#ဖိုးကျော့
“တို့ ဖွတ်ကြီးတစ်ကောင် တွေ့လာခဲ့တယ်”
ကျွန်တော်တို့ ကျောက်ဒိုးပစ်နေရာသို့
ရေးကြီးသုတ်ပျာ ရောက်လာကြသော လှမြင့်နှင့်
ငပိန်တို့က ပြောသည်။
“ဟေ့ ဘယ်မှာလဲကွ”
“ကျောက်ဒိုးပစ်နေကြသူ ကျောင်းသားအား လုံးက စိတ်ဝင်တစား ဖြစ်သွားကြသည်။
“သရက်ကုန်းမှာဗျ၊ နည်းတဲ့ဖွတ်ကြီး မဟုတ် ဘူး၊ ကျုပ်တို့ကိုမြင်တော့ ဖွတ်ကြီးက ပြူးပြူးကြီး ကြည့်နေတာဗျ”
အမှန်မှာ ဖွတ်သည် လူကိုတွေ့လျှင် ရုတ်တရက် မှင်တက်မိ ကြောင်နေတတ်သည်။
ဖွတ်မေ့ ပုတတ်မေ့ ဖြစ်နေသည်ကို မပြော တတ်သော ငပိန်က ပြူးပြူးကြီးဟု ဆို၏။
“ဖွတ်က တော်တော်ကြီးလားကွ”
“တစ်လန်လောက် ရှည်တယ်ဗျ၊ နည်းတဲ့ ကောင်ကြီး မဟုတ်ဘူး၊ သုံးပိဿာလောက် ရှိမယ်”
ကျောင်းသားကြီးကောင်းကျော် မေးသည်ကို လှမြင့်က စကားကြီးတတ်သူပီပီ ပို၍ပြောလိုက်၏။
“တို့ သွားလိုက်ရအောင်ကွာ၊ ဘုန်းကြီးလဲ မရှိဘူး၊ ညနေ ချက်စားရ အဝပဲ”
ဘုန်းကြီးမှာ ရှင်ပြုပွဲတစ်ခု သွားနေသဖြင့် တစ်ည,နှစ်ညအိပ် ကြာမည်။ ထို့ကြောင့် ကောင်း ကျော်၏စကားကို အားလုံးသဘောတူလိုက်ကြပြီး လှမြင့်နှင့်ငပိန်တို့ တွေ့လာခဲ့ကြသော သရက်ကုန်း ကဖွတ်ကြီးကို လိုက်ရန် ကျွန်တော်တို့ ကျောင်းသား လေးငါးယောက် သရက်ကုန်းသို့ ထွက်လာကြလေ သည်။
သရက်ကုန်းမှာ ရွာနှင့် ဘုန်းကြီးကျောင်း ကြားတွင်ရှိသဖြင့် ဆယ်မိနစ်အတွင်းမှာပင် သရက် ကုန်းသို့ ရောက်လာကြ၏။
သရက်တောထဲတွင် ငပိန်နှင့်လှမြင့်တို့ တွေ့ ခဲ့ကြသည်ဆိုသောဖွတ်ကြီးကို ကျွန်တော်တို့လေးငါး ခြောက်ယောက် ပိုက်စိပ်တိုက်ရှာဖွေကြသည်။
ပထမ ငပိန်နှင့်လှမြင့်တို့ တွေ့ခဲ့ကြသည် ဆိုသော သရက်ပင်တွင်လည်း ဖွတ်ကြီးကိုမတွေ့။ သရက်ပင်ပေါ်တွင် ပုတ်သင်တွေကိုသာ တွေ့ရသဖြင့် နောက်နောက်ပြောင်ပြောင် ပြောဆိုတတ်သော မြဒင်က
“ဟေ့ကောင်ငပိန်၊ မင်းတို့မြင်ခဲ့တာ ဖွတ်မှဟုတ်ရဲ့လားကွာ၊ ပုတ်သင်ညိုကြီးတွေကိုမြင်လို့ လန့်ပြီး ပြောတာလား”
“ရှီးတဲ့မှဟုတ်မလားကွ၊ ငါတို့သေသေချာချာ တွေ့ခဲ့ပါတယ်ဆို”
ငပိန်နှင့်အတူ လာပြောသူ လှမြင့်က မခံနိုင် ၍ ပြန်အော်၏။
“မင်းတို့ ဘယ်မှာမြင်ခဲ့လဲ”
“ဒီသရက်ပင်ကြီး ဟိုဘက်ကကိုင်းမှာ လေခံနေတာ”
