August 29, 2025

ကျောင်းဆရာမ လင်

ကျောင်းဆရာမ လင်(စ/ဆုံး)

—————————-
ကျွန်တော်နဲ့ ကျောင်းဆရာမတို့ အကြောင်းပါကြပြီးနောက်….
ကျွန်တော့်မိဘအိမ်မှာ လင်မယားနှစ်ယောက်လုံး နေကြရတယ်။ ကျွန်တော့်အဖေက စစ်မှုထမ်း အငြိမ်းစား၊ အမေက သူနာပြုဆရာမ အငြိမ်းစားပါ။ ကျွန်တော်က တဦးတည်းသောသားပါ။ မွေးချင်းညီအကို မောင်နှမ မရှိ။ အဖေက တပ်ခွဲတပ်ကြပ်ကြီးအဆင့်နဲ့ ပင်စင်ယူတာပါ။ အဖေတို့တပ်က ကာကွယ်ရေးပစ္စည်းစက်ရုံ၊ တာယာနှင့်ရာဘာထုတ်လုပ်ရေး ၊ သထုံမြို့ပေါ့။ အဖေတို့တပ်က အရာရှိတွေရော အခြားအဆင့်တွေပါ ဂျပန်နိုင်ငံကို ပညာတော်သင်သွားကြရပါတယ်။ အဖေ့ပညာအရည်အချင်းက ရန်ကုန် စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်အထိပဲ တက်ခဲ့ရပါတယ်။ အဖေက ၁၀ တန်းကို အမှတ် ၂ အမျိုးသားကျောင်း မန္တလေးက အောင်ခဲ့တာပါ။ အမေက ၇တန်းအောင်၊ စိန့်ပီတာသာသနာပြုကျောင်း (ယခု အထက ၁၃ -မန္တလေး)ကပါ။ အဖေက ကျိုက္ခမီမြို့က မွန်စစ်စစ်၊ အမေက နှစ်ကရင်ရွာ ၊ မွန်ပြည်နယ်က မွန်တရုတ်ကပြား။ ကျွန်တော်က မွန်သွေး သုံးမတ် နဲ့ တရုတ်သွေးတမတ်ပါသော ဗမာစစ်စစ်ပါ။
ကျွန်တော့်မဟေသီအား ကျွန်တော့်မိဘနှစ်ပါးစလုံးက ချစ်ကြပါတယ်။ အမေက အသည်းဆုံးပါ။ အမေက သူ့ချွေးမအတွက် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးပါတယ်။ အဝတ်အစားကအစ ဖိနပ်အထိ အမေ့စိတ်တိုင်းကျ ဝယ်ပေးဆင်ပေးပါတယ်။ မဟေသီက အမေ့ကို ဒေါ်ဒေါ်၊ ဖေဖေ့ကို ဦးလို့ခေါ်တာကို အမေက မေမေ ၊ ဖေဖေ ပြောင်းခေါ်ခိုင်းပါတယ်။ ကျွန်တော့်အိမ်ကို မဟေသီရောက်ပြီးကတည်းက ကျွန်တော်က ဘေးရောက်သွားသလိုပဲ။ အဖေနဲ့အမေတို့က သမီး၊ သမီးနဲ့ ပါးစပ်ကကို မချဘူး။
အဖေရယ် အမေရယ် နဲ့ ကျွန်တော်နဲ့က သူငယ်ချင်းပေါင်း ပေါင်းကြသူတွေပါ။ မိဘဆိုပြီး မပြောရဲ မဆိုရဲတာ မရှိဘူးဆိုပေမယ့် ဂါရဝမဲ့ မပြောမဆိုပါဘူး။ ကိစ္စတခုဆို မိသားစုသုံးရောက်လုံး တိုင်ပင်ကြ ဆွေးနွေးကြ ငြင်းကြ ရယ်ကြနဲ့ စိတ်လွတ်လပ်မှုအပြည့်နဲ့ နွေးထွေးတဲ့မိသားစုလေးပါ။ ဒီမိသားစုအသိုင်းဝိုင်းထဲကို မဟေသီရောက်လာတော့ သူမက ထူးဆန်းနေတာပေါ့။ သူမနဲ့ ရည်းစားတောင်မဖြစ်သေးဘူး ကျွန်တော်မိဘတွေနဲ့တွေ့ပေးပြီး သူမကို စိတ်ဝင်စားနေကြောင်း ပြောပြတာကိုလေ။ ကျွန်တော့်မိဘတွေကလည်း သူမကိုတွေ့တွေ့ချင်း သမီး သမီးနဲ့ ဖော်ရွေတာကို သူမအံသြနေတာပေါ့။ လက်ထပ်ပြီး