အရိပ်တစ္ဆေ(စ/ဆုံး)
—————–
ကျွန်မက သရဲတစ္ဆေကြောက်တတ်သူမဟုတ်သလို အယုံအကြည်ရှိသူလည်းမဟုတ်ပါ။ အစ်ကိုနှစ်ယောက်ရဲ့ထိန်းကျောင်းမှု အောက်မှာ ကြီးပြင်းလာခဲ့သူဖြစ်တဲ့အတွက် ယောက်ျားဆန်ပါတယ်။ စိတ်ဓာတ်မာကျောသလို အကြောက်အလန့်လည်းမရှိပါ။ ကျွန်မရဲ့မိဘဆွေမျိုးတွေက လည်း ကျွန်မတို့မောင်နှမတွေကိုခြောက်လှန့်တာ၊ သရဲတစ္ဆေအကြောင်းတွေမပြောကြတာကြောင့်လည်း နာနာဘာဝကိုအယုံအကြည်မရှိတာဖြစ် နိုင်ပါတယ်။ သို့ပေမယ့် ကျွန်မရဲ့ဘဝမှာအမှတ်မထင်ကြုံတွေ့လိုက်ရတဲ့အဖြစ်အပျက်တစ်ခုကြောင့် တမလွန်ဘဝကိုယုံကြည်ခဲ့ရတဲ့အပြင် ထိတ် လန့်ကြောက်ရွံ့ခဲ့ရပါတော့တယ်။
*****************
အပိုင်း ( ၁ )
ကျွန်မက ပန်းတနော်သူပါ။ ရန်ကုန်မြို့တစ်နေရာကဆေးဆိုင်တစ်ဆိုင်မှာအရောင်းဝန်ထမ်းလုပ်ကိုင်ပါတယ်။ ကျွန်မနေတဲ့အဆောင်က ကျွန်မအလုပ်လုပ်ကိုင်နေတဲ့ဆေးဆိုင်နဲ့သိပ်မဝေးပါ။ အဆောင်မှာက မိန်းကလေးခြောက်ယောက်နေထိုင်ကြပါတယ်။ လူတစ်ကိုယ်နေသာရုံအ ခန်းကျဉ်းတွေထဲမှာကျောဆန့်ရုံသာရှိတဲ့ကွပ်ပျစ်ခုတင်လေးတွေတစ်လုံးစီထည့်ထားပါတယ်။ အခန်းကစုစုပေါင်းငါးခန်းရှိပါတယ်။ ဘေးဖက်မှာရှိ တဲ့တိုက်က ကပ်နေတော့ ပြူတင်းပေါက်ကလေမဝင်တဲ့အပြင် လေဝင်လေထွက်လည်းမရှိတာကြောင့် အသက်ရှုကျပ်လှပါတယ်။ ကျွန်မကတော့ အိမ်ရှေ့ခန်းမှာပဲ ဂွမ်းကပ်မွေ့ရာခင်းပြီးအိပ်ပါတယ်။
အဆောင်မှာတော့ ကျွန်မအပါအဝင်ရန်ကုန်မှာအလုပ်လာလုပ်တဲ့သူငါးယောက်နဲ့ စက်ချုပ်လာသင်တဲ့မိန်းကလေးတစ်ယောက်၊ စုစု ပေါင်းခြောက်ယောက်နေကြပါတယ်။ ကျန်တဲ့မိန်းကလေးငါးယောက်က ထမင်းဆိုင်ကနေပါဆယ်ဆွဲပြီးစားသောက်ကြပေမယ့် ကျွန်မကတော့ အဆောင်ပိုင်ရှင်ထံမှာခွင့်တောင်းပြီး ကိုယ်တိုင်ချက်ပြုတ်စားသောက်ပါတယ်။ ချက်ပြုတ်စားသောက်တယ်ဆိုတာကလည်း ထွေထွေထူးထူးမ ဟုတ်ပါ။ ကြက်ဥကြော်၊ ကြက်သားကြော်ရုံလောက်ပါပဲ။ တစ်ခါတစ်လေ လက်ဖက်သုပ်နဲ့ပြီးသွားတာမျိုးလည်းရှိတတ်ပါတယ်။
ကျွန်မအခုပြောပြမယ့်ဇာတ်လမ်းရဲ့ဇာတ်ကောင်ကတော့ ညောင်တုန်းသူအေးအေးစန်းဆိုတဲ့မိန်းကလေးပါပဲ။ အေးအေးစန်းက ကျွန်မ တို့နေတဲ့အဆောင်မှာနေတာ ပြီးခဲ့တဲ့နှစ်ကတည်းကပါ။ အဆောင်ပိုင်ရှင်အန်တီကြီးနဲ့လည်းအတော်ခင်ပါတယ်။ လက်ဆော့ခြေဆော့လည်း လုပ် တတ်ပါတယ်။ ကျွန်မတို့မှာ စုဆောင်းထားတာလေးတွေအခိုးမခံရအောင်သတိထားနေရပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါ။ ကျွန်မ အလုပ်ဆင်းနေတဲ့အချိန် သူကစောရောက်နေရင် ကျွန်မဝယ်ခြမ်းထားတဲ့ကြက်သွန်၊ ဆီကိုပါယူသုံးတတ်လို့ ကျွန်မနဲ့မကြာခဏစကားများရပါ တယ်။ ကျန်တဲ့မိန်းကလေးတွေကအနေအေးတဲ့အပြင် ပြဿနာလည်းမဖြစ်ချင်ကြတော့ မသိဟန်ဆောင်ကြပေမယ့် ကျွန်မကတော့ နည်းနည်းမှ သည်းမခံနိုင်ပါ။ သူကလည်းခပ်စွာစွာ။ ကျွန်မကလည်းလက်မြန်ခြေမြန်ဆိုတော့ မကြာခဏသတ်ပွဲဖြစ်ရတယ်။
ဒီလိုနဲ့ သင်္ကြန်နားနီးတော့ အလုပ်ပိတ်တဲ့အတွက် မိန်းကလေးတွေအကုန်လုံးအိမ်ပြန်သွားကြတယ်။ မပြန်ဖြစ်သေးတာက ကျွန်မနဲ့အေး အေးစန်းနှစ်ယောက်တည်း။ ကျွန်မအလုပ်လုပ်နေတဲ့ဆေးဆိုင်က သင်္ကြန်တွင်းပါဖွင့်မယ်ဆိုလို့မပြန်ဖြစ်သေးတာဖြစ်ပေမယ့် အေးအေးစန်းက တော့ အကြိုရက်မတိုင်မီပြန်မယ်လို့သိထားပါတယ်။ အဆောင်မှာ သူနဲ့ကျွန်မတို့နှစ်ယောက်တည်းရှိကြတဲ့အခါ အရင်လိုတော့ရန်ဖြစ်တာမျိုးမရှိ တော့ပါ။ မေးထူးခေါ်ပြောရုံလောက်ပဲရှိပါတယ်။ ကျွန်မလည်းစိတ်ချမ်းသာရပါတယ်။ သို့ပေမယ့် သူအိမ်ပြန်မယ့် သင်္ကြန်အကြိုမတိုင်ခင်ရက်မှာ တော့ ကျွန်မနဲ့အေးအေးစန်းတို့ အကြီးအကျယ်ရန်ဖြစ်ကြပါတော့တယ်။ ဖြစ်ရတဲ့အကြောင်းရင်းကတော့ သူ့ပိုက်ဆံပျောက်သွားတဲ့ကိစ္စနဲ့စကား များကြရာက သတ်ပုတ်ကြတဲ့အထိဖြစ်ခဲ့ရပါတော့တယ်။
ကျွန်မတို့ရန်ဖြစ်သတ်ပုတ်ကြတာ ဘယ်သူမှမသိလိုက်ကြပါ။ ကျွန်မက အစ်ကိုတွေဆီကကိုယ်ခံပညာအနည်းအကျဉ်းသင်ယူထားတဲ့အ ပြင် ယောက်ျားလေးတစ်ယောက်လိုထိုးနှက်တိုက်ခိုက်တတ်သူမို့ အေးအေးစန်းတစ်ယောက် အတော်အထိနာသွားခဲ့ပါတယ်။ ဒေါသအလျောက် ဖြစ်ခဲ့ကြပေမယ့် သွေးထွက်သံယိုဖြစ်ပြီးနာကျင်သွားတာမျိုးကိုမြင်ရပြန်တော့ ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ သို့ပေမယ့် သူခိုးကလူပြန်ဟစ် တာမျိုးကိုမခံနိုင်တာရယ်၊ ကျွန်မရဲ့ဂုဏ်သိက္ခာကိုထိပါးလာတာရယ်ကြောင့် ခေါင်းငုံ့မခံဘဲလက်တုန့်ပြန်ခဲ့ရတာအတွက်တော့ ကျေနပ်မိပါတယ်။
ကျွန်မတို့နှစ်ယောက်ရန်ဖြစ်ကြပြီးနာရီဝက်အကြာမှာ အေးအေးစန်းက သူ့အဝတ်အစားတွေအကုန်ထုပ်ပိုးပြီး နေရပ်ကိုပြန်သွားပါတော့ တယ်။ သူပြန်ခါနီးမှာ ကျွန်မကိုမျက်ထောင့်နီနဲ့အသေအချာစိုက်ကြည့်သွားပါတယ်။ ကျွန်မက အောင်နိုင်သူမို့မဲ့ပြုံးလေးပဲပြုံးပြလိုက်ပါတယ်။
ကျွန်မရဲ့မဲ့ပြုံးက သူ့ရင်ထဲကိုထိုးဖောက်ပြီး နှလုံးသားထဲကိုစူးနစ်သွားခဲ့တယ်ထင်ပါရဲ့။ အဆောင်တံခါးကိုဆောင့်ကန်ပြီး လှေကားကနေ ဆင်းသွားတဲ့ခြေလှမ်းတွေမှာ ဒေါသသံတွေရောစွက်နေခဲ့တယ်။ အဲဒီနေ့ကစပြီး ကျွန်မနဲ့အေးအေးစန်းတို့နှစ်ယောက် နောက်ဆုံးတွေ့ဆုံခြင်းဖြစ်ခဲ့ သလို ကျွန်မနောက်ကနေတကောက်ကောက်လိုက်ပြီး ဒုက္ခပေးတတ်တဲ့ အရိပ်တစ္ဆေတစ်ကောင်ဖြစ်ခဲ့ရပါတော့တယ်။ အဲဒီလိုဖြစ်ခဲ့မယ်လို့လည်း ကျွန်မမထင်ထားခဲ့ပါ။ သူသေဆုံးခဲ့ရခြင်းက ကျွန်မနဲ့မသက်ဆိုင်ပေမယ့် သူ့ရင်ထဲမှာကိန်းအောင်းနေခဲ့တဲ့ရန်သူက ကျွန်မဖြစ်နေခဲ့ပါတယ်။ ဒါ ကြောင့်လည်း အေးအေးစန်းရဲ့မကျွတ်မလွတ်သေးတဲ့ဝိညာဥ်ဟာ ကျွန်မကိုရန်သူတစ်ယောက်လိုသဘောထားပြီး အစွဲကြီးစွာနဲ့ခြောက်လှန့် ဒုက္ခ ပေးခဲ့ပါတော့တယ်။
****************
အဆောင်ကနေ အေးအေးစန်းထွက်သွားပြီး နောက်တစ်ရက် သင်္ကြန်အကြိုနေ့မှာ အဆောင်ပိုင်ရှင် ဒေါ်သန်းသန်းဆင့် ကျွန်မဆီရောက် လာခဲ့ပါတယ်။
“အေးအေးစန်းနဲ့ဘယ်လိုဖြစ်ကြတာလဲသမီး”
“အန်တီ့ကို သူပြောတာလား”
“ဟုတ်တယ်သမီး”
“ကျွန်မကို သူ့ပိုက်ဆံခိုးတယ်ဆိုပြီးစွပ်စွဲလို့။ ကျွန်မက ဘယ်သူနဲ့မှပတ်သက်တဲ့သူမဟုတ်ဘူး။ ဒီအဆောင်မှာနေတဲ့ကောင်မလေးတေွ ကိုမေးကြည့်ပါ။ ကျွန်မရဲ့ဂုဏ်သိက္ခာကိုထိပါးလာလို့။ အန်တီ့ကိုမပြောခဲ့တာတွေအများကြီးပဲ။ သူကသာ အဆောင်သူတွေဆီကပိုက်ဆံရော၊ အသုံးအဆောင်တွေရောခိုးနေတာ။ ဆံညှပ်ကလစ်တောင်မချန်ဘူး။ ကျွန်မတို့သည်းခံခဲ့တယ်။ လက်ဆော့တဲ့သူက သူ့ပိုက်ဆံပျောက်တယ်ဆိုပြီး ကျွန်မကိုပြောတော့ သူခိုးကလူပြန်ဟစ်နေသလိုပဲအန်တီ”
“ခက်ပါတယ်။ အေးအေးစန်းအကြောင်း အန်တီလည်း သိသင့်သလောက်သိပါတယ်”