လမ်းပေါ် မိုးနေသော သရက်ကိုင်းကို လှမြင့်က လက်ညှိုးထိုးပြ၍ ပြော၏။ အားလုံး၏မျက် လုံးများက သရက်ပင်ကြီး တစ်ပင်လုံး၏ကိုင်းခက် အရွက်မကျန် ဝိုင်းကြည့်ကြသည်။ ခဲတွေ တုတ်တွေ နှင့် ခြောက်လှန့်၍လည်း ဟိုပစ်သည်ပစ် ပစ်ခတ်ကြသည်။
သို့သော် ပုတ်သင်ညိုတွေ ကျီးကန်းတွေသာ လန့်ပြေးကြသည်။ ဖွတ်ကြီးကိုကား လုံးဝမတွေ့ ရပေ။
“တကယ်လို့ မင်းတို့ အမှန်တကယ် တွေ့ခဲ့တယ်ဆိုရင် ဒီသရက်အုပ်ထဲက တစ်ပင်ပင်မှာတော့ မုချရှိမှာပဲကွ၊ ငနီ မင်းတို့အိမ်ကခွေး ဘိုကျားသွားခေါ်ကွာ၊ ဒီခွေးနဲ့ရှာရင် ဘယ်မှပြေးမလွတ်နိုင်ဘူး”
“ဟုတ်တယ်ကွ၊ ငနီတို့အိမ်ကဘိုကျားက သိပ်တောကောင်းတာ၊ ဂျီ(ချေ)တွေ ဝက်တွေတောင်
သူ့လက်ကပြေးမလွတ်ဘူး၊ သွားခေါ် … သွားခေါ်ကွာ မြန်မြန်လုပ်ကွ”
ကျောင်းသားကြီးလည်းဖြစ် ခေါင်းဆောင်လည်းဖြစ်သော ကောင်းကျော်၏စကားကို မြဒင်ကလည်း ထောက်ခံသည်။ ထိုအခါ ကျွန်တော့်မှာ မနေသာတော့၊ အိမ်ကခွေး ဘိုကျားကိုခေါ်ရန် အိမ်သို့အမြန်ပြေးရသည်။
ခွေးဘိုကျားမှာ တောကောင်းသည်ဟု ရွာ၌နာမည်ကြီး၏။ တောကောင်းသည် ဆိုခြင်းမှာ အမဲလိုက်ကောင်းခြင်းပင်ဖြစ်၏။ သို့သော် အမြဲတမ်းကား အမဲမလိုက်ရ။ တောကောင်းသည်ဟု ဆိုသော် လည်း အဖေ မကြိုက်၍ ဖြစ်သည်။
မုဆိုးတွေက ခွေးဘိုကျားကို စပါး ၁၅ဝတင်း ပေး၍ပင် ဝယ်ကြ၏။ သို့သော် အဖေက မရောင်း။ အဖေမှာ ဘုန်းကြီး လူထွက်ပီပီ မုဆိုးတံငါအလုပ်ဟု တောလိုက်ခြင်းအလုပ်ကို အားမပေး၊ အကုသိုလ် အလုပ်ဟုဆိုသည်။ ဘိုကျားပါ ငရဲကြီးမည်ဟု ပြော သည်။
“ခွေးကောင်းတစ်ကောင်တော့ ငနီ့အဖေဆီ ရောက်တာ ဆုံးတာပဲ”
ဟုရွာမုဆိုးတွေက တက်တခေါက်ခေါက် အားကျကြသည်။
အဖေမရှိချိန်ဆိုလျှင် ကျွန်တော်တို့ ညီအစ်ကိုတွေနှင့်ပေါင်း၍ ဘိုကျားကို တိတ်တိတ်ပုန်းတောလိုက်
ခေါ်ကြလေသည်။ ဘိုကျားပါတိုင်း အမဲကောင်ရသဖြင့် ရွာမုဆိုးတွေက ဘိုကျားကို အလွန် မျက်စိကျနေကြသည်။
ဤသည်ကိုသိသော အဖေသည် နောက်တော့ ဘိုကျားကို သူသွားလေရာခေါ်သွားလေ့ ရှိလေသည်။
ဤနေ့တွင်တော့ သားကြီးငါးကြီးလိုက်ရန် မဟုတ်ဘဲ ဖွတ်ပုတတ်လိုက်ရန် ခဏတစ်ဖြုတ်သာ ဖြစ်သဖြင့် ခွေးဘိုကျားကို ကျွန်တော်က အဖေမရိပ်
မိလေအောင် မသိမသာ လှည့်ထုတ်လာခဲ့လေသည်။
