ဆလိုင်းနွေ (ဂေဟာ)
တစ်လံကွာ ဟာလိန်း
အရုဏ်မိုးက တဖွဲဖွဲရွာနေသည်။ အိပ်ရာထဲတွင် ပုစွန်တုပ်ကွေး ကွေးနေရာမှ လူးလဲထကာ မျက်နှာမသစ်ဘဲ ပုဆိုးခြုံ၍ မီးကို အယင် လှုံမိသည်။
ထိုအခါ အဖေသည် ကျွန်တော့်အား
“အင်း … ယောက်ျားလေးဆိုတော့ မီးယပ်ချမ်း ချမ်းနေမှာပဲ၊ မီးလှုံနော် အားမနာနဲ့။ ယောက်ျားတွေတော့ လင်းကြက်တွန်ကတည်းက တောထဲရောက်နေကြပြီ”
အရွဲ့လုပ် ခနဲ့စကား ပြောလာလေသည်။
လူကသာ ဘာမျှမဟုတ်။ အဖေက အရွဲ့တိုက်စကားပြောလျှင် အရွဲ့ပြန်တိုက်ချင်သောဥာဉ် အမြဲရှိနေသည်။ ထို့ကြောင့် မီးလှုံရာမှ ပုဆိုးကို ခါးတွင် ပြန်ဆီးကာ အိမ်ရှေ့ထွက်လာ၏။ ခြံစည်းရိုးတွင် ပေါက်သော (ပန်းပါ ) ပင်မှ အကိုင်းကို ချိုးကာ “ယနေ့တောလိုက်လျှင် တောကောင်ရ မရ” “ဗွီတုတ်”ခေါ် ဗေဒင်တွက် ကြည့်သည်။
ဗေဒင်က တောကောင် ကြီးကြီးမားမား ရမည်။ မိမိ၏ အိမ်တွင်ပင် မိသားစုနှင့် စုံစုံညီညီ စားသောက်ကြရလိမ့်မည်ဟု ထွက်လာသည်။
“အဖေ … သားကို ယမ်းနည်းနည်း ပေးပါ။ သား တောလိုက်မယ်”
“မင့်ဥစ္စာ ဗမာစော ရှမ်းတောကပြန် ဆိုသလို ဖြစ်နေပြီ။ တောလိုက်တဲ့သူတွေ ခုဆို အိမ်ပြန်ရောက်လာကြပြီပေါ့”
ထိုအခိုက် တောင်ယာဘက် တောလိုက်ရာမှ ပြန်လာသော ဦးထန်းအောင် ရောက်လာသည်။
“ညက ဦးရှိန်မာန် ပြောင်းဖူးခင်းကို ဝက်ဝံသားအမိနှစ်ကောင် လာစားသွားတယ်။ ဒီမနက် မိုးလင်းမှပဲ သူတို “အွေလုံစုမ်” တောင်ဘက်ကို ပြန်လှည့်သွားကြတယ်။ ဒီတောထဲမှာပဲ အိပ်ကြမှာ။ တစ်ရွာလုံး လိုက်ဖို့ ပြန်လာခေါ်တာ။ ဒီတိုင်းထားရင် ယာထဲက ပြောင်းတွေ တစ်ပတ်နဲ့ ပြောင်သွားလိမ့်မယ်”
ဦးထန်းအောင်က တောလိုက်ကျွမ်းသည်။ သူက ဒီတောထဲ၌ ရှိနေမည်ဆိုလျှင် သူမှန်းထားသော ဧရိယာအတွင်း တောကောင်ရှိရစမြဲ။
မနက်က ပြန်ထွက်သွားသည့် ဝက်ဝံသားအမိ နင်းထားသော မြက်ပင်များ ပြန်မထနိုင်ကြသေး။ တချို့က ပြန်မတ်လာဆဲ။ မိုးစက်များ မြက်ရွက်များတွင် ပြန်မခိုကြသေး။ ဤသည်တိုကို ကြည့်ခြင်းအားဖြင့် သားကောင်ထွက်သွားသည်မှာ မိနစ်အနည်းငယ်မျှသာ ရှိနေသေးကြောင်းကို ကျွမ်းကျင်သော တောလိုက်မုဆိုးများက သိကြသည်။ မည်သည့်နေရာ မည်သည့်အပင်ပေါ်တွင် အိပ်နိုင်မည် စသည်ဖြင့် တိကျစွာပင် ပြောနိုင်သောအစွမ်း ရှိကြသည်။
တစ်ရွာလုံး လိုက်ရမည်ဆိုသဖြင့် ကျွန်တော်လည်း ကိုယ့်လက်နက် ကိုယ်ပြင်ဆင်ရသည်။ သေနတ်ကိုင်သွားချင်သော်လည်း အဖေက မိုးရာသီတွင် သေနတ်ကိုင်လျှင် မီးကူးဖို့ စိတ်မချရကြောင်း ပြောသဖြင့် အသံတိတ်လက်နက်ဖြစ်သော လေးနှင့် မြားကို ယူသွားရသည်။ မြားဘူးထဲရှိ မြားများကို ပြန်စစ်ဆေးရသည်။ ထက်အောင် သွေးရသည်။
လက်ကောက်ဝတ်တွင် လေးကြိုးရိုက်မှုဒဏ် ခံနိုင်ရန်အတွက် ‘ယထုတ်ရှိ’ ခေါ် အဝတ်ကြိုး စည်းပတ် ထားရသည်။ ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် တောကောင်ရရေးကိုသာ စိတ်ထဲတွင် ထားမည်။ သားကောင်ရရေးသည် ပထမ ဒုတိယ စသည်ဖြင့် တွက်လာခဲ့ မိသည်။
သားကောင်ကို စုပေါင်းလိုက်ရာ၌ သားကောင်သည် မည်သည့်နေရာလောက်တွင် ရှိနိုင်ကြောင်းကို ကျွမ်းကျင်သော လူကြီးများက ခန့်မှန်းပြီးလျှင် ထိုသားကောင်ရှိနိုင်သော တောကို လွန်ကာ တစ်ဦးချင်းဖြစ်စေ၊ နှစ်ယောက်တစ်တွဲ ဖြစ်စေ ကိုက်ငါးဆယ်ကျော်ကျော်စီ ခြား၍ စောင့်နေရသည်။
ခြေရာခံတတ်သူများက ခြေရာခံ လိုက်လာကြလျှင် သားကောင်သည် စောင့်သူများဘက်သို့ ပြေးလာပေမည်။
ထိုအခါ တစ်ဦးဦး၏ ပစ်ကွင်းသို့ ရောက်ရစမြဲပင်။
တစ်နေရာတည်းတွင် ကျွန်တော့်ကို နှစ်ယောက်တစ်တွဲ ထားချင်ကြသော်လည်း တစ်ယောက်တည်းပဲ စောင့်ချင်သည်ဟု သူရဲကောင်းလုပ်မိသည်။ မိုးကလည်း တဖွဲဖွဲ ရွာနေဆဲ။ တစ်ခါတစ်ခါ ဘာမှမဟုတ်ဘဲ လေတိုးသံ ကြားရလျှင် ကြက်သီးထချင်ချင်။
ဝက်ဝံ ဟူသော နာမကို စဉ်းစားရုံမျှနှင့် တုန်လှုပ်ချင်စရာ။ သစ်ပင်ပေါ်တက်၍ စောင့်နေလျှင်ကောင်းမည်။ မြေပြင်မှာပဲ ဆက်စောင့်လျှင် ကောင်းလေမည်လား။
ဝက်ဝံဆိုသည်က သစ်ပင်ပေါ်လည်း တက်တတ် သည့်အကောင် ။ မြေပြင်တွင်လည်း အပြေးက မနှေး။
ချီတုံချတုံ စဉ်းစားနေစဉ် တောတိုးသံကြားရသဖြင့် အမွေးအမှင်များအားလုံး ထောင်တက်သွားသည်။ မြတ်စွာဘုရား။ ရှေ့မှာ ကျွဲလောက်ကြီးသည့် ဝက်ဝံကြီး။ သိုးအရွယ် သူ့ကလေး။
သားရဲတိရစ္ဆာန်နဲ့ ပက်ပင်းတိုးမိရင် မျက်တောင်မခတ်ဘဲ ရဲရဲကြည့်ရမည်။ လူ့မျက်လုံးမှာ တန်ခိုးဆိုတာ ရှိတယ်။ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင် ဒီကောင်တွေက လိုက်တတ်ကြတယ်ဆိုသော ရှေးလူကြီးတို့ စကားကို သတိမရနိုင်။
မျက်တောင် အကြိမ်မည်မျှ ခတ်မိသည်ကိုမူ မသိနိုင်တော့။
ဒိုင်းခနဲ စိတ်ထဲတွင် ဘုရားတရား ရောက်လာသည်။ အရဟံအစ ဘဂဝါအဆုံး ကိုးပါးသော ဂုဏ်တော်ကို အစီအစဉ်မကျ ရွတ်ဆိုနေမိသည်။
ပစ်လိုက်ရရင် ကောင်းမလား။ တစ်ချက်တည်းနှင့် သေနိုင်စရာအကြောင်း မရှိ။ ဒဏ်ရာရပြီးမှဆိုလျှင် ပိုဆိုးနေပေမည်။
စဉ်းစား၍ကောင်းတုန်း ဂုဏ်တော်ကိုးပါးရွတ်၍ မဆုံးခင် …
“ဂူး … ဂရား””
“အမယ်လေး အမေရေ … ကနူးသာဝိုး”
ကယောင်ကတမ်းအော်၍ လက်ထဲရှိ လေးကို ပစ်ထားခဲ့ကာ ဖနောင့် တင်ပါး တစ်သားတည်းကျအောင် ပြေးရသည်။ ဝက်ဝံကြီးသည် ကျွန်တော့်ကို မီလာပြီး လွယ်ထားသေား မြားဘူးကို လှမ်းဆွဲသဖြင့် ချွတ်ထားခဲ့ရ ပြန်သည်။
ညာဘက် ပလိုင်းရှိ ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ထားဆဲ။
ဝက်ဝံပါးစပ်မှ အမြှုပ်တို့သည် ကျွန်တော့်ခြေသလုံးတွင် စိုရွှဲနေသည်။ ဂုဏ်တော်ကိုးပါး၏ အစကို ပြန်ရှာ၍ မရ။
“ဟဲ့ … ဘယ်လိုဖြစ်လာတာလဲ ဟာလိန်း”
“နောက်မှာ … နောက်မှာ ဝက်ဝံကွ၊ မပစ်နဲ့ … ပြေး”
“လီထုံထန်းနိုင်း စောင့်သည့်ဘက်သို့ ပြေးသွားရာ သူက ဆီး၍ မေးသဖြင့် သူ့ကိုပါ ပြေးခိုင်းရသည်။ သူ့လက်ထဲတွင် သေနတ်က မောင်းတင်ပြီးသား။ သူက တုန်တုန်ယင်ယင်နှင့် ပစ်သည်။
“ဒိုင်း”
ဟူသော အသံသည် တောတောင်ချောင်းဖျားအထိ ပဲ့တင်ရိုက်ခတ် မြည်ဟည်းသွားသည်။ ဝက်ဝံကတော့ ကျွန်တော့်ကို လိုက်ဆဲ။
ကျွန်တော့်ကို မီလာပြန်သည်။ ကျွန်တော်မှာ ခြေကုန်လက်ပန်း ဖြစ်လာပြီ။ သူ့ပါးစပ်ထဲသို့ အေးဆေးစွာ လက်မြှောက်၍ ခေါင်းအဝင်ခံရန်သာ ကျန်တော့သည်။
ဝက်ဝံဆိုသည့်အမျိုးက ခုန်အုပ်တော့မည်ဆိုလျှင် မတ်တတ်ရပ်၍ ခြေကုပ်အားစိုက်ယူရသေးသည်။
ထို့အချိန်တွင် ကျွန်တော်လည်း သုံးလေးလှမ်း လောက်သာ လှမ်းနိုင်ပါတော့သည်။ တောမြက်ရိုင်းများ ဖြစ်သဖြင့် ပြေးသလောက် ခြေမတွင်။ နောက်လှည့် နောက်လှည့်နှင့် ပြေးရသည်။
ဝက်ဝံကြီးသည် ကျွန်တော့်ကို ရှိသမျှ လက်သည်း ဖွင့်ထုတ်ကာ ခုန်အုပ်လိုက်ပါတော့သည်။
နောက်လှည့်ကြည့်ရင်း ခြေလှမ်းအဆုတ်တွင် ကံကောင်းချင်တော့ မြက်များဖုံးသည့် ဖြူတွင်းထဲတွင် ကျွန်တော် ခြေကျွံ၍အကျ ဝက်ဝံကြီးက ခုန်အအုပ်နှင့် တိုက်ဆိုင်လွန်းသဖြင့် ခေါင်းပေါ်တွင် လေယာဉ်ပျံမည်းမည်းကြီးကို လှစ်ခနဲ မြင်ရင်း တွင်းထဲ ကျွန်တော် ကျသွားသည်။ မြက်ပင်များက ပြန်ဖုံးသလို ဖြစ်သွားသဖြင့် ထိုအထဲတွင်သာ အသက်မရှူဝံ့ဘဲ ငြိမ်သက်စွာ ထိုင်နေမိတော့သည်။
ကျွန်တော် ပျောက်သွားသဖြင့် ဝက်ဝံကြီးသည် လီထုံထန်းနိုင်းကို ဆက်လိုက်၏။ သူသည် သစ်ပင်တက် ကျွမ်းကျင်သဖြင့် သစ်ပင်ပေါ်တက်သွားသည်။
ဝက်ဝံကြီးက ဆက်လိုက်ရင်း သစ်ပင်ပေါ်ပါ တက်လိုက်သွားသဖြင့် သူ့အတွက်ပါ ဘုရားတပေးရသည်။ သစ်ပင်ပေါ် ဖြစ်သဖြင့် သူသည် ဝက်ဝံကြီးကို မည်သို့မျှ မပစ်ခတ်နိုင်။
သူ့ ခြေသလုံးကို ဝက်ဝံကြီးက ခဲထားသည်။ သူ့ ဆောင်ဓားနှင့် ဝက်ဝံခေါင်းကို ခုတ်သည်။ ဝက်ဝံက မလွှတ်။ သေနတ်ဒင်နှင့် နှာနုကို ထုလိုက်တော့မှ ဝက်ဝံကြီး ပါးစပ် ဟလာသဖြင့် သူ့ ခြေထောက်ကို ပြန်ရုပ်၍ ဆက်တက်ပြန်သည်။ ဝက်ဝံက ဆက်လိုက်ပြန်သည်။
ကျွန်တော်က ချုံတွင်းမှ “လာကြပါဦး” ဟု ကုန်း၍ အော်ပေးရသည်။ အနီးအနားမှ လူများက “ပူး၊ ပီး” နှင့် အော်ကာ ရောက်လာကြသည်။
ဝက်ဝံနှင့် လူ ရောနေသဖြင့် လှမ်းမပစ်ရဲကြ။ ဝက်ဝံကို လှမ်း၍ ခြောက်ကြသည်။
ဝက်ဝံကြီးသည် မြေပြင်သို့ ဖုတ်ခနဲ ခုန်ချကာ လူများကို ခုန်အုပ်ရန် မတ်တတ်အရပ် “ဒိန်း၊ ဒိုင်း၊ ဝုန်း” ဟူသော သေနတ်သံများ တစ်ပြိုင်နက် ပွင့်ထွက်လာသည်။ ဝက်ဝံကြီးသည် “ဂရား” ဟု တစ်ချက် အော်ကာ တောင်စောင်းအတိုင်း စမ်းချောင်းဘက်သို့ လိမ့်ဆင်းသွားသည်။
ခုမှသာ ထွက်ပြေးသွားသော ကျွန်တော့်လိပ်ပြာများ ပြန်ရောက်လာကြသည်။
လီထုံထန်းနိုင်း ခြေသလုံးတွင် အနည်းငယ် ဒဏ်ရာရသည်။ ကျွန်တော့်ခြေသလုံး၌လည်း စေးကပ် စေးကပ် ဖြစ်နေသဖြင့် ငါ့ခြေသလုံးလေးတော့ ဝက်ဝံစားလို့ ကုန်ပြီ၊ သွေးတွေကလည်း ထွက်ကုန်ပြီ ဟု လှည့်ကြည့်ရာ ဝက်ဝံပါးစပ်ကအမြှုပ် ဖြစ်နေသဖြင့် သောကအမောလုံးကြီးသည် သွေးပေါင်တိုင်းကိရိယာမှ ပြဒါးကဲ့သို့ တဖြည်းဖြည်း လှိမ်ဆင်းသွားရ ပါတော့သည်။
ဝက်ဝံ လိမ့်သွားရာသို့ အားလုံးက စုပြုံ၍ လိုက်သွား ကြရသည်။ ဝက်ဝံကြီးသည် စမ်းချောင်းနံဘေးရှိ ကျောက်တုံးကြီးပေါ်တွင် ခေါင်းတင်ကာ သေနေပြီ ဖြစ်သည်ကို တွေ့ရသည်။ ဝက်ဝံကြီး၏ ဒဏ်ရာကို မတွေ့။ ရင်အုံဒဏ်ရာများကိုသာ တွေ့ရသည်။ ဒီကောင်က ကြောက်ကြောက်နှင့် အပေါ်ထောင် ပစ်ခဲ့ခြင်းမျှသာ။
သို့သော်လည်း ကျွန်တော်တို့ရွာ၏ ထုံးစံအရ ဦးစွာ အနာတရဖြစ်အောင် ဓားနှင့် ခုတ်ထားသောကြောင့် လီထုံထန်းနိုင်း သတ်သည်ဟု သတ်မှတ်ပေးရသည်။ ကျွန်တော် ထားခဲ့သော လေးနှင့် မြားဘူးကို ရွာသားများက ကူရှာပေးကြသည်။
ကျွန်တော်တို့သည် ကျန်ခဲ့သော ဝက်ဝံကလေးကို လိုက်မရှာကြတော့ဘဲ ဝက်ဝံကြီးကိုသာ ဝေမျှ ထမ်းကြကာ ရွာသို့ ပြန်ကြရသည်။
လမ်းတွင် တောကောင်ရသည့် အထိမ်းအမှတ်ဖြင့် သေနတ်ကို တဒိုင်းဒိုင်း ဖောက်ကြသည်မှာ ပျော်စရာ ကောင်းပါသည်။ သေနတ်သံ အချက်ပေါင်းများလျှင် တောကောင်ကြီးကြီးမားမားရကြောင်းကို ရွာရှိ ကလေး လူကြီးများက နားလည်ထားကြသည်။
ထို ညတွင် လီထုံထန်းနိုင်း နေအိမ်၌ ခေါင်ရည်နှင့် ဝက်ဝံသားကို တစ်ရွာလုံးက ပျော်ရွှင်စွာ စားသောက်ကြပါသည်။
X X X X X X X X X X X X
ကျွန်တော့်နာမည် “ဟာလိန်း” ဖြစ်ပါသည်။
ကျွန်တော် မူလတန်းကျောင်း နေစဉ်တွင် ပညာရေးဘက်တွင် သင့်တင့်စွာ ထူးချွန်သော်လည်း အားကစား ဘက်တွင် အလွန်ညံ့ပါသည်။ ဂိုးစောင့်လျှင် ဘောလုံးလာသည်နှင့် မျက်စိမှိတ်လိုက်ရာ အမြဲဂိုးဝင်သွားတတ်ပါသည်။ ဘောလုံးကန်လျှင်လည်း ခြေမနှင့် မြက်ဖုတ်ကန်ကာ ထိုနေရာ၌ပင် ထိုင်ရတတ်သည်။
ကျွန်တော် ကျောင်းဆရာဘဝ ရောက်သောအခါ မြို့နှင့်တော ခရီးလေးရက်ကျော် သွားရသော ဝေးလံခေါင်းပါးသည့် အရပ်ရှိ “မှုံးတူ” ရွာတွင် တာဝန်ကျပါသည်။ ထိုနေရာတွင် ပြုစားသူများ ပေါများသည်ဟု သတင်းကြီးခဲ့ရာ အမေ တားသည့်ကြားက သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုရွာတွင် မိမိကို မိမိ ကာကွယ်ရန် အားလျှင် တောလိုက်ရန် စသဖြင့် နှစ်လုံးပြူးသေနတ် လေးမြား စသည်တို့ကို ယူသွားရပါသည်။
ရွာသားများက “ဆရာက ခေတ်ပညာတတ်ဆိုတော့ သေနတ်ပစ်တတ်မှာပဲ။ ပညာတတ်တွေက ရိုးရာလက်နက်ဖြစ်တဲ့ လေးနဲ့ မြားကို မကိုင်ကြတော့ဘူး။ ဆရာ ကိုင်တယ်ဆိုတော့ ဆရာ့လက် တည့် မတည့် သိချင်တယ်။ ပစ်ကြည့်ပါ”
ဟု အတင်းတိုက်တွန်းကြသည်။
ထိုအခါ, ဆယ်ကိုက်အကွာရှိ တိုင်ငယ်ကို တစ်ချက်ပစ်ရာ လွဲသွားသည်။ မျက်နှာပူထူသွားသည်။ ရွာသားများက ဒီလောက်နီးတာ မမှန်ဘူးဆိုတော့ တောကောင်ဆိုရင် ဘယ်လွယ်မလဲဟု ပြောကြသည်။
“တောကောင်ပဲ ဖြစ်ဖြစ်၊ ရန်သူပဲ ဖြစ်ဖြစ် ဒီလောက် နီးအောင် ဘယ်လာပါ့မလဲ။ ဒီတော့ အဝေးကနေ ပြန်ပစ်ရမယ်”
ဟု နောက်ပြန်ဆုတ်ကာ ပစ်လိုက်ရာ ဘုရားမသဖြင့် ဒက်ခနဲ မှန်သွားသည်။ ထိုအခါ ရွာသားများက ခေါင်းညိတ်လက်ခံကြတော့သည်။ ဇာတ်လိုက်တို့ကတော့ ကြံဖန်ပြီး နာမည်ကြီးရတယ်လေ။
နောက်တစ်ချက် ပြန်ပစ်ခိုင်းမည်စိုးရသဖြင့် စောစီးစွာ လစ်ထွက်လာသည်။
သို့ရာတွင် ရှဉ့်တစ်ကောင်ကို သေနတ်နှင့် ပစ် သတ်သဖြင့် ရွာသားများက ခေါင်နှင့် ဧည့်ခံပေး ကြသည်။ ရှဉ့်ကလည်း သေချင်သည့်အမျိုး။စပါး ကျီကို ရှဉ့်များ ဝင်စားကြသဖြင့် ရွာသားများ ညည်းနေကြသည်။ ကျွန်တော် ပစ်ပေးမည်ဟု နှုတ်ချွန်မိခဲ့သည်။
ဝေးဝေးမှနေ၍ ပစ်ရာ ကျည်တခြား ရှဉ့်တခြားဖြစ်သွားသဖြင့် အကွက်ပြန်လှည့်ရသည်။ စပါးကျီကို နောက်ဘက်မှ သုံးလေးချက် သွားခေါက်ကာ ရှေ့ဘက်သို့ ချက်ချင်းပြေးစောင့်ရာ လေးငါးခြောက်ကောင် ထွက်လာသည်။ ရှဉ့်တစ်ကောင်နှင့် ပက်ပင်းတိုးမိသဖြင့် ပြောင်းဝနှင့်တေ့ကာ ခလုတ်ဖြုတ်လိုက်ရာ ရှဉ့်ငနဲ နားအူ၍ သေသွားရှာသည်။
ကျည် ဘယ်ရောက်သွားမှန်း မသိ။ ရှဉ့်ခမျာ ယမ်းမီးလောင်သောဒဏ်ရာနှင့် သေလေပြီ။ ထို့ကြောင့် ရွာသားများ ကျွန်တော့်ကို ချီးကျူးကြရန်အလိုငှာ ရှဉ့်နှင့် ကျွန်တော်၏ အကွာအဝေးကို ကိုက်လေးဆယ်ခန့် ဖော်ပြရသည်။
ဤသို့ဖြင့် ကျွန်တော်သည် လက်တည့်သူအဖြစ် မုသာဝါဒနှင့် သိက္ခာတင်ခဲ့ရလေ၏။
X X X X X X X X X X X X
နွေကျောင်းပိတ်တွင် ကျွန်တော် ရွာပြန်သွား ပါသည်။ ချောင်းသွားခြင်း၊ တောလိုက်ခြင်းတို့ ဖြင့်သာ ကျောင်းတက်ချိန် စိတ်ပင်ပန်း ကိုယ်ပင်ပန်းမှုကို ပြန်လည်ဖြေဖျောက်ခဲ့ရသည်။
တောသွားလျှင် တောကောင်မရသော်လည်း ဟင်းသီးဟင်းရွက်ရသည်။ ချောင်းသွားလျှင် ငါးမရသည့်နေ့ မရှိ။ ထို့ကြောင့် ကျွန်တော် ချောင်းသွားလျှင် အဖေက စိတ်ချနေတတ်သည်။ တောသွားလျှင်
“အင်း … ငါ့နှုတ်ခမ်းတော့ အယားသား။ သူများသတ်မှပဲ စားရတော့မယ် ထင်တယ်”
ဟု ပြောတတ်ပါသည်။
တစ်နေ့တွင် နှစ်သစ်ကူး တောလိုက်ရန် ရွာသားများ စုနေကြပြန်သည်။ ကျွန်တော်တို့ရွာ၏ ထုံးစံအရ နှစ်သစ်ကူးပွဲတော်တွင် တစ်အိမ် တစ်ယောက်ကျ တောလိုက်ကြရသည်။ တစ်ရက်နှင့်မရလျှင် နှစ်ရက် စသဖြင့် သားကောင်မရမချင်း လိုက်ရသည်။
နှစ်သစ်ကူးချိန်သည် ဧပြီလဆန်း ဖြစ်သည်။
နွေရာသီ ဖြစ်သော်လည်း ကျွန်တော်သည် လက်စွဲတော် လေးနှင့် မြားကိုသာ ယူသွားရသည်။ လမ်းခုလပ်တွင် စုကာ မည်သည့်တောဘက်ကို စလိုက်မည်ဖြစ်ကြောင်း လူကြီးများက တောခွဲကြသည်။
ခုချိန်မျိုးဆိုလျှင် ဆတ်များ “လှံ” ခေါ် ခန်းသွားသော စမ်းချောင်းရှိ အိုင်ငယ်များကို စုသောက်တတ်ကြသည်။
ထို့ကြောင့် မျက်မြင်မရှိဘဲ မှန်းခြေနှင့်သာ တောလိုက်ခဲ့ကြရာ နေ့လယ်ရောက်ပြီ ဖြစ်သော်လည်း တစ်ကောင်ပင် မရနိုင်ခဲ့ကြ။ ပါလာသော ထမင်းထုပ်များကို ဖြေစားကြပြီးလျှင် ဆေးသောက်သူသောက်၊ ဓားသွေးသူသွေး၊ မြှားသွေးသူ သွေးနှင့် အနားယူကြရသည်။
မောမောနှင့် ဆီးဖြူသီးများစားကာ စမ်းရေအေးသောက်၍ အနားယူရသည်မှာ ပြောမပြနိုင်သော အရသာတစ်ပါး ဖြစ်၏။ စမ်းချောင်း သွားသောက်စဉ် ဝက်ခြေရာလိုလို ခြေရာတွေ့သဖြင့် လူကြီးများကို ပြမိသည်။ လူကြီးများက ဆတ်ခြေရာဖြစ်ကြောင်း၊ အခုမှ လူနံ့ရ၍ တောင်ပေါ် တက်သွားကြောင်း ပြောကြသဖြင့် တခြားတောလမ်းဘက်သို့ သွားကြကာ ထို ဆတ်ကို လမ်းခုလပ်မှဖြတ်၍ စောင့်ကြရသည်။
လူကြီး သုံးယောက်က ခြေရာခံ၍ လိုက်လာကြသည်။
တောကောင်တို့၏ သဘာဝကလည်း ထူးဆန်းသည်။ ယခင် သူတို့၏ နောင်တော်ကြီးများ သွားလာခဲ့ကြဖူးသောလမ်း၊ ကမ်းပါးတို့တွင်သာ မည်သည့်အခါမဆို သွားလာတတ်ကြသည်။ ထို့ကြောင့် ရွာသားများက ဆတ်ဆိုလျှင် မည်သည့်လမ်း၊ မည်သည့်သစ်ပင်အနီးတွင် မည်သည့်အချိန်က ပြေးသွားခဲ့ဖူးကြောင်း၊ ဝက်ဝံဆိုလျှင် မည်သည့်ကမ်းပါး ချောက်ဘက်သို့ ပြေးတက်လာကြောင်းတို့ကို အတပ်သိကြသည်။ ထိုကဲ့သို့သော တောကောင်ပြေးတတ်သည့် လမ်းကြောင်းတွင် လက်တည့်သူ မုဆိုးကျော်များက အလုအယက် နေရာယူချင်ကြသည်။
ကျွန်တော်ကဲ့သို့သော တစ်လံကွာ လက်ဖြောင့် တပ်သားမျိုးကိုမူ မိုးမပြို ပြိုခဲ့သော် အကယ်၍ သားကောင်လာခဲ့သော် ဟူသောသဘောဖြင့် အပေါက်ဖာသည့်အနေနှင့် ညှပ်၍သုံးသွားတတ်ကြသည်ချည်း။
ထို့ကြောင့် စောင့်ရမည့်နေရာရောက်တော့ စိတ်ဓာတ်က ကျနေသည်။ ဤကဲ့သို့သော သစ်မရှိ၊ ဝါးမရှိ ကုန်းပြောင်ပြောင်မျိုးတွင် မည်သည့်သတ္တဝါမျှ လာမည်မဟုတ်။ စောင့်နေလျှင်လည်း အပိုပဲ ဖြစ်မည်။
ရပ်၍ မစောင့်တော့ဘဲ သစ်ရွက်ခင်းထိုင်ကာ တောင်တွေး မြောက်တွေး တွေးမိတွေးရာ တွေးရတော့သည်။
ထမင်းစားစ ရေသောက်စ ဖြစ်သဖြင့် ဗိုက်လေးကာ မျက်တောင်စင်းလာသည်။
လွယ်ထားသော မြားဘူးကို ချွတ်ကာ လေးနှင့်မြားဘူးကို ခေါင်းအုံးပြီး တစ်ရေးတစ်မောအိပ်ရန် ကြံစည်မိတော့သည်။ ခေါင်းချလိုက်သည်နှင့် ခြေလက် ညောင်းညာမှုကြောင့်ထင့် မှေးခနဲ အိပ်ပျော်သွားသည်။
အိပ်မက်ထဲတွင် ချိုကားကားနှင့် ဆတ်ကြီးက ကျွန်တော့်ကို စိုက်ကြည့်နေသည်ဟု မြင်မက်မိသည်။ တိရစ္ဆာန်တစ်ကောင်၏ နှာမှုတ်သံမျိုးသည် နားစည်ကို လာရောက်လက်တို့သဖြင့် ဖျတ်ခနဲ လန့်နိုးလာလေသည်။ တရှုပ်ရှုပ် ခြေသံကြားသဖြင့် မျက်လုံးဖွင့်လိုက်ရာ
“အား … ပါးပါး”
အိပ်မက်ထဲက ဆတ်ထီးကြီး ဦးချိုကားကားကြီးနှင့် ချစ်စရာကြီး။ ကျွန်တော့်ကို မျက်လုံးရွှဲကြီးနှင့် စိုက်ကြည့်နေသည်။ သမင်မျက်လုံးဆိုသည် ဒါမျိုးပင် ဖြစ်မည်။ ခေါင်းခုထားသော လေးနှင့်မြားကို ဖြည်းဖြည်းချင်း လှည့်ယူလိုက်ပစ်မယ်ကြံမှ ဆတ်ကြီးသည် နောက်လှည့်ကာ တစ်တောလုံးမြည်ဟည်းကာ ဝုန်းဒိုင်းနှင့် ဒုန်းစိုင်းထွက်ပြေးသွားတော့သည်။
အခြားစောင့်သူများဘက်မှ သေနတ်သံနှစ်ချက် ဆင့်ထွက်လာသည်။ အဝေးမှနေ၍ ရမ်းသန်းလှမ်းပစ်ခြင်းဖြစ်ကြောင်း သိသာလှသည်။
“ဝေး … မလွတ်စေနဲ့ဟေ့၊ လွတ်သွားစေတဲ့သူကို အိမ်ပြန်ပြီး မိန်းမ ထဘီဝတ်ခိုင်းရမနော်။ ဝေး … ယောက်ျားဆိုရင် မလွတ်ခိုင်းနဲ ”
ခြေရာခံလိုက်လာသူများ၏ အော်သံဖြစ်သည်။
ကျွန်တော်သည် မြားဘူးကို ပြန်လွယ်ကာ ဖင်ခုထိုင်သော သစ်ရွက်ကို ပိုက်၍ စမ်းချောင်းငယ်ဘက်သို့ တစ်ဟုန်ထိုး ပြေးသွားပါသည်။ ဆတ်ကြီးနောက်ကို လိုက်ခြင်းမဟုတ်။ ဆတ်ကြီးက တောင်ပေါ်ဘက် ဆန်တက်သွားပြီ။ ကျွန်တော့်နေရာဘက်တွင် ဆတ်ကြီးလာသည်ကို ရွာသားများသိကြလျှင် ဝိုင်းဆဲကြပေလိမ့်မည်။ ထို့ကြောင့် နေရာပြောင်းရခြင်း ဖြစ်သည်။
“ဘယ်သူက ပစ်တာလဲ”
“ကျွန်တော်က ပစ်တာပါ”
“ဘယ်လိုလဲ … မှန်နိုင်ရဲလား”
“မမှန်ဘူးထင်တယ်။ ဆတ်က လူလန့်ပြီး နောက်လှည့်ပြေးလာတာ။ ဒါကြောင့် ပြေးလမ်းဖြတ်ပြီး လှမ်းပစ်ရတာ”
အသံဗလံများ ကြားရသည်။ သုံးလေးဦးတော့ စုမိကြလေပြီ။ မှန်၏။
“ဒါ ဟာလိန်းနေရာပဲ။ ဟေး … ဟာလိန်း မင်း ဘယ်ရောက်နေတာလဲ။ ဒီလောက်ကြီးတဲ့ ဆတ်ကြီးကို မမြင်ရအောင် အိပ်ပျော်နေလို့လား။ အလကားကောင်”
“ခိုင်းကေ ရှာနေက အွမ်”
“ကျွန်တော် ဒီမှာ ရှိနေတာကွ။ခ၊ ဘယ်မြင်မလဲ”
ဟု ပြန်အော်ပြောရသည်။
“မင်းကို ဒီနေရာမှာ စောင့်ခိုင်းထားတာကွ။ မင်း ဘယ်ဘက် ခြေသွားရှည်နေသလဲ”
ဟု ပြန်ဟောက်ကြသဖြင့်–
“ဆတ်ဆိုတာ ရေငတ်ပြီး ချောင်းထဲ ဆင်းလာမှာပေါ့”
ဟု ပြန်ဖြီးလိုက်ရာ
“မင်းအဘ ….”
ဟု ပြန်ပက်ကြသဖြင့် ငြိမ်လိုက်ရသည်။
ဆရာ ဦးစိုးနိုင် လေသံနှင့်ဆိုလျှင် “ငါကဲ့သို့သော ဆရာတစ်ဆူကို အားမနာကြ” ဟု ပြောရပေမည်။
တောကောင် လွန်သွားသည့် ဇောက သူတို့ကို ကိုင်လှုပ်နေသည်။ ဒီနေ့ မရလျှင် နောက်တစ်နေ့ အလုပ်ပျက် အကိုင်ပျက်ကာ တောလိုက်ရပေဦးမည်ဟု ညည်းကြသည်။ ကျွန်တော် အူများက ရယ်မောနေကြဆဲ။
ဒီနေ့အဖိုတော့ ဘာမျှမရ။ နေလည်း ဝင်ချိန် နိုးနေပြီဟု တကွဲတပြား ပြန်သွားကြသည်။
တချို့က ဟင်းရွက်ရှာရန် ချောင်းလိုက်၍သွား ကြသည်။ အချို့က ထင်းရှူးအဆီတုံးရှာရင်း တောင်ပေါ်ဘက် တက်သွားကြသည်။
အိမ်တွင် ထင်းရှူး နည်းနေသဖြင့် ထင်းရှူးဆီ တွေ့လိုတွေ့ငြား တောင်ပေါ်ဘက်သို့ တက်လာခဲ့မိသည်။ ထင်းရှူးပင်မြင့်များပေါ်တွင် “ရှူးပျံ” များ အသိုက်လုပ်၍ နေတတ်ကြသည်။
အပင်ရင်းကို သုံးလေးချက်ခေါက်လျှင် ထွက်လာတတ်ကြသည်။ ထို့ကြောင့် ရမ်းသန်း၍ ထင်းရှူးပင်တစ်ပင်ကို တုတ်တိုနှင့် ထိုးခေါက်လိုက်သည်။
အခေါင်းထဲက ရှူးပျံတစ်ကောင် အိပ်မှုန်မွှားနှင့် ထွက်လာသည်။ ဒီကောင်မျိုးက စိတ်မထင်လျှင် လူကို ကိုက်တတ်သည်။ အဝေးကို မပျံခင် ဆော်ထည့်လိုက်မှ ဖြစ်မည်ဟု တုန်ယင်သောလက်နှင့် ပစ်လိုက်ရာ တစ်လံသာသာ ကွာသွားသည်။ ဒုတိယအကြိမ် ပြန်ပစ်သည်။ လွဲပြန်သည်။ တတိယအကြိမ် ဖွတ်ကျား။
ဒီကောင်ကလည်း သေချင်သည့် အကောင်။ သူ့ကို ပစ်နေမှန်းသိလျက်နှင့် ဇွတ်ဆင်းလာသည်။ ဝါးလုံးနှင့် လှမ်းရိုက်လောက်သည့်အကွာတွင် ငါးချောင်း မြောက်သောမြားက ထိသွားသည်။ မြေပေါ် ကျလာသည်နှင့် လေးနှင့် လေးငါးခြောက်ချက် ဆင့်ရိုက်ထည့်လိုက်ရာ သူ ကိစ္စချောသွားသည်။
လွယ်ထားသော ပလိုင်းထဲ ခွေထည့်ကာ ရွာသားများကို အမီလိုက်ခဲ့ရသည်။ လမ်းတွင် သူငယ်ချင်း လှအောင် (လုခိလဲ) ကို မီသွားရာ
“သူငယ်ချင်း ဒါဘာလဲ”
ဟု လက်ညှိုး ညွှန်ပြလိုက်သည်။
“ဟာ … မင်း တယ်ဟုတ်ပါလား”
ဟု သူက ချီးကျူးသဖြင့် သူငယ်ချင်းချင်းမို့ ဖြည်းဖြည်းသာသာ ဆက်လှိမ့်လိုက်မိ၏။
“ပေ သုံးရာလောက်မြင့်တဲ့ ထင်းရှူးပင်ထိပ်မှာ လုံးလုံးလေး ထိုင်နေတာနဲ့ ငါ တစ်ချက်တည်း ဆော်လိုက်တာကွ”
ဒီကောင် ကျွန်တော့်ကို ယုံသွားသည်။ လမ်းတွင် ရွာသားများကို ပြန်မီသွားရာ “ပူး၊ ပီး” အော်၍ သေနတ်တစ်ချက် ဖောက်ကြသည်။
ရွာရှိ ကလေးများ ကျွန်တော်တို့လူအုပ်ကို အဝေးမှ လှမ်းကြည့်ကြသည်။
အိမ်ပြန်ရောက်သော် အဖေက ကျွန်တော့်ကို မယုံ။
“မင်း မြား ဘယ်နှစ်ချောင်း ပါသွားတာလဲ”
ကောက်ကာငင်ကာ မေးလိုက်ရာ ကွန်ပြူတာများ အလုပ်ရှုပ်သွားသည်။ ဆယ့်သုံးချောင်း ပါသွားရာ
လေးချောင်း ဆုံးသွားတော့
“ကိုးချောင်း အဖေ””
ဘယ်ရမလဲ ကျောင်းဆရာကွ။ မင်းတို့ မလိမ်ရဘူး၊ မညာရဘူးနော်။ ဒါက တပည့်များကို ပြောခဲ့သည့် စကား။
ထိုည ရှူးပျံကို ဆန်ပြုတ်ကာ တစ်ရွာလုံးကို ခေါ်ရသည်။ သားကောင် ဘယ်လောက်သေးသေး တစ်ရွာလုံးကို ခေါ်ရသည့်ထုံး ရှိသည်။
နှစ်သစ်ကူးပွဲတော်လည်း ဖြစ်သဖြင့် တစ်အိမ် တစ်လုံးကျ ခေါင်များ ယူလာကြရာ တစ်မိုးလင်း သောက်ခဲ့ကြရသည်။ ခေါင်အိုးက အလုံးလေး ဆယ်ကျော်။
ကိုယ်သတ်သော အသားကို ကိုယ်ပြန်မစားရသော ထုံးစံရှိသဖြင့် နောက်တစ်နေ့တွင် ရှူးပျံထက်ကြီးသော ကြက်ဖကြီးနှင့် အဖေက ကျွန်တော့် လေးမြားကို နတ်တင်ပေးတာ ကြက်သားကို ဗိုက်ကားအောင် စားရသည်။
ဤသို့ဖြင့် အလန်ကွာတာမိန်းနှင့် မယားညီအစ်ကိုတော်သော“တစ်လံကွာ ဟာလိန်း” ကျွန်တော်သည် ကြက်တောင်မွေးပန်ကာ လက်ဖြောင့်သူအဖြစ် “ခိုရား”ခေါ် လူကြီးလူကောင်းများထိုင်သည့် နေရာတွင် ခေါင်ရည်ထည့်ထားသည့် ဧရာမ နွားနောက်ချိုကိုင်ကာ (တဇောင်းဗက်ရှဲလ်) သူရဲကောင်းဘဝ နေ့ချင်းညချင်း ရောက်ရှိရပါတော့သတည်း။
စပယ်ဦးမြန်မာဝတ္ထုတိုမဂ္ဂဇင်း
စာအုပ်အမှတ် ၆၃
ဧပြီလ ၊ ၁၉၉၀
– ပြီး –
စာရေးသူ – ဆလိုင်းနွေ (ဂေဟာ)