ကျွန်တော့်အိမ်မှာနေရတော့လည်း အဖေနဲ့အမေရဲ့ အရေးပေးမှုတွေခံရတော့ သူမအနေနဲ့ ထူးဆန်းလို့နေပြန်တာပေါ့။ နွေးထွေးတဲ့ မိသားစုလေးထဲ ခေါ်လာပေးလို့ ကျွန်တော့်ကို ကျေးဇူးတင်ကြောင်းပြောရှာပါတယ်။ သူမတို့မိဘတွေက တောသူတောသားတွေဆိုတော့ သားသမီးချစ်တာက ချစ်တာပဲ သမီးရေ သားရေလို့ စိတ်လိုလက်ရ ခေါ်တာမျိုး မရှိရှာဘူးတဲ့။ အခုက သမီးသမီးနဲ့ သူမကို ခေါ်ခေါ်နေတော့ အရမ်းကြည်နူးရတယ်တဲ့။
အဖေနဲ့အမေက သမီးငတ်နေရှာသူတွေမို့ မဟေသီ့ကို ချွေးမလို့ကို မသတ်မှတ်ဘဲ သမီးအရင်းလို ချစ်ကြတာပါ။ ကျွန်တော်တို့မိသားစုလေးက မရှိမရှားနေရတာမို့ အိမ်ထောင်ကျစ ကျွန်တော်တို့လင်မယားအတွက် အစစအဆင်ပြေကြပါတယ်။
မနက်၅ နာရီဆို အမေရော အဖေပါအိပ်ရာထပြီး အဖေကဆန်ဆေး ထမင်းအိုးတည်တယ်၊ အမေက ဟင်းချက်ဖို့ ပြင်ဆင်နေပြီ။ အဖေက အမေ့မီးဖိုချောင်ကိစ္စကို ကူပေးနေတာ သူတို့ရခါစကတည်းကပါ။ ဟိုအရင်တုန်းက အဖေရော အမေပါ အလုပ်လုပ်ကြရတော့ မနက်စာအတွက်ရယ် ထမင်းချိုင့်အတွက်ရယ် လင်မယားနှစ်ယောက်စလုံး အတူတူ ချက်နေကျပါ။ သူ့အလုပ် ကိုယ့်အလုပ်မခွဲခြားဘဲ ကိုယ်တတ်နိုင်ရာ ကူလုပ်ကြတယ်။ လင်မယားနှစ်ယောက်စကားတပြောပြောချက်ကြ ပြုတ်ကြနဲ့ ပြီးရင် အမေက အဖေ့ယူနီဖောင်းထုတ်ပေး အဖေ့ဖိနပ်တွေတိုက်ပေး အဲ့ဒီအချိန်အဖေက ထမင်းချိုင့်နှစ်လုံးကို ပြင်ဆင်ထည့်နေပြီရယ်။ အလုပ်က တခြားဆီဆိုပေမယ့် အိမ်က အတူတူထွက်ကြတယ်။ အဖေက ကျွန်တော့်ကို တပ်တွင်းကျောင်းလိုက်ပို့ပေးပြီး သူ့အလုပ်ကိုသွားတယ်။ ဒါတွေက အဖေနဲ့အမေရဲ့ နိစ္စဓူဝ အလုပ်တွေပါ။ ညရောက်ရင် အမေက ကျွန်တော့်ကို စာသင်ပေးတယ်၊ အဖေက စက်ပစ္စည်းစာအုပ်တွေနဲ့ အလုပ်ရှုပ်နေတာက ညစဥ် ညတိုင်းအလုပ်တွေပေါ့။
အမေက အဂ်လိပ်စာကောင်းတယ်။ အဖေတို့ စက်ရုံကို ဂျာမန်တွေလာရင် အမေက စကားပြန်လုပ်ပေးရတယ်။ အမေတို့မစ်ရှင်ကျောင်းတွေက အဂ်လိပ်လိုပြောကြရတာဆိုတော့ အဖေတို့စက်ရုံမှာ အမေက လူရာဝင်တာပေါ့။ စက်ရုံမှုးကတောင် အမေ့ကို အလေးထားဆက်ဆံတယ်။ ကျွန်တော် အဂ်လိပ်သဒ္ဒါနိုင်နင်းတာ အမေ့ကျေးဇူးတွေကြောင့်ပါ။ အမေက ကျွန်တော်ရဲ့ လက်ဦးဆရာရော ကျူရှင်ဆရာမရော ယဥ်ကျေးလိမ္မာဆရာမအဖြစ်ပါ နေရာယူခဲ့သူပါ။
ကျွန်တော့်ကို ပြုစုပျိုးထောင်ရာမှာ အဖေရောအမေပါ စနစ်တကျရှိလှပါတယ်။ အသက်အရွယ်အလိုက် သင်ပြပေး ခရီးထွက်ပေး ဆုံးမသွန်သင်ပေးခဲ့ကြပါတယ်။ ကျွန်တော် ၄ တန်းစာမေးပွဲဖြေပြီးတဲ့နောက်ရက်မှာ ဘုန်ကြီးကျောင်းကို ကျောင်းအိပ်ကျောင်းစားပို့ပါတယ်။ ဘုန်းကြီးကျောင်းသားဆိုတော့ သမ္မတဆယ်စောင်တွဲ၊ နိမ္မကာရဘုရားရှိခိုး၊ အပြင်အောင်ခြင်း အတွင်းအောင်ခြင်း ၊ ရတနာရွှေချိုင့် ၊ ပါဠိရွတ်ဖတ်နည်းတွေ သင်ယူရပါတယ်။ ငါးတန်းစာမေးပွဲဖြေပြီးရင်လည်း ဘုန်းကြီးကျောင်းထပ်ပို့ပါတယ်။ ခုနှစ်တန်းအထိပေါ့။ ရှစ်တန်းဖြေပြီးတော့ သထုံမြို့လယ်က တရုတ်ကျောင်းကိုတက်ရတယ်။ မိဘများရဲ့ သားတယောက်အပေါ် စနစ်တကျ ပြုစုပျိုးထောင်ခဲ့တာတွေပါ။
ကိုးတန်းနှစ်မှာ အဖေပင်စင်ယူလိုက်တာမို့ မန်းလေးကို ပြောင်းလာကြပြီး အဖေက ကားဝပ်ရှော့ဆိုင်ဖွင့်တယ်၊ အမေက မင်းသမီး မင်းသားအကျီ်တွေ ချုပ်တယ်။ အဖေနဲ့အမေရဲ့ထူးခြားချက်က အဖေက အမေ့ကို မလွှမ်းမိုးသလို အမေကလည်း အဖေ့ကို မချုပ်ကိုင်တာပါ။ လင်မယားနှစ်ယောက်စလုံး အလုပ်ကိုယ်စီလုပ်ကြတယ် အိမ်မှုကိစ္စကျတော့လည်း အတူလုပ်ကြတာပါပဲ။ အဖေက အမေ့အဝတ်တွေရော ကျွန်တော့်အဝတ်တွေရောပါလျှော်ပေးတယ်။ အမေက သူ့တပည့်တွေနဲ့စက်ချုပ်ရင်း သင်တန်းပေးတယ်။ ညတိုင်းမိသားစုထမင်းလက်ဆုံစားတယ်။ အမေက တရုတ်စပ်ပေမယ့် ဘုရားတရားကိုင်းရှိုင်းတယ် ။ ဝိပဿနာတရားစခန်းဝင်တယ်။ ထေရဝါဒဗုဒ္ဓဘာသာအယူကိုယူတယ်။ အိမ်ရဲ့ ဘုရားစင်ပေါ်မှာ ဘုရားတဆူနဲ့ ရဟန္တာတဆူပဲထားတယ်။ ပန်း ရေအမြဲကပ်တယ်။ မနက်ကို သံဃာဆွမ်းလောင်းတယ်။ အဖေရောအမေပါ မျှတတဲ့စိတ်ရှိတယ်။ သူတို့ရဲ့ပညာသင်တပည့်တွေအပေါ် မဆူမငေါက်ဘဲ သင်ကြားပေးတယ်။
အဖေက ဆေးလိပ်ကြိုက်တယ်။ အရက်မသောက်တတ်ဘူး။ အမေဖျော်ပေးတဲ့ လက်ဖက်ရည်သောက်တယ်။ အဖေက အမေ့ထက်အသက် ၅ နှစ်ငယ်တယ်။ အမေ့ကို မနွယ်တဲ့။ အမေကတော့ မောင်လို့ခေါ်တယ်။ အဖေ အမေ့အပေါ်ကို စိတ်မကြည်ရင် နွယ်မလို့ ခေါ်တယ်။ အမေနဲ့အဖေစကားများကြရင် ကျွန်တော့်ကို ကြားခံထားပြီးစကားပြောတယ်။ ဧည့်သည်လာရင် စကားအတူပြောပြီး ဧည့်ခံတတ်ပေမယ့် ဧည့်သည်ပြန်သွားရင် စကားမပြောကြတော့ဘူး။ နူးညံ့နွေးထွေးပြီး ကြင်နာမှု စိတ်ထားရှိကြတဲ့ မိဘနှစ်ပါးရဲ့ သားဖြစ်ခွင့်ရတာ ကျွန်တော်အရမ်းကျေနပ်ပါတယ်။ အခုလည်း ကျွန်တော်မဟေသီပါ နွေးထွေးတဲ့ မိသားစုဝင်တယောက်အဖြစ်အ တိုးလာပြီဆိုတော့ ဒီမိဘတွေရဲ့အိမ်ထောင်သည်ဘဝကို အတုယူပြီး ကျွန်တော်တို့ရဲ့ အိမ်ထောင်သည်ဘဝလေးကို မောင်တထမ်း မယ်တရွက်စကားနဲ့အညီ အစပြုပါတော့မည်ခင်ဗျာ။