ခွေဘိုကျားကို သရက်အုပ်ထဲသို့ သွင်းလိုက်ကြသည်။ ကျွန်တော်တို့ကလည်း ခွေဘိုကျား၏ အရိပ်အခြည်ကိုကြည့်ပြီး ဟိုအပင် သည်အပင် ဟိုချုံ
သည်ချုံ ကြည့်ကြသည်။ ကျွန်တော့်မှာ ခွေးရှင် ဖြစ်သဖြင့် ဘိုကျား၏အခြေအနေကို ပို၍ အကဲခတ် လေ့လာရသည်။
“ဝုတ် … ဝုတ်”
မိနစ်ပိုင်း၌ပင် ခွေးဘိုကျားက အသံပေးတော့သည်။
ကျွန်တော်တို့အားလုံးသည် ခွေးဘိုကျား ဟောင်နေရာသို့ ချက်ချင်းပြေးရောက်သွားကြလေသည်။
ခွေးဘိုကျား ဟောင်သံပေးနေသော နေရာမှာ တောင်ပို့တစ်ခုအောက်ရှိ ကျင်းခေါင်းတစ်ခေါင်းကို ဖြစ်လေသည်။
တောင်ပို့မှာ လူတစ်ရပ်ခန့်မျှသာ အမြင့်ရှိပြီး တောင်ပို့ပေါ်တွင် သရက်ပင်ပျိုတစ်ပင်ရှိသည်။ ထိုတောင်ပို့အောက်ရှိ ကျင်းလေခင်းဝကို ခွေးဘိုကျားက
နှုတ်သီးနှင့်တေ့၍ အနံ့ခံကာ ဟောင်နေလေပြီ။
“အေး ဟုတ်ပြီဟ၊ ဖွတ်က လူသံကြားလို့ ဒီအခေါင်းထဲ ဝင်ပုန်းနေတာဖြစ်ရမယ်၊ မင်းတို့ကို ငါမပြောဘူးလား ဖွတ်မှ ဖွတ်ပါဆို၊ ကဲ ခုတော့တွေ့ပြီ”
“အေးကွ ဟုတ်ပါပြီ၊ ဖွတ်က ဒီကျင်းခေါင်း ထဲမှာ ဝင်ပုန်းနေတာ အမှန်ပဲ”
ငပိန်၏စကားကို ကောင်းကျော်ကလည်း ထောက်ခံသည်။ သူတို့ပြောသည်မှာယုတ္တိရှိသဖြင့် အားလုံးယုံကြည်ကြသည်။
“ဒီအခေါင်းထဲ ဖွတ်ရှိတာတော့ အမှန်ပဲ၊ အဲဒီတော့ ဘယ်လိုလုပ်ကြ ကောင်းမလဲ”
မြဒင်က အကြံဉာဏ်တောင်းသလိုပြောသည်။
“အခေါင်းထဲ မီးခိုးတွေဝင်ရင် ဖွတ်တော့ထွက်လာမှာပဲ၊ အဲဒီတော့ အခေါင်းကျင်းဝကိုမီးရှို့ကြရအောင်”
“ဟုတ်တယ်ဟေ့ သစ်ရွက်ခြောက်တွေ ကောက်ရိုးတွေရှာကြကွ”
ခွေးဘိုကျားကလဲ တဝုတ်ဝုတ်ဟောင်နေတုန်းပင် ရှိသေးရာ ကျွန်တော်တို့မီးရှို့၍ ဖွတ်ထွက်လာလျှင် ခွေးဘိုကျားကလည်း ပြေးကိုက်မည်ဖြစ်ရာ အခေါင်းထဲကို မီးရှို့ကြသည်။ မီးရှို့ကြသည်မှာ နာရီဝက်သာသာ ကြာသွားသည်။
ဖွတ်ကား ဘယ်လိုမှ ထွက်မလာသေး။
ကောက်ရိုးတွေကလည်း ကုန်လှပြီ။ အနီးအနားတွင် သစ်ရွက်ခြောက်တွေလည်း ရှင်းသွားပြီ။
“ကဲ ဘယ်လို လုပ်ကြမလဲ၊ ဖွတ်တော့ ထွက်မလာသေးဘူး၊ ဒီအခေါင်းထဲ ဖွတ်ရှိတာတော့ အမှန်ပဲကွ”
“ဟုတ်တာပေါ့ကွ၊ ခွေးဘိုကျားက ဖွတ်ရှိလို့ ဟောင်တာပေါ့”
“ကဲ ဒီတော့ ဒီအခေါင်းထဲ တစ်ယောက်ယောက်ဝင်ကွာ”
“မီးခိုးတွေနဲ့ဆိုတော့ ဝင်ဖို့မလွယ်ဘူး၊ မီးခိုးတွေကို အရင်ယပ်ထုတ်ရမယ်ကွာ”