“အန်တီသိရင်လည်း အဆောင်မှာဘာဖြစ်လို့နေခွင့်ပြုထားတာလဲ။ သူက အန်တီနဲ့ခင်တယ်ဆိုပြီး လူပါးဝနေတာ”
“အဲဒီလိုမဟုတ်ပါဘူးသမီးရယ်။ အေးအေးစန်းရဲ့အဒေါ်က အန်တီ့သူငယ်ချင်းပါ။ ကလေးမလေးက စိတ်ကောင်းရှိပါတယ်။ သူ့အမေက သူငယ်ငယ်လေးကတည်းက ဆုံးပါးသွားကြတာ။ သူ့မှာ မောင်နှမလည်းမရှိရှာဘူး။ အဖေကလည်း နောက်အိမ်ထောင်နဲ့။ အမေရဲ့ညီမ အဒေါ်နဲ့ နေရရှာတယ်။ သူ့အဒေါ်ကလည်း သိပ်အဆင်ပြေတာမဟုတ်ဘူး။ ကလေးမလေးက ငယ်ငယ်လေးကတည်းက စိတ်ဒဏ်ရာတွေရခဲ့သူပါ သမီး ရယ်။ ရန်ကုန်မှာအလုပ်လာလုပ်တော့နေစရာမရှိလို့ အန်တီ့အဆောင်မှာခေါ်ထားတာပါ။ အဆောင်ခတောင်မယူပါဘူး”
အန်တီဒေါ်သန်းသန်းဆင့်ပြောပြလို့သိရတဲ့အခါ အေးအေးစန်းကို သနားမိခဲ့ပါတယ်။ အန်တီဒေါ်သန်းသန်းဆင့်ကို ကျွန်မ မပြောမိခဲ့တဲ့စ ကားတစ်ခွန်းက အေးအေးစန်းဟာ အဆောင်စည်းကမ်းကိုဖောက်ပြီး သူ့ရည်းစားကိုခေါ်လာတာကိုမပြောဖြစ်ခဲ့ပါ။ အရင်လိုသာဆိုရင်တော့ ကျွန် မပြောဖြစ်ခဲ့မှာသေချာပါတယ်။ အခုတော့ အေးအေးစန်းဟာ မိခင်မဲ့နေသူတစ်ယောက်ဖြစ်တဲ့အပြင် ဖခင်ကလည်း နောက်အိမ်ထောင်ပြုသွားသူမို့ သူ့ရင်ထဲမှာ ဘယ်လိုခံစားနေရမယ်ဆိုတာ ကျွန်မသိခဲ့ပါပြီ။ ဝမ်းစာရေးအတွက် ဘဝပင်လယ်ပြင်မှာလက်ပစ်ကူးနေရပေမယ့် သူ့ရင်ထဲက ဝေဒနာ တစ်ခုကြောင့်လေလား။ သို့တည်းမဟုတ် မပြည့်စုံလို့လေလားဆိုတာ ကျွန်မ မသိပါ။ အန်တီဒေါ်သန်းသန်းဆင့်ပြောခဲ့တဲ့စကားအရဆိုရင်တော့ အေးအေးစန်းဟာ မိဘရဲ့အုပ်ထိန်းခြင်းကင်းမဲ့ပြီး စိတ်အလိုလိုက်နေတဲ့မိန်းကလေးတစ်ယောက်ဆိုတာ သေချာခဲ့ပါပြီ။
“သမီးတို့ရန်ဖြစ်တာအန်တီမသိလိုက်ဘူး”
“ကျွန်မက တော်ရုံကိစ္စဆိုပြောတတ်တဲ့သူမဟုတ်ဘူး။ ကျွန်မဟာကွန်မဖြေရှင်းတာ။ အန်တီမကြိုက်ရင် သင်္ကြန်ပြီးတာနဲ့ပြောင်းပေး ပါ့မယ်”
“အန်တီက အဆောင်မှာရန်ဖြစ်တာမကြိုက်ဘူးသမီး။ အဆောင်ဖွင့်ရတဲ့ရည်ရွယ်ချက်က အန်တီ့လိုဒုက္ခရောက်မှာစိုးလို့။ အန်တီ ရန်ကုန် ကိုလာတော့ တည်းစရာနေစရာမရှိဘူးသမီး။ ယောင်လယ်လယ်နဲ့ရယ်။ အခုလိုအဆောင်တစ်ခုပိုင်ဆိုင်နိုင်ဖို့ အန်တီကြိုးစားခဲ့ရတယ်သမီး။ ရန်ကုန်မှာ အဆောင်တောင်ငှားမနေနိုင်လို့ ဗဟန်းက သီလရှင်ကျောင်းမှာနေခဲ့ရတယ်။ အန်တီကြိုးစားခဲ့တယ်။ အန်တီက သိက္ခာရှိရှိရပ်တည် ရင်း သင်တန်းတွေတက်ခဲ့တယ်။ အန်တီ့မိဘတွေက ပံ့ပိုးပေးတယ်ဆိုပေမယ့် ရန်ကုန်မှာစားစရိတ်က ကြီးမားတယ်သမီး။ ဆရာလေးတွေမှာ လည်း ဆွမ်းတောင်နပ်မမှန်ဘူး။ ဒါ့ကြောင့် အန်တီကြိုးစားတယ်။ အန်တီဆိုလည်း ဆရာလေးတွေနဲ့နေရတာပါ။ ဘယ်မှာအဆင်ပြေပါ့မလဲသမီး။ ဒီလိုတိုက်ခန်းမှာ အဆောင်လုပ်ပြီးမိန်းကလေးတွေတင်ထားရတာ အန်တီ့အတွက်တာဝန်ကြီးပါတယ်။ အန်တီအဆောင်ငှားစားတယ်ဆိုတာ အန်တီ့လိုအခက်အခဲတွေမတွေ့စေချင်လို့ပါ။ အခက်အခဲတော့ရှိမှာပေါ့။ သမီးချက်စားမယ်ဆိုတာ အန်တီခွင့်ပြုထားတာပဲ။ ငွေကြေးအခက်အခဲ ရှိခဲ့ရင် အန်တီ့ကိုပြောပါ”
“ဟုတ််ကဲ့အန်တီ။ ကျေးဇူးတင်ပါတယ်။ ကျွန်မလည်း တာမွေကအဆောင်ကိုပြောင်းတော့မယ်”
“သမီးသဘောပါ။ လိုအပ်ရင်အန်တီ့ကိုဖုန်းဆက်ပါ။ အန်တီက အဆောင်သူရယ်လို့မသတ်မှတ်ပါဘူးသမီး။ အခက်အခဲရှိလာရင် အန်တီ့ မှာတာဝန်ရှိတယ်”
“နားလည်ပါတယ်အန်တီ”
“အန်တီပြန်မယ်သမီး”
“ဟုတ်ကဲ့အန်တီ……..”
“သမီး…..တစ်ယောက်တည်းနေရဲရဲ့လား”
“နေရဲပါတယ်အန်တီ”
“ကလေးမလေးတွေက သင်္ကြန်ပြီးမှပြန်လာကြမှာ”
“ရပါတယ်အန်တီရဲ့။ ကျွန်မ မကြောက်တတ်ပါဘူး”
*******************
အပိုင်း ( ၂ )
( သင်္ကြန်အကြတ်နေ့ )
သင်္ကြန်ရက်အတွင်း ဆေးဆိုင်ဖွင့်မယ်ဆိုပေမယ့် အကြတ်နေ့ရောက်တော့ ဆေးဆိုင်ကပိတ်လိုက်ပါပြီ။ သင်္ကြန်မတိုင်ခင်ပိတ်မယ်ဆိုပါ က အိမ်ပြန်လို့ရပေမယ့် သင်္ကြန်ရက်အတွင်းအိမ်ပြန်လို့မရတော့တဲ့အတွက် ကျွန်မစိတ်ပျက်နေမိတယ်။ ကျွန်မက သင်္ကြန်ကိုမနှစ်သက်သူဖြစ် လေတော့ ငယ်စဉ်ကတည်းက သင်္ကြန်ရောက်ပြီဆိုတာနဲ့ အိမ်တွင်းပုန်းနေတတ်ပါတယ်။ ကျွန်မကို စတာ၊ နောက်တာမျိုးလည်းမကြိုက်ပါ။
ရေပက်ခံကားတွေပေါ်က ဆူညံအော်ဟစ်သံတွေနဲ့ ရေကစားမဏ္ဍပ်တွေဆီက အပြိုင်အဆိုင်ဖွင့်နေကြတဲ့သီချးသံတွေကို တစ်နေကုန် သည်းခံရင်း အဆောင်ကိုသန့်ရှင်းရေးလုပ်ပါတယ်။ အဆောင်သူအချို့က အနေအထိုင်ညစ်ပတ်တာကြောင့် အခန်းတွေကို တော်တော်ရှင်းလိုက် ရပါတယ်။ အဲဒီအခန်းတွေထဲမှာတော့ အေးအေးစန်းရဲ့အခန်းက အဆိုးဆုံးပါပဲ။
ညနေခြောက်နာရီကျော်သွားသည့်အခါမှ သီချင်းသံတွေတိတ်ဆိတ်သွားပြီး ရေပက်ခံသူများ၊ ရေပက်ကစားကြသူများလည်း ခြေကုန် လက်ပန်းကျကာ အနားယူသွားခဲ့ကြပါပြီ။ သင်္ကြန်မတိုင်ခင်ကတည်းက လက်ဖက်၊ အကြော်စုံ၊ ကြက်ဥ၊ ဘဲဥတွေနဲ့ ဆန်၊ ဆီ၊ ဆား အလုံအ လောက်ဝယ်ထားလို့သာ တော်ပါသေးတယ်။ ယနေ့ညစာအတွက် လက်ဖက်သုပ်နဲ့သာစားဖို့ဆုံးဖြတ်လိုက်ပြီး အဆောင်နောက်ဖက်သို့ဝင်သွားချိန် မှာတော့ ကျွန်မရဲ့နောက်ကျောကိုရိုက်လိုက်တဲ့အတွက် နောက်ကိုအမြန်လှည့်ကြည့်လိုက်ပါတယ်။ လက်ဆကတော်တော်လေးပြင်းတော့ ကျော ကုန်းနာသွားတာကြောင့် ကွန်မဒေါသတော်တော်ဖြစ်သွားခဲ့တယ်။ နောက်ကိုလှည့်ကြည့်တော့လည်း ဘယ်သူမှရှိမနေပါ။ အခန်းတွေကိုသန့်ရှင်း ရေးလုပ်နေတဲ့အချိန် အဆောင်ထဲကိုတစ်ယောက်ယောက်များဝင်နေသလားဆိုတဲ့အတွေးကြောင့် နောက်ဖေးက ကြက်သွန်လှီးတဲ့ဓားကို အမြန် ပြေးယူပြီး တစ်ခန်းဝင်တစ်ခန်းထွက်လိုက်ရှာပါတယ်။ အခန်းငါးခန်းစလုံးကို သတိနဲ့ဝင်ပြီး ခုတင်အောက်ပါမကျန်အောင်ရှာပေမယ့် ကြွက်တစ် ကောင်တောင်ရှိမနေခြင်းက ထူးဆန်းနေပါတယ်။ အိမ်ရှေ့တံခါးမကြီးကလည်း အသေအချာချက်ချထားပါလျက်နဲ့ ဘယ်လိုဘယ်နည်းနဲ့ ဝင်လာ တယ်ဆိုတာ ကျွန်မ မစဉ်းစားတတ်တော့ပါ။
ကျောကုန်းကိုရိုက်လိုက်နိုင်တာ လူတစ်ယောက်ကလွဲလို့ အခြားမဖြစ်နိုင်တာကြောင့် တစ်ဆောင်လုံးကိုအသေအချာပြန်စစ်ပါတယ်။
အိမ်ရှေ့ခန်းက ရှင်းလင်းနေတာမို့ အခန်းတွေကိုပြန်ရှာဖို့နောက်ပြန်လှည့်လိုက်တဲ့အချိန်မှာပဲ အေးအေးစန်းနေတဲ့အခန်းထဲကို လူတစ် ယောက်လှစ်ကနဲဝင်ပြီး တံခါးကိုဆောင့်ပိတ်လိုက်တာကိုအသေအချာမြင်လိုက်ရပါတယ်။
“ဒုန်း…….”
