခုမှ နားလည်မိတာပါ။

(၆)
ကျုပ် အိမ်ခြံတံခါးနား ရောက်တော့ မှောင်ရီပျိုးနေပေါ့။ ညနေစောင်းတာနဲ့ ခြံတံခါး ပိတ်နေကျ အဘွားက အခုထိ မပိတ်ထားသေးဘူး။ အိမ်ဘက်ဆီ အကဲခတ်ကြည့်ရင်း ရင်ခုန်သံတွေ ဝုန်းဒိုင်းဆန်နေလိုက်တာများ ခုနက ကိုလှဇော်နဲ့ တွေ့တဲ့အချိန်ကထက် အဆတစ်ရာ သာမယ် ထင်ရဲ့။

ပြန်မလာနဲ့ဆိုပြီး ထုရိုက်ဆဲဆိုပြီး ကျုပ်ကို မောင်းထုတ်မလား။ အမိုက်မ ဆိုပြီး ပုဒ်မ အစုံတပ် တစ်ရပ်ကွက်လုံး ကြားအောင် အရှက်ခွဲလေမလား။ ခနဲ့တဲ့တဲ့နဲ့ မဲ့ရွဲ့ပြပြီး ကျုပ် ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ပစ်ပေါက်ပေးလေမလားနဲ့ အတွေးပေါင်းစုံနဲ့ ရင်တုန်ပန်းတုန်ကြီးကို ဖြစ်လို့ပေါ့တော်။
အဲ့ဒီ အချိန်ကျမှ ကိုလှဇော်ဆီ ပြန်ပြေးရင်လဲ လူပျိုသိုးကြီးက ရှက်စိတ်နဲ့ စိတ်နာနေလောက်ပြီလေ။ မိတညင် ဘဝ ရွာလယ်မှာ ယောင်ချာချာ ဖြစ်ရတော့မဲ့ ဘဝ။

တွေးရင်း ကြည့်နေမိတာ။ အဘွားရဲ့ အခန်းက ပြတင်းပေါက်လေးမှာ အရိပ်လေးတစ်ခုမြင်လိုက်မိသလို။ အဘွားများ ကျုပ် ခြံဝမှာ ရပ်နေတာ မြင်သွားပြီလား။ ကျုပ် အတွေးမှ မဆုံးသေး။ ခုနက စေ့ပိတ်ထားတဲ့ အိမ်တံခါးမကြီး နှစ်ရွက်က ဝုန်းခနဲ ဆောင့်တွန်းဖွင့်လိုက်တဲ့ အသံအကျယ်ကြီးနဲ့ကြီးနဲ့ကြီးနဲ့ အတူ လှုပ်ခါယိမ်းထိုးလို့။
တံခါးပေါက် အလယ်မှာ မားမားကြီး ရပ်နေတဲ့ အဘွားကိုမြင်ရတော့ ကျုပ်ရင်ထဲ လှပ်ခနဲ အေးပြီး ခြေဖျားလက်ဖျားတွေပါ အေးစက်လာရော။ အဝတ်ထုပ်ကိုလဲ နောက်မှာ သူ့အလိုလို ဖွက်မိလျက်သား။

“ဘယ် အလေနတော လိုက်နေလို့ ခုမှပြန်လာတာတုန်း။ ဗိုက်ဆာလို့ အူတွေ လိမ်နေပြီ။ ဟင်းတွေ အမြန်‌ေနွှးစမ်း” ဆိုတဲ့ အမိန့်သံဆန်ဆန်နဲ့ အဘွားရဲ့ အသံ အဆုံးမှာ ကျုပ် နောက်မှာ ဝှက်ထားတဲ့ အဝတ်ထုပ်ကို ခြံပေါက်ဝနားက ပန်းခြုံထဲ လက်နောက်ပြန် ဘုတ်ခနဲ ပစ်ထည့်လိုက်ရင်း မျက်နှာကြီး ပြုံးဖြီးပြမိတယ်။

ပြီးတော့ အချိန်မြိန်ဆုံး အသံနဲ့ “ဟုတ်ကဲ့ အဘွား အခုနွှေးကျွေးမယ်နော်” လို့ ပြောရင်း အိမ်ထဲကို မာရသွန် အပြေးသမားလို ပြေးဝင်မိတော့တာပါပဲတော်။

ဒါပေမဲ့ ကျုပ်စိတ်ထဲ ထင်လိုက်မိတာက အဘွားရဲ့ အသံဟာ အရင်လို စူးရှ ကျယ်လောင်နေတာမျိုး မဟုတ်ပဲ အက်ကွဲ တုန်ယင်နေသလားလို့ပါ။

စံပယ်ဦး(နောင်ချို)
၂.၁၁.၂၀၂၂.