ပုဆိုးတွေကိုချွတ်၍ မီးခိုးတွေကို ယပ်ထုတ်ကြသည်။
“ကဲ မြဒင် မင်းဝင်ကွာ”
မြဒင်ကလည်း မဆိုင်းမတွပင် တောင်ပို့ခေါင်းထဲ လေးဖက်ကုန်း ဝင်သွား၏။ အားလုံးက မြဒင်ကို ဝိုင်းကြည့်နေကြသည်။
“ဟဲ့ကောင်တွေ ငါ့ကိုယ် မဆံ့ဘူးကွ၊ အခေါင်းကအထဲမှာ ကျဉ်းကျဉ်းလေးရယ်”
မြဒင်က ပြောပြောဆိုဆိုနှင့် ပြန်ထွက်လာ ၏။
“ကဲ ငပိန် ဒီအထဲမှာ မင်း ကိုယ်အသေးဆုံး
မင်း ဝင်ကွာ”
အမှန်လည်း ဟုတ်သည်။
ငပိန်မှာ နံရိုးအပြိုင်းသားနှင့် ကျွန်တော်တို့ထဲတွင်
ကိုယ်လုံး အသေးဆုံး ဖြစ်သည်။
ငပိန် ဝင်သွားသည်။
“ဟေ့ကောင် တွေ့လား” မေး၏။
“တွေ့တယ်ဗျ၊ တွေ့ပြီ တွေ့ပြီ”
ငပိန်သည် ဝမ်းလျားထိုး ဝင်သွားရာမှ ဒူးခေါင်းလောက်သာ အပြင်မှာကျန်သောအခါ အတွင်းက တွေ့ပြီဟု ဝမ်းသာအားရအော်ပြော၏။
“ဘာတွေ့တာလဲကွ”
“ဖွတ်မြီးကွ ဖွတ်မြီး”
ဖွတ်မြီးတွေ့ပြီဆိုသဖြင့် အားလုံး ဝမ်းသာသွားကြသည်။
“အမြီးဆွဲထုတ်ကွာ”
“အေး..အေး”
“ချောတယ်ကွ၊ တော်တော်နဲ့ ဆွဲမရဘူး”
“ခေါက်ချိုးပြီးဆွဲကွာ၊ ဒင်း ခံနိုင်ရိုးလား”
မြဒင်စကားမဆုံးခင်ပင် ငပိန် ကျင်းခေါင်းထဲက ထွက်လာသည်။
“ဘာလဲကွ”
အားလုံးက အံ့ဩသွားကြသည်။
“ဖွတ်က အခေါင်းထဲမှာ တစ်ခုခုကို ခြေလက်ကုတ်ထားတာနဲ့ တူတယ်ကွ၊ ဘယ်လိုမှ မရဘူး၊ အမြီးကလဲ ချောတယ်”
“မင်း အမြီးကိုချိုးပြီး ခေါက်ဆွဲပါဆို”
“ရီး … ချိုးဆွဲပြီလား၊ မရပါဘူးဆို၊ ဖွတ်က နည်းတဲ့ကောင်ကြီးမဟုတ်တော့ အားသန်တယ်ကွ
ဒီလို လုပ်ရမယ်”
ငပိန်က သူ့ပုဆိုးအထက်ပိုင်းကိုဖြည်၍ ချွေးသုတ်ရင်း ပြော၏။
“ဘယ်လို လုပ်မလဲ”
“ဒီတစ်ခါ ငါဝင်ဦးမယ်၊ ဖွတ်အမြီးကို သေသေချာချာ ချိုးလိမ်ပြီး မိမိရရဆွဲရမယ်၊ ငါ့တစ်ယောက်တည်းနဲ့တော့ မရဘူး၊ ငါက ဆွဲကြဆိုရင် မင်းတို့အပြင်က ငါ့ခြေထောက်ကို မိမိရရဆွဲကြ၊ ငါဝင်မယ်”
“အေး ကောင်းတယ် ကောင်းတယ်၊ မိမိရရ ကိုင်ကွာ၊ ဩော် တို့ အပြင်က ဝိုင်းဆွဲပေးမယ်၊ ဒင်း ခံနိုင်ရိုးလား”
ငပိန်သည် ခါးတောင်းကို မြှောင်အောင်ကြိုက်သည်။ နံရိုးတွေ အချောင်းလိုက် အချောင်းလိုက်ပေါ်နေသော သူ့ကိုယ်လုံး ကြုံကြုံလှီလှီလေးကို တွန့်၍ ကျင်းခေါင်းထဲ အားမာန်အပြည့်နှင့် ဝင်သွား၏။