မျက်စိနဲ့တပ်အပ်မြင်လိုက်ရတာကြောင့် လူတစ်ယောက်ဆိုတာ သေချာနေပါပြီ။ ကျွန်မမြင်လိုက်တဲ့သူက ခေါင်းတုံးနဲ့ပါ။ ရှပ်အင်္ကျီ အနီ ရောင်နဲ့ ဘောင်းဘီရှည်အနက်ရောင်ဝတ်ထားပါတယ်။ ရန်သူနဲ့ရင်ဆိုင်ရမှာမကြောက်ပေမယ့် အိမ်မှာနေတာမို့ အတွင်းခံတွေဝတ်မထားမိတဲ့အ တွက် မဝံ့မရဲဖြစ်နေခဲ့ပါတယ်။ သို့ပေမယ့် ရန်သူက ကျွန်မနဲ့အနီးဆုံးမှာရှိနေတဲ့အတွက် သူသေကိုယ်သေတိုက်ခိုက်ရပါတော့မယ်။
“ဒုန်း………ဝုန်း….”
“ဒုန်း…….ဒုန်း…..”
အခန်းထဲကထွက်လာတဲ့အသံက တော်တော်ကျယ်ပါတယ်။ နံရံတွေကို လက်သီးနဲ့ထိုးနှက်နေတော့ ကျွန်မသံသယရှိလာပါတယ်။ တ ကကယ်ဆိုရင် ရန်သူက ကျွန်မကိုအရင်ဆုံးမြင်တွေ့သွားတာပါ။ သူသာ ကျွန်မကိုရန်မူမယ်ဆိုရင် ကျောကုန်းကိုရိုက်နှက်စရာမလိုပါဘူး။ အသေ သတ်တာပဲဖြစ်ဖြစ်၊ အဓမ္မပြုကျင့်တာပဲဖြစ်ဖြစ်။ ဓားပြတိုက်တာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်။ ကျောကုန်းကိုပဲရိုက်နှက်ခဲ့တာကတော့ ထူး ခြားနေ ပါတယ်။
ကျွန်မမြင်လိုက်ရတဲ့သူက ကျွန်မနဲ့ကိုယ်လုံးကိုယ်ထည်မကွာပေမယ့် တော်တော်သွက်လက်ပြီး ခွန်အားရှိပုံရပါတယ်။ ရဲခေါ်ရမလား၊ တိုက်ခန်းတစ်ခန်းခန်းကိုပဲအကူအညီတောင်းရမလားလို့စဉ်းစားနေတဲ့အချိန်မှာ စက်ချုပ်လာသင်တဲ့မိန်းကလေးနေခဲ့တဲ့အခန်းတံခါးနဲ့ အေးအေး စန်းနေခဲ့တဲ့အခန်းတံခါးနှစ်ချပ်က အလိုလိုပွင့်သွားတော့ ကျွန်မလည်း လက်ထဲကကြက်သွန်လှီးတဲ့ဓားကို လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထား ပြီး အသင့်စောင့်နေလိုက်ပါတယ်။ ရန်သူက တစ်ယောက်တည်းမဟုတ်လောက်တော့တဲ့အတွက် တဖြည်းဖြည်းချင်းနောက်ဆုတ်ပြီး အိမ်ရှေ့တံခါး ဆီကိုတိုးသွားပါတယ်။ အဲဒီအချိန်မှာပဲ အေးအေးစန်းရဲ့အခန်းတဲက မျက်နှာတစ်ခုပေါ်လာလို့ အသေအချာကြည့်လိုက်မိတဲ့အခါ ကျွန်မ ကြက်သီး လမွေးညင်းတွေထသွားခဲ့ရပါတော့တယ်။ အခန်းတံခါးပေါင်နဲ့ကွယ်ပြီး ကျွန်မကိုကြည့်နေတဲ့မျက်နှာက အင်မတန်ကြောက်စရာကောင်းပါတယ်။ မျက်နှာတစ်ခြမ်းက စုတ်ပြတ်ပြီး အရေပြားတွေလန်နေပါတယ်။
လက်ထဲကဓားကိုလွတ်မကျသွားအောင်ထိန်းရင်း အိမ်ရှေ့တံခါးဆီကိုနောက်ပြန်သွားနေတဲ့ကျွန်မကို စူးစူးရဲရဲစိုက်ကြည့်နေတဲ့မျက်လုံး တွေကို ကျွန်မမြင်ဖူးသလိုလိုရှိနေပါတယ်။
“ဒုန်း…….”
မျက်နှာကိုအသေအချာစိုက်ကြည့်နေတုန်းမှာပဲ ကျန်တဲ့အခန်းတံခါးတွေပါပွင့်သွားတာကြောင့် သာမာန်ကိစ္စမဟုတ်တော့ဘူးဆိုတာ ကျွန်မသဘောပေါက်လိုက်ပါပြီ။ ဒီအဆောင်မှာ သရဲခြောက်တယ်ဆိုတာမကြားခဲ့ဖူးသလို ကြုံလည်းမကြုံခဲ့ဖူးပါ။ အဆောင်သူတွေရှိနေလို့မ ခြောက်လှန့်တာလည်း ဖြစ်နိုင်ပါတယ်။ လူမဖြစ်နိုင်တော့တဲ့တွက် ကျွန်မမကြောက်တော့ပါ။ ပွင့်နေတဲ့အခန်းတိုင်းကိုသတိနဲ့ဝင်ပြီး အသေအချာ စစ်ဆေးပါတယ်။ ဘာဆိုဘာမှမတွေ့ပါ။ သို့ပေမယ့် အေးအေးစန်းရဲ့အခန်းကြမ်းပြင်မှာတော့ ရေစိုနေတဲ့ခြေရာကွက်လိုအရာတွေမြင်တွေ့ရပါ တယ်။ အဆောင်ကြမ်းပြင်က ဘာမှခင်းမထားတဲ့ သမံတလင်းဆိုတော့ ရေစိုနေတာကိုသိသိသာသာမြင်တွေ့နေရပါတယ်။
ကျွန်မ သရဲမကြောက်တတ်ခဲ့ခြင်းက ကိုယ်တိုင်မြမင်တွေ့ဖူးတာရယ် ကျွန်မရဲ့မိဘဆွေမျိုးတွေအားလုံးက သရဲတစ္ဆေတွေနဲ့ခြောက်လှန့် ခြင်းမပြုခဲ့တာရယ်ကြောင့်ပါ။ အခုလို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတော့ စိတ်ထဲမှာတစ်မျိုးတော့ဖြစ်သွားပါတယ်။ အခြေအနေကိုစောင့် ကြည့်ပြီး လိုအပ်ရင် အဆောင်ပိုင်ရှင်အန်တီဒေါ်သန်းသန်းဆင့်ဆီကိုဖုန်းဆက်ဖို့တွေးထားပါတယ်။ ညနေခြောက်နာရီကျော်ပဲရှိသေးတဲ့အချိန်မှာ သရဲြေခာက်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့လည်းတွေးမိလိုက်ပါတယ်။
ဆက်ပြီးထူးခြားမလာတော့ အဆောင်နောက်ဖက်ကိုဝင်ပြီး လက်ဖက်သုပ်နဲ့ထမင်းစားဖို့ပြင်ဆင်လိုက်ပါတော့တယ်။
*****************
စားသောက်ပြီးစီးတဲ့အချိန်မှာအစ်ကိုကြီးကိုဖုန်းဆက်ပြီး ညနေကအကြောင်းပြောပြဖြစ်တယ်။ အမေနဲ့အစ်ကိုလတ်ကိုတော့ မပြောဖြစ် တော့ပါဘူး။
“နင်က သရဲတစ္ဆေကိုယုံလို့လားအညို”
“အရင်ကတော့မယုံဘူးကိုကြီး။ အခုက အညိုကိုယ်တိုင်မြင်ခဲ့ရတာ”
“ဟုတ်လို့လားဟာ”
“ဟုတ်တယ်ကိုကြီး”
“နင်ကြောက်နေလား”
“ဘယ်တုန်းကကြောက်ဖူးလို့လဲကိုကြီးရာ”
“မကြောက်ရင် စိန်ခေါ်လိုက်။ လူကြမ်းရင်နတ်ကြမ်းမခံနိုင်ဘူးတဲ့”
“သူ့ဟာသူနေပါစေကိုကြီးရာ”
“အလျှော့ပေးရင် သူတို့ကိုကြောက်တယ်ထင်ပြီးပိုဆိုးလာလိမ့်မယ်။ နင်ကဦးအောင်ကြမ်းပြလိုက်”
“ဟုတ်ကဲ့ကိုကြီး”
ကိုကြီးနဲ့ဖုန်းပြောပြီး အိပ်ရာပေါ်လှဲလိုက်တဲ့အချိန်မှာပဲ ဖုန်းမြည်သံကြားလို့ လက်ကိုင်ဖုန်းကိုယူကြည့်လိုက်တော့ အန်တီဒေါ်သန်းသန်း ဆင့်ဖြစ်နေပါတယ်။
“ဟုတ်ကဲ့အန်တီ”
“ပြောစရာရှိလို့သမီးရေ….”
“ဟုတ်ကဲ့ပြောပါရှင့်”
“အေးအေးစန်းဆုံးသွားပြီတဲ့”
“ရှင်………..”
အန်တီဒေါ်သန်းသန်းဆင့်ဆီကစကားကိုကြားလိုက်ရတော့ ကျွန်မတော်တော်အံ့အားသင့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရတယ်။
“ဘယ်လိုဖြစ်ပြီးဆုံးတာလဲအန်တီ”
“ကားတဲ့ဆိုင်ကယ်နဲ့တိုက်တာတဲ့သမီးရယ်”
“ဪ..ဖြစ်မှဖြစ်ရလေ”
အေးအေးစန်းနဲ့ရန်ဖြစ်ခဲ့ပေမယ့် သူဆုံးပါးသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။
“ဘယ်မှာဖြစ်တာတဲ့လဲအန်တီ”
“သူတို့ရွာနားမှာတဲ့။ ကားနဲ့တိုက်ပြီးခေါင်းကြေသွားတယ်လို့ပြောတယ်။ သူနဲ့ဆိုင်ကယ်အတူစီးလာတဲ့ကောင်လေးလည်းဆုံးသွားတယ် တဲ့။ အန်တီစိတ်မကောင်းလိုက်တာ”
“ကျွန်မလည်း စိတ်မကောင်းဘူးအန်တီရယ်။ ဘယ်နေ့ကဆုံးတာလဲအန်တီ”
“အကြိုနေ့ညနေကတဲ့သမီး”
“ဖြစ်မှဖြစ်ရလေ အန်တီရယ်။ ကျွန်မတကယ်စိတ်မကောင်းတာပါ”
“သမီးတစ်ယောက်တည်းမနေရဲရင် အန်တီ့ကိုပြောနော်။ အန်တီတစ်ခုခုစီစဉ်ပေးမယ်”
“နေရဲပါတယ်အန်တီ”
“တစ်ခုခုလိုအပ်ရင်အန်တီ့ကိုဖုန်းဆက်နော်”
“ဟုတ်ကဲ့အန်တီ”
“ဒါပဲနော်သမီး”
“ဟုတ်ကဲ့ရှင့်”
အန်တီဒေါ်သန်းသန်းဆင့်ဖုန်းချသွားတဲ့အချိန်မှာ ကျွန်မရဲ့မျက်လုံးတွေက အေးအေးစန်းနေခဲ့တဲ့အခန်းဆီအလိုလိုရောက်သွားခဲ့ပါတယ်။ ကျွန်မမြင်လိုက်ရတဲ့သူဟာ အေးအေးစန်းများဖြစ်နေလေမလား။ သူသေဆုံးသွားပြီးတဲ့နောက်မှာ သူနေခဲ့တဲ့နေရာကိုရောက်လာတာလားဆိုတဲ့အ တွေးအချို့နဲ့ အိပ်ရာစောစောဝင်ခဲ့ပါတော့တယ်။
*******************
“တင်….တင်…ညို…….”
“တင်…တင်…ညို……”
ကျွန်မရဲ့အနားကိုကပ်ပြီးခေါ်လိုက်တဲ့အသံနဲ့အတူ ကျွန်မရဲ့ခြေထောက်ကိုဆုပ်ကိုင်ပြီးဆောင့်ဆွဲလိုက်တာကြောင့် ကျွန်မရုတ်တရက်နိုး လာခဲ့တယ်။ ကျွန်မက အိပ်ရေးဆတ်သလို အအိပ်လည်းမက်ပါတယ်။ ကျွန်မအိပ်နေတဲ့အချိန်လာနှိုးရင် စိတ်အဆိုးဆုံးပါပဲ။ အိပ်မက်လို့ထင်မှတ် ပြီး ဆက်အိပ်ဖို့ပြင်လိုက်တဲ့အခါ ကျွန်မရဲ့ခြေထောက်နှစ်ဖက်ကိုဆောင့်ဆွဲတာခံလိုက်ရလို့ မျက်လုံးကိုအမြန်ဖွင့်ကြည့်လိုက်တဲ့အခါ ကျွန်မရဲ့ခြေ ထောက်ကိုဆွဲထားသူကိုရေးတေးတေးပဲမြင်ရပါတယ်။ ကျွန်မက ညအိပ်တဲ့အခါ မီးလင်းရင်အိပ်မပျော်တဲ့အပြင် မီတာခကုန်မှာစိုးတဲ့အတွက် မီးအ ကုန်ပိတ်ပြီးမှအိပ်ပါတယ်။ အဆောင်မှာ ကျွန်မတစ်ယောက်တည်းရှိနေတဲ့အတွက် တံခါးအကုန်လုံးကိုပိတ်ထားတာကြောင့် အလင်းရောင်မရှိပါ။ သို့ပေမယ့် ကျွန်မက သူ့ကိုရေးရေးမြင်နေရပါတယ်။ သူဟာလူသားတစ်ယောက်မဟုတ်တာကိုတော့ ကျွန်မသိနေပါတယ်။
ကွန်မရဲ့နှာခေါင်းထဲမှာ သွေးညှီနံ့လည်းရနေပါတယ်။ အေးအေးစန်းလို့မေးရအောင်ကလည်း ကျွန်မပါးစပ်ကအာစေးထည့်ထားသလို လှုပ်လို့မရတော့ပါ။ ကျွန်မရဲ့စိတ်ထဲမှာကြောက်စိတ်ထက် ဒေါသကအင်အားကြီးမားလာခဲ့ပါပြီ။
“လွှတ်..စမ်း……..ငါ့ခြေထောက်ကိုလွှတ်စမ်း။ နင်ဘယ်သူလဲ”
အိပ်ရာဘေးမှာရှိနေတဲ့လက်ကိုင်ဖုန်းက Flash light ကိုချက်ချင်းဖွင့်ပြီး ကျွန်မရဲ့ခြေထောက်ကိုဆုပ်ကိုင်ထားသူကိုကြည့်လိုက်တဲ့အခါ ကျွန်မအထိတ်တလန့်ဖြစ်သွားခဲ့ပါတယ်။
သူဟာ အေးအေးစန်းမှ အေးအေးစန်းအစစ်ပါ။ ညာဖက်မျက်နှာက အရေပြားတွေလန်နေတဲ့အထိဆိုးဆိုးဝါးဝါးဖြစ်နေတဲ့အပြင် ခေါင်းမှာ ဆံပင်ဆိုလို့ တစ်မျှင်တောင်မရှိတော့ပေမယ့် သူ့မျက်လုံးနဲ့သူ့ရဲ့ညာဖက်နှုတ်ခမ်းပေါ်က မှဲ့လေးကိုတော့ ကျွန်မမှတ်မိနေပါတယ်။ သူ့မျက်လုံးတွေ ရဲ့အကြည့်တွေဟာ လူသားတစ်ယောက်လိုမဟုတ်ဘဲ စူးရှလှပါတယ်။ ကျွန်မရဲ့မျက်နှာကိုစိုက်ကြည့်နေတဲ့သူ့မျက်လုံးတွေဟာ ဖုန်းမီးရောင် အောက်မှာ ကြောင်တစ်ကောင်ရဲ့မျက်လုံးတွေလိုပါပဲ။
အိပ်ရာကနိုးနိုးချင်းမှာ ဒေါသထွက်သွားခဲ့ပေမယ့် ကျွန်မ မကြောက်ပါဘူး။ ကျွန်မအစ်ကိုကြီးပြောသလို လူကြမ်းရင်နတ်ကြမ်းတောင်မခံ နိုင်ဘူးဆိုတဲ့စကားအတိုင်း ကျွန်မ စိန်ခေါ်ပြီးကြမ်းပါပြီ။
“ငါ့ခြေထောက်ကိုလွှတ်စမ်း။ နင်…အေးအေးစန်းလား။ ကောင်မ…….သေတာတောင်နည်းသေးတယ်။ နင်သတ္တိရှိရင် ငါ့ခြေထောက်ကို လွှတ်လိုက်”
ဖုန်းမီးနဲ့ထိုးထားရင်းက အိပ်ရာဘေးမှာရှိတဲ့ပစ္စည်းတွေနဲ့ကောက်ပေါက်မိပါတယ်။ ကျွန်မရဲ့အိပ်ရာဘေးမှာ ကျောက်ပြင်နဲ့သနပ်ခါးတုံး၊ ဈေးအသင့်အတင့်ရေမွှေးပုလင်းတစ်လုံးနဲ့ မိတ်ကပ်ဘူးနှစ်ဘူး၊ ရေသန့်ဘူးတစ်ဘူးရှိနေပါတယ်။
ကျွန်မရဲ့စိတ်မှာ ကြောက်လန့်ခြင်းထက် အနိုင်မခံစိတ်ကရှိနေတဲ့အတွက် သရဲတစ္ဆေကိုလည်း ရင်ဆိုင်ဖို့အသင့်ပါ။
ဘယ်နှစ်နာရီထိုးနေပြီလည်းဆိုတာမသိပေမယ့် လူသွားလူလာအမြဲလိုလိုစည်ကားနေတဲ့ ကျွန်မတို့အဆောင်တစ်ဝိုက်မှာ အသံတိတ် ဆိတ်နေပါပြီ။
“နင်….အေးအေးစန်းလား။ နင်လုပ်ရဲရင်လုပ်ကြည့်။ နင်သတ္တိရှိရင် ငါ့ခြေထောက်တွေကိုလွှတ်လိုက်။ နင့်ကို စိန်ခေါ်တယ်”
ကျွန်မပြောလိုက်တဲ့အချိန်မှာပဲ ကျွန်မရဲ့ခြေထောက်ကိုဆုပ်ကိုင်ထားတဲ့ခံစားမှုက ချက်ချင်းပြေလျော့သွားခဲ့ပါတယ်။ အိပ်ရာပေါ်က ကျွန်မ ချက်ချင်းထရပ်လိုက်တဲ့အချိန်မှာပဲ ကျွန်မရဲ့ကျောပေါ်ကို ခုန်တက်လိုက်သလိုခံစားရပြီး လေးလံသွားခဲ့ရပါတယ်။ ကလေးတစ်ယောက် ခုန် တက်လိုက်ပုံမျိုးမဟုတ်ဘဲ လူကြီးတစ်ယောက်ခုန်တက်လိုက်သလိုဖြစ်သွားတဲ့အတွက် ကျွန်မ မှောက်လျက်လဲကျသွားခဲ့ပါတယ်။
ကျွန်မရဲ့ဖုန်းလည်း အဝေးကိုလွင့်သွားခဲ့ပါပြီ။ သို့ပေမယ့် ဖုန်းကပက်လက်ဖြစ်နေတာကြောင့် ဖွင့်ထားတဲ့အလင်းရောင်က အဆောင်ရှေ့ ခန်းတစ်ခုလုံး ကိုဖြန့်ကျက်ထားပါတယ်။
“အေးအေးစန်း……..ငါ့ကိုလွတ်စမ်း”
“တင်တင်ညို……..”
ကျွန်မနားနဲ့ဆတ်ဆတ်ကြားရတဲ့အသံက အေးအေးစန်းမှ အေးအေးစန်းပါ။ အေးအေးစန်းက ကျွန်မကို ဘယ်တုန်းကမှမယှဉ်နိုင်ခဲ့ပါ။ သူ ဘယ်ဘဝရောက်နေပါစေ၊ ကျွန်မကို အေးအေးစန်း မယှဉ်နိုင်ပါ။ အဲဒီအတွေးက ကျွန်မထင်ထားသလိုဖြစ်မလာခဲ့ပါ။
ကျွန်မရဲ့ဆံပင်ကိုဆွဲပြီး ဆွဲခေါ်သွားခဲ့ပါတယ်။ ကျွန်မ ဘယ်လိုမှရုန်းမရခဲ့ပါ။ ဆံပင်ကိုဆွဲထားလို့ နာကျင်ရတဲ့ဝေဒ နာဟာ အတော်ခံစား ရခက်ပါတယ်။ ဆံပင်စုကိုဆွဲပြီး ခန္တာကိုယ်တစ်ခုလုံးတရွတ်တိုက်ပါလာအောင် ဆွဲခေါ်သွားတဲ့အတွက် အသည်းထဲခိုက်ခိုက်တုန်မျှ စူးရှနာကျင်ရ ပါတယ်။
ဆံပင်ကိုဆွဲထားတဲ့လက်ကိုစမ်းတော့လည်း လေကိုဖမ်းရသလိုပါပဲ။ ဦးရေပြားတစ်ခုလုံးကျွတ်ထွက်မတတ်နာကျင်လွန်းတဲ့အတွက် ကျွန်မရဲ့လက်နှစ်ဖက်ဟာ နာကျင်မှုသက်သာစေဖို့ ဆံပင်စုကိုကိုင်ပြီး တရွတ်တိုက်ပါသွားရပါတော့တယ်။ ကျွန်မကိုဆွဲခေါ်သွားတဲ့နေရာက ရေချိုးခန်းရှေ့ကိုပါ။ ရေချိုးခန်းနဲ့အိမ်သာက တစ်ခန်းစီ။
“ငါ့ကိုလွှတ်စမ်း…….အေးအေးစန်း….အေးစန်း……”
ကျွန်မအတော်နာကျင်နေပါပြီ။ ဆံပင်တွေကျွတ်ထွက်ပြီလားတောင်ထင်ရပါတယ်။ နာကျင်လွန်းလို့ မျက်ရည်တွေလည်းကျ၊ ရုန်းကန် မရလို့ ဒေါသကလည်းထွက်နဲ့ သေမတတ်ခံစားရပါတယ်။
ရေချိုးခန်းရှေ့အရောက်မှာ ကျွန်မရဲ့ဆံပင်ကိုဆောင့်ဆွဲပြီးထူလိုက်တာကြောင့် မတ်တပ်ရပ်ဖြစ်သွားပါတယ်။ ရေချိုးခန်းရှေ့မှာ လေးပေ လောက်ရှိတဲ့ မှန်တစ်ချပ်ရှိပါတယ်။ အဆောင်သူအချို့က အဲဒီမှန်ရှေ့မှာပဲ အလှပြင်ဆင်ကြပါတယ်။
အဆောင်နောက်ဖက်က မှောင်နေပေမယ့် ဖုန်းမီးရောင်သဲ့သဲ့ကြောင့် အလင်းအနည်းငယ်ရပါတယ်။ မှန်ထဲမှာ မြင်နေတဲ့ပုံရိပ်ကိုကြည့် ပြီး ကျွန်မ အထိတ်တလန့်အော်လိုက်မိပါတော့တယ်။
“အမလေး……………..အေး…အေးအေးစန်း………….”
ရေးသားသူ…လွင်ဦးဟန်
ဆက်ရန်….
#ညမဖတ်ရ