အောင်မြတ်သာနှင့်စက္ကဒေဝီ
“ကျလိ ကျလိ ကျလိ”
အရိပ်အာဝါသကောင်းကောင်းနဲ့အုပ်ဆိုင်းနေတဲ့ ညောင်ပင်ပေါ်ကနေ အော်နေတဲ့ စာကလေးနှစ်ကောင်ရဲ့အသံကြောင့် အပင်ရိပ်အောက်မှာထိုင်နေတဲ့လူနှစ်ယောက်က အပေါ်ကိုမော့ကြည့်လိုက်ပြီး
” ဘာတွေထူးခြားလို့လဲ စာမောင်နှံ “
ဆံပင်ကိုသေသပ်စွာဖီးထားပြီး ယောဂီအင်္ကျီဝတ်ထားတဲ့အောင်မြတ်သာရဲ့စကားကြောင့် သစ်ကိုင်းပေါ်မှာနားနေတဲ့ စာကလေးနှစ်ကောင်က အဆိုပါလူငယ်ရဲ့ပခုံးပေါ်ကိုဆင်းလာပြီး တကျိကျိနဲ့ပြောပါလေရော။
အတန်ကြာပြောပြီးတဲ့နောက်မှာတော့ တောင်ဘက်အရပ်ဆီကိုပျံထွက်သွားကြတယ်။ စာကလေးနှစ်ကောင်ပျံထွက်သွားတော့ အောင်မြတ်သာက သက်ခိုင်ကိုကြည့်ပြီး
” ခုနက စာမောင်နှံက ဒီဘဝပြီးတာနဲ့ လူပြန်ဝင်စားကြတော့မှာ သူတို့နဲ့ငါက အတိတ်ဘဝကရေစက်ရှိခဲ့ဖူးတယ် ဒါကြောင့် အခုသွားမည့်နေရာရဲ့လမ်းစကိုလာပြောပြသွားတာ”
” ဆရာပြောတဲ့လမ်းစဆိုလို့ လိုက်ကြည့်နေတာ အခုထိတောနဲ့တူတာဆိုလို့ မတွေ့သေးဘူး ခြုံနွယ်ပိတ်ပေါင်းတွေလောက်ပဲမြင်ရသေးတယ်”
သက်ခိုင်ရဲ့စိတ်ပျက်တဲ့လေသံကြောင့် အောင်မြတ်သာပြုံးလိုက်ပြီး
” ခဏနေတွေ့ရတော့မှာ ဒါပေမယ့် ဒီအတိုင်းတော့ မမြင်နိုင်ဘူး သမထအစွမ်းနဲ့ကြည့်ရလိမ့်မယ် ဒါကြောင့်စိတ်ကိုတည်ငြိမ်သမျှတည်ငြိမ်အောင်ထားနိုင်ဖို့ကြိုးစားထားပါ”
သက်ခိုက်လဲ အခြေအနေကိုသဘောပေါက်သွားပြီး ဘာမှမပြောတော့ပဲ စိတ်ကိုတည်ငြိမ်အောင်ထားဖို့ကြိုးစားရင်း မျက်လုံးကိုစုံမှိတ်လိုက်တယ်။
အချိန်အနည်းငယ်ကြာတော့ အရာအားလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီး အပ်ကျရင်ပင်ကြားနိုင်တဲ့အထိ သမာဓိအားကကောင်းလာခဲ့တယ်။ အဲဒီအချိန်
” သက်ခိုင် အချိန်ကျပြီ သွားကြရအောင်”ဆိုတဲ့
ကြည်လင်အေးမြတဲ့အသံတစ်ခုက သက်ခိုင်နားထဲ ဝင်လာခဲ့တယ်။
သက်ခိုင်လဲ အာရုံကိုစုစည်းထားပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ မလှမ်းမကမ်းမှာသစ်ပင်တွေထူထပ်စွာပေါက်နေတဲ့ တောအုပ်တစ်ခုကိုမြင်လိုက်ရတယ်။
သိပ်မကြာခင်အချိန်က ပြောင်သလင်းခါနေတဲ့ ကွင်းပြင်နေရာမှာရုတ်တရက်ပေါ်လာတဲ့ တောအုပ်ကိုမြင်တော့ အံ့ဩစွာနဲ့ အောင်မြတ်သာကိုလှည့်ကြည့်လိုက်တဲ့အချိန်
” ဘယ်လိုလဲသက်ခိုင် အံ့ဩနေပီလား ဒါကသာမန်လူတွေမမြင်နိုင်တဲ့အရာတွေထဲက အသေးအမွှားတစ်ခုပဲ အခုတောထဲကိုဝင်ရအောင် အထဲမှာတို့ကိုကြိုမယ့်သူတွေရှိနေတယ်” လို့ပြောပြီး တောထဲကိုဝင်လာခဲ့လိုက်တယ်။
အရှေ့ကနေထွက်သွားတဲ့အောင်မြတ်သာနောက်ကို သက်ခိုင်အသာလိုက်သွားခဲ့တယ်။ တောအုပ်ထဲကိုစဝင်လိုက်တဲ့အချိန်မှာပဲ ကျောတစ်ခုလုံးစိမ့်နေအောင်အေးသွားသလိုခံစားလိုက်ရတယ်။
တောလမ်းသွယ်တစ်ခုထဲကိုချိုးဝင်လိုက်တဲ့အချိန်မှာတော့ လူငါးဖက်စာလောက်ရှိတဲ့ ပျဉ်းကတိုးပင်အောက်မှာ မှိုင်တွေစွာထိုင်နေကြတဲ့ လူတွေကိုမြင်လိုက်ရတယ်။
အဲဒီလူတွေက အောင်မြတ်သာတို့ကိုမြင်တော့ ဝမ်းသာအားရနဲ့ထလာပြီး တစ်စုံတစ်ခုကိုပြောဖို့အလုပ် ပျဉ်းကတိုးပင်အရိပ်ထဲကနေ ဒိုင်းလိုလို ဖန်ပြွန်လိုလိုအရာတစ်ခုက အလိုလိုပေါ်လာပြီး အောင်မြတ်သာနဲ့ အပင်အောက်ကလူတွေကိုခြားထားလိုက်တယ်။
အောင်မြတ်သာက အပင်အောက်ကလူတွေရဲ့ ခြေဟန်လက်ဟန်တွေကိုကြည့်ပြီး နားလည်တဲ့သဘောနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။ သက်ခိုင်က ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့ အပင်တွေရဲ့အောက်ခြေတိုင်းမှာ ချုပ်ခံထားရတဲ့လူတွေကိုမြင်လိုက်ရတယ်။ အဲဒီလူတွေက အောင်မြတ်သာတို့ဆရာတပည့်တွေကို အားကိုးတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတယ်။
အောင်မြတ်သာလဲ တောထဲကိုတစ်ဖြေးဖြေးနဲ့ ဝင်သွားခဲ့ပြီး ပျဉ်းမနှစ်ပင်ပူးကပ်စွာပေါက်နေတဲ့နေရာရောက်တော့ သက်ခိုင်ရဲ့ ခန္ဓာကိုယ်ကလေထဲကိုရုတ်တရက်လွင့်တက်သွားတယ်။ သက်ခိုင်နဲ့မရှေးမနှောင်းမှာပဲ အောင်မြတ်သာပါ လေထဲမြောက်တက်သွားတယ်။
အဲဒီအချိန်မှာ ပျဉ်းမပင်နှစ်ပင်ရဲ့အလယ်ပင်စည်က လိပ်ကာဆွဲဖွင့်လိုက်သလို ကွဲထွက်သွားပြီး အထဲကနေ ဝတ်စုံအနီရောင်တောက်တောက်ကိုဝတ်ထားတဲ့ မိန်းမတစ်ယောက်ထွက်လာခဲ့တယ်။ သူ့အနောက်မှာတော့ လက်နက်ကိုယ်စီကိုင်ထားတဲ့မိန်းမကိုယ်ရံတော်တွေလိုက်ပါလာခဲ့တယ်။
သက်ခိုင်ကလေထဲကနေ အမျိုးသမီးကိုလှမ်းကြည့်လိုက်ပြီး
” သင်ကဘယ်သူလဲ ဘာကြောင့် ကျုပ်တို့ကိုဖမ်းထားတာလဲ”
” ငမိုက်သား တိတ်လိုက်စမ်း ငါ့နာမည်က စက္ကဒေဝီ ဒါက ငါ့နေရာကိုကျူးကျော်လာတဲ့သူတွေအတွက် ငါ့ရဲ့ဆုလာဒ်ပဲလို့မှတ်ထား ငယ်ကျွန်တို့ ဒီငမိုက်သားနှစ်ယောက်ကို အပင်တွေအောက်မှာ ချုပ်ထားလိုက် “
အောင်မြတ်သာက စက္ကဒေဝီကိုကြည့်ပြီး ဘာမှမပြောပဲငြိမ်နေတော့သက်ခိုင် နေမထိထိုင်မသာဖြစ်လာခဲ့တယ်။
“ဆရာ ဒီအတိုင်းအဖမ်းခံလိုက်တော့မှာလား တစ်ခုခုလုပ်ပါဦး”
သက်ခိုင်က လေထဲမှာရုန်းရင်းကန်ရင်း အောင်မြတ်သာကိုလှမ်းပြောပေမယ့် အောင်မြတ်သာက မသိချင်ယောင်ဆောင်ပြီး ငြိမ်နေခဲ့တယ်။
ခဏနေတော့ အောင်မြတ်သာနဲ့ သက်ခိုင်ကိုနေရာခွဲပြီးချုပ်ထားလိုက်ကြတယ်။ အောင်မြတ်သာကတော့ ချုပ်ခံထိတဲ့အပင်အောက်ရောက်တာနဲ့ လုံးဝမလှုပ်တော့ပဲ တင်ပလ္လင်ခွေထိုင်ကာ တရားစမှတ်ပါလေရော။
သက်ခိုင်လဲ အပြင်ထွက်ဖို့ ကြိုးစားကြည့်မယ်ဆိုပြီး အင်းစမတွေကိုလွယ်အိတ်ထဲကထုတ်ဖို့အလုပ်
” မလုပ်နဲ့ဦး သက်ခိုင် အချိန်မကျသေးဘူး ငါ့အမိန့်မရပဲဘာမှမလုပ်ပဲနေပါ ” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
အောင်မြတ်သာအသံကြောင့် သက်ခိုင်လဲ လွယ်အိတ်ကို ပြန်လွယ်လိုက်ပြီး တရားထိုင်မှတ်နေလိုက်တယ်။
တရားမှတ်နေရင်း အချိန်ဘယ်လောက်ကြာသွားတယ်မသိဘူး။ ဘေးမှာရှိနေတဲ့သူတွေရဲ့ အသံကြောင့် တရားမှတ်နေရာကနေ အသိပြန်ဝင်လာတယ်။
သက်ခိုင်မျက်လုံးဖွင့်ကြည့်လိုက်တော့ အောင်မြတ်သာက အချုပ်ခံထားရတဲ့အပင်အောက်မှာမရှိတော့ပဲ အခြားအပင်အောက်ကိုရောက်နေတာမြင်လိုက်ရတယ်။
အောင်မြတ်သာက ရောက်နေတဲ့အပင်အောက်မှာရှိတဲ့ လူတွေကိုတစ်စုံတစ်ခုပြောနေပြီး ခဏနေတော့ ချုပ်ထားတဲ့သစ်ပင်ရဲ့ပင်စည်ပေါ်မှာ ခြောက်ကွက်အင်းတစ်ခုကိုရေးလိုက်တယ်။
အောင်မြတ်သာခြောက်ကွက်အင်းရေးပြီးတဲ့အချိန်အပင်ဘေးပတ်လည်ကနေ အခိုးငွေ့တွေထွက်လာပြီး ချုပ်နှောင်ကာရံထားတဲ့ ကွန်ယက်တွေတစ်ဖျောက်ဖျောက်နဲ့ပြတ်ထွက်ကုန်တယ်။
ကွန်ယက်အချိတ်အဆက်တွေပြတ်တာနဲ့ အပင်အောက်ကလူတွေက အပြင်ကိုထွက်လို့ရသွားပြီး အောင်မြတ်သာတို့ဝင်လာတဲ့လမ်းအတိုင်းတောအုပ်ရဲ့အပြင်ဘက်ကိုထွက်ပြေးသွားကြတယ်။
အောင်မြတ်သာလဲ သစ်ပင်တစ်ပင်ပြီးတစ်ပင် ကူးပြီး အချုပ်အနှောင်ခံထားရတဲ့သူတွေကို လွှတ်ပေးခဲ့တာ သက်ခိုင်ရှိတဲ့အပင်တစ်ပင်နဲ့
ဘေးကတစ်ပင်သာကျန်ရှိတော့တယ်။
ဒါပေမယ့် အောင်မြတ်သာက သက်ခိုင်ရှိနေတဲ့အပင်ကိုကျော်သွားပြီး ဘေးမှာရှိနေတဲ့အပင်အောက်ကလူတွေကိုလွှတ်ပေးပြီးတဲ့အချိန်ရောက်မှ သက်ခိုင်ရှိတဲ့အပင်ကိုရောက်လာတယ်။
အောင်မြတ်သာကအပင်အောက်ရောက်တော့ အောင်မြတ်သာဘေးမှာချုပ်နှောင်ခံထားရတဲ့သူတွေကိုကြည့်ပြီး
” အရင်က ဒီထဲကနေ ထွက်ပြေးဖို့ကြိုးစားသူတိုင်း စက္ကဒေဝီလက်ချက်ကြောင့် တောအုပ်အပြင်ကိုမရောက်ပဲ ပြန်ဖမ်းခံထိကြတယ်လို့သိရတယ် ဘာကြောင့်လဲဆိုတာစဉ်းစားကြည့်တော့ အခုလိုဖမ်းထားတဲ့သူတွေထဲမှာ စက္ကဒေဝီရဲ့ လူယုံတွေပါနေလိမ့်မယ်လို့ သံသယဖြစ်မိတယ် ဒီအတွက်ကြောင့် တောထဲကိုမဝင်ခင် သက်ခိုင်ရဲ့နောက်ကျောမှာ အင်းကွက်တစ်ကွက်ရေးထားခဲ့တယ် ဒီအင်းကွက်ကြောင့် စက္ကဒေဝီကို သတင်းပေးလို့မရခဲ့တာပဲ အခုတော့ အဖမ်းခံထားရတဲ့လူတွေအကုန်လွှတ်မြောက်သွားကြပီဆိုတော့ စက္ကဒေဝီနဲ့ကိုယ်တိုင်ရှင်းရတော့မှာပေါ့ သက်ခိုင် လေးကွက်အင်းကိုသုံးပြီး အပင်အောက်ကထွက်လာခဲ့ ကျန်တဲ့သူတွေက စက္ကဒေဝီရဲ့သတင်းပေးတွေဆိုတော့ သူတို့ကိုခဏချန်ထားခဲ့လိုက်”
သက်ခိုင်လဲ အောင်မြတ်သာအမိန့်ရတာနဲ့ လွယ်အိတ်ထဲက လေးကွက်အင်းတစ်ရွက်ကိုထုတ်ပြီး သစ်ပင်ရဲ့ပင်စည်မှာကပ်လိုက်တဲ့အချိန် ချိတ်ဆက်ထားတဲ့ကွန်ယက်ကနေ လူတစ်ကိုယ်စာထွက်လို့ရတဲ့နေရာလွတ်တစ်ခုပေါ်လာခဲ့တယ်။
သက်ခိုင် အပင်အောက်ကထွက်လာတဲ့အချိန် အောင်မြတ်သာက အပင်ရဲ့အောက်မှာ အင်းတစ်ကွက်ဆွဲလိုက်ပြီး
” ကဲ စက္ကဒေဝီနဲ့ မင်းတို့ကို အဆက်သွယ်ခဏဖြတ်ထားဦးမယ် “လို့ပြောပြီး ပျဉ်းမပင်ရှိရာအောက်ကိုထွက်လာလိုက်တယ်။
ပျဉ်းမပင်အောက်ရောက်တော့ အောင်မြတ်သာက
” သက်ခိုင် ဒီအပင်က စက္ကဒေဝီနန်းဆောင်ရဲ့ဝင်ပေါက်ပဲ ဒါကိုသိအောင်တမင်အဖမ်းခံလိုက်တာ အခုတော့ အမှန်တကယ်ဖမ်းခံထိတဲ့သူတွေကိုလွှတ်ပေးနိုင်တဲ့အပြင် သူ့နန်းဆောင်ရဲ့ဝင်ပေါက်ကိုလဲသိရပြီ အထဲကိုရောက်တာနဲ့ သတိရှိပါ စက္ကဒေဝီက တန်ခိုးစွမ်းအားကြီးတဲ့ နတ်တွေထဲပါတယ် သူ့ရဲ့ကြောက်စရာအကောင်းဆုံးလက်နက်က အထိအတွေ့ပဲ သူ့ကြောင့်ဈာန်ရရသေ့တောင် ဈာန်လျောခဲ့ဖူးတယ် “
” အတတ်နိုင်ဆုံးသတိထားပါ့မယ်ဆရာ အရင်တုန်းကလဲ ဒီလိုမျိုးတွေကြုံခဲ့ဖူးတော့ သိပ်ခက်ခဲမယ်လို့တော့မထင်မိပါဘူး”
” မင်းကိုယ်မင်းယုံကြည်ချက်ရှိတာကောင်းတယ် အထဲကိုဝင်ရအောင်”
အောင်မြတ်သာကပြောရင်းဆိုရင်း ပျဉ်းမပင်နှစ်ပင်ရဲ့အလယ်ကိုသွားပြီး ဂါထာတစ်ပုဒ်ကိုရွတ်လိုက်တယ်။
ဂါထာအဆုံးမှာတော့ ပျဉ်းမပင်နှစ်ပင်ရဲ့အလယ်ကနေပွင့်ထွက်လာပြီး မွှေးပျံ့ထုံသင်းတဲ့ ပန်းရနံ့တွေက လေအပင့်မှာ အပြင်ဘက်ကိုလွင့်ထွက်လာခဲ့တယ်။
အောင်မြတ်သာက ပျဉ်းမပင်အထဲကိုခြေထောက်ချလိုက်တဲ့အချိန် ခြေမျက်စိဖုံးအောင်နစ်ဝင်သွားတဲ့အထိအတွေ့ကြောင့် အောက်ကိုကြည့်လိုက်တာ နူးညံ့မွှေးကြိုင်နေတဲ့ နှင်းဆီပန်းပွင့်ပေါင်းများစွာနဲ့ခင်းထားတဲ့လမ်းကိုမြင်လိုက်ရတယ်။
ချိုသာတဲ့ကျေးငှက်တွေရဲ့အော်မြည်သံ၊ သင်းပျံ့ထုံသင်းတဲ့ ပန်းပေါင်းစုံရဲ့ရနံ့တွေစုပေါင်းနေတဲ့ စက္ကဒေဝီရဲ့နန်းဆောင်ထဲကို အောင်မြတ်သာနဲ့သက်ခိုင်ဝင်ရောက်လာခဲ့တယ်။
“သက်ခိုင် အခြေအနေကထူးခြားနေတယ်
အခုချိန်ထိ လှုပ်ရှားမှုတစ်စုံတစ်ရာမတွေ့ရသေးဘူး ဒါကကောင်းတဲ့နမိတ်တော့မဟုတ်ဘူး”
အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်ရဲ့တုံ့ပြန်မှုမရတဲ့အတွက် နောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အချိန် သက်ခိုင်ရဲ့ မျက်လုံးတွေက အရောင်အသွေးစုံလင်နေတဲ့ ပန်းခင်းတွေဆီရောက်နေတာကိုမြင်လိုက်ရတယ်။
အောင်မြတ်သာလဲ စိတ်လည်ထွက်သွားတဲ့ သက်ခိုင်အတွက်စိတ်ပူသွားပြီး လက်ကိုလှမ်းပုတ်ဖို့လုပ်တဲ့အချိန်
“ဂျိမ်း”ဆိုတဲ့အသံနဲ့အတူ ပျဉ်းမပင်နှစ်ပင်က ပိတ်သွားခဲ့တယ်။
တံခါးပိတ်သံနဲ့အတူ ခြောက်သွေ့စွာရယ်သံကြီးက ပန်းခင်းတွေကြားကနေထွက်လာခဲ့တယ်။
” ငါကိုယ်တော်မရဲ့ နန်းဆောင်ထဲထိရောက်လာခဲ့တဲ့ သင်တို့နှစ်ယောက်ရဲ့အစွမ်းက အံ့မခန်းပါပဲ သင်တို့နှစ်ယောက်မှာ သင့်တပည့်ဖြစ်သူရဲ့အစွမ်းက နည်းနည်းလိုအပ်သေးတယ် သင်ကတော့ ထိန်းချုပ်နိုင်တယ် ဒီအတွက်လဲ သင့်အစွမ်းကိုအသိအမှတ်ပြုပါတယ်”လို့ပြောပြီး မလှမ်းမကမ်းမှာရှိတဲ့ ပန်းရောင်စုံပေါက်နေတဲ့ဒန်းလေးပေါ်တက်ပြီး ထိုင်နေလိုက်တယ်။
အောင်မြတ်သာက စက္ကဒေဝီရဲ့စကားကြောင့် သက်ခိုင်ရှိရာဘက်ကိုကြည့်လိုက်တာလှပ မွှေးကြိုင်နေတဲ့ပန်းခင်းထောင်ချောက်တွေထဲသက်ဆင်းနေရတာမြင်လိုက်ရတယ်။
သက်ခိုင်အဖြစ်ကိုမြင်တော့ အောင်မြတ်သာက အနည်းငယ်ပြုံးလိုက်ပြီး
” သင်အခုလိုလုပ်လိုက်ရလို့ အောင်မြင်ပီလို့ထင်နေတာလား”
” အဟက်အဟက် မထင်ပါဘူး ဘာလို့ဆိုတော့ ရှင့်ကိုမပိုင်ဆိုင်ရသေးတဲ့အတွက်လေ ခစ် ခစ်”
ညုတုတုပြောလိုက်တဲ့အသံနဲ့ရုပ်က တော်ရုံသမာဓိရှိတဲ့သူတွေ ပြိုဆင်းသွားလောက်တဲ့ထိ ညို့အားပြင်းပေမယ့် အောင်မြတ်သာကိုတော့ ပြိုဆင်းအောင်မစွမ်းဆောင်နိုင်ခဲ့ဘူး။
စက္ကဒေဝီက ဒန်းပေါ်ကနေထလာပြီး အောင်မြတ်သာအနားကိုကပ်လာခဲ့တယ်။ အောင်မြတ်သာကတော့ စက္ကဒေဝီကိုအရယ်အပြုံးကင်းတဲ့မျက်နှာနဲ့ကြည့်ပြီး
” အသိတရားရချိန်တန်ပါပြီ သင့်ကြောင့် တရားထူးမရသူတွေ ဈာန်သမာပတ်လျောတဲ့သူတွေများပြားခဲ့ပြီမဟုတ်လား “
” ခစ်ခစ် အဲလောက်ထိအမွှန်းမတင်ပါနဲ့ရှင် ကျွန်မက ရှင့်ကိုပဲလိုချင်တာ”
စက္ကဒေဝီက အောင်မြတ်သာ မေးစေ့ကိုကိုင်ဖို့အလုပ်မှာ နဖူးအလယ်တည့်တည့်ကရုတ်တရက်ထွက်လာတဲ့ အလင်းတန်းကြောင့် အနောက်ကိုဆုတ်သွားခဲ့တယ်။
” အဟက်အဟက် ရှင်ကဘယ်ဆိုးလို့တုန်း သတိနဲ့အသိကပ်ထားနိုင်သေးတာပဲ ရံရွှေတော်တို့ ဒီပုဂ္ဂိုလ်အတွက် အထူးစီစဉ်ထားတဲ့ ကချေသည်လေးကိုခေါ်လာခဲ့ကြ”
စက္ကဒေဝီစကားအဆုံးမှာ ပန်းလိပ်ကာကြားထဲကနေ မျက်နှာကိုအုပ်ထားတဲ့မိန်းမငယ်တစ်ယောက်ကိုခေါ်လာခဲ့တယ်။
မိန်းမငယ်က အောင်မြတ်သာအရှေ့လဲရောက်ရော မျက်နှာရှေ့မှာကာထားတဲ့ ပန်းပွင့်တွေကိုဖယ်ချလိုက်တဲ့အချိန်
” ညီမလေး ထွေးငယ် “
အောင်မြတ်သာမြင်လိုက်ရတာက သူငယ်စဉ်ဘဝထဲကဆုံးသွားခဲ့တဲ့ သူအရမ်းချစ်ရတဲ့ညီမ။
အောင်မြတ်သာစိတ်တွေလှုပ်ရှားသွားတယ်။ မျက်စိရှေ့မှာယိမ်းနွဲ့စွာကပြနေတဲ့ ညီမငယ်ရဲ့အမူအရာကိုမြင်တော့ ငယ်ငယ်ကအကြောင်းအရာတွေက တစ်ရေးရေးပြန်ပေါ်လာခဲ့တယ်။
အောင်မြတ်သာစိတ်တွေကိုထိန်းချုပ်ဖို့ကြိုးစားကြည့်ပေမယ့် ထင်သလောက်မလွယ်ကူခဲ့ဘူး။ စိတ်တန်ခိုးတွေကလဲ အာရုံစုစည်းမရတဲ့အတွက် ထင်သလိုသုံးလို့မရတဲ့အခြေအနေဖြစ်လာခဲ့တယ်။
အောင်မြတ်သာရဲ့အတွေးက အရှေ့မှာမြင်နေရတဲ့ ထွေးငယ်အပေါ်ရောက်နေတဲ့အချိန် ခြောက်ကပ်တဲ့ရယ်သံနဲ့အတူ အားရဝမ်းသာ အော်ဟစ်ရယ်မောနေတဲ့ စက္ကဒေဝီရဲ့ အသံကိုလဲ အောင်မြတ်သာကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေတဲ့အချိန်။
” အမေ့သားလေး စိတ်ဆိုတဲ့အရာက ဘယ်လောက်ပဲကျင့်ကြံနိုင်သည်ဖြစ်ပါစေ ဘယ်လောက်ပဲပေါက်မြောက်အောင်မြင်သည်ဖြစ်ပါစေ နိဗ္ဗာန်မရောက်မချင်း ပြီးပြည့်စုံတယ်လို့မရှိခဲ့ဘူး အမေ့သားလေးအခုကျင့်ကြံခဲ့တဲ့ တရားတွေစွမ်းအင်တွေဘယ်ရောက်ကုန်ပီလဲ ထွေးငယ်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက သားရဲ့လက်ပေါ်မှာသေဆုံးခဲ့တာမဟုတ်လား သတိတရားပြန်ကပ်ပါသား စိတ်စွမ်းအင်တွေ ပြန်နိုးထလာပါစေ” ဆိုတဲ့အမေအသံကြားလို့ မော့ကြည့်လိုက်တာ ကောင်းကင်မှာ မတ်တပ်ရပ်နေတဲ့ သီလရှင်တစ်ဖြစ်လဲ မိခင်ဖြစ်သူကိုမြင်လိုက်တော့မှ အောင်မြတ်သာရဲ့ယိမ်းထိုးနေတဲ့စိတ်တွေ အနည်ပြန်ထိုင်သွားတယ်။
အရှေ့မှာတော့ စည်းချက်ညီညီ ကနေတဲ့ ညီမဖြစ်သူကိုလဲစိတ်ထဲကချက်ချင်းထုတ်ပစ်လိုက်ပြီး လှိုင်းထရိုက်ခတ်နေတဲ့စိတ်ကို ငြိမ်သက်နေတဲ့ ရေပြင်ဖြစ်အောင် အာရုံပြုလိုက်တယ်။
ငြိမ်သက်ပြီးလှုပ်ရှားမှုမရှိတဲ့အောင်မြတ်သာကိုမြင်တော့စက္ကဒေဝီက ဘေးမှာရှိတဲ့ ရံရွေတော်နှစ်ယောက်ကို လက်ဟန်ခြေဟန်နဲ့ အောင်မြတ်သာကိုဖမ်းရန် စေခိုင်းလိုက်တယ်။
စက္ကဒေဝီရဲ့ခိုင်းစေမှုကြောင့် ဘေးမှာရှိတဲ့ ရံရွှေတော်နှစ်ယောက်က နဂါးနှစ်ကောင်ရစ်ခွေနေတဲ့သဏ္ဍာန်ရှိတဲ့ ကျော့ကွင်းကိုယူပြီး အောင်မြတ်သာရဲ့ခေါင်းပေါ်ကို စွပ်ဖို့ရွယ်လိုက်တဲ့အချိန်
” ထန်း “ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာရဲ့ကိုယ်ရောင်ကိုယ်ဝါတွေက တစ်မဟုတ်ချင်း ဖြာထွက်လာခဲ့တယ်။
မျက်စိကျိန်းစပ်လောက်အောင် ထွက်ပေါ်လာတဲ့ အလင်းရောင်တွေကြောင့် အနားရောက်နေတဲ့ ရံရွေတော်နှစ်ဦးလဲ နဂါးပတ်ကျော့ကွင်းကို ကိုင်ပြီး အနောက်ကိုပြန်ဆုတ်လိုက်တယ်။
အလင်းရောင်တွေက အောင်မြတ်သာကိုယ်ကနေ တဖိတ်ဖိတ်တောက်ပနေတာကိုမြင်တဲ့ စက္ကဒေဝီက သူ့ရဲ့ဆံထုံးမှာထိုးထားတဲ့ ငွေရောင်စင်္ကြာနှစ်ခုကို ဖြုတ်ပြီး အောင်မြတ်သာဆီပစ်လွှတ်လိုက်တယ်။
ပါးလွှာသေးငယ်တဲ့ငွေစင်္ကြာနှစ်ခုက အောင်မြတ်သာအရှေ့ရောက်တော့ အမှုန်လေးတွေအဖြစ်ဘတစ်စစီပြန့်ကျဲသွားပြီး တစ်မှုန်နဲ့တစ်မှုန် အလိုအလျောက်ပူးအပ်ကာ အောင်မြတ်သာပတ်ပတ်လည်ကို ဝန်းရံထားလိုက်တယ်။
ငွေမှုန်စလေးတွေတစ်ခုနဲ့တစ်ခုထိကပ်ထားပုံက ခြင်းကျားတစ်ခုနဲ့တူနေပြီး အောင်မြတ်သာကိုယ်ထဲကထွက်တဲ့အလင်းရောင်တွေက ခြင်းကျားထဲပိတ်မိနေအောင် စက္ကဒေဝီဖန်တီးလိုက်တယ်။
အောင်မြတ်သာကတော့ မလှုပ်မယှက်ငြိမ်သက်နေပေမယ့် အလင်းတန်းတွေက ပတ်ပတ်လည်ဝန်းရံနေတဲ့ ငွေမှုန်စတွေကိုတိုးဝင်နေတယ်။ ဒါပေမယ့် သိပ်သည်းဆထူလွန်းတဲ့ အိတ်တစ်လုံးကိုထိုးဖောက်နေရသလို ဖြစ်နေတဲ့အတွက် အလင်းတန်းတွေက ငွေမှုန်စတွေကိုဖောက်မထွက်နိုင်ပဲ အထဲမှာပိတ်မိနေခဲ့တယ်။
ငွေစင်္ကြာပိုက်ကွန်နဲ့မိထားတဲ့အောင်မြတ်သာကို အဆုံးသတ်ရန် စက္ကဒေဝီကိုယ်တိုင် နဂါးပတ်ကျော့ကွင်းကိုကိုင်ပြီးတစ်လမ်းချင်းလျောက်လာခဲ့တယ်။ (နဂါးပတ်ကျော့ကွင်းနဲ့ရစ်ပတ်မိတဲ့သူတွေက ပိုင်ရှင်ဖြစ်သူမလွှတ်ပေးပဲ လွတ်မြောက်ရိုးထုံးစံမရှိခဲ့ဘူး နဂါးပတ်ကျော့ကွင်းဆိုတာကလည်း စက္ကဒေဝီရဲ့ဘုန်းကံကြောင့် ပေါ်ပေါက်လာခဲ့တဲ့လက်နက်တစ်ခုလဲဖြစ်တယ်)
နဂါးပတ်ကျော့ကွင်းကိုကိုင်ပြီး လျောက်လာတဲ့စက္ကဒေဝီက အောင်မြတ်သာအနားကိုရောက်တော့ ငွေစင်္ကြာပိုက်ကွန်ကတစ်ဖြေးဖြေးလှုပ်ရမ်းလာပြီး ရောင်စဉ်တန်းတွေကလဲ ပိုက်ကွန်အပြင်ဘက်ကို အနည်းငယ်ပေါက်ထွက်လာခဲ့တယ်။
အခြေအနေကိုရိပ်စားမိတဲ့စက္ကဒေဝီက နဂါးပတ်ကျော့ကွင်းကို အောင်မြတ်သာရှိရာပစ်လိုက်တဲ့အချိန် ကျော့ကွင်းမှာရစ်ပတ်နေတဲ့ နဂါးနှစ်ကောင်က တစ်ကောင်စီခွဲထွက်သွားပြီး ငွေစင်္ကြာပိုက်ကွန်ဘေးကနေ ရစ်ပတ်ဖို့အလုပ် ပိုက်ကွန်ထဲကနေ အလင်းတန်းတွေက ပတ်ဝန်းကျင်တစ်ခုလုံးဖုံးလွှမ်းသွားအောင်ဖြာထွက်လာခဲ့တယ်။
ပိုက်ကွန်အနားမှာစောင့်ကြည့်နေတဲ့ ရံရွေတော်တွေရော စက္ကဒေဝီပါ စူးရှတဲ့အလင်းတန်းကြောင့် မျက်လုံးကို မျက်လုံးကိုလက်နဲ့ကာလိုက်ကြရတယ်။ အလင်းတန်းတွေတစ်ဖြေးဖြေး ပျောက်သွားတဲ့အချိန်မှ ကာထားတဲ့လက်ကိုချပြီးကြည့်လိုက်ရာ
နဂါးပတ်ကျော့ကွင်းကိုလည်ပင်းမှာလွယ်ပြီး ငွေစင်္ကြာပိုက်ကွန်နှစ်ခုကိုလက်ညိုးနဲ့ လက်ခလယ်ကြားထဲညှပ်ကာ မတ်တပ်ရပ်နေတဲ့ အောင်မြတ်သာကိုမြင်လိုက်ရတယ်။
စက္ကဒေဝီက အောင်မြတ်သာယူထားတဲ့လက်နက်နှစ်ခုကိုပြန်ယူရန် လက်နှစ်ဖက်ကိုဆန့်တန်းလိုက်ပေမယ့် ကျော့ကွင်းနဲ့ပိုက်ကွန်နှစ်ခုက သူ့ထံပြန်မလာတော့ပေ။
အားကိုးအားထားပြုရတဲ့လက်နက်တွေမရှိတော့တဲ့စက္ကဒေဝီက အောင်မြတ်သာကို မီးပွင့်မတတ်မျက်လုံးတွေနဲ့စူးစိုက်ကြည့်ပြီး
” နင့်ကိုသတ်မရရင်လဲ နင့်တပည့်ကိုသတ်ပစ်မယ် တာတေကြီးနဲ့တာတေလေး ဟိုဘက်ပန်းခင်းထဲက လူကိုဂုတ်ချိုးသတ်ခဲ့စမ်း”
စက္ကဒေဝီအမိန့်သံအဆုံး ပျဉ်းမပင်နှစ်ပင်ပေါ်ကနေ လူနှစ်ရပ်လောက်ရှိတဲ့ တစ္ဆေနှစ်ကောင်ခုန်ဆင်းလာပြီး သက်ခိုင်ရှိရာပန်းခင်းဘက်ကို ပြေးထွက်သွားကြတယ်။
တာတေကြီးနဲ့တာတေလေးထွက်သွားတာနဲ့ အောင်မြတ်သာက လက်ကြားထဲမှာညှပ်ထားတဲ့ ငွေစင်္ကြာပိုက်ကွန်ကို သက်ခိုင်ရှိရာ ပစ်လွှတ်လိုက်ရာ ပိုက်ကွန်နှစ်ခုက လှစ်ခနဲပျံဝဲသွားပြီး သက်ခိုင်အပေါ်ကနေ အုပ်မိုးထားလိုက်တယ်။
ငွေစင်္ကြာပိုက်ကွန်အုပ်မိုးထားတဲ့သက်ခိုင်အနားကို တာတေကြီးနဲ့တာတေလေး ကပ်မရတာမြင်တော့ စက္ကဒေဝီက
” သင်ကနာမည်နဲ့လိုက်အောင် အစွမ်းထက်ပါပေတယ် ဒါပေမယ့် သင့်မှာဟာကွက်တွေရှိသေးတယ် သင့်ညီမနဲ့တွေ့ချင်တယ် သူ့ဝိဉာဉ်ကိုလွှတ်ပေးစေချင်ရင် သိမ်းထားတဲ့ လက်နက်တွေကိုပြန်ပေးပါ ဒါဆိုရင် သင်နဲ့သင့်တပည့်ကိုဒီနန်းဆောင်ထဲကထွက်ခွင့်ပေးမယ်”
” စက္ကဒေဝီ ခုနက ကျုပ်ရှုံးနိမ့်လုနီးနီးဖြစ်ခဲ့တယ် သင်က ကျုပ်ရဲ့ညီမဖြစ်သူပုံသဏ္ဍာန်ကိုဖန်တီးယူပြီး ပျော့ကွက်ကိုနင်းခဲ့တယ် ဒီအတွက်လည်းသင့်ကိုအပြစ်မယူပါဘူး သင့်ကြောင့်ကျုပ်ပြန်ပြင်ဆင်ရဦးမှာပါလားအသိတစ်ခုရခဲ့တယ် သင့်လက်နက်တွေကိုတော့ ကျုပ်အဓမ္မမယူပါဘူး သင်နှစ်ပေါင်းများစွာအသုံးပြုလာတဲ့လက်နက်တွေကသင့်ကိုလိုလားရင် ပြန်လာပါလိမ့်မယ် အခုတော့ကျုပ်ဆီမှာခဏနေကြဦးမယ်ထင်ပါတယ်”
” ကောင်းပြီ သင်တို့ဒီထဲကထွက်နိုင်ရင်ထွက်ကြ ကျုပ်ကတော့တံခါးဖွင့်မပေးနိုင်ဘူး ဒီတံခါးက ကျုပ်အမိန့်မရပဲ ဘယ်သူမှဖွင့်မရဘူး “
စက္ကဒေဝီက အောင်မြတ်သာကိုယှဉ်မနိုင်တော့မှန်းသိတာနဲ့ ဉာဏ်နီဉာဏ်နက်တွေထုတ်သုံးဖို့စလာခဲ့တယ်။
” အောင်မြတ်သာက ဘာမှဆက်မပြောတော့ပဲ နှုတ်ကနေဂါထာတစ်ပုဒ်ကိုအဆက်မပြတ်ရွတ်ပါလေရော”
အောင်မြတ်သာရွတ်ဖတ်လို့အတန်ကြာတော့ ပျဉ်းမပင်တံခါးစောင့်တာတေကြီးအလန့်တကြားပြေးဝင်လာပြီး
” သခင်မ တံခါးဝမှာ နတ်မင်းလေးပါးနဲ့ကိုယ်ရံတော်တပ်တွေရောက်နေတယ် သခင်မကိုလာခေါ်တာလို့ပြောတယ် “
စက္ကဒေဝီက နတ်မင်းလေးပါးဆိုတဲ့အသံကြားတော့ ရပ်မနေဝံ့တော့ပဲ ပျဉ်းမပင်တံခါးနားကိုအပြေးလွှားသွားပါလေရော။
အဲဒီတော့မှအောင်မြတ်သာက ရွတ်ဖတ်တာကိုရပ်လိုက်ပြီး တံခါးဝရှိရာထွက်လာခဲ့လိုက်တယ်။ တံခါးအဝလဲရောက်ရော စတုမဟာရာဇ်နတ်မင်းလေးပါးရဲ့အောက်မှာ ပြားပြားဝပ်နေရတဲ့ စက္ကဒေဝီကိုတွေ့လိုက်ရတယ်။
နတ်မင်းလေးပါးက အောင်မြတ်သာကိုမြင်တော့ “ကျုပ်တို့ကိုပင့်ဖိတ်တာဘာအကြောင်းကိစ္စများရှိလို့ပါလဲ”
” အသင်နတ်မင်းတို့ငယ်ကျွန်ရဲ့ ရမ်းကားမှုတွေကို သိရှိရအောင်ပင့်ဖိတ်လိုက်တာဖြစ်တယ် အသင်နတ်မင်းတို့ချီးမြှောက်ထားတဲ့လက်နက်တွေနဲ့ တစ်ပါးသူတွေအပေါ်အနိုင်အထက်ပြုမှုတွေလုပ်ခဲ့တယ် ကျုပ်ကိုတောင် ဒီလက်နက်တွေနဲ့ ခြိမ်းခြောက်ဖမ်းဆီးတာတွေလုပ်ဖို့ကြိုးစားခဲ့တယ်”
အောင်မြတ်သာစကားကြောင့် နတ်မင်းလေးပါးထဲမှ မြင့်မိုရ်တောင်ရဲ့ အရှေ့အရပ်ကိုအစိုးရတဲ့ ဓတ္တရဋ္ဌနတ်မင်းက
” ဟဲ့ သင် မိုက်လွန်းလှပါလား ဘယ်သို့ကြောင့် ဒီလိုမျိုးကြံစည်ဝံ့တာလဲ”
ဓတ္တရဋ္ဌနတ်မင်းကြီးရဲ့ဟိန်းဟောက်သံကြောင့် စက္ကဒေဝီဘာမှပြန်မပြောရဲပဲ မြေပြင်ပေါ်ပြားပြားဝပ်နေတဲ့အချိန်
” အသင်နတ်မင်းတို့ ချေချွတ်ဆုံးမပေးပါ ဒါကသူ့ဆီကနေသိမ်းယူထားတဲ့ နဂါးပတ်ကျော့ကွင်းနဲ့ ငွေစင်္ကြာပိုက်ကွန်ကို အသင်နတ်မင်းတို့ထံအပ်ပါတယ်”
” ဘယ်သို့ကြောင့် ပြန်ယူရပါမည်နည်း ဤပစ္စည်းကိုငမိုက်မထံကနေ ဆရာထံသို့ပေးအပ်ခွင့်ပြုပါ ဤပစ္စည်းသည် နာနာဘာဝ ဝိနာဘာဝ အောက်လမ်းကဝေဇော်ကနီဇော်ကနက်တို့ကိုအလွန်နိုင်နင်းပါတယ် ဆရာအလိုရှိရာသုံးပါ”
အောင်မြတ်သာလဲ ဓတ္တရဋ္ဌနတ်မင်းပေးတဲ့ လက်နက်တွေကိုယူလိုက်ပြီး လွယ်အိတ်ထဲထည့်လိုက်တယ်။
နတ်မင်းလေးပါလဲ စက္ကဒေဝီကိုပေးထားတဲ့ အဆောင်အယောင်တွေနန်းဆောင်တွေကိုပြန်လည်သိမ်းယူခဲ့ပြီး စက္ကဒေဝီကို နှစ်၁၀၀တရားအားထုတ်ဖို့ ဒဏ်ခတ်ခဲ့တယ်။
နတ်မင်းလေးပါးပြန်သွားချိန်မှာတော့ နန်းဆောင်တွေရော တောအုပ်တွေပါပျောက်ချင်းမလှပျောက်ကွယ်သွားပြီး သက်ခိုင်လဲသတိပြန်ရလာခဲ့တယ်။
အောင်မြတ်သာလဲသတိရလာတဲ့သက်ခိုင်ကိုခေါ်ပြီး ထွက်လာခဲ့လိုက်တယ်။ အတန်ကြာလျောက်လာပြီးတဲ့နောက်မှာတော့
” သက်ခိုင် ငါတို့ဘုရားကိုးဆူမှာ ရက်ကိုးဆယ်တိတိ အဓိဌာန်ဝင်ရမယ် မှားခဲ့တာတွေကိုပြန်ဆင်ခြင်သုံးသပ်ကြရမယ် အခုချိန်ကစပြီး ပိတ်ဖြူအဝတ်ကိုသာဝတ်ဆင်ရမယ်” ဆိုပြီးမှာခဲ့တယ်။
အောင်မြတ်သာတို့ဆရာတပည့်တွေ စက္ကဒေဝီပိုင်တဲ့တောအုပ်ကနေထွက်လာပြီး အမှားတွေကိုပြုပြင်ဖို့အတွက် ရက်ကိုးဆယ်အဓိဌာန်ဝင်တဲ့အခါ ထူးဆန်းမှုတွေဘယ်လိုကြုံရမလဲ၊ အကူအညီလာရောက်တောင်းခံမှုတွေကိုဘယ်လိုကူညီကြမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်ရက်ကိုးဆယ်အဓိဌာန်ဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)