“ကဲ ဆွဲကြဟေ့ ဆွဲကြတော့၊ ဖွတ်မြီးကို ငါ မိမိရရ ခေါက်ချိုးကိုင်ထားပြီကွ”
“ဟေး ကဲ ဆွဲကြကွ ဆွကြ”
“ဟေး … လေ … လေး “
“ဟီး … လေ …လေး”
ငပိန်ခြေထောက်ကို ကျောင်းသားကြီး ကောင်းကျော်က ဆွဲ၏။
ကောင်းကျော်၏ခါးကို မြဒင်က ဆွဲသည်။
မြဒင်၏ခါးကို လှမြင့်၊
လှမြင့်၏ခါးကို ကျွန်တော်၊
ကျွန်တော်၏ခါးကို လှစံ။
ဤသို့နှင့် တစ်ယောက်ခါး တစ်ယောက်ဖက်၍ ငြာသံပေးကာ ဆွဲကြသည်။
“ဟေး … လေ … လေး”
“ယီး …. လေ … လေး”
သရက်အုပ်နှင့်နီးသော ဘေးအိမ်နားက လူကြီးသုံးလေးယောက်သည် ကျွန်တော့တို့ အသံကိုကြား၍ ရောက်လာကြသည်။ အကျိုးအကြောင်း မေးကြသည်။ ကျွန်တော်တို့က ပြောပြသောအခါ လူကြီးသုံး လေးယောက်ကပါ အားပေး၍ ဝင်ဆွဲကြသည်။
“ယီး. . လေး. . လေး”
“ယီးလေး”
“ဝုန်း”
“ဟိုက်”
“ဟည်း”
တစ်ယောက်ခါး တစ်ယောက်ဖက်၍ ဆွဲနေကြသော လူကြီးလူငယ်အားလုံး အတုန်းအရုန်း လဲပြိုကြသည်။ ဝမ်းလျားမှောက်၍ ကျင်းထဲဝင်နေသော ငပိန်လည်း ကျင်းထဲက လျောခနဲထွက်ကျလာသည်။
ငပိန်၏လက်ထဲတွင် တန်းလန်းကြီးပါလာသော လူကြီးတစ်ယောက်၏ ပေါင်လုံးလောက်ရှိသည့် စပါးကြီးမြွေကြီးမှာ အရှိန်နှင့်လဲကျနေသော
လူများ၏ ကိုယ်ပေါ်သို့ ရုတ်တရက် ပစ်ကျလေသည်။
ငပိန်က ဟေးခနဲလန့်အော်ပြီး မြွေကြီးအမြီးကို
လွှတ်ချလိုက်သည်။
အမှန်က မြွေကြီးမှာ မီးရှို့ခံထားရသဖြင့် သစ်ခေါင်းကို ဖြတ်သွားနေသော သရက်မြစ်ကို ကြောက်ကြောက်နှင့် ရစ်ပတ်ခြေကုတ်ယူထားသည်။ ယခု လူငယ်ဆယ်ယောက်ခန့် ဝိုင်းဆွဲကြသောအခါ မခံနိုင်၍ပြုတ် ထွက်လာခြင်းဖြစ်လေသည်။ ငပိန်နှင့်လှမြင့်တို့ တွေ့ခဲ့ကြသည်ဆိုသော ဖွတ်ကြီးမှာ ယခုတွင် ဘယ်ဆီရောက်သွားလေပြီမသိ။
“သောက်ကောင်လေးတွေ ဖွတ်မှန်းမြွေမှန်း မသိကြဘူး၊ တောင်ပို့ခေါင်းတိုင်း ဖွတ်ရှိတာမဟုတ်ဘူးကွ၊ တော်သေးတာပေါ့ စပါးကြီးမြွေမို့လို့
ငန်းတို့ မြွေဟောက်တို့သာဆိုရင် အားလုံးမသာပေါ်ကုန်မယ်”
သွေးရူးသွေးတန်းနှင့် ထွက်ပြေးသွားသော စပါးကြီးမြွေကိုကြည့်ကာ လူကြီးတစ်ယောက်က မှတ်ချက်ချ၏။ ကျွန်တော်တို့အားလုံးမှာကား ယခုမှ ဖွတ်မေ့ ပုတတ်မေ့ဖြစ်ကာ အားလုံးမှင်တက်မိသွား ကြလေသည်